ဒီဇင်ဘာ ၂၅
မည်သည့် အတိုက်အခံ နိုင်ငံရေးအင်အားစု (ဥပဒေတွင်း/ဥပဒေပ) ဖြစ်စေ “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး” ဆိုသည်ကို အ ခြေခံအားဖြင့် လက်ခံကိုင်စွဲထားကြသည်။ တောင်းဆိုနေကြသည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ မည့်သည့်အဖွဲ့အစည်း၏ ထုတ်ပြန် ကြေညာချက်မဆို တွေ့ဆုံဆွေးနွေးရေးဘူတာတွင် ဂိတ်ဆုံးနေသည် မဟုတ်ပါလော။
အတိုက်အခံများဘက်မှ တင်ပြတောင်းဆိုနေသည့် “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဖြေရှာရေး” ဆိုသည်မှာ ဆွေးနွေးဖက် များ အကြား အပြန်အလှန် တန်းတူရည်တူရှိပြီး၊
ဒီမိုကရေစီနည်းလမ်းကျသော တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကိုသာ ရည်ညွန်းဆိုလို ခြင်းလည်း ဖြစ်သည်။ ပုံစံတမျိုးမျိုးနှင့် တဖက်သတ်အပေါ်စီးယူထားသည့် ဟန်ပြဆွေးနွေးပွဲမျိုးကို လုံးဝမလိုလားချေ။
ပူပူနွေးနွေးရှိသော သာဓကများကိုတင်ပြရလျှင် ပထမဦးစွာ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကပြုခဲ့သော “၁၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု” ကို ကြည့်ကြပါစို့။
အတိုက်အခံဘက်ကတောင်းဆိုသော “၄ ပွင့်ဆိုင်တွေ့ဆုံရေး” ကို တုန့်ပြန်ခြင်းဖြစ်ပြီး၊ ဤတွေ့ဆုံမှုသည် ဟန်ပြတွေ့ဆုံမှုသာ ဖြစ်သည်။ ဓာတ်ပုံရိုက်ခံ၊ မိတ်ဆက်စကားပြော၊ မိတ်ဆုံထမင်းစားကြရုံမျှသာဖြစ်သည်။
တဖန် “၆ ပွင့်ဆိုင်” ဆိုသည်ကို ပွဲထုတ်လာပြန်သည်။ ယင်းကိုပင် “၁၂ ပွင့်ဆိုင်” ဆိုပြီး အဆိုတွေတင်ကာ အတိုက်အခံများ အကြား ရှုပ်ထွေးတွေ၊ အငြင်းပွားမှုတွေ၊ ကွဲလွဲမှုတွေ တသီတတန်းကြီးဖြစ်ပေါ်လာအောင် ဖန်တီးပေးလိုက်ပြန်သည်။ သို့ဖြင့်တွေ့ဆုံ ဆွေးနွေးမှုသည် “၄ ပွင့်လော/၆ ပွင့်လော/ ၁၂ ပွင့်လော”၊ သူပါထိုက်သည်/ငါသာလျှင်ပါဝင်ထိုက်သည် စသဖြင့် မဆုံးနိုင်သော အငြင်းပွားမှုများဖြင့် မူလ ဦးတည်ချက်မှ ဝေဝါးသွားစေတော့သည်။ ဤသည်မှာ ဥပဒေတွင်းအတိုက်အခံများတောင်းဆိုချက်ဖြစ်သော “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး” ဆိုသည့်ကိစ္စကို ဗဟိုပြု၍ဖြစ်ပေါ်နေသောကိစ္စရပ်များဖြစ်ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်တွေ့ဆုံဆွေးနွေးမှုကိုကြည့်ကြပါဦးစို့။
ယင်းကိစ္စတွင် အပွင့်ကိစ္စမပြော၊ ဟိုတုန်းကလို အဖွဲ့ကြီးအဖွဲ့ငယ်တွေမပြောတော့၊ လက်နက်နယ်မြေရှိသူများနှင့် စကားပြော နေသည့် ကိစ္စဖြစ်သည်။ “တပ်ရှိ” သော်လည်း “ပိုင်နက်နယ်မြေမရှိ” သဖြင့် စကားပြောခွင့်မရဘဲရှိနေကို တွေ့ရသည်။ အစိုးရစစ်တပ်မှ ၁၀၅ မမ ဖြင့် လိုင်ဇာဗိုလ်သင်တန်းကျောင်းသို့ပစ်သဖြင့် ကျဆုံးရသည့်အထဲတွင် “ပိုင်နက်နယ်မြေမရှိ” သော “တပ်”မှ ဗိုလ်လောင်း ၂ ဦးကျဆုံးသွား ရသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ အခြေခံစခန်းများသို့ အစိုးရစစ်တပ် ထိုးစစ်ဆင်မှုများကို ခုခံကာကွယ်ရာတွင် ထိုသို့ ပိုင်နက် နယ်မြေမရှိသောတပ်မှ ရဲဘော်များအသက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ စွ့န်လွှတ်ခဲ့ရသူတွေ အမြောက်အများရှိခဲ့သည်။ ထိုတပ်ဖွဲ့သည် အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ဆွေးနွေးခွင့် မရသည်လား/ မရှိသည်လား မသိပါ။
သို့သော်လည်း မြင်သာသည့်အချက်မှာ နိုင်ငံရေးအဆင့် နေရာမပေးလိုသည့်အချက် ပေါ်လွင်နေပါသည်။ အုပ်စိုးသူများဘက်ကလည်း “ပိုင်နက်နယ်မြေရှိသူများ” နှင့်ဆွေးနွေးလိုက်လျှင် “မှီခိုနေသူများ”နှင့်ဆွေးနွေးစရာ ဘာမျှမလိုဆိုသည့်အချက်ကို သဘော ပိုက်ထားပုံလည်း ရပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စပြန်ဆက်ပါမည်။
အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း) ညှိနှိုင်းရေးမှာပင် ရှေ့တိုးမရဘဲဖြစ်နေပါသည်။ ထိုသို့ ထစ်ငေါ့နေရသည်မှာ အဓိကအားဖြင့် “ကာချုပ်၏ မူ ၆ ရပ်” ကြောင့်ဖြစ်သည်။ ကာချုပ်၏ မူ ၆ ချက် (ဝါ) တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ချက်ဆိုသည်မှာ အရင်းစစ်လိုက်လျှင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများသည် မိမိတို့တပ်ဖွဲ့ကို စစ်တပ်ထံအပ်နှံ၍ ဥပဒေဘောင်ထဲဝင်ရန်ဖြစ်သည်။ တည့်တည့် တန်း တန်း အားမနာတန်း ပြောရလျှင် “အကြွင်းမဲ့လက်နက်ချရေး” ဖြစ်သည်။
ယခု (ဗိုလ်) ဦးအောင်မင်းတို့နှင့် တိုင်းရင်းသားလက်နက် ကိုင်အင်အားစုများညှိနှိုင်းနေသည့်ကိစ္စမှာ လက်နက်ချရေးအတွက် အပြန်အလှန် အချိန်ဆွဲ ဈေးဆစ်ကြနေရသည့်ပွဲသာဖြစ်နေပါသည်။
“တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ချက်” နှင့်ပတ်သက်၍ “တိတိကျကျလိုက်နာရန်” ဆိုသည်ထက် “အလေးထားဆောင်ရွက်စေလို” ကြောင်းဆိုပြီး ကာချုပ်က ပြင်ဆင်လျော့ပေါ့ပေးသည်ဟုကြားရသည်။
“တိတိကျကျလိုက်နာ” နဲ့ “အလေးထားဆောင်ရွက်” ဆိုတဲ့စကားစု ၂ ခုဟာ ဘာများခြားနားပါသလဲ။ ဆရာက တပည့်ကို ပညာပေး ဆုံးမစကားပြောတာပါပဲ။ ၂ ခုစလုံး အထက်စီးကနေ ပြောနေတဲ့စကားတွေသာဖြစ်သည်။
ထို့အပြင် အတိုက်အခံပါတီကြုံတွေ့ခဲ့သော “၂၀၀၈ အခြေခံဥပဒေလေးစား/လိုက်နာကိစ္စ” သင်ခန်းစာကိုလည်းယူဖို့လိုလိမ့်မည်။
သို့ဖြင့် (ဗိုလ်) ဦးအောင်မင်းတို့တသိုက် လှည့်စားအကွက်ဆင် ကျုံးသွင်းနေခဲ့သော အပစ်အခတ်ရပ်စဲရေးသည် ရှေ့မဆက်နိုင်ဘဲဖြစ်နေ သည်။ အပစ်အခတ်ရပ်စဲရေးအဆင့်မှာ ဤသို့ ထစ်နေငေါ့နေသဖြင့် နိုင်ငံရေးဆွေးနွေးပွဲသည် မျှော်တိုင်းဝေးနေတော့သည်။
သို့ပါ၍ အတိုက်အခံအင်အားစုများနှင့်ဖြစ်စေ၊ တိုင်းရင်းသားလက်ကိုင်အင်အားစုများနှင့်ဖြစ်စေ တွေ့ဆုံဆွေးနွေးရေးကို ချယ် လှယ်နေသူ ကြိုးကိုင်နေသူမှာ လက်ရှိအာဏာရစစ်အုပ်စုသာဖြစ်သည်။
