အောက်တိုဘာ ၂၉
ခေါင်းစဉ်မြင်လိုက်ကတည်းက သွေးတက်သူတွေ တက်ကုန်မှာဘဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ့် ကိုယ် ကိုယ်ထက်ပိုပြီး ယုံကြည်စိတ်ချတဲ့ ကျွန်တော်လို လူတွေဆိုရင် ဒီကောင့်ကို တွေ့ရာ နေရာမှာသတ် လို့ဖြစ်ကြမယ်။ ဒေါ်စုကို ရင်ထဲ အသဲထဲ အူထဲ ဖင်ထဲက မုန်းသူများကြတော့ ကောင်းတယ်။ မှတ်ကရောလို့ လုပ်ကြမှာ။ ပွဲဆူအောင်၊ လူအထင်ကြီးအောင်၊ လူစိတ်ဝင်စားအောင် သက်သက်မဲ့ စတန့်ထွင်တယ်လို့ ထင်သူတွေလဲ မရှားလောက်ပါဘူး။ ထားပါလေ။ စာလေး ပြီးအောင် ဖတ်ပြီးရင် ကျွန်တော့်ရဲ့ “ဒေါ်စုကို အားမကိုးနဲ့” ဆိုတဲ့ ခေါင်းစဉ်ကို သဘောပေါက်မယ်လို့ မျှော်လင့်တယ်။
ဒီလို ခေါင်းစဉ်မျိုး တပ်ပြီး ပြောချင်တဲ့ အကြောင်းအရာအနည်းငယ်ကို စိတ်အယားဖြေ ရေးဖြစ်အောင် တိုက်တွန်းတဲ့ အဖြစ်အပျက်မျိုး ပြီးခဲ့တဲ့ တစ်ပါတ်က ကျွန်တော် ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း သူများကို ဆရာသွားလုပ်တာက စတာပါဘဲ။ Facebook ပေါ်ကတည်းက၊ အင်တာနက် ရှိကတည်းက လူတိုင်းက ကိုယ့် ကိုယ် ကိုယ် အင်တယ်လီကျူရယ် ပုဂ္ဂိုလ်ကြီး၊ သမာသမတ်မျှတသူကြီး။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူကြီး၊ ငါ့ထက် ဘယ်သူမှ ပိုမသိ အချိုးမျိုး (မှန်ကြည့်ပြောပါတယ်) ရှိနေကြတာကို သတိထားမိလို့ အမျိုး အရင်းကြီးတွေကိုတောင်မှ ဆရာမလုပ်ဖြစ်အောင် သတိထားနေပါတယ်။
ဒါပေသိ ကိုယ့်မှာ ရှိတဲ့ စာအုပ်တွေကို ကျတော့ ကိုယ့် အသိုင်းအ၀ိုင်း၊ ရောင်းရင်း၊ ဘော်ဒါ၊ သွေးသောက်တွေကို စာအုပ်တွေ ယူဖတ်လို့ အမြဲလိုလို အထက်စီးက ဆရာလုပ်နေမိတတ်တယ်။ သိတာ၊ မြင်တာ မကြာသေးတဲ့ အတူနေ အခန်းဖော် လူတွေကြတော့ “စာအုပ်တွေ ကြိုက်တတ်ရင် ယူဖတ်နော်” လို့ ဆရာလေသံမပေါက်အောင် သတိထား ပြောပါတယ်။ ဟုတ်တယ်ဗျ။ လူဆိုတာ သူ့သမိုင်းနဲ့ သူ။ သူ့နောက်ကြောင်းနဲ့သူ။ စာဖတ်တာ ကောင်းတယ်ဆိုပေမယ့် စာဖတ်တာ အချိန်ကုန်တာဘဲ ဆိုတဲ့ လူတွေလဲ အများကြီး။ ကိုယ်လုပ်မှ ကိုယ်စားရတာ။ မြသန်းတင့် ဘယ်သူလဲ၊ နိုင်နိုင်းစနေ၊ မိုးစဲနေတို့စာတွေဖတ်ရင် နိဗ္ဗာန်ရွှေပြည်ကို ရက်တိုတိုနဲ့ ရောက်နိုင်ပါ့ဆိုတဲ့ လူတွေ အများကြီးမှာ ကျွန်တော်က လူစိမ်း၊ သူစိမ်း၊ ၀ါကြီးသူတွေကို “စာအုပ်တွေ ဖတ်ဗျ” လို့ မပြောဖြစ်အောင် သတိကြီးစွာထားတယ်။ နောက်ပြီး ကျွန်တော် ကြားဘူးတဲ့ အီရန် ပုံပြင်တစ်ပုဒ် ကလဲ ရှိသေးတယ်။
