နိုဝင်ဘာ ၁၅
၃ မိနစ်တစ်စီး ဆိုက်နေကျ Local train က
တစ်စီးပျောက်လိုက်တာနဲ့ ဘူတာစင်္ကြန်မှာ လူတွေကြိတ်ကြိတ် တိုး
ပြည့်နှက်သွားတယ်။ မိမိလည်း ကြိတ်ကြိတ်တိုးနေကြတဲ့ခရီးသွားထဲမှာ
တစ်ဦးအပါအဝင်ပေါ့။
အိန္ဒိယနိုင်ငံ ဘုံဘေတက္ကသိုလ်မှာ Ph.D
စာတမ်းပြုနေစဉ်အတွင်း မြို့ထဲမှာရှိတဲ့ စာကြည့်တိုက်တွေကို နေ့စဉ်နေ့တိုင်း
ရထားစီးပြီးသွားရတယ်။ ကိုယ်သွားတဲ့အချိန်က နံနက်ခင်း အများပြည်သူ
အလုပ်သွား ရုံးသွားတဲ့ အချိန်နဲ့ အတူတူပဲဆိုတော့ ရထားကြပ်တဲ့အတွေ့အကြုံက
ရိုးအီနေပြီ။
ဘူတာရုံထဲရောက်ရင် ရနေတတ်တဲ့
အောက်သိုးသိုး ညှီစို့စို့အနံ့တွေ၊ စည်းပျက်ကမ်းပျက် ထွေးထားတဲ့ ချွဲ
တွေနှပ်တွေ၊ ပရမ်းပတာပစ်ထားတဲ့ အမှိုက်တွေ၊ အော်ဟစ်ဆဲဆို
ငိုယိုနေကြတဲ့အသံတွေ၊ ပြေးလွှားတွန်းတိုက် တိုးဝှေ့ ဆင်းတက်ကြရင်း
လဲပြိုကွဲပြဲကြတာတွေက မိမိအတွက် အဆန်းမဟုတ်တော့။
သို့သော် အားလုံးပြာယာခတ်နေတဲ့အချိန်မှာ
ငြိမ်နေတဲ့မိမိဟာ တစ်စုံတစ်ယောက်အတွက် အဆန်းဖြစ် ကောင်း ဖြစ်နေပေလိမ့်မယ်။
မိမိအတွက်လည်း အဲဒီတစ်စုံတစ်ယောက်ဟာ ထူးဆန်းနေတယ်ပေါ့။
လူတွေသိပ်ကြပ်နေလို့
လာတဲ့ရထားပေါ်မတက်သေးပဲ နောက်ရထားတစ်စင်းကို အေးအေးဆေးဆေး စောင့်
နေတဲ့အချိန် တစ်စုံတစ်ယောက်က မိမိကိုစိုက်ကြည့်နေတာကို သတိထားမိတယ်။
တဘက်လူကို မမှိတ်မသုန် အားမနာတမ်း စိုက်ကြည့်တတ်တာဟာ
အိန္ဒိယနိုင်ငံသားတို့ရဲ့ အလေ့အကျင့်တစ်ခုမို့ မသိကျိုးကျွံပြုနေလိုက်တယ်။
“Excuse me”
မေ့မေ့ပျောက်ပျောက် ရှိနေရာက
ဘေးနားကအသံကြားလို့ ငဲ့ကြည့်လိုက်တော့ အဲဒီလူ။ လူကြီးလူကောင်း
တစ်ယောက်ပါပဲ၊ ရည်ရည်မွန်မွန် ခန့်ခန့်ငြားငြား အသက်က (၆၀) ဝန်းကျင်ခန့်။
ဒါပေမယ့် မိမိရဲ့အတွေ့အကြုံအရ ဘယ့်သူ့ကိုမှ မယုံရတာမို့ Yes လို့ Respond
ပေးရုံကလွဲပြီး ဟက်ဟက်ပက်ပက် ပြန်မနှုတ်ဆက်ဖြစ်ဘူး။
“စကား တစ်လုံးနှစ်လောက် ပြောခွင့်ရနိုင်မလားခင်ဗျာ”
တွေ့ဘူးခဲ့သမျှ
အိန္ဒိယနိုင်ငံသားတွေနဲ့မတူတာတော့အမှန်ပဲ၊ တဘက်သားအပေါ်မှာ
