ဇန္ဒ၀ါရီ ၂
လက်ရှိအစိုးရသည် အုပ်ချုပ်ရေး မကောင်းဘဲ ခိုင်မာသော နိုင်ငံရေး လမ်းစဉ်မရှိဟု သိကြသောကြောင့် လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ၂၀၁၄ ခုနှစ်ထက်ပင် ပို၍ ရင်ဆိုင်ရဖွယ်ရှိ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခုဆိုလျှင် ၂၀၁၅ ခုနှစ် အတွင်းသို့ ၀င်ရောက်လာပေပြီ။ အဟောင်းဖြစ်သော ၂၀၁၄ သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီး နှစ်သစ်သို့ ရောက်လာသော ၂၀၁၅ တွင် အဘက်ဘက်မှ အကောင်းကို မျှော်လင့်ကာ တိုင်းပြည်တွင် အဓိက လိုအပ်နေသော ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီ ရရှိဖို့ နိုင်ငံသား အားလုံး လက်တွဲ ဆောင်ရွက်ဖို့ အချိန်လည်း ရောက်နေလေသည်။ တိုင်းပြည် အပြောင်းအလဲမှာ ၂၀၁၄ နှင့် မတူတော့ သည်ကား အမှန်ပေ။ ယခင်က စစ်အာဏာရှင် အောက်တွင် ပြည်သူလူထုမှာ ရွက်မပါ၊ တက်မပါသော သင်္ဘော ကို ပင်လယ်ထဲ စီးနင်း လိုက်ပါလာရသလို ပြည်သူအားလုံး လှိုင်းထဲလေထဲ၌ ဒုက္ခပေါင်းစုံ ကြုံခဲ့ရသည်။ စစ်အစိုးရခေတ် တစ်လျှောက်လုံး အစားဆင်းရဲ၊ အနေဆင်းရဲ၊ လွတ်လပ်မှုမရှိ၊ ခေတ်နောက်ကျသော နိုင်ငံ အဖြစ် အိမ်နီးချင်းနိုင်ငံများ၏ အနိုင်ကျင့်မှု၊ ဗိုလ်ကျမှုကိုခံရကာ ပြည်သူတို့သည် မိမိတို့ အသက်ရှင် ရပ်တည် ရေးအတွက် ရုန်းကန်ရင်း၊ မာန်တင်း ၍သာ နေခဲ့ကြရ ပါသည်။ ရာစုနှစ် တစ်ဝက်လုံးလုံး အာဏာရှင် အုပ်စိုးမှု အောက် ရှင်သန်ကြီးပြင်းလာရပြီး ယခုအခါ၌မူ ဒီမိုကရေစီ ရရှိရေးအတွက် လွန်ခဲ့သော ၂၆နှစ်က အနစ်နာခံ တိုက်ပွဲဝင်မှုတို့ကို လက်တွေ့ အကောင် အထည် ဖော်နိုင်အောင် လူထုသည် ကြိုးပမ်းအားထုတ် လာခဲ့ခြင်း ဖြစ် သည်။ စစ်အာဏာရှင်တို့မှာလည်း မိမိတို့၏ ခါးသီးလှသော အနာဂတ်ကို စိုးရိမ်ထိတ်လန့်စွာဖြင့် မြွေမသေ၊ တုတ်မကျိုး လမ်းစဉ်ကိုချမှတ်၍ ယခုလို ထိန်းချုပ်မှုရှိသော အပြောင်းအလဲ တစ်ခုကို ကြိုးစားလာခြင်း ဖြစ်ပါသည်။
၂၀၁၄ မှာ ခါးသီးသော ပဋိပက္ခများဖြင့် ပြီးဆုံးခဲ့သည်။ အစိုးရအဖွဲ့သည် ပထမသက်တမ်းကို ကျော်ဖြတ် နိုင်ဖို့ အတွက် ၂၀၁၅ တွင် ကျားကုတ်ကျားခဲ ရုန်းကန်ရပေမည်။ ၂၀၁၅ အတွင်း ပြည်သူလူထု၏ အာရုံမှာ နှစ်ကုန်ပိုင်းတွင် ကျင်းပတော့မည့် ပါတီစုံ ရွေးကောက်ပွဲအပေါ် အာရုံစူးစိုက် နေကြလေသည်။ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲအတွက် မျှော်လင့်နေကြ မည် ဖြစ်သလို နိုင်ငံရေး သမားများနှင့် နိုင်ငံရေး ပါတီများ ကလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစား အားထုတ်နေကြ၏။ ၂၀၁၅ရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ရမည့် ပါတီကြီးများဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်ပြည်ခိုင်ဖြိုး ပါတီတို့မှာ သူတင်ကိုယ်တင် အနိုင်ရအောင် ဆောင်ရွက်ကြပေလိမ့်မည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှာမူ ထိုပါတီကြီး နှစ်ခုနှင့် ယှဉ်ပြိုင် နိုင်လောက်သော အားမရှိတော့ပေ။ ၂၀၁၀ ပြည့်နှစ်မှ စ၍ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွင် တစည၏ အခန်းကဏ္ဍမှာ ကျသထက် ကျလာလေသည်။ ပြည်သူလူထု၏ ထောက်ခံမှုကို မရ သေးသော်လည်း ငွေအင်အား၊ အာဏာအင်အားဖြင့် ပြည်ခိုင်ဖြိုးပါတီမှာ လူထုကို စည်းရုံးဖို့ ကြိုးစားလျက် ရှိပါသည်။ ယခင် စစ်အစိုးရ လက်ထက်က မ၀င်မနေရ။ အဓမ္မ အဖွဲ့အစည်းထဲ ဆွဲသွင်းထားသော ပါတီဝင် အင်အားနှင့်အတူ ငွေကြေး သန်းပေါင်းများစွာသော ပါတီရန်ပုံငွေများဖြင့် လူထုအား စည်းရုံးဖို့ ကြိုးစား နိုင်ပါသည်။ ဆင်းရဲနွမ်း ပါးသော ပြည်သူများနှင့် နိုင်ငံရေး အသိတရား နည်းသော ဒေသများ တွင် ငွေအကုန် ခံကာ စည်းရုံးလျှင် အထိုက်အလျောက် အောင်မြင်ကြောင်းကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဖြစ်ခဲ့ဖူးသော သက်ဆင်ရှီနာ ၀ပ်ထရာက သက်သေပြခဲ့ပြီးပြီ။ သက်ဆင်သည် ကျေးလက်ဒေသတွင် ငွေပုံအော အသုံးပြုကာ သူ့ပါတီ အနိုင်ရအောင် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ယခုအထိလည်း သက်ဆင်၏ သြဇာမှာ ကျေးလက်ဒေသ များတွင် လျော့ကျ၍ မသွားခဲ့ပေ။
NLD မှာ ၂၀၁၅ တွင် လူထုကို ယခု ထက်ပို၍ စည်းရုံးရပေ မည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုနေရသော NLD အဖို့ ယခုထက်ပို၍ စည်းရုံးနိုင်အောင် နိုင်ငံရေး လမ်းစဉ်များကို ချမှတ်ကာ အမာခံပါတီတစ်ခု၊ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် ဖော်ဆောင်နိုင်သော ပါတီတစ်ရပ် ဖြစ်အောင် ကြိုးပမ်း အားထုတ်ရပေလိမ့်မည်။ ပါတီတစ်ခုတွင် နိုင်ငံရေးလမ်းစဉ်၊ စည်းရုံးရေးလမ်းစဉ် ခိုင်မာမှန်ကန်ဖို့ လိုပါသည်။ ထိုသို့လမ်းစဉ် မှန်နိုင် အောင်လည်း မှန်ကန်သော နိုင်ငံရေး သဘောတရားရှိရမည် ဖြစ်သလို အရည်အချင်း ရှိသော နိုင်ငံရေး ခေါင်းဆောင်များလည်း ရှိရပေမည်။ နိုင်ငံရေးသဘောတရား မှန်မှန်ကန်ကန်ရှိပြီး အတွေ့အကြုံ လည်းရှိ၊ လေ့လာမှုလည်း အားကောင်းသော နိုင်ငံရေးသမား ဖြစ်မှသာလျှင် ပါတီနှင့်ပြည်သူကို ဦးဆောင်မှု ပေးနိုင် ပေလိမ့်မည်။