ပုံပြင်က “တစ်ခါသား သဒ္ဒါဆရာ တစ်ယောက် (ကဗျာ၊ အနုအလှခံစားသူနေမှာပေါ့) မြစ်ကို ကူးဖို့ လှေသမားတစ်ယောက်ကို ငှားတယ်တဲ့။ လှေသမားကို သူက မေးသတဲ့။ “အသင် သဒ္ဒါတတ်၏လော” တဲ့။ လက်လုပ်လက်စား လှေသမားက “မတတ်ပါပေါ့”။ အဲဒီမှာ သဒ္ဒါဆရာက လှေသမားကို “သဒ္ဒါမတတ်ရင် ဘ၀တစ်ဝက်ဆုံးတယ်။” လို့ ပြောသတဲ့။ ဒီလိုနဲ့ မြစ်လယ်ကျတော့ လှေမှောက်ရော။ လှေသမားက သဒ္ဒါဆရာကို မေးတယ်။ “အသင် ရေကူးတတ်၏လော” တဲ့။ ပညာတတ် (သူ့ဘာသာ ပညာတတ်လို့ ထင်နေတာလဲ ဖြစ်မှာပေါ့) သဒ္ဒါဆရာက “ကျွန်ုပ်ရေမကူးတတ်ပါ။” လို့ ဖြေသတဲ့။ လှေသမားက “ရေမကူးတတ်ရင် ဘ၀လုံးလုံး ဆုံးတယ်။” လို့ ဖြေတယ်တဲ့။ သဒ္ဒါဆရာလဲ ရေနစ်သေရော။” တဲ့။
ပုံပြင်က ဟာသလိုလိုနဲ့ တွေးစရာအများကြီး ပေးပါတယ်။ ကျွမ်းကျင်ရာ လိမ္မာရာချည်းပါဘဲ။ အဟင်း..အဟင်း..စာလဲ မဖတ်ဘူး။ ငတုံးကြီးလို့ ဘယ်သူ့၊ ဘယ်သူ့ကိုမှ မပြောသင့်ဘူး။ စာမဖတ်ပေမယ့်၊ စာမတတ်ပေမယ့် ဘ၀ပညာကို နားလည်အောင် ကြည့်ပြီး ရဟန္တာကိုယ်တော်ကြီးတွေ ဖြစ်သွားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် ရှိမို့လား။ ဒီလို အတွေးမျိုး ရှိပါရဲ့နဲ့ ဟိုနေ့ကတော့ အခန်းဖော် အစ်ကိုကြီးကို “အစ်ကို အဲဒီမှာ စာအုပ်တွေ ယူဖတ်။ ဒေါ်အောင်ဆန်းစုကြည်မျက်နှာဖုံးနဲ့ စာအုပ်ဆို ထွက်တာ မကြာသေးဘူးဗျ။ သိပ်ကောင်းတယ်။” လို့ မောမောပန်းပန်းနဲ့ အလုပ်ပန်းလာတဲ့ လူကို ဆရာသွားလုပ်လိုက်မိတယ်။ သူ့တုံ့ပြန်မှု စကားတွေကြောင့် ကျွန်တော်က စိတ်ထဲမှာ ယားလာတယ်။ ဒီကောင် ယောင်္ကျားကြီး တန်မဲ့နဲ့ သောက်တင်း အုပ်တယ်လို့ ထင်ရင်လဲ တတ်နိုင်ဘူး။ ဒါပေမယ့် အဲဒီအစ်ကိုကြီးကို ခင်ဗျားတို့ မသိပါဘူး။ ဒီတော့ သူပြန်ပြောတာလေး ဖောက်သည်ချ (အတင်းအုပ်တယ်ပေါ့ဗျာ) စမ်းပါရစီ။ ကျွန်တော်တို့ စကားဝိုင်းလေးက ဒီလို…
“အရင်ကတော့ ဒေါ်စုဆိုရင် ချစ်တယ်ဗျ။ အားလဲ ပေးတယ်။ အခုတော့ ချဉ်သွားပြီ။”
“ဟာ အစ်ကိုကလဲ ဘာဖြစ်လို့လဲဗျ။ ဘာလို့ ချဉ်တာလဲ။”