သူတို့သည် (အစိုးရ/ လွှတ်တော်/ တပ်မတော်) သဖြင့် ခွဲခြားပြောဆိုနေကြသော်လည်း တစိတ်တည်း တဝမ်းတည်း၊ တသွေးထဲ တသားထဲ သာဖြစ်သည်။ ထိုအချက်ကို အတိုက်အခံများအားလုံး လေးလေးနက်နက်သဘောပေါက်ရမည်။
သို့မဟုတ်ပဲ “သမ္မတဦးသိန်းစိန်အစိုးရက သဘောကောင်း လိုက်လျောပြီး၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်နဲ့စစ်တပ်က ခေါင်းမာနေတာ၊ ဦးရွှေမန်းတို့လွှတ်တော်ဘက်က သမာသမတ်ကျပါတယ်” စသဖြင့် ထင်မှတ်မှားနေကြမည်ဆိုလျှင် လက်ရှိအုပ်စိုးသူများ နှပ်ကြောင်း လှည့်စားတာကို လှလှကြီးခံကြရလိမ့်မည်သာဖြစ်သည်။
ခြုံငုံ၍ပြောရလျှင် တွေ့ဆုံဆွေးနွေးရေးသည် အတိုက်အခံအားလုံး၏ ဘုံလိုလားချက်ဖြစ်နေသည်။
တွေ့ဆုံဆွေးနွေးရေးကို အုပ်စိုးသူများလက်ခံမှသာ ဖြစ်မြောက်လာနိုင်မည်ဆိုသည့်အချက်မှာလည်းရှင်းနေပြီ။ အုပ်စိုးသူများဘက်မှ စစ်မှန် သည့်ဆွေးနွေးပွဲများကို ငြင်းပယ်အချိန်ဆွဲနေပြီး ဟန်ပြတွေ့ဆုံမှုများဖြင့် လှည့်စားနေတာလည်း ပေါ်လွင်ထင်ရှားနေသည်။
သို့ပါ၍ အုပ်စိုးသူများငြင်းပယ်၍မရနိုင်အောင် တွေ့ဆုံဆွေးနွေးပွဲစားပွဲပေါ်တက်လာအောင် ပြည်သူလူထုအင်အားဖြင့် အကြပ်ကိုင်ကြရ လိမ့်မည်။ ယင်းသို့လုပ်ဆောင်နိုင်စရာ ၂၀၁၅ ခုနှစ်တွင် ရေခံမြေခံများ၊ အလားအလာများကို အတိုက်အခံအင်အားစုအားလုံးက စနစ်တကျ စည်းရုံးဖော်ဆောင်ကြရလိမ့်မည်။
၂၀၁၅ တွင် အုပ်စိုးသူများမဖြစ်မနေလုပ်ပေးရမည့် “လူထုဆန္ဒခံယူပွဲ”တို့၊ “ရွေးကောက်ပွဲ” တို့ကို အဖက်ဖက်ကစည်းရုံးပြင် ဆင်မှုရှိရှိလှည့်ပြောင်းပစ်နိုင်မည်ဆိုလျှင်၊အသုံးချနိုင်မည်ဆိုလျှင်ပြည်သူလူထုအင်အားဖြင့် အုပ်စိုးသူများအားအကြပ်ကိုင်နိုင်ရေးအတွက် တိုက်ကွက်ကောင်းများဖြစ်လာနိုင်စရာရှိပါသည်။
“သပိတ်စုံ – အကုန်ရ” ဆိုသည့် ဦးဝင်းတင်အမှာစကားကို မမေ့မလျော့ အကောင်အထည်ဖော်ကြရမည်။
မန်ဒဲလားနှင့် ဒီကလပ်အကြောင်းချည်းပြောနေတာထက် ANC တို့ CPSA တို့ လုပ်ခဲ့ကြသည့်အလုပ်မျိုးကိုလည်း အင်အားအားလုံးက ဝိုင်း ဝန်းလုပ်ကြမှာသာ တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်လာနိုင်ပါလိမ့်မည်။
အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အစရှိသော နယ်ပယ်ပေါင်းစုံမှ လူထုလူတန်းစားတိုက်ပွဲများကိုပေါင်းဆုံ ဆက်စပ်ကာ လူထုအင်အားပြပွဲကြီးတခုဖော်ဆောင်ပြီး လက်ရှိအုပ်စိုးသူအစိုးရအား အကြပ်ကိုင်ခြင်းဖြင့် ၂၀၁၅ နှစ်သစ်တွင် မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာ သစ်ကို ဖွင့်လှစ်ကြရလိမ့်မည်။
၂၀၁၄ ခုနှစ်သည် သမ္မတဦးသိန်းစိန် စစ်တပိုင်းအစိုးရ၏ အကြမ်းဖက်မှု/မှိုင်းတိုက်လှည့်စားမှုများဖြင့် ကုန်ဆုံးပေတော့မည်။
၂၀၁၅ နှစ်သစ်ကို လူထုတိုက်ပွဲများဖြင့် ဖွင့်လှစ်ကြိုဆိုကြပါစို့။

Comments
Post a Comment