အားနာမှုအပြည့်ရှိနေ တယ်။ စကားပြောခွင့်ကို
ယဉ်ယဉ်ကျေးကျေးတောင်းဆိုနေတယ်ဆိုတော့ မိမိကလည်း ပြန်လေးစားမိသွားတယ်။
“ဟုတ်ကဲ့ ပြောလို့ရပါတယ်၊ ရထားကလည်း မလာသေးပါဘူး”
“ကျနော့် အမူအယာနဲ့ စကားပြောတာတွေ
ရိုင်းသလိုဖြစ်နေရင် ခွင့်လွှတ်ပါနော်၊ ကျနော် ခင်ဗျားကို ကြည့်နေ
တာကြာပါပြီ၊ ခင်ဗျားဟာ အသက်အရွယ် ငယ်ငယ်လေးပေမယ့်
အရမ်းတည်ငြိမ်ရင့်ကျက်တယ်၊ လူတွေအားလုံး ယောက်ယက်ခတ်နေတဲ့အချိန်မှာ
ခင်ဗျားဟာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ မျက်နှာမှာလည်း အေးချမ်း
နေတဲ့အရိပ်အယောင်တွေ ပေါ်နေတယ်။ ခင်ဗျားကို ကြည့်ပြီး ခင်ဗျားဆီက
အေးချမ်းမှုတွေ ကျနော့်ကို ကူးစက် တယ်လို့ ခံစားရတယ်။”
သူပြောမှ ကိုယ့်ကိုယ်ကို
ဘယ်လိုနေနေမိပါလိမ့်လို့ ပြန်သုံးသပ်မိတယ်။ ဒီလူ တခုခု လိမ်ညာချင်လို့ လာ
မြှောက်ပြောနေတာလား၊ ဒီလိုတော့လည်း မဖြစ်နိုင်၊ ကိုယ့်ဆီမှာ
လိမ်ညာယူစရာလည်း ဘာမှမရှိသလို သူကလည်း လူလိမ်လူညာလို့ လုံးဝထင်စရာ
မကောင်းတဲ့လူမျိုး။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
“တကယ်တော့ ကျနော်ဟာ အစိုးရဌာနတစ်ခုက
အရာရှိတစ်ယောက်ပါ၊ သားတစ်ယောက် သမီးတစ်ယောက် နဲ့ မိသားစုလေးယောက်ရှိပါတယ်။
အားလုံးကလည်း အလုပ်ကိုယ်စီနဲ့ လစာကောင်းကြပါတယ်။ ပြောရရင်တော့ မတောင့်မတ
မကြောင့်မကျနဲ့ ချမ်းချမ်းသာသာနေနိုင်တဲ့ စာရင်းထဲမှာ ပါတယ်ပေါ့။ ဒါပေမယ့်
ကျနော်တို့ တစ်ရက်မှ စိတ်မချမ်းသာကြရဘူးဗျာ။”
“မတောင့်မတ မကြောင့်မကျ နေနိုင်ရက်နဲ့ ဘာကြောင့်စိတ်မချမ်းသာရတာလဲ”
“အဲဒါကိုပဲ ကျနော်သိချင်တာ၊
သားသမီးတွေကလည်း မိဘစကားကို နားမထောင်ကြဘူး၊ တဘက်မှာ လုပ်ထားတဲ့
စီးပွားရေးကလည်း အဆင်မပြေဘူး။ မိန်းမကလည်း အမြဲတမ်း ပူညံပူညံလုပ်တယ်။
မနက်မိုးလင်းက မိုးချုပ် အလုပ်လုပ်ပြီး ပင်ပန်းလာတဲ့အချိန်မှာ
စိတ်အေးလက်အေးလေး အနားယူချင်တယ်၊ ဒါပေမယ့် နေ့စဉ်နေ့စဉ် နားထဲကို
သံရည်ပူတွေ လောင်းထည့်နေသလိုပဲ ခံစားရတယ်။ အဲဒါ ခင်ဗျားလို
