အောက်တိုဘာ ၃၁
မြန်မာစစ်တပ်က ထိန်းသိမ်းစဉ်အတွင်း သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကျန်ရစ်သူ မိသားစုဆီ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ကိုပါကြီး ခေါ် ကို အောင် ကျော် နိုင် ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် ဖြစ်ခဲ့ပါတယ်။
ကျန်ရစ်သူ ကိုပါကြီးရဲ့ ဇနီး မသန္တာ ကတော့ ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားပြီ ဖြစ်သလို အလောင်းကို စစ်ဆေးနိုင်အောင် ပြန်လည်တူးဖော်ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်က ကိုပါကြီးဟာ ထိန်းသိမ်းခံရစဉ်အတွင်း သေနတ်လုယူပြီး ထွက်ပြေးသွားတာကြောင့် ပစ်သတ်လိုက်တာလို့ ထုတ်ပြန်ထားတဲ့အပေါ် မကျေမနပ် ဖြစ်နေကြတာပါ။
အများစုကတော့ ကိုပါကြီးဟာ နှိပ်စက်ခံရရင်း သေဆုံးတာ ဖြစ်နိုင်တယ်လို့ ယူဆကြတဲ့အတွက် အလောင်းကို စစ်ဆေးလိုကြတာ ဖြစ်ပါတယ်။
ကိုပါကြီး သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဌာနကလည်း အဲဒီအပေါ် အင်မတန် စိုးရိမ်မကင်းဖြစ်မိသလို စိတ်မကောင်းမှုလည်း ဖြစ်ရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာ အစိုးရကိုလည်း ယုံကြည်စိတ်ချရပြီး ပွင်းလင်းမြင်သာမှု ရှိတဲ့ စုံစမ်းမှုတွေလုပ်ဖို့လည်း အမေရိကန်နိုင်ငံက တိုက်တွန်းထားပါတယ်။
အမေရိကန် သမ္မတ ဘားရက်အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို မလာခင် အတောအတွင်းမှာ ကိုပါကြီး သေဆုံးတဲ့ ကိစ္စ ဖြစ်လာရသလို မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုပြီး အာရုံစူးစိုက်ချိန်မှာပဲ အခုလို ဖြစ်ရပ်တွေနဲ့ ကြုံနေရတာပါ။
ကိုပါကြီးရဲ့ ဇနီး မသန္တာကတော့ နိုင်ငံရေးနဲ့ လူမှုရေး အဖွဲ့အစည်းပေါင်း ၅၉ ဖွဲ့ ပူးပေါင်းပြီး ကိုပါကြီး သေဆုံးတဲ့ ကိစ္စကို စုံစမ်းပေးဖို့ အစိုးရကို ဖိအားပေးတောင်းဆိုသွားမယ်လို့ ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-29/1384255

Comments
Post a Comment