Skip to main content

“အာဏာ တစ်ကြိမ်သိမ်း နှစ်ပေါင်း ၁၀၀” မတ် ၎

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့တွေနဲ့ စွမ်းအားရှင်တွေက အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။
ဒီလို စွမ်းအားရှင်တွေကိုသုံးပြီး နှိမ်နင်းတာဟာ ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်တယ်ဆိုပြီး အာဏာပိုင်တွေဘက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇ နဲ့ ၁၂၈ မိတ္တူစာရွက်တွေ ဖြန့်ဝေပြီး ဆင်ခြေပေးတာလည်း လုပ်ခဲ့ပါတယ်။
သမ္မတပြောခွင့်ရ ဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင် ရဲတပ်ဖွဲ့ဟာ ဥပဒေမှာပါတဲ့အတိုင်း လုပ်ခဲ့တာဖြစ်တယ်၊ တကယ်လို့ အများပြည်သူအနေနဲ့ဒါကိုဥပဒေနဲ့မညီဘူးလို့ထင်ရင် တရားစွဲဆိုပိုင်ခွင့်ရှိတ ယ်ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပြန်ပါတယ်။
ဆန္ဒပြမှုကို နှိမ်နင်းသူတွေဟာ ဥပဒေပါ ဘယ်အချက်ကို အသုံးပြုခဲ့ကြသလဲ၊ ဒါဟာ ဥပဒေနဲ့ အညီလို့ ပြောလို့ ရမလား၊ အစိုးရ အာဏာပိုင်တွေဟာ ပြဿနာတွေကို ဥပဒေနဲ့ အညီ ကိုင်တွယ်ခဲ့ပါရဲ့လားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အစိုးရဘက်က အသုံးပြုခဲ့တယ်လို့ ဆင်ခြေပေးထားတဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် နယ်ချဲ့အင်္ဂလိပ် အစိုးရလက်ထက် ၁၈၉၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ India Act, 1898 ပဲ ဖြစ်ပါတယ်။ အဲဒီအထဲကမှ အာဏာပိုင်တွေ ရွေးထုတ်ပြခဲ့တာကတော့ ပုဒ်မ ၁၂၇ နဲ့ ၁၂၈ ပါ။
သူတို့ပြောသလိုပဲ ဥပဒေနဲ့ ကိုက်ညီ၊ မကိုက်ညီ ပြန်ဆန်းစစ်ကြည့်နိုင်ပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း(၉) “ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးများ” ခေါင်းစဉ်အောက်က “ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ရဲအရာရှိက အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း” စာပုဒ်၊ ပုဒ်မ ၁၂၇ (၁) မှာ အခုလို ဖော်ပြထားပါတယ်။
“မည်သည့် ရာဇဝတ်တရားသူကြီး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတစ်စုံတစ်ရာကို၊ သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန်ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေးတစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ အမိန့်ပေးသည့်အခါတွင်လည်း ၎င်းအစုအဝေးတွင် ပါဝင်သူတို့သည် အမိန့်ပေးသည့်အတိုင်း လူစုခွဲရန် တာဝန်ရှိသည်။”
ဒီ ဥပဒေက ညွှန်းဆိုတာဟာ “တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတစ်စုံတစ်ရာကို၊ သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန်ရှိသော” လူအုပ်စု ကိုပါ။ ဥပမာအားဖြင့် လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကာလအတွင်း မိတ္တီလာလို၊ လားရှိုးလို၊ မန္တလေးလိုနေရာတွေမှာ ပေါ်ပေါက်ခဲ့တဲ့ လူအစုအဝေး ပုံစံမျိုးတွေပါ။
အခု မတ်လ ၅ ရက်က မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြနေသူတွေကတော့ လက်ပံတန်းမှာ ပိတ်မိနေတဲ့ သပိတ်မှောက် ကျောင်းသားတွေ ကို ထောက်ခံတဲ့၊ အဲဒီ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ စုဝေးဆန္ဒထုတ်ဖော်တဲ့ အစုအဝေးပဲ ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရလည်း ဆန္ဒပြပွဲလုပ်တာကို ခွင့်ပြုပေးထားတဲ့အတွက် တရားဥပဒေနဲ့ ဆန့်ကျင်တယ်လို့ မဆိုနိုင်ပါဘူး။ ဒီလို အလားတူ ဆန္ဒပြပွဲမျိုးတွေ ရှေ့ရက်ပိုင်းတွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပြီး အာဏာပိုင်တွေရဲ့ စွက်ဖက်မှု မရှိရင် အေးအေးချမ်းချမ်း လူစုကွဲသွားတဲ့ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းမှ ကိုင်မထားတဲ့ အစုအဖွဲ့ဖြစ်နေလို့ပါပဲ။