အေးချမ်းမှုလေးရအောင် ဘယ်လိုလုပ် ရမလဲဆိုတာ နည်းလမ်းလေးရှိရင်
ကူညီပါခင်ဗျား”
အင်း ဟုတ်တော့ဟုတ်တယ်၊ သူ့ကြည့်ရတာ
ဝတ်စားထားတာ သန့်ရှင်းသပ်ရပ်နေပေမယ့် မျက်နှာမှာ အလို မကျလို့ စိတ်ဆင်းရဲ
အားငယ်နေတဲ့ပုံ ပေါ်နေတယ်။ တကယ်တော့ သူ့ပြဿနာဟာ လူအများတွေ့ကြုံနေကြရတဲ့
ပြဿနာရိုးရိုးလေးပါပဲ။ ဒါပေမယ့် ကိုယ့်ပြဿနာမှ အကြီးကျယ်ဆုံးလို့
ထင်တတ်ကြတာဟာ ဓမ္မတာပဲလေ။
“နည်းလမ်းရှိပါတယ်၊ မခက်ပါဘူး။ လိုက်နာကျင့်သုံးဖို့ပဲလိုတယ်”
“ဟုတ်ကဲ့၊ ပြောပါခင်ဗျာ”
“စီးပွားရေး ကျလို့ အိမ်ထောင်ရေး
အဆင်မပြေတာ၊ အိမ်ထောင်ရေး အဆင်မပြေလို့ စီးပွားရေး ကျဆင်းနေ တာတွေဟာ
တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ အကြောင်းအကျိုးတွေပါပဲ။ အဲဒီလို အဆင်မပြေမှုတွေ
ရှိနေရင် စိတ်ချမ်း သာမှုမရရှိနိုင်ပါဘူး၊ စိတ်ချမ်းသာမှု မရှိရင်လည်း
လုပ်နေရတဲ့အလုပ်တွေမှာ မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်တော့ပဲ
အမှားမှားအယွင်းယွင်း ဖြစ်နေတတ်ပါတယ်။ အတွေးအကြံလွဲ၊ အလုပ်အကိုင်မှားပြီး
ဆုံဖြတ်ချက်တွေ မမှန်မှတော့ ရရှိလာမယ့် ရလာဒ်ဆိုလည်း ဘယ်လိုမှ
ကောင်းလာနိုင်မှာ မဟုတ်ပါဘူး”
“ဟုတ်ကဲ့”
“အဓိကကတော့ စိတ်ပေါ့၊ စိတ်ချမ်းသာအောင်
အရင်လုပ်ရမယ်။ ကျုပ်က ဗုဒ္ဓဘာသာဘုန်းကြီးပါ၊ ကျုပ်တို့ ဆရာ မြတ်ဗုဒ္ဓက
စိတ်ဟာလူတွေ (သတ္တဝါတွေ) ရဲ့ ရှေ့သွားခေါင်းဆောင်ဖြစ်တယ်၊ စိတ်လုပ်သမျှ
လိုက်လုပ်ကြရ တာဖြစ်တော့ မကောင်းတာတွေမလုပ်ဖြစ်အောင်
စိတ်ကိုထိန်းကျောင်းနိုင်ရမယ်တဲ့”
“ဟုတ်ကဲ့၊ ဘယ်လိုထိန်းကျောင်းရပါမလဲ”
“ဒကာကြီး ဘယ်ဘာသာအယူ ယူတယ်၊
ဘာလူမျိုးဖြစ်တယ်ဆိုတာတွေကို ခဏဘေးဖယ်ထား။ ဘယ် ဘာသာကိုးကွယ်ကိုးကွယ်၊
ဘာလူမျိုးဖြစ်ဖြစ်၊ ကျားကျား မမ၊ ဖြူဖြူ မည်းမည်း၊ ပုပု ရှည်ရှည် ဒါတွေက
အရေးမကြီး ဘူး။ အရေးကြီးတာက အကျိုးဖြစ်ထွန်းမှုတွေရဲ့ အကြောင်းတရားကို
ရှာဖွေတတ်ဖို့ပဲ”
“ဟုတ်ကဲ့၊ ဘယ်လို ရှာဖွေရပါသလဲ”
“ကျုပ်ကတော့ တတ်နိုင်သမျှ
