အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာ တကယ်တော့ အသိစိတ် မရင့်ကျက်တာပါ။
ကြီးတာ ငယ်တာနဲ့ မဆိုင်ဘူးဆိုပေမယ့်
လူငယ်တွေ မရင့်ကျက်လို့ မှားတတ်ကြတာ နားလည်လို့ရတယ်။ပြုပြင်လို့ အချိန် ရကောင်း ရနိုင်တယ်။
လူကြီးဆိုတာ အသက်ကြီးလာတာနဲ့အမျှ လူငယ်ထက်
ပိုပြီးတော့ အဆိုးအကောင်း အကျိုးအကြောင်း အမှားအမှန် ဝေဖန်သုံးသပ်တတ်လို့ လူငယ်က စံထားလောက်တဲ့ လူကြီးဖြစ်ဖို့ တကယ် လိုအပ်ပါတယ်။
အခုတော့ လူငယ်တွေက
အဆိုးလား အကောင်းလားခွဲခြားလို့
အမှား အမှန်သုံးသပ် အကြောင်းအကျိုးအတွက်
ကြိုးစားရှေ့ဆက်နေကြတဲ့ခေတ်စနစ်ထဲမှာ အသက် ၇၀ ပြည့်ပြီး နိုင်ငံတော်အုပ်ချုပ် မင်းလုပ်သူ လူကြီးမင်းနှင့် သူ့လူတစ်စုကတော့ ရင့်ကျက်ခြင်းတွေပျောက်ရှလို့ လုပ်ချင်တာ လုပ်၊ ပြောချင်ရာ ပြော၊
ငါ ကဇောတိုက်ပြီး မိုက်နေကြတာ တကယ့် အော့နှလုံး နာစရာပါ။
တစ်နေ့နှစ်ထောင် လောက်ငှတယ်တစ်မျိုး၊
ပါးကျိုးမယ် တစ်သွယ်၊
သူတို့ ရိုက်လို့ ပြန်ရိုက် ရပါတယ်နဲ့
ပညာရေးနဲ့ ပါတ်သက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေက ဘာမျှ ပြန်ရလာစရာ မရှိဘူး၊
ဘူးလက်နဲ့ ဗိုက်လှန်လူကြီးက တစ်မျိုး၊
ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်တပ်
ပြည်သူအများ လက်မခံနိုင်တဲ့ပါတီကပဲ
သမ္မတထက် ကြီးသောရာထူးကိုပင် လုပ်ကိုင်နိုင်စွမ်း ရှိတယ်ပြောလို့ ပြော၊
အမျိုးမျိုး မရိုးနိုင်တဲ့ စကားလုံးတွေက
ရင့်ကျက်မှု လုံးဝ မရှိဘူးဆိုတာ ငြင်းမရတဲ့ သက်သေတွေပါပဲ။
တောင်အာဖရိကသမိုင်းလေး သိသလောက်ပြောချင်ပါတယ်။
အားလုံးလည်း သိပြီးဖြစ်မှာပါ။
နယ်လ်ဆင်မင်ဒဲလား။ လူဖြူလူမည်းခွဲခြားမှုအတွက် လူ့အခွင့်အရေးတန်းတူရဖို့ ကြိုးစားခဲ့သူကြီး။ ထောင်ဒဏ် ၂၇ နှစ် ကျခံပြီး ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်ပြီး သမ္မတဖြစ်လာသူ။
( ဇူလိုင် ၁၈ , ၁၉၁၈ -နယ်လ်ဆင်မင်ဒဲလားမွေးနေ့၊ ကျွန်တော်တို့ ဗိုလ်ချုပ်ထက် အသက် ၃ နှစ် ငယ်တယ်ပေါ့ဗျာ။ ဒါက ကျွန်တော် အလွယ် မှတ်တာပါ )
သူ့ကို လွှတ်ပေးတဲ့ သမ္မတက
သူ့ထက် အသက် ၁၈ နှစ်ငယ်တဲ့
ဖရက်ဒရစ် ဝီလျံဒီကလပ် ဆိုသူပါ။
ဒီကလပ်ရဲ့ ရင့်ကျက်မှု၊ လူသားဆန်မှုကို ကျွန်တော့်ဘာသာ နည်းနည်း ပိုတွေးကြည့်မိတယ်ဗျ။
ဒီကလပ် ကို ၁၉၃၆ မှာ မွေးတယ်။
ဝိဇ္ဇာဘွဲ့၊ ဥပဒေဘွဲ့တွေရခဲ့တဲ့ ပညာတတ်တစ်ယောက်။
၁၉၈၉ မှာ တောင်အာဖရိကနိုင်ငံ သမ္မတဖြစ်လာတယ်။
သူ သမ္မတဖြစ်ပြီး လေးငါးလအကြာ ၁၉၉၀ မှာ နယ်လ်ဆင်မင်ဒဲလားကို လွှတ်ပေးလိုက်တာပါ။
ဒီကလပ် သမ္မတသက်တမ်းကုန်တဲ့ နှစ်
၁၉၉၄ မှာ ရွေးကောက်ပွဲလုပ်တော့
နယ်လ်ဆင်မင်ဒဲလားက သမ္မတ
ဝီလျံ ဒီကလပ်က ဒု သမ္မတ အရွေးခံရပါတယ်။
ဒုတိယသမ္မတနေရာက ဒီကလပ်
မင်းသားကြီး မလုပ်ရ ပတ်မကြီး မထိုးဖောက်တတ်တဲ့လူစားမို့ ပညာနဲ့ အသိစိတ် ရင်ကျက်တယ်ဆိုတာ လက်ခံသင့်ပါတယ်နော်။
ဒါဟာ ဒီကလပ်ရဲ့
ပညာတတ်သလောက် ရင့်ကျက်လွန်း၊
လူ့အခွင့်အရေးနားလည် လူသားဆန်မှုကို မြင်လိုက်ရတာပါပဲ။
ကျွန်တော်တို့နိုင်ငံမှာတော့
လူဖြူ လူမည်းအရေးလည်း မဟုတ်၊
ကိုယ့်လူမျိုးတစ်မျိုးတည်းအရေး ကိုယ့်ကိုယ်ကျိုးမဖက် ပေးဆပ်ရှေ့ဆောင်နေတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် ထမီဝတ်အမျိုးသမီးကိုမှ
အကျဉ်းချုပ်တစ်မျိုး အကျယ်ချုပ်တစ်သွယ် ဒုက္ခမျိုးစုံပေးလို့ နေရာဖယ်မပေးနိုင်ဖြစ်နေကြတာ။
အဲဒီ လူကြီးမင်းတွေ ... ဘယ်လောက်ပညာတတ်သလဲ ?
ဘယ်လောက် ရင့်ကျက်သလဲ ??
ဘယ်လောက် တိုင်းပြည်ကို အကျိုးပြုခဲ့၊ အကျိုးပြုနေသလဲ ??? ဆိုတာတော့ ခွေးလိုနွားလို တိရိစ္ဆာန်တွေကလွဲလို့ ပြည်သူအားလုံးက သိကြပြီးသားပါနော်။ ဒါကြောင့် အခု ရွေးကောက်ပွဲ မဲပေး မမှားကြဖို့ စဉ်းစားကြဖို့ပါ။
ဒီထက် စိတ်ဝင်စားစရာလေး
ထပ်တွေးကြည့်မိတယ်။ တကယ့် အားတက်စရာပါ။ ရင့်ကျက်မှုတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူ နှစ်ဦး။
၁၉၁၈ မွေးတဲ့ နယ်လ်ဆင်မင်ဒဲလားကြီး
၁၉၉၄ ခုနှစ် အသက် ၇၆ နှစ်မှာ သမ္မတဖြစ်ခဲ့တယ်။
ကျွန်တော်တို့ပြည်သူအားလုံးက ယုံကြည်လေးစားအားကိုးထိုက်သူ
အမေ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်မှာ ဘာကြောင့် သမ္မတ မဖြစ်ရမှာလဲ ???
ကျွန်တော် ရူးတယ်ပဲ ပြော ပြော
အမေစု သမ္မတ ဖြစ်ကိုဖြစ်ရမယ်လို့ကို ယုံကြည်နေမိတယ်ဗျာ။
ရေးသားကိုးကားချက်များ
လွဲချော်မှုရှိမယ်ဆိုရင် နားလည်ခွင့်လွှတ်ကြပါရန် -
အမေစုနှင့် အမေ့ကို လိုလားသူတိုင်းကို လေးစားစွာဖြင့်
သံမဏိ လိပ်ပြာ
Comments
Post a Comment