ပြောရရင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အဲဒီဥပဒေကိုင်ပြီး အရပ်သားတွေကို အကြမ်းဖက်ခိုင်းတာဟာ ဥပဒေနဲ့ လျော်ညီတယ်လို့ မဆိုနိုင်ပါဘူး။
“အစုအဝေးကို လူစုခွဲရန် မြို့ပြအင်အားကို အသုံးပြုခြင်း'' စာပုဒ်၊ ပုဒ်မ ၁၂၈ မှာတော့ အခုလို ဖော်ပြထားပါတယ်။
“ထိုကဲ့သို့ အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင်၊ သို့မဟုတ် ထိုသို့အမိန့်မပေးပါက လူစုလူဝေးကို မုချမချေဖျက်မည့် အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျှင် မည်သည့် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် မည်သည့် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး၊ သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိက မဆို ထို အစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ရာတွင် ကြည်း၊ ရေ၊ လေတပ်သားအရာရှိမဟုတ်သူ၊ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ၊ သို့မဟုတ် မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီ တောင်းနိုင်သည်။ ထိုသူများကိုအင်အားပြုလုပ်၍ လူစုခွဲရမည်။ လိုအပ်လျှင် အစုအဝေးတွင် ပါဝင်သူတို့ကို လူစုခွဲရန်၊ သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်။”
ဥပဒေရဲ့ဆိုလိုရင်းဟာ အဲဒီလို ဥပဒေမဲ့၊ ပြည်သူတွေရဲ့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုကာမှ သက်ဆိုင်ရာ တာဝန်ရှိသူဟာ လူစုလူဝေးကိုဖြိုခွဲဖို့ အကူအညီတောင်းရမယ်လို့ ဆိုထားတာပါ။
အခုလုပ်ပုံက ပြည်ထဲရေးဝန်ကြီးဌာနဟာ အောက်ခြေအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် လူတွေ စနစ်တကျဆင့်ခေါ်၊ ကြိုတင် လူစုဆောင်းလေ့ကျင့်ပေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ဒါကလည်း ဥပဒေနဲ့မညီပါဘူး။
ဥပဒေကြောင်းမှာပါတဲ့ နောက်ထပ်ပုဒ်မတစ်ခုကို ဖတ်လိုက်ရင် ပိုပြီးရှင်းလင်းသွားနိုင်ပါတယ်။ စစ်အင်အားကို အသုံးပြုခြင်း စာပိုဒ် ပုဒ်မ ၁၂၉ မှာ “ဆိုခဲ့သည့် အစုအဝေးကို အခြားနည်းဖြင့် လူစုကွဲအောင် မပြုလုပ်နိုင်လျှင် ထို့ပြင် အများပြည်သူတို့၏ ဘေးအန္တရာယ်မှ လုံခြုံစေခြင်းငှာ ၎င်းအစုအဝေးကို လူစုခွဲရန်သင့်လျှင် ထိုနေရာတွင် ရှိနေသော ရာထူးအဆင့်အတန်းအမြင့်ဆုံးဖြစ်သည့် ရာဇဝတ်တရားသူကြီးက ၎င်းအစုအဝေးကို စစ်အင်အားသုံး၍ လူစုခွဲနိုင်သည်။” ဆိုပြီး ဖော်ပြထားပါတယ်။
ရာဇဝတ်တရားသူကြီးက စစ်အရာရှိကိုဆင့်ခေါ်ပြီး စစ်အင်အားနဲ့ နှိမ်နင်းစေနိုင်တယ်ဆိုတဲ့ သဘောပါ။ လိုအပ်ရင် စစ်အင်အား အသုံးပြုပြီး နှိမ်နင်းနိုင်သည်အထိ ပြဋ္ဌာန်းထားလေတော့ ဒီဥပဒေပါ ပြဋ္ဌာန်းချက်ဟာ ဘယ်လိုလူအုပ်စုမျိုးကို ဆိုလိုသလဲဆိုတာ ရှင်းလင်းစေပါတယ်။
ပြောရရင် သိပ်မကြာသေးခင် ကာလတွေတုန်းက ရခိုင်ပြည်နယ်မှာ၊ မိတ္တီလာမှာ၊ ပဲခူးတိုင်းမှာ၊ လားရှိုးမှာ၊ မန္တလေးမှာ အဲဒီလို အကြမ်းဖက်တဲ့လူအုပ်စုတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ဟာ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာအကောင်အထည်ဖော်ရမယ့်အစား မတ်တပ်ရပ် ရပ်ကြည့်နေတာမျိုးကိုပဲ ဆောင်ရွက်ခဲ့တာ တွေ့ရမှာပါ။
အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့လူတွေကိုကျမှ ဥပဒေပါအချက်တချို့ကို ဆွဲထုတ်၊ အုပ်ချုပ်ရေးပိုင်းကို မလွန်ဆန်နိုင်တဲ့သူတွေ၊ ရပ်ကွက်ထဲက ဂျပိုးသူခိုး လူဆိုးလူမိုက်တွေကို ခေါ်ယူလာပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ရပါတယ်လို့ ပြောဆိုနေတာတွေဟာ မှန်ကန်မှုမရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ အခုလိုပဲ ဆက်ပြီးလုပ်နေမယ်ဆိုရင် တိုင်းပြည်မတည်ငြိမ်မှု ပိုပြီးဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့် 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...