စိတ်ဆင်းရဲမှုတွေမဝင်နိုင်အောင် ဗုဒ္ဓနည်းနဲ့ စိတ်ကိုထိန်းကျောင်းတယ်၊
တခါတခါတော့လည်း ဝင်တာပေါ့၊ ဒါပေမယ့် ကြာကြာလက်ခံမထားဘူး။
ကြာကြာလက်ခံထားတာနဲ့အမျှ လုပ်သမျှ လုပ်ငန်းစဉ်တွေမှာ အနှောက်အယှက်
ဖြစ်စေတတ်လို့”
“ဟုတ်ကဲ့၊ စိတ်ဝင်စားစရာကောင်းပါတယ်၊ စိတ်ကို ဘယ်လိုထိန်းကျောင်းပါသလဲ”
“မနက်အိပ်ယာထ နဲ့ ညအိပ်ယာဝင် အချိန်တွေမှာ တရားထိုင်လေ့ရှိတယ်”
“တရားထိုင်တယ်ဆိုတာက”
“တရားထိုင်တယ်ဆိုတာကို
ဒကာကြီးနားလည်အောင်ပြောရရင် စိတ်ကိုထိန်းသိမ်းမှုတစ်ခု၊ သမာဓိရအောင် စိတ်ကို
စုစည်းခြင်းတစ်ခုပါပဲ။ သိလွယ်အောင်ပြောရရင် ဒကာကြီးတို့သိထားတဲ့
ယောဂကျင့်စဉ်မျိုးနဲ့ ခပ်ဆင်ဆင် တူတယ်။ ဒါပေမယ့် နည်းစနစ်တော့ မတူဘူးပေါ့။”
“အော် ဟုတ်ကဲ့၊ ယောဂကျင့်စဉ်ဆိုတာကိုတော့ သိပါတယ်”
“ဟုတ်ပါတယ်၊ ဒါပေမယ့် အဲဒါဟာ
ပထမခြေလှမ်းပဲရှိသေးတယ်၊ အဲဒီနောက်မှာ ဆက်လုပ်ရမယ့် ဝိပဿနာ
ကမ္မဋ္ဌာန်းဆိုတာတွေတော့ အများကြီးရှိသေးတယ်၊ သို့သော် ခင်ဗျားအခုဖြစ်နေတဲ့
ပြဿနာငြိမ်းဘို့လောက် အတွက်ကတော့ သမာဓိထူထောင်ခြင်းလို့ခေါ်တဲ့
ပထမခြေလှမ်းနဲ့တင်ပဲ အဆင်ပြေသွားစေနိုင်ပါတယ်”
“ခင်ဗျားက အဲဒီယောဂကို ကျင့်တာလား၊ တနေ့ဘယ်နှာရီလောက် ကျင့်ပါသလဲ”
“ကျုပ်ကျင့်တာက
ဟိန္ဒူယောဂကျင့်စဉ်မဟုတ်ဘူး၊ ဗုဒ္ဓရဲ့ ထွက်လေဝင်လေ သမာဓိကျင့်စဉ်။
ကျောင်းစာက တဘက်နဲ့ဆိုတော့ တစ်ခါထိုင်ချိန်ဟာ နာရီဝက်ပါပဲ။
ဒီထက်ထိုင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”
“ဟုတ်ကဲ့၊ ထိုင်နည်းလေး ပြောပြပါ”
“မခက်ပါဘူး၊ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ
တင်ပလ္လင်ခွေပြီး ဖြည်းဖြည်းမှန်မှန် အသက်ရှူသွင်း ရှူထုတ်တဲ့ လေကို
မလွတ်အောင်လိုက်မှတ်တာပါပဲ၊ လုပ်ကြည့်ပါ အကျိုးသက်ရောက်မှုတစ်ခုကို
ရရှိပါလိမ့်မယ်။ လုပ်ခါစမှာတော့ နည်းနည်းအခက်အခဲရှိမယ်၊ စိတ်တွေ
ဟိုရောက်ဒီရောက်ဖြစ်မယ်၊ အဲဒီလိုအဖြစ်မခံပါနဲ့ နှာခေါင်းဝ မှာ အဝင်အထွက်
လုပ်နေတဲ့ လေလေးဆီကို ပြန်ပို့ထားပါ။ များများမလုပ်နဲ့ တနေ့ (၁၀)