NLD ပါတီအနေဖြင့် ပြည်သူလူထုနှင့် တစ်သားတည်း ဖြစ်နိုင်အောင် လူထုတိုက်ပွဲများကို ဖော်ဆောင်နိုင်ဖို့ လိုပါသည်။ NLD သည် တစ်လျှောက်လုံး လူထုနှင့် တစ်သားတည်း ရှိခဲ့သော်လည်း ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်၌သာ လှုပ်ရှားမှုရှိခဲ့ပြီး တခြားအချိန်တွင် လူထုနှင့် ဝေးနေသည်ကို တွေရလေသည်။ ထို့ကြောင့် လူထုကိုစည်းရုံးပြီး လူထုထဲ ရောက်ရှိနေဖို့ လိုအပ်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲကြီးကို ကမ္ဘာကလည်း စောင့်ကြည့်နေသည်။ ကုလသမဂ္ဂ အပါအ၀င် အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများ၊ အနောက်နိုင်ငံများ က စောင့်ကြည့်နေကြ၏။ ၂၀၁၅ ရွေးကောက်ပွဲကို အစိုးရနှင့် စစ်တပ်က တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲဖြစ်အောင် ကြိုးစား ကြပေလိမ့်မည်။ ယခင်စစ် အစိုးရကာလက လုပ်ရပ်များကို ဆင်ခြင်နိုင်ဖို့နှင့် ကမ္ဘာတွင် မျက်နှာကောင်းရအောင် သူတို့ကြိုးစားကြ ပေလိမ့်မည်။ သို့သော် သူတို့အာဏာ ဆက်လက်ရှင်သန်ရေးကိုမူ အတတ်နိုင်ဆုံး စဉ်းစား ဆောင်ရွက်မှာလည်း သေချာနေပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် NLD ပါတီသည် လွှတ်တော် အမတ်အများစု ရရှိနိုင် သော အလားအလာ ရှိသော်လည်း ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများကလို ပြိုင်ဘက် မရှိ တစ်ခဲနက် အနိုင်ရဖို့ကား မလွယ်တော့ပေ။ တစ်ချိန်တည်းတွင် ၂၀၁၅ ခုနှစ်အတွင်း အစိုးရနှင့်စစ်တပ်တို့၏ သဘောထားအရ လွှတ်တော်ကလည်း ပုဒ်မ ၅၉(စ) ကို ပြင်ပေးလိမ့်မည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ယခင် စစ်အာဏာရှင်များရော၊ ယခုလက်ရှိ အစိုးရအဖွဲ့တွင် တာဝန်ယူနေသူများ၊ စစ်တပ်ကို လွှမ်းမိုးထားသူများမှာ မလိုလားသူများ ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပါ စစ်တပ် လွှမ်းမိုးသည့် အနေအထားနှင့်ပင် ၂၀၁၅၌ NLD အနိုင်ရလျှင်လည်း ခွင့်လွှတ် ထားပေမည်။ NLD မှာ လွှတ်တော်ထဲ ၇၅ ရာခိုင်နှုန်းလုံးလုံး မလွှမ်းမိုးနိုင်မည်မှာ သေချာသည်။ ပြည်ခိုင်ဖြိုးမှာ ငွေအား၊ လူအားနှင့် အတတ်နိုင်ဆုံး လွှတ်တော်တွင် ထိုက်သင့်သော အမတ်အရေအတွက် ရဖို့ကား ကြိုးစားပေမည်။ ၂၀ ရာခိုင်နှုန်း လောက်ကို ရမည်ဆိုလျှင်ပင် တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပေါင်းကာ လွှတ်တော်ထဲ အများစု အနိုင်ရရှိမည့် NLD ကိုယ်စားလှယ်များ ထင်တိုင်း မလုပ်နိုင်အောင် ကာကွယ် နိုင်ပါသည်။