“ဘာဖြစ်ရမလဲ။ ပြည်တွင်းက မွတ်ဆလင်တွေ ကိစ္စကြတော့ ၀င်ပြောတယ်။ မလေးရှားမှာ မြန်မာတွေ အသတ်ခံရတော့ နိုဘယ်လ်ဆုရ တစ်ယောက်အနေနဲ့၊ သြဇာကြီးသူ တစ်ယောက်အနေနဲ့ တစ်ခုခု ပြောပေါ့ဗျ။ အခု တစ်ခွန်းမဟဘူး။ နောက်ပြီး အခု သူလုပ်နေတာ ဘာဖြစ်လာလို့လဲ။ ဘာမှ ဖြစ်မလာဘူး။ ခင်ဗျားလဲ သူများနိုင်ငံမှာ ကျွန်ခံနေရတာဘဲ။ (ဟယ်..တွယ်သဟ လို့ ကျွန်တော်တွေးလိုက်မိသည်။)ကျွန်တော်လဲ ကျွန်တော်ဘဲ။ အလကား ပါးစပ်ကဘဲ ပြောနေတာဗျ။ သူအကျယ်ချုပ်ရှိနေတုံးကတောင် ဒီလောက် ပြဿနာတွေ မများဘူး။ (“ဘယ်များမလဲ ခင်ဗျား အမေ့မောင်တွေက လူတွေကို နှိပ်ကွပ်ပြီး သေနတ်ကြီးတွေနဲ့ အာဏာမထိရင်၊ သူတို့ စားခွက်မလုရင် ဘာလုပ်လုပ် ပုံ အမိန့်အရလို့ အုပ်ချုပ်ထားတာကိုး” လို့ စိတ်ထဲက ပြန်ပြောသည်။ ပါးစပ်ကတော့ မပြောပါ။ သူ့ဗလက ကျွန်တော့် ဗလထက် ကြီးသည်။) အခု သူလွတ်မှ ဖြစ်လိုက်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်။ နောက်ပြီး ဒေါ်စုကို မေစု၊ အမေစု လုပ်နေတာ ကျွန်တော် သိပ်ချဉ်တာ။ ဒေါ်စုက သွားကြားထိုးတံတစ်ချောင်း ပေးဘူးလားပြော။” (သြော် သွားကြားထိုးတံလောက်ပေးရင် ကျေနပ်မှာပေါ့..သွား…လူဇိုး” ) လို့ စိတ်ထဲက တွေးခါ စကားကို အမြန်ဖြတ်လိုက်ရသည်။
ဒီလို လူတွေ တွေ့လေ တပ်ကုန်းက အဖိုးကြီးကို ကျွန်တော် ခွင့်လွှတ်နိုင်လေ ဖြစ်ပါသည်။ ဒီလူတွေက စစ်အစိုးရကို မကြိုက်ပေမယ့် အရာအားလုံးကို ဒေါ်စုအပေါ် ပုံချထားတာတွေ တွေ့ရလျှင် ကျွန်တော် စိတ်မကောင်းပါ။ ဟိုနေရာလဲ ဒေါ်စု၊ ဒီနေရာလဲ ဒေါ်စု၊ ဒေါ်စု ဘာမှ မလုပ်ဘူးဆိုသူများ အဘဘောင်းဘောင်းချွတ်တွေက ဒေါ်စုကို လုပ်ပိုင်ခွင့် ၊အာဏာ ဘာတစ်ခုများ ပေးပါသလဲ။ အလွန်လွယ်ကူသော၊ မြင်သာသော ကိစ္စတွေကို ဘာလို့ မမြင်နိုင်ရသလဲလို့ ကျွန်တော်က အသားလွတ်ကြီး သွေးတက်မနေအားပါ။ ဒါဟာ လူ့သဘာဝဘဲ နေမှာပါ။ မှန်ရာကို သစ္စာဆိုပါမည်။ အဲဒီလို အစ်ကိုတွေအတွက် ကျွန်တော် စိတ်မကောင်းပေမယ့် စိတ်မဆိုးရက်ပါ။ မိသားစုဝင်ချင်းတောင် အတွေးအခေါ်၊ အယူအဆတွေက လုံးလုံးကြီး ဆန့်ကျင်ဘက် ဖြစ်နိုင်ကြသည်ဘဲ။ ရှိကြမှာပေါ့လို့ တွေးဖြစ်တာ များပါသည်။ ဒီလူတွေကို “အရာရာကို ဒေါ်စု အားကိုးမနေနဲ့ဗျ။ ခင်ဗျားတို့ပါ ဒီသောက် ဝေ့လည်ကြောင်