မိနစ်လောက်က စပြီး လုပ်ကြည့်ပါ။ (၁၀) မိနစ်လုပ်နိုင်ပြီဆိုရင် (၁၅) မိနစ်ထိ
တိုးပြီးလုပ်ပါ။ (၅) မိနစ်စီတိုးတိုးသွားပြီး (၁) နာရီလောက်ထိ
စိတ်မပြန့်ဘဲ ထိုင်နိုင်ပြီဆိုရင် လုံးဝအဆင်ပြေသွားပါပြီ။”
“ဒါဆို ကျနော့မှာဖြစ်နေတဲ့ စိတ်ဆင်းရဲမှုတွေ၊ အဆင်မပြေမှုတွေ ပျောက်သွားမယ်ပေါ့”
“ပျောက်သွားမှာပါ၊ ကြိုးစားဘို့တော့ လိုပါလိမ့်မယ်။ ဆရာမရှိပဲလုပ်ရင် ကိုယ့်ကိုကိုယ် ညှာတတ်တယ်၊ ဒီတော့ တစ်ခုအကြံပေးချင်တယ်။”
“ဟုတ်ကဲ့ ပြောပါခင်ဗျာ”
“ဒီ ဘုံဘေမြို့နဲ့ ကီလိုမီတာ (၁၂၀)
လောက်အကွာမှာရှိတဲ့ အီဂတ်ပူရီမြို့မှာ ဝိပဿနာဆရာကြီး ဂိုအင်ကာ ဆိုတာရှိတယ်။
သူက ဘာသာရေး လူမျိုးရေး ခွဲခြားမထားဘူး၊ နိုင်ငံတကာက လူမျိုးပေါင်းစုံဟာ
အဲဒီမှာ သွားပြီး တရားထိုင်လေ့ရှိကြတယ်။ အဲဒီဆရာကြီးက
ခင်ဗျားရဲ့အခက်အခဲတွေကို အင်္ဂလိပ် ဟိန္ဒီ နှစ်ဘာသာနဲ့ပြော ဟောပြီး
ခင်ဗျားရဲ့အခက်အခဲတွေကို ဖြေဖျောက်ပေးလိမ့်မယ်လို့
ကျုပ်သေချာပေါက်ပြောရဲတယ်။ အချိန်အားရတဲ့ခါ အဲဒီကို သာ ရောက်အောင်သွားပါ။”
“ဟုတ်ကဲ့၊ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ အဲဒီလိပ်စာလေးနဲ့ ခင်ဗျားရဲ့ဖုန်းနံပါတ်လေး ရနိုင်မယ်ဆိုရင်”
ဆရာကြီးဂိုအင်ကာ လိပ်စာနဲ့ မိမိရဲ့
ဖုန်းနံပါတ်လေးကို ရေးပေးခဲ့တယ်။ ရထားလည်း ရောက်လာပြီမို့ နှုတ် ဆက်ပြီး
ရထားပေါ်တက်ခဲ့ကြတယ်။ လူတွေကြိတ်ကြိတ်တိုးမို့ ရရာအတွဲမှာလိုက်ရတဲ့အတွက်
တနေရာစီမှာ နေရာရ ကြတယ်။ သူနဲ့တွေ့လိုက်တာ အဲဒီတစ်ခဏပါပဲ။
— —- —
“တူ… တူ…”
ဘုံဘေ ကာလကတ္တား ရထားက ဥသြသံအချက်ပေးပြီး ဘီးစလှိမ့်ပြီ။ မိမိလည်း ပညာရေးကိစ္စပြီးဆုံးသွားပြီမို့ ရထားကြီးပေါ်ကနေ ဘုံဘေကို နှုတ်ဆက်အကြည့်နဲ့ကြည့်ရင်း လိုက်ပါလာခဲ့တယ်။
“ကလင်… ကလင်… ကလင်…”
ဖုန်းသံမြည်လာတယ်၊
လိုက်ပို့ကြတဲ့မိတ်ဆွေသူငယ်ချင်းတွေ ဖုန်းနဲ့ထပ်ပြီး နှုတ်ဆက်တယ်ထင်ပါရဲ့။
ကြည့် လိုက်တော့မဟုတ်၊ မိမိတခါမှ မတွေ့ဘူးတဲ့ နံပါတ်အသစ်။
May I speak to Ashin?
Yes, Ashin is speaking.
