ရွေးကောက်ပွဲကာအတွင်း
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈
အရ ဆက်လက်ဖမ်းဆီး ထောင်ချမှုများကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံးက ဇူလိုင် ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း
သိရသည်။
ကြေညာချက်တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ဆက်လက်ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းများ ခံနေရသည့် သတင်းများအပေါ် အမေရိကန်ပြည်ထောင်စုမှ စိုးရိမ်မိကြောင်း၊ လူတစ်ဦး တစ်ယောက်ချင်းစီ၏ အခြေခံကျသော ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ခွင့်နှင့် စုဝေးနိုင်ခွင့်ကို ကျင့်သုံးခြင်းသည် မည်သည့် ဒီမိုကရေစီတွင်မဆို အဓိကကြကြောင်း ရေးသားထားသည်။
ထို့ပြင် လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင်လည်း အခြေခံကျကြောင်း၊ ယခု အခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးသည် လာမည့်ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ ပွင့်လင်းမြင်သာရှိမှု၊ အားလုံး ပါဝင်နိုင်မှုနှင့် အများယုံကြည် လက်ခံနိုင်မှုတို့ကို တိုင်းတာရာတွင် အလွန်စွာ အရေးပါမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အခွင့်အရေးများကို ရှေ့လာမည့် ကာလများနှင့် ယင်းအလွန် ကာလများ၌ပါ အကာအကွယ်ပေးရန် အာဏာပိုင်များကို တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုအား အမှုမှန် ဖော်ထုတ်ပေးရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြမှုကြောင့် ဦးဘမြင့်၊ ဦးသန်းဆွေ၊ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်နှင့် ဒေါ်နော်အုန်းလှတို့အား ကျောက်တံတားမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ အလုံမြို့နယ်နှင့် ဒဂုံမြို့နယ်များအား ဖြတ်သန်းခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာမြို့နယ် တရားရုံးများက ပုဒ်မ-၁၈ ဖြင့် အသီးသီး တရားစွဲဆိုထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မေ ၁၅ ရက်တွင် လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ကိုနေမျိုးဇင် အပါအ၀င် ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ဒေါ်လေးလေး (ခ) ဒေါ်စန်းစန်းဝင်း၊ ဦးသန်းဆွေနှင့် ကိုတင်ထွဋ်ပိုင်တို့အား ပုဒ်မ ၃၅၃/၁၇၄/၅၀၅(ခ)/၁၈ အတွက် အလုပ်နှင့် ထောင်ဒဏ် လေးနှစ်လေးလ ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ပုဒ်မ ၁၈ ဖြင့် အများဆုံး တရားစွဲခံထားရသည့် ကိုထင်ကျော်မှာ အစိုးရအား အလိုမရှိကြောင်း ဆန္ဒပြမှု အပါအ၀င် မြေသိမ်းသည့် ကိစ္စရပ်အား ကန့်ကွက်ကြောင်း ဦးဆောင်ဆန္ဒပြမှုတို့ကြောင့် မြို့နယ်တရားရုံး ၁၃ မြို့နယ်မှ ပြီးခဲ့သည့် လများက ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ၆ လ ချမှတ်ထားကြောင်း (MDCF) အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

Writer:
ဆန်းထူးအောင်
Comments
Post a Comment