၂၀၁၅ တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကား ဒီမိုကရေစီ အင်အားစုများ လိုလားသလို ပြင်ဆင်နိုင်ဦးမည် မဟုတ်ပေ။ အထူးသဖြင့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြင်ဆင်ရေးကို စစ်တပ်က လက်ခံဖို့ မလွယ်လှပေ။ ထို့အတူ ဥပဒေပုဒ်မ ၂၁၀ ဖြစ်သော စစ်တပ်က အာဏာသိမ်းယူခွင့် ဥပဒေကိုလည်း ဆက်လက် ထားရှိနိုင်သည်။ ထိုမှသာလျှင် တက်လာမည့် အတိုက်အခံ အင်အားစုများအား ထိန်းထား နိုင်မည်ဖြစ်၏။ သို့သော် တခြားဥပဒေ ပုဒ်မများကိုကား အဆင်သင့်သလို ပြင်ဆင်ပေးနိုင်ပါသည်။ ပုဒ်မ ၄၃၆ ပါ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ မဲဖြင့်သာ ဖွဲ့စည်းပုံကို ပြင်ရမည်ဆိုသော နေရာတွင် မိမိတို့ အင်အား အထိုက်အလျောက် ရှိနေပါက ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အင်အားနှင့် စစ်တပ် ကိုယ်စားလှယ် အင်အားစုပေါင်းသော အခြေအနေတွင် ၇၅ ရာခိုင်နှုန်းဟု ပြင်ပေးနိုင်လေ သည်။ သို့သော် ၂၀၀၈ ဖွဲ့ စည်းပုံ တစ်စုံလုံးကား ၂၀၁၅ တွင် ပြင်ဖို့ မလွယ်လှသေးပေ။
၂၀၁၅ တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ်ရေး ထိုးနိုင်အောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကိုယ်စားပြုသော NCCT နှင့် အစိုးရနှင့် စစ်တပ်ကို ကိုယ်စားပြုသော UPWC တို့ က ထက်ထက်သန်သန် ကြိုးစားနေကြလေသည်။ သို့သော် အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲ များ ပြုလုပ်ရာတွင် ဖက်ဒရယ် ပြည်ထောင်စုကို အစိုးရဘက်က လက်ခံနိုင်သော်လည်း ဖက်ဒရယ် တပ်မတော်ကိုမူ စစ်တပ်ဘက်က လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ စစ်တပ်က ကာကွယ်မည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ လောလောဆယ် မပြင်ရေးနှင် ဖက်ဒရယ် တပ်မတော် မဖွဲ့စည်းနိုင်ရေးတို့ပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး စစ်ပွဲများကို တားဆီးထားနိုင်လျှင် ပြည်သူလူထု ၏ နေထိုင်မှုဘ၀မှာ အတိုင်းအတာ တစ်ခုထိ သာယာနိုင်လေသည်။ ကချင်ပြည်နယ်တွင် သိန်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များကို မိမိတို့ ဒေသများသို့ ပြန်လည် သွားခွင့်ပေးသလို ကချင်ပြည်သူတို့၏ ဘ၀တိုးတက်ရေးမှာလည်း အထိုက် အလျောက် အဆင်ပြေ သွားနိုင်ပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရန်အတွက် နှစ်ဖက်စလုံးမှ အလေးအနက်ထား ဆောင်ရွက်လျှင် ငြိမ်းချမ်းရေး လမ်းစပေါ်နိုင်ပါသည်။