“ကျနော် Raja Kumar ပါ၊ လွန်ခဲ့တဲ့ ဆယ်လလောက်က စံတပ်ခရုဇ်ဘူတာမှာ တွေ့ခဲ့ဘူးတဲ့သူပါ”
စံတပ်ခရုဇ်ဘူတာမှာ တွေ့ခဲ့ဘူးတဲ့သူတွေက
အများကြီး၊ ဘယ်သူဖြစ်မလဲဆိုတာကို အပြေးအလွှား စဉ်းစား နေတယ်။ မပေါ်လာဘူး။
ဒါပေမယ့် ယဉ်ကျေးမှုအရ စကားပြန်လိုက်ရတယ်။
“အော် ဟုတ်ကဲ့၊ နေကောင်းပါသလား”
“ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျား၊
ကျေးဇူးတင်ပါတယ်။ အခု ကျနော် လူတင်နေကောင်းတာ မဟုတ်ဘူး၊ စိတ်ပါ
နေကောင်းသွားပြီမို့ ကျေးဇူးတင်တဲ့အကြောင်း လှမ်းပြောတာပါ။
ခင်ဗျားလမ်းညွှန်တဲ့အတိုင်းပဲ ကျနော် Vocation တစ်လရတာနဲ့ ဆရာကြီး
ဂိုအင်ကာဆီကို သွားခဲ့တယ်။ အရမ်းကို ကျေးဇူးတင်တယ်ဗျာ… ဘယ်လိုပြော ရမှန်း
တောင်မသိတော့ပါဘူး”
သြော် မှတ်မိပါပြီ၊ စိတ်ဆင်းရဲမှုတွေ ခံစားနေရတဲ့ အစိုးရရုံးအရာရှိကြီးကိုး။ မေ့တောင်မေ့နေတယ်။
“ကျနော်ရဲ့စိတ်တွေ အခု
ငြိမ်းချမ်းသွားပြီဗျ၊ ကျနော်တို့အိမ်ထောင်ရေးလည်း အဆင်ပြေသွားပြီ၊
မိန်းမပြော သမျှကို ကျနော်ဘာမှပြန်မပြောတော့ပဲ သည်းခံနေလာခဲ့ရာက
သူလည်းကျနော့်ကို ပြန်ပြီးသည်းခံလာတယ်၊ နားလည် မှုတွေရကြတယ်။
သာသမီးတွေဆိုတာလည်း မိဘတွေကိုကြည့်နေရတာဆိုတော့ မိဘတွေ ငြိမ်းချမ်းလာတာနဲ့
သူတို့လည်းအလိုလို လိမ္မာလာကြတယ်။ အခုဆို လုပ်ငန်းတွေလည်း အားလုံးအဆင်ပြေ
ချောမွေ့လာခဲ့ပြီ။ သူတို့ကို လည်း တရားထိုင်နည်းလေး သင်ပေးရဦးမယ်။”
“ကောင်းပါတယ်ဗျာ… ကြားရတာဝမ်းသာပါတယ်၊ ကိုယ့်လမ်းညွှန်မှုကြောင့် ဒီလို အဆင်ပြေသွားတယ်ဆိုတာ လေးသိရတော့ ပီတိဖြစ်ရတာပေါ့”
“အေးဗျာ… ဒါကြောင့် ခင်ဗျားကို
ကျေးဇူးဆပ်တဲ့အနေနဲ့ အိမ်ကိုထမင်းစား ဖိတ်ချင်ပါတယ်။ ကျနော့် မိသားစု
နဲ့လည်း မိတ်ဆက်ပေးချင်လို့ပါ။”
“ကျေးဇူးတင်ပါတယ် ခင်ဗျား၊ ဒါပေမယ့်
မဖြစ်နိုင်တော့ပါဘူး။ ကျုပ်ရဲ့ ပညာရေးကိစ္စတွေ ပြီးဆုံးသွားပြီမို့ အခုပဲ
ကိုယ့်တိုင်းပြည် အပြန်ခရီးလမ်းပေါ် ရောက်နေပါပြီ။ ဖိတ်ကြားမှုအတွက်လည်း
ကျေးဇူးတင်ပါတယ်၊ အောင်မြင်မှု အတွက်လည်း ဝမ်းမြောက်ဝမ်းသာ
ဖြစ်ရပါတယ်ခင်ဗျာ။”
“အော်… ကျေးဇူးဆပ်ခွင့်တောင်
မရလိုက်တော့ဘူးပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အမြင်ရှင်းရှင်း ရင်တွင်းငြိမ်းအောင်
အောင် လမ်းညွှန်ပေးခဲ့တဲ့ ခင်းဗျားရဲ့ကျေးဇူးတွေကို အမြဲသတိရနေမှာပါ၊
ပြည်တော်ပြန်ခရီးလမ်း ဖြောင့်တန်းပါစေ…”
— —- —
မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ အတွေ့အကြုံလေး
စပ်မိလို့ပြောပြရင်းက ဆရာကံထွန်းသစ် တိုက်တွန်းတာ နဲ့ ရေးဖြစ်သွားခဲ့တယ်။
စာဖတ်သူများအတွက် တစ်ခုခု ရရှိပေလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
မေတ္တာများစွာဖြင့်-
သီရိဘုန်းစံ
(Oct. 21, 2014)
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၄
Comments
Post a Comment