နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ
မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်းများကြောင့် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က အကြွေးလျှော်ပေးမည့် အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့် ဘဏ်စာရင်း ငါးခုအတွက် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိသော ဘဏ်အကောင့်ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေကြောင်း၊ တစ်ဘီလျံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။
၎င်းကဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့်အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။
"မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ်နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူအကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီအကောင့် ငါးခုမှာ ၁၁ ဘီလျံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး" ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအား ကြွေးမြီနှင့်ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းသုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုနှင့် ပတ်သက်၍ မသိကြသေးကြောင်း ၎င်းကထုတ်ဖော်ခဲ့သည်။
Mr.Jelson Garcia က "အဲဒီအတွက် မြန်မာနိုင်ငံကို Option သုံးခု ထုတ်တယ်။ ၁၁ ဘီလျံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲကထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေးဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့သူကို ရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေပေါင်းပြီး Trust Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီအကောင့် ငါးခုကို ခုထိမြန်မာပြည်သူတွေ မသိသေးဘူး" ဟု Mr.Jelson Garcia က ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက်ဖြေရှင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေး ကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့် ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့်ငွေ စုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။
မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး ၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။
နိုင်ငံတွင် အကြွေး ၁၁ ဘီလျံ ရှိနေချိန် နိုင်ငံတော် အစိုးရသည်ပင် အကြွေးဆပ်ရန် မထိရဲခဲ့သော ဘဏ်စာရင်း ငါးခုထဲတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်း ငါးခုကြောင့်လည်း နိုင်ငံတော် အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမည့် ချေးငွေများကိုမူ ရယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့် နိုင်ငံခြားဘဏ်များတွင် သွားရောက်အပ်နှံထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။
အတိုးများများဖြင့် ယူသုံးပြီး အတိုးနည်းနည်းသာ ပြန်ရမည့် ဘဏ်များတွင် ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည် ဆိုခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီ ဖြစ်ကြောင်းနှင့် ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့် ဘဏ်စာရင်း သို့မဟုတ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ဘဏ်စာရင်း ဟုတ်မဟုတ် ရှင်းလင်းရန် လိုအပ်လာသည်။
နိုင်ငံတော်၏ သစ်၊ ကျောက်မျက်၊ တွင်းထွက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့ အပါအ၀င် နိုင်ငံ့သယံဇာတများ ရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊ နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများ ပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများ ပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် သယံဇာတ အရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် ဥပမာအားဖြင့် လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိ မြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းပေါင်း များစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများ အဆိုပါ ဘဏ်စာရင်းများထဲ၌ ပါနေခြင်း ရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့် အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။
နိုင်ငံနစ်နာသည့်အတွက် အဆိုပါ ဘဏ်စာရင်း ငါးခုအား နိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန် လိုအပ်လာကြောင်းနှင့် အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်လာကြောင်း၊ အရေးယူသင့်လျှင်ပင် အရေးယူရမည် ဖြစ်သည်ဟု ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။
ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့် ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။
စီးပွားရေး ပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း အထိပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း ၂၀၀၀ ကျော် ပမာဏအထိ ချေးယူသုံးစွဲ ထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည့် ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူ ရဦးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့် ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင် အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိ ပြန်ဆပ်ရန် ကျန်နေသေးသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း မြင့်မားစွာဖြင့် ယူထားသော ချေးငွေများ အပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိ ရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘ၀ အကျပ်အတည်းများကို အစိုးရသစ် ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊ နိုင်ငံတကာ အကြွေးအားလုံးကို တစ်ချက်တည်းဖြင့် အကြေဆပ်နိုင်သည့် ငွေပမာဏများကို နိုင်ငံခြားတွင် အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင် အများပြည်သူ အနေဖြင့်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။
၁၉၈၈ ခုနှစ် မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အေဒီဘီချေးငွေ ၃၅၆ ဒသမ ၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀ ဒသမ ၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ ဒသမ ၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈ ဒသမ ၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄ ဒသမ ၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆ ဒသမ ၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉ ဒသမ ၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂
စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ
(အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်
၁၉၈၈ ခုနှစ် နောင်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ
(အမေရိကန် ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ ဒသမ ၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ ဒသမ ၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄
စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀
eleven
Comments
Post a Comment