ဒီမိုကရေစီကို ညင်သာစွာကူးပြောင်းနေပါတယ်ဆိုတဲ့ စစ်အစိုးရရဲ့စကားကို ယုံပြီး လွှတ်တော်ထဲကနေ အခြေ
`` ဟာ မဟုတ်သေးပါဘူးဗျ အခုမှ ရှင်းရှင်းလင်းလင်းသိလိုက်ရတာ ''
`` လာပြန်ပြီ ဒီရှင်းရှင်းလင်းလင်းဆိုတာကြီး ဒေါ်စုကလဲ ဒါကိုပဲပြောနေတာ ။ ဘာကိုရှင်းရှင်းလင်းလင်းသိရတာလဲ ''
`` အစိုးရအတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြု ပြင်ပြောင်းလဲရေးကိုလိုတဲ့သူတွေ လူ့စည်းဘီလူးစည်းခြားလိုက်တာကို ရှင်းရှင်းလင်းလင်းသိလိုက်တာဗျ ''
`` လင်းစမ်းပါဦး ''
`` ဒီလိုဗျ ဦးသိန်းစိန်အစိုးရနဲ့ ဦးရွှေမန်းရဲ့လွှတ်တော် အားပြိုင်တယ်ဆိုတဲ့စကား ခင်ဗျားကြားဖူးတယ်မလား ။ အားပြိုင်တယ်ဆိုတာ သံတမန်စကားဗျ ။ လူပြိန်းစကားနဲ့ပြောရင် တစ်ယောက်နဲ့ တစ်ယောက်က ကပ်ဖဲ့နေတာကြာပြီဗျ ။ ဦးရွှေမန်းကြီးက နောက်အစိုးရသက်တမ်းမှာ ဦးသိန်းစိန်က ကျန်းမာရေးမကောင်းလို့ ဝင်ရောက်အရွေးခံမှာမဟုတ်ဘူးဆိုပြီး စေတနာနဲ့ ပြောပေးသလိုလိုနဲ့ ကပ်ဖဲ့တယ် ။ ဦးသိန်းစိန်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ဦးသိန်းစိန်ရွေးကောက်ပွဲဝင်မဝင်ကို ဦးရွှေမန်းအနေနဲ့ပြောကြားခွင့်မရှိဘူး ကာယကံရှင်ကိုယ်တိုင်ပြောလိမ့်မယ်ဆိုပြီး လူကြားထဲမှာ ဦးရွှေမန်းစကားကို ပျက်ရယ်ပြု ပြီး ငထွားကကြားထဲက ခါးနာပြနေတာ ခင်ဗျားသိတယ်မဟုတ်လား ။ ''
`` အင်း ဒါတော့သိတယ် ''
`` တပ်စကားအရပြောရင် ဝါနုတဲ့အရာရှိက ကိုယ့်ထက်အကြီးကို ပျက်ရယ်ပြုဖို့နေနေသာသာ နဲနဲတောင် ပြန်တောင်ခံမပြောရဲဘူး ။ ပြန်ခံပြောရင် ရှေ့သွားနှစ်ချောင်းကျွတ်သွားမှာပေါ့ ။ ဦးရဲထွဋ်အဆင့်လောက်က ဦးရွှေမန်းလို ထိပ်သီးအရာရှိကြီးကိုပြန်ခံပြောတယ်ဆိုတာ အားကိုးရှိလို့ဗျ ။ ဆိုလိုတာက သူတို့အချင်းချင်း အုပ်စုတွေဖွဲ့လာတဲ့ သဘောတွေမှာရှိတယ် ''
`` ကြံ့ဖွံ့ပါတီအတွင်းမှာ အချင်းချင်း အုပ်စုတွေကွဲနေတယ်ဆိုတဲ့ ကောလဟာလတွေ ရှိဖူးတယ် ''
`` အင်းဗျ မြန်မာသံတော်ဆင့်ဂျာနယ်ကို ကြံ့ဖွံ့ဗဟိုကော်မတီအတွင်းရေးမှူး ဦးအောင်သောင်းကိုယ်တိုင် ပါတီတွင်းမှာအုပ်စုကွဲနေတာတွေရှိတယ်လို့ ဝန်ခံထားတယ်လို့တော့ ရေးထားတာ ဖတ်လိုက်ရတယ် ။ Printed media ပေါ်မှာရေးထားတာဆိုတော့ ကောလဟာလဆိုတာထက်စာရင် တစ်စုံတစ်ခုအထိတော့ အာမခံချက်ရှိတာပေါ့ ။ NLDပါတီက နောက်သမ္မတသက်တမ်းအတွင်းမှာ ဒေါ်စုကို သူတို့ပါတီရဲ့ သမ္မတလောင်းစာရင်းအဖြစ်ကြေငြာခဲ့ပေမယ့် ကြံ့ခိုင်ရေးပါတီက သမ္မတလောင်းစာရင်းကို ခုထိမကြေငြာနိုင်သေးတာဟာ သူတို့အထဲမှာ ခေါင်းဆောင်မှုတွေနဲ့ ပါတ်သတ်လို့ အငြင်းအခုံတွေရှိနေနိုင်တယ် ဆိုပြီးနိုင်ငံရေးလေ့လာသူတွေကခန့်မှန်းနေကြတယ် ။ ဦးအောင်သောင်းကြီးပြောတာ ကြံ့ခိုင်ရေးကလူတွေအကုန်လုံးက သမ္မတရာထူးထက်ပိုကြီးတဲ့နေရာတွေမှာလုပ်လို့ရတယ်တဲ့ ။ ရီရတယ်ဗျ ။ အချင်းချင်းဖဲ့ပြီးအကုန်လုံးက သမ္မတဖြစ်ချင်နေကြတာ ။ အဲဒါကြောင့်မို့ လွှတ်တော်နာယက ဦးခင်အောင်မြင့်ကြီးက ခေါင်းဆောင်လုပ်ချင်တဲ့သူတွေများလို့ သူကတော့ နောက်လိုက်ကောင်းဘဲ လုပ်တော့မယ်လို့ပြောတာဟာ သူ့လူတွေကို ခပ်ထေ့ထေ့ပြောတာလို့ ကျွန်တော်ထင်တယ် ။ ''
`` ဆက်ပါဦး ''
`` နောက်ပြီးအခြေခံဥပဒေမပြင်ဆင်ဖို့ ကြံ့ခိုင်ရေးပါတီကတင်တဲ့ ဥပဒေမူကြမ်းကိုလွှတ်တော်မှာတင်သွင်းတုန်းက အစိုးရဘက်ကသတင်းစာတွေက အဲဒီဥပဒေမူကြမ်းဟာ ခြေဥနဲ့မညီဘူးဆိုပြီး ကလောင်မျိုးစုံနဲ့ထိုးနှက်ထောက်ပြတယ် ။ ကြေးမုံသတင်းစာမှာရေးထားတဲ့ ဆောင်းပါးရှင်ရန်ကင်းရဲ့ ဆောင်းပါးကိုတောင် လွှတ်တော်အမတ်တွေဆီ ဘယ်ကလာဝေမှန်းမသိလို့ ဆူဆူညံညံသွားဖြစ်သွားတယ် ။ လွှတ်တော်အမတ်တွေက ဆောင်းပါးရှင်ရန်ကင်းဆိုတာ ဦးရဲထွဋ်ကြီး ဖြစ်နိုင်တယ်ဆိုပြီး သင်္ကာမကင်းဖြစ်သေးတယ် ။ ဒါတင်မကဘူး ဟိုးကတည်းက လွှတ်တော်ကိုဝေဖန်တဲ့ဆောင်းပါးတွေရေးတဲ့ ဒေါက်တာဆိတ်ဘွားကိုလည်း ဦးရဲထွဋ်ကြီးဆိုပြီး နိုင်ငံရေးအသိုင်းဝိုင်းက သင်္ကာမကင်းဖြစ်နေတာတွေရှိခဲ့ဘူးတယ် ။ ခြေဥပြင်ဖို့ဆုံးဖြတ်တာကို အစိုးရဘက်က ခြေဥနဲ့မညီဘူးစွပ်ဆွဲသလို လွှတ်တော်ကလည်း ရေကူးကန်အသံလွှင့်စက်ရုံနဲ့ ပါတ်သတ်ပြီး အစိုးရဘက်ကဆုံးဖြတ်တာတွေကလည်း အခြေခံဥပဒေနဲ့မညီဘူးဆိုပြီး ပြန်ပြီးစွပ်ဆွဲတယ်ဗျ ။ အမ်မာ ဦးရဲထွဋ်ကလည်း အခြေခံဥပဒေကို သူချိုးဖောက်တယ်ဆိုရင် တရားစွဲနိုင်ပါတယ်ဆိုပြီး ရင်ဘတ်စည်တီးပြီး လွှတ်တော်ကြီးကို ပြန်စိမ်ခေါ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘာလုပ်ရမှန်းမသိဖြစ်ကုန်ရော ။ တကယ့်ပွဲကြီးပွဲကောင်းပဲဗျ ။ လွှတ်တော်ရဲ့ ဘောင်ကိုကျော်ပြီးပြောတဲ့ ဦးရဲထွဋ်ကြီးကို ဦးရွှေမန်းကြီးက ချက်ချင်းထပြီးပြောတာရပ်ခိုင်းလိုက်တယ် ။ ဒါ အစိုးရနဲ့ လွှတ်တော် ဖိုက်တင်ပလေးနေတာပဲ ''
`` အင်းဗျ အဲဒါတီဗွီမှာ မြင်လိုက်ရတယ် ။ ပွဲကတော့ တော်တော်ဆူသွားတာပဲ ။ ထူးဆန်းတာက လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေပြောတဲ့အချိန်မှာ တပ်မတော်ကအစိပ်သားက လက်ခုပ်မတီးဘဲ ငြိမ်နေပြီး ဦးရဲထွဋ်ကြီးပြောနေတဲ့အချိန်ကျ မှ ထပြီးလက်ခုပ်တီးတာ ထူးဆန်းတယ်ဗျ ''
