Skip to main content

လူထုခေါင်းဆောင်ကို ဝန်းရံကြဖို့ ကိုထင်ကျော် တိုက်တွန်း

လာမယ့် ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြဖို့နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် တက်ကြွလှုပ်ရှားသူ ကိုထင်ကျော်ဟာ မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် ဇူလိုင် ၂ဝရက်မှာ ပြောဆိုလိုက်ပါတယ်။
ပြည်သူသာအရှင်သခင်ဖြစ်ပြီး ပြည်သူတွေရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ့် အရပ်သားအစိုးရ ပီပီပြင်ပြင် ပေါ်ပေါက်လာအောင် လွတ်လွတ်လပ်လပ် ရွေးချယ်ကြဖို့ ကိုထင်ကျော်က တိုက်တွန်းခဲ့ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတပြီး ပွင့်လင်းစေချင်တယ်လို့ ဆိုပါတယ်။


မြောက်ဥက္ကလာ ၅ရပ်ကွက် နွယ်နီ မီးတားကွင်းနဲ့ ကစားကွင်းကို ဂရန်အတုနဲ့ လာရောက်ခြံစည်းရိုးခတ်တာကို ဖျက်ဆီးခဲ့မှုကြောင့် ကိုထင်ကျော်ကို ပုဒ်မ ၄၂၇ ၊ ၄၄၂ တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ကိုထင်ကျော်က တရားလိုပြုတိုင်ကြားထားတဲ့ ပုဒ်မ ၁၉၃ကိုတော့ တရားစွဲခံတရားပြိုင်တစ်ယောက် နေမကောင်းလို့မလာတာကြောင့် အမှုမစစ်သေးဘဲ လာမယ့် သြဂုတ် ၃ရက်ကို ရုံးချိန်းပေးခဲ့ပါတယ်။
ကိုထင်ကျော်ရဲ့ ဇနီး မသန်းသန်းမော်က ခရိုင်ရုံးအနေနဲ့ အမှုကို ကြန့်ကြာအောင်လုပ်နေပြီး တရားရေးနဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတွေ မရှိသလို နောက်ကြောင်းပြန်ကောက်ပြီး အမှုကို အစက ပြန်ဖော်ဖို့ လုပ်နေတာဟာ ပြောင်းပြန်လုပ်နေတာလားလို့ သူ့အမြင်ကို ပြောပြပါတယ်။

Comments