၂၀၁၅ သည် လက်ရှိအစိုးရအဖွဲ့၏ နောက်ဆုံးနှစ် ဖြစ်လေသည်။ လက်ရှိအစိုးရအနေဖြင့် နောက်သက်တမ်းရဖို့ အလားအလာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံး ကာလတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစား လိမ့်မည်ဟု ယူဆပါသည်။ သမ္မတ ဦးသိန်းစိန်သည် ပြည်သူလူထုက လိုလားလျှင် နောက်ထပ်သမ္မတ အဖြစ် ရွေးကောက်ခံဖို့ သဘောထား ရှိသည်။ ဦးသိန်းစိန်မှာ သမ္မတ ထပ်ဖြစ်ရန် ပြည်ခိုင်ဖြိုးပါတီကို အားပြုရပေမည်။ တစ်သီးပုဂ္ဂလအဖြစ် မရနိုင်ပေ။ ပြည်ခိုင်ဖြိုး ပါတီတွင်လည်း ယခုဥက္ကဋ္ဌ သူရဦးရွှေမန်းက သမ္မတ ဖြစ်ချင် သည်ဟု တဖွဖွ ပြောနေသောကြောင့် သူတို့နှစ်ယောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယခုအစိုးရသည် အဂတိ လိုက်စားမှုများကိုလည်း လျော့ပါးသွားအောင် မဆောင်ရွက်နိုင်ခဲ့။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလည်း မပြင်ဆင်နိုင်သည့်ဘက်မှာ ရပ်တည်ခဲ့။ လူထုလိုလားသော တွေ့ဆုံပွဲများကိုလည်း သမ္မတနှင့် ကာချုပ်က ငြင်းဆန် ခဲ့သောကြောင့် လူထု၏ ထောက်ခံမှုရေချိန်မှာ ကျဆင်းနေပါသည်။ ယခု အခြေအနေများကို သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် လိမ်မာပါးနပ်စွာ မကိုင်တွယ်နိုင်ပါက လူထု ဆန့်ကျင်ရေး ရေစီးကြောင်း တွင် မျောပါသွားနိုင်လေသည်။ ၂၀၁၄ အတွင်း အစိုးရအဖွဲ့သည် အလုပ်သမား တိုက်ပွဲများ ဖိဖိစီးစီးဖြေရှင်း ပေးနိုင်ခြင်း မရှိပေ။ ယခင် စစ်အစိုးရကလို အလုပ်သမား အဖွဲ့အစည်းများမှာ အစိုးရက ခန့်သော အဖွဲ့များ မဟုတ်တော့ဘဲ လွတ်လပ်သည့် အလုပ်သမား သမဂ္ဂများ ဖြစ်လာလေသည်။ လယ်သမားများ၏ လယ်မြေ သိမ်းပိုက် ခံရသော ပြဿနာသည် ၂၀၁၄ တွင် လက်ရှိ အစိုးရ ခေါင်းခဲရသော ပြဿနာဖြစ်၏။ အစိုးရက လယ်သမားများဘက်မှ မားမားရပ်ကာ မဖြေရှင်း ပေးနိုင်သောကြောင့် လယ် သမားထု၏ ထောက်ခံမှုကို မရနိုင်ပေ။ မြို့နေ လူတန်းစားနှင့် ပညာတတ်များကလည်း လက်ရှိအစိုးရသည် အုပ်ချုပ်ရေး မကောင်းဘဲ ခိုင်မာသော နိုင်ငံရေး လမ်းစဉ်မရှိဟု သိကြသောကြောင့် လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ၂၀၁၄ ခုနှစ်ထက်ပင် ပို၍ ရင်ဆိုင်ရဖွယ် ရှိလေသည်။ ၂၀၁၅ တွင် NLD ပါတီမှာ ရွေးကောက်ပွဲတွင် အနိုင်ရချင်ရနိုင်သည်။ သို့သော် ယခင်ထက် လူထုထောက်ခံမှု လျော့နည်း လာသောကြောင့် NLD ၏ သြဇာမှာ ယခင်စစ်အစိုးရ လက်ထက် ကလောက် မကြီးမားနိုင်ပေ။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုမှာ NLD တွင် ဆက်လက်ရှိ နေမည် ဖြစ်သော်လည်း ပြည်သူလူထု အပေါ်တွင်ကား ယခင် ၂၆ နှစ်တာ ကာလကလို ကြီးကြီးမားမား အားကောင်းမောင်းသန် ရှိတော့မည် မထင်ပေ။
ထက်မြက်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Comments
Post a Comment