``အင်းဗျာ မင်းအောင်လှိုင်ပေါ့ ။ သူပြောဖူးတာရှိတယ် ။ အခြေခံဥပဒေအရ သမ္မတကတိုင်းပြည်ရဲ့ အထွဋ်အထိပ်မို့ သမ္မတအမိန့်ကိုသာနာခံမယ်လို့ ပြောဖူးတာရှိဖူးတယ် ။ အစကတော့ သူ့ကို ဘယ်ဘက်မှမလိုက်တဲ့ neutralလို့ထင်တာပေါ့ ။ အခုလိုမျိုးကြီး လုပ်လိုက်တာဟာ တပ်မတော်က ဦးသိန်းစိန်ဖက်ကိုသိသိသာသာယိမ်းလိုက်တာပဲ ။ လွှတ်တော်ထဲမှာ အစိတ်သားနဲ့ ကြံ့ခိုင်ရေးအမတ်တွေ ပွတ်တိုက်လာတဲ့ သဘောမျိုးမှာပါရှိနေပြီ ။ ''
`` ဒါနဲ့ အစက ခင်ဗျား ရှင်းရှင်းလင်းလင်းသိလိုက်ရပြီလို့ပြောထားတာ အခုထိ ကျုပ် ရှင်းရှင်းလင်းလင်းမသိရသေးပါလား ''
`` ဒါတွေမပြောခင် ကြံ့ခိုင်ရေးပါတီအကြောင်းသုံးသပ်ထားတာ ဂျာနယ် ဆောင်းပါးမှာဖတ်လိုက်ရတာလေးတွေ တချို့ ကောက်နုတ်ထည့်ပြောပြမယ် ။ ဒါမှ ခင်ဗျား ဇာတ်ရည်လည်မှာ ……
- ပါတီတွင်း သြဇာကြီးမားလှသော ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကလည်း လာမည့်၂၀၁၅ ရွေးကောက်ပွဲအတွက် သမ္မတလောင်းကို သူရရွှေမန်းကိုပဲရွေးချယ်မည်ဖြစ်ပြီး ဦးသိန်းစိန်၏ အခန်းကဏ္ဍကိုမူ ဝိသေသထူးသည့် နာယကကြီးသို့မဟုတ် အငြိမ်းစားနိုင်ငံတော်သမ္မတဖြစ်သွားမည်ဖြစ်ကြောင်း
- ဦးရွှေမန်းကလည်း ဦးသိန်းစိန်၏ ကျန်းမာရေးမှာနှလုံးစက်တပ်ထားသည့် အခြေအနေနှင့် နောက်ကွယ်မှ နိုင်ငံရေးသြဇာအကြီးဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးသိန်းစိန်၏လုပ်ဆောင်ချက်များကိုမနှစ်သက်ကြောင်း နေပြည်တော်အိမ်တော်မှသတင်းများထွက်ပေါ်လာခြင်းသည် ပြည်ခိုင်ဖြိုးပါတီလာမည့်အနာဂါတ်မှာ ဦးရွှေမန်းဟု သုံးသပ်ရသည် ။
- ဦးအောင်သောင်းကိုယ်တိုင်က အကယ်၍ ဦးသိန်းစိန်ကလည်းသမ္မတလောင်းပြန်လည်ဖြစ်လိုပါက ပါတီ၏ စီရင်ဆုံးဖြတ်မှုကိုခံရမည်ဖြစ်ကြောင်း ၂၀၁၄တွင်မီဒီယာများသို့ပြောကြားခဲ့သည် ။
- အစိုးရမီဒီယာများတွင်လည်း ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ကြံ့ခိုင်ရေးပါတီမှ ဦးဌေးဦးကို ပွဲထုတ်ရေးလာသည်များနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်ဆွေမျိုးတော်စပ်သော ဦးစိုးသာတို့ကို ပွဲထုတ်ရေးလာသည် ။
- သမ္မတဦးသိန်းစိန်၏ ၁၄ ပွင့်ဆိုင် ၄၈ပွင့်ဆိုင်များတွင် ဦးဌေးဦးကို တက်ရောက်စေပြီး အစိုးရသတင်းစာများ၌ ဦးဌေးဦးကိုပွဲထုတ်လာခြင်း
ကြံ့ခိုင်ရေးတွင် ဦးဌေးဦးထက်အဆင့်မြင့်သော ခေါင်းဆောင်( ဦးသိန်းစိန်မှလွဲ၍ ) ၅ဦး ဗဟိုအတိုင်ပင်ခံ ၄ဦး ဒုဥက္ကဌ ၁ဦး ရှိပြီး ဦးဌေးဦးသာ တက်ရောက်ခဲ့ခြင်းသည် ဦးဌေးဦးသည် သမ္မတ၏ လူရင်းဖြစ်၍လော
- ဦးဌေးဦးကို ယခင်က uါတီတွင်းအရေးပါသော အထွေထွေအတွင်းရေးမှူးနေရာမှ ဒုဥက္ကဌ ၃ သိုနေရာပြောင်းခြင်းနှင့်စပ်လျဉ်း၍ ဒုဥက္ကဌ ၁ - သူရရွှေမန်းနှင့် ဒုဥက္ကဌ-၂ သူရဦးအေးမြင့်တို့မှ စိတ်သဘောထားလုပ်ရည်ကိုင်ရည်ကြည့်၍ထားခြင်းဖြစ်ကြောင်း
ကြည့်လိုက်ရင် ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီမှာ ဦးရွှေမန်းဖက်ကလူတွေက အသာစီးရနေတာ ။ ကြံ့ခိုင်ရေးမှာတကယ် အကွဲအပြဲတွေဖြစ်ရင် ဦးသိန်းစိန်နဲ့ သမ္မတရုံးကလူတွေ ပဲ့ထွက်ကုန်မှာ ။ ဒါကြောင့် မိုးပြိုရင်ကန်ထားရအောင်ဆိုပြီး သမ္မတအကြံပေး နေဇင်လတ်ကြီးက တတိယပါတီဆိုပြီး ထပ်ထောင်ထားတာ ။''
`` ဒါကြောင့် အမျိုးသားတိုးတက်ရေးပါတီဆိုပြီး နေဇင်လတ်ကြီးက ထောင်ထားတာလား ''
`` ဖြစ်နိုင်ချေတွေနဲ့ ဆက်စပ်ထားတာပါ ။ ဒီနေဇင်လတ်ဆိုတဲ့ဘဲကြီးကလည်း စိတ်ဓာတ်စစ်ဆင်ရေးပိုင်းတွေ ဗျူ ဟာပိုင်းတွေမှာ ဦးသိန်းစိန်ကြီး အားကိုးထားရတဲ့သူကြီး ''
`` ဆက်ပြောပါဦး ''
`` ကျွန်တော်ပြောသလိုပဲ ကြံ့ခိုင်ရေးပါတီနဲ့ လွှတ်တော်မှာ သူရရွှေမန်းက အားသာတယ် ။ အုပ်ချုပ်ရေးပိုင်းမှာက ဦးသိန်းစိန်က အားသာတယ် ။ အားတွေပြိုင်နေကြတာ ။ ဦးရွှေမန်းဘက်က ဦးအောင်သောင်းကြီးကလည်း
`` ပြည်ခိုင်ဖြိုးပါတီက အာဏာရပဲ ။ ပါတီကမှ အစိုးရကိုဒါလုပ်ဆိုပြီးလွှဲထားတာ။ နောက်ဆုံးနာယက အစည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အာဏာကိုပါတီကို လွှဲခဲ့တာ'။ အစိုးရကို လွှဲခဲ့တာမဟုတ်ဘူး ''လို့ပြောတယ် ။ အုပ်ချုပ်ရေးပိုင်းကလူတွေက နိုင်ငံတော်အာဏာက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သမ္မတမှာ အာဏာအရှိဆုံးလို့ပြန်ပြောကြတယ် ။ လွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လုပ်တော့ အစိုးရဘက်ကနေ ဒါဟာ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာ ။ အခုသွားနေတာ သမ္မတစနစ် ။ ပါလီမန်စနစ်မဟုတ်ဘူး ။ နိုင်ငံတော်အာဏာက သမ္မတဆီမှာရှိတယ် ။ လွှတ်တော်ဆီမှာ အာဏာမရှိဘူး ။ ဖွဲ့စည်းပုံပြင်ဖို့ဆိုရင် သမ္မတဆီက အရင် ခွင့်တောင်းသင့်တယ်လို့ပြောတယ် ။ လွှတ်တော်က ဂရုမစိုက်ဘူး ။ ပြင်မယ်လုပ်တယ် ။ အမ်မယ် …… ခင်ဗျားသတိမထားမိလိုက်လို့ ။ ပြင်မဲ့ ပုဒ်မထဲက ၆၀(ဂ) မှာ ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြောက်ရမည် ဆိုပြီးမှပြထားတယ် ။ ဒုသမ္မတ သုံးယောက်ထဲကမှ သမ္မတပြန်ရွေးမှာလေ ။ အဲဒီပုဒ်မကို ဒုသမ္မတကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်ရမည်ဆိုပြီးမှ ပြန်ပြင်ဖို့ ဥပဒေကြမ်းသွင်းတာ ဆိုလိုတာက ဦးသိန်းစိန်ကြီးကို နောက်သက်တမ်းအတွက်ပိတ်ဖို့ ရွှေမန်းတို့အဖွဲ့ကလုပ်နေတာ ။ ''
`` အင်းဗျာ ……… ဟုတ်သားပဲ ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ တင်သမျှအဆို ရှုံးနိမ့်သွားတာ ဒေါ်စုခံလိုက်ရတာပဲမဟုတ်လား ''
`` နေပါဦးဗျာ ။ အဲဒီ ရှင်းရှင်းလင်းလင်း လူ့စည်းဘီလူးစည်းကွဲသွားတာကို ပြောပြမလို့ ။ ကျုပ်လည်း သူများပြောမှသိတာ ။ ဒါက လွှတ်တော်မှာရှုံးနိမ့်ခဲ့တဲ့ မဲခွဲဆုံးဖြတ်ရလဒ်
59(ဃ)-566မဲ (86.8%) 75%ကျော်
59(စ)-321မဲ (58.6%.) 75%မကျော်
60(ဂ)-386မဲ (60.97%) 75%မကျော်
418(ခ)-386မဲ(60.97%) 75%မကျော်
436(က)-388မဲ(61.29%) 75%မကျော်
436(ခ)- 388မဲ (61.29%) 75%မကျော်
နဂိုမဲရလဒ်ကိုမှ တပ်မတော်ကအစိတ်သားကို နှုတ် ပျက်ကွက်၅၀ ကို ကန့်ကွက်မဲထဲထည့်ကြည့်ပြီးတွက်လိုက်ရင်
59(ဃ)-84% ( တမတ်သား ၁၆၆ကို နှုတ်၍တွက်ထားသည်)
59(စ)-56%
60(ဂ)-83%
418(ခ)-83%
436(က)-83%
436(ခ)-83%
အဲဒါကိုမှတစ်ခါ ပျက်ကွက်၅၀ကိုပါထပ်နှုတ်ပြီး လွှတ်တော်ထဲကအမတ်တွေချည်းပဲ ထပ်ပြီးမဲခွဲမယ်ဆိုရင်
59(ဃ)-93%
59(စ)-77%
60(ဂ)-93%
418(ခ)-93%
436(က)-93%
436(ခ)-93%
ကြည့်လိုက်ရင် ဒေါ်စုသမ္မတဖြစ်ဖို့ 59(စ) ကလွဲရင်ကျန်တာတွေက 90% ကျော်တယ် ။ ကျုပ်စိတ်ထင် ကန့်ကွက်မဲတွေကလည်း တစ်လျောက်လုံး 436တို့ 59(စ) မပြင်ဖို့ ဒေါ်စုကိုတိုက်နေတဲ့ မီးကျိုးမောင်းပျက် NDF တွေဆီကပဲလာမယ်ထင်တယ် ။ ဒါတော့ကာယကံရှင်တွေမှသိမှာပဲ ။ ထိုင်ထလုပ်ပြီး မဲခွဲဆုံးဖြတ်ရင် ဘယ်သူထောက်ခံ ဘယ်သူကန့်ကွက်ဆိုတာ သေသေချာချာ သိနိုင်တယ် ။ ကြည့်လိုက်ရင် ကြံ့ဖွံ့အမတ်တွေကိုယ်တိုင်က ပြင်ချင်နေတာ ။ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံမှာပေးထားတဲ့ အုပ်ချုပ်ရေးအာဏာ စစ်တပ်ရဲ့ အာဏာကိုလျော့ဖို့လုပ်နေတာ ''
`` အင်း …… ဟုတ်ပါပြီ ။ ဒါနဲ့ စစ်တပ်ကလူတွေက ကန့်ကွက်တယ်မဲ ထည့်တယ်ဆိုတာရော ကိုယ့်လူက ဘယ်လိုအထောက်အထားရှိလို့ ပြောနိုင်တာလဲ ''
`` အ …ရန်ကော ငါ့ဆရာရယ် ။ အခြေခံဥပဒေကို မပြင်ချင်တာ မင်းအောင်လှိုင်ရဲ့ အင်တာဗျူးတွေက သက်သေပဲ ။ လွှတ်တော်မှာ မဲခွဲမှုရှုံးလို့ မပြင်ဘူးလဲဆိုရော ဒီစစ်တပ်က ကောင်တွေ ထပြီး လက်ခုပ်တီးကြတာ ။ တော်တော်ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ကောင်တွေပဲဗျ ။ နောက်ပြီးဒီပြင်ဆင်တဲ့ဥပဒေကြမ်းက ဥပဒေပြင်တဲ့ခုံရုံးမှာ ဆွေးနွေးထားတဲ့ မူကြမ်းတွေမဟုတ်ဘူးတဲ့ ။ ကြံ့ခိုင်ရေးပါတီက သူတို့ဘာသာသူတို့ စိတ်ကြိုက်ရေးပြီးတင်လိုက်တဲ့ ဥပဒေတွေတဲ့ ။ ဒေါ်စုသမ္မတဖြစ်ဖို့ ပြင်ဆင်ရမဲ့ ၅၉(စ) လောက်ပဲ ခင်ဗျားတို့ကျွန်တော်တို့ စိတ်ဝင်စားတဲ့ ဥပဒေပါတာ ။ ဒါကလည်း သဘောကောင်းချင်ယောင်ဆောင်ပြီးထည့်ပေးလိုက်တာပါ ။ ဒေါ်စုသမ္မတဖြစ်ဖို့လောက်ထိ ကြံ့ခိုင်ရေးက သဘောမကောင်းဘူးဗျ ။ ၄၃၆ဆိုတာကလည်း ၇၅ ကနေ ၇၀ အထိပဲ မက်လောက်စရာ မရှိဘူး ။ အခုဟာက ၆၀(ဂ) နဲ့ ဦးသိန်းစိန်ကြီးကို သမ္မတမဖြစ်စေချင်လို့ ကြံ့ခိုင်ရေးပါတီကလူတွေက လှမ်းပိတ်တာ ။ စစ်တပ်က အဲဒါကိုပါကန့်ကွက်လိုက်တယ်ဆိုတော့ ဦးသိန်းစိန်ဘက်မှာ ရပ်လိုက်တဲ့သဘောရှိတယ် ။ ကြံ့ဖွံ့ကလည်း သူတင်တဲ့အဆိုရှုံးသွားတယ်ဆိုတော့ ဖီးလ်တော့ ဖြစ်မှာပေါ့ ။ အခုဦးရွှေမန်းကလည်း အခြေခံဥပဒေကို ရအောင် ပြင်ဖို့ ပြန်ပြီး စကား စလာတာတွေ ရှိတယ် ။ ဦးအောင်သောင်းကြီးကပါ ပါလာပြီး အခြေခံဥပဒေကိုပြန်ပြင်ဖို့ သူလဲကြိုးစားမယ်ဆိုတဲ့ စကားတွေလည်းပြောလာတယ် ။ ပိုပြီး အားပြိုင်တဲ့သဘောတွေဖြစ်လာပြီ ။ စစ်တပ်လည်း ပါလာပြီ ''
`` အင်းဗျာ …… သဘောပေါက်လာပြီ ။ စစ်တပ်ဆိုတာ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံဆိုပြီး အရင်က လူတွေ ပြောကြတာတွေရှိတယ် ။ အခုအတိုင်းဆို စစ်တပ်က ပါတီကိုပါ အာခံလာပြီပေါ့ ''
`` မှန်တာပေါ့ဗျာ ။ ဦးအောင်သောင်းကြီးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပါတီကို အာဏာလွှဲထားတယ်လို့ ဆိုပေမဲ့ တကယ့်တရားဝင်အာဏာက ဖွဲ့စည်းပုံအခြေခံဥပဒေပေးတဲ့အတိုင်းဆိုရင် စစ်တပ်က အာဏာရှိတာ ။ စစ်တပ်က ပါတီကို ကလန်ကဆန်လုပ်လာတဲ့အတွက် ကြံ့ခိုင်ရေးပါတီကလည်း အခြေခံဥပဒေကိုပြင်ပြီး စစ်တပ်ရဲ့အာဏာကိုလျော့ဖို့ ပိုလုပ်လာလိမ့်မယ်ထင်တယ် ။ မင်းအောင်လှိုင်ကလည်း ဦးသန်းရွှေကလွဲပြီး ကျန်တဲ့လူတွေဘယ်သူ့ကိုမှ လူထင်တာမဟုတ်ဘူး ။ ဒီလူတွေကို သြဇာခံမယ်မထင်ဘူး ။ သူ့ပုံစံက လူပျော့ပေမဲ့ သူ့ကိုတပ်ထဲမှာ nick name ပေးထားတာ ကြောင်ချီးတဲ့ ။ပျော့ပျော့လေးနဲ့နံလို့တဲ့ ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘုရားကအောက် မျောက်ကအထက်ဆိုသလို မင်းအောင်လှိုင်တို့ စစ်တပ်ကအငယ်တွေကို အထက်ရောက်ပြီး ကြံ့ခိုင်ရေးပါတီက စီနီယာတွေက အောက်ဖြစ်နေတာကို ပါတီကလူတွေ နှစ်သက်မယ်မထင်ဘူးဗျ ။ ''
`` ဒါနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျော့ချရင် ဒီမိုကရေစီ ဖြစ်သွားမှာပေါ့ ။ ကြံ့ဖွံ့ပါတီကလူတွေ အထူးသဖြင့် ဦးအောင်သောင်းတို့လို လူတွေဆိုတာ ဒီမိုကရေစီနဲ့ဆိုရင် တစောင်းစေးနဲ့ မျက်ချေးလိုပဲဗျ ။ ဖွဲ့စည်းပုံဥပဒေကို ဒီလူတွေက ပြင်ပေးမယ်ဆိုတာ ဟာသလုပ်နေတာမဟုတ်ဘူးလား ''
`` ဒီလူကြီးက သဘောထားတင်းမာတယ်လို့ နာမည်ကြီးနေတာအမှန်ပဲ ။ သို့ပေမဲ့ ဒီလူတွေ နောက်ကြောင်းမပြန်ရဲဘူးဗျ ။ နောက်ကြောင်းပြန်ရင် အမေရိကန်တို့ အနောက်နိုင်ငံတွေက Sanctions တွေရှိတယ် ။ မနှစ်ကလည်း အမေရိကန်က သူ့ကို Black list လုပ်လိုက်တာ သူတော်တော်ထိသွားတယ် ။ အမေရိကန်က sanctionတွေ အရှိန်မြင့်လိုက်ရင် သူတို့အနေနဲ့ ဘာဖြစ်သွားမလဲဆိုတာ နိုင်ငံရေးပါးဝနေတဲ့ ပါတီကလူကြီးတွေက သိတယ် ။ သူတို့အနေနဲ့ လက်ရှိ စားထားတာတွေကိုက ဆယ်သက်မကုန်နိုင်ဘူး ။ အေးအေးဆေးဆေး ခွါစစ်နဲ့နေရင် အေးအေးဆေးဆေးနေရမယ် ။ မဆုတ်ဘဲ နောက်ပြန်တိုးရင် ဘာဖြစ်ကုန်မလဲဆိုတာ သူတို့သိတယ် ။ နောက်ပြီး သူတို့မှာ လူ့အခွင့်အရေးချိုးဖောက်ထားတဲ့ ပစ်ချက်တွေရှိတယ် ။ ကုလစစ်ခုံရုံးမှာ တင်ဖို့ စာရင်းတို့ခံထားရတယ် ''
`` ဒါမျိုးတွေက တကယ်ရှိလို့လား ''
`` COI ပေါ့ ။ အရှည်ကောက်က Commission of Inquiry လို့ခေါ်တယ် ။ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကုလသမဂ္ဂက တောမက်ကင်တာနားက စုံစမ်းပြီး စာရင်းတို့ထားတာတွေရှိတယ်လို့တော့ ကြားဖူးတယ် ။ နိုင်ငံတကာမှာ ချားတေလာတို့ ကရားဒစ်ရှ်တို့ကို COI ကပဲ စုံစမ်းဖော်ထုတ်ပြီးတော့ နိုင်ငံတကာစစ်ခုံရုံး[ICC]မှာ တင်တဲ့ ရာဇဝင်တွေရှိတယ် ။ ဒါကြောင့်မို့ ဦးသန်းရွှေက ကြောက်လန့်ပြီး သူ့လူတွေကို အာဏာခွဲပြီး နောက်ကို အသာဝင်သွားတာ ''
`` ရွေးကောက်ပွဲ ကော်မရှင်ဦးတင်အေးကတော့ ပိတ်ချင်တာပိတ် မကြောက်ဘူးလို့ ပြောနေတယ်ဗျ ။ အဲဒါကျရော …… ''
`` အာာ……… ဒီဘိုးတော်က သွေးရူးသွေးတမ်းနဲ့လျောက်ပြောနေတာ ။ အနောက်နိုင်ငံတွေကို အရေးမစိုက်လို့ ရကိုမရဘူး ။ ရေနံတွေအများကြီးထွက်တဲ့ အီရန်လိုနိုင်ငံမျိုး အမေရိကန်က ပိတ်လိုက်တာ နေလို့မရတော့ဘူး ။ ဆာဒန်ဟူစိန်ကိုအမြင်ကပ်တာနဲ့ WMD ရှိတယ်ဆိုပြီး အီရတ်လည်း အမှုန့်ချေလိုက်တာ ဘက္ကဒတ်လည်း တစပြင်ဖြစ်သွားတယ် ။ လူမျိုးတွေက ပိုသိတယ်ဗျ ။
ကျုပ်ပြောမယ်ဗျာ
ဟိုတစ်လောကပဲ အစိုးရက အမေရိကန်က လော်ဘီ team ကို ဒေါ်လာ ရှစ်သိန်း အကုန်ကျခံ ငှားသေးတယ် ။ လော်ဘီ team ဆိုတာ ခင်ဗျားတို့က ရွေးကောက်ပွဲနီးလို့ သူတို့အတွက် မဲဆွယ်ဖို့ ငှားတယ်လို့ ခင်ဗျားတို့ကငှားတယ်လို့ ထင်နေတာမလား ။ ဘယ်ကလာ…… ပြည်သူတွေအတွက် အဲလောက်အကုန်ကျခံဖို့ ဒီလူတွေ စေတနာမရှိတာ ခင်ဗျားတို့အသိပဲ ။ အခုဟာက ၂၀၁၆ မှာ ဟီလာရီကလင်တန်သမ္မတဖြစ်ဖို့ တစ်ပြေးနေလို့ Offensive Diplomacy သံတမန်နည်းအရချဉ်းကပ်တာဗျ ။ ဒါမျိုးတွေကို ဟိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကတည်းက လုပ်လာတာ ။ ပါးစပ်က ပြည်ပအားကိုး ပုဆိန်ရိုးဆိုပြီး ဒေါ်စုတို့ကို ပြောပေမဲ့ သူတို့ကိုယ်တိုင် အနောက်နိုင်ငံတွေကို ချဉ်းကပ်တာမျိုးတွေရှိဖူးတယ် ။ ဗိုလ်ချုပ်မှူးကြီးတောင် အမေရိကန်နိုင်ငံကို ကြောက်လို့ ချဉ်းကပ်ရတာ ။ တင်အေးကြီးက ဘာမို့တုန်း
ကျွန်တော်ပြောချင်တာက ကြံ့ဖွံ့ပါတီက လူတွေမှာ ဆယ်သက်စားမကုန်တဲ့ စည်းစိမ်တွေရှိနေပြီ ။ ခေတ်စနစ်အရ ပြောင်းလဲရမယ်ဆိုတာလည်း သိတဲ့သူတွေကသိတယ် ။ ဒါကြောင့် ဒေါ်စုက တွဲခေါ်နေတာ ။ ဟိုတစ်နေ့က ရှင်းရှင်းလင်းလင်း သိလိုက်ရပြီဆိုတာ သူတို့အချင်းချင်း လူ့စည်းဘီလူးစည်းခြားပြလိုက်တာ ။ မင်းအောင်လှိုင်ကတော့ ဦးသန်းရွှေလမ်းစဉ်လိုက်ပြီး လူမိုက်ကြီးဘွဲ့ ခံယူနေချင်တုန်းပဲ ''
`` ဒီလူတွေ တွဲခေါ်တော့ ဒေါ်စု နောက်ကျော ဓားနဲ့ထိုးရင်ရော ''
`` ရော …… လာပြန်ပြီ ။ နောက်ကျောကို ဓားနဲ့ထိုးတာ ။ ဒေါ်စုကို ထိုးတာ မထိုးတာ အသာထား ။ အခုတော့ သူတို့အချင်းချင်း ဓားနဲ့ထိုးနေကြတာ ။ ဒေါ်စုက အရာရာကို သင်ပုန်းချေတယ်ဆိုပြီး လိမ္မာတဲ့ လူတွေကို တွဲခေါ်နေတာ ။ ရှင်းရှင်းလင်းလင်းသိလိုက်ပြီဆိုတာ တွဲခေါ်လို့ရမဲ့သူတွေကို တွဲခေါ်ပြီး တွဲခေါ်လို့မရတဲ့ သူတွေကို ဒေါ်စုက ချန်ထားခဲ့တော့မှာ ။ ခြောက်ပွင့်ဆိုင်ကို မစဉ်းစားတော့ဘူးဆိုတာ ဦးသိန်းစိန်တို့ မင်းအောင်လှိုင်တို့ကို ချန်ထားတော့မဲ့ သဘောရှိတယ် ။ ဦးသိန်းစိန်တို့အဖွဲ့နဲ့ မင်းအောင်လှိုင်တို့ကတော့ လူဆိုးကြီး လုံးလုံး ဖြစ်သွားပြီ ။ မဲစမ်းပွဲမှာ ဒေါ်စုရှုံးလား ။ မရှုံးပါဘူး ။ တကယ်ရှုံးတာ အစိုးရနဲ့ စစ်တပ်ကကောင်တွေရှုံးသွားတာ ။ ကြံ့ခိုင်ရေးပါတီကလူတွေကလည်း ခြေဥပြင်ဖို့ ထပ်လုပ်ပေးလိမ့်မယ်ထင်တယ် ။ လူထုခေါင်းဆောင်ဆိုတာ ဒါပဲ ။ ခင်ဗျားတို့က ဒေါ်စုကအစိုးရနဲ့ အလွမ်းသင့်နေတယ်လို့ပြောနေပြီး နေရာတကာမှာ တော်လှန်ချင်နေကြတယ် ။
ဆရာသာဂဒိုးရေးထားလေး သဘောကျလို့ပြောလိုက်ဦးမယ် ။
စပါးကိုတော်လှန်ရင် ဆန်ဖြစ်တယ် ။ ဆန်ကိုတော်လှန်ရင် ထမင်းဖြစ်တယ် ။ ထမင်းကိုတော်လှန်ရင်တော့ မစင်ပဲဖြစ်လိမ့်မယ် ။
နေရာတကာမှာ မတော်လှန်ချင်စမ်းပါနဲ့ ။ လူထုခေါင်းဆောင်ကို ယုံကြည်စမ်းပါဗျာ ။ သူကဘယ်အချိန်တော်လှန်ရမယ် ။ ဘယ်လိုလုပ် ရမယ်ဆိုတာသိတဲ့သူ ''
(ဆည်းပူးလေ့လာခဲ့ဖူးသော စာများနှင့် ဂျာနယ်များထဲက အချက်လက်များကို အခြေခံပြီး သုံးသပ်ထားပါသည် ။ )
လေးစားစွာဖြင့်
Aye Chan
29/JUNE

Comments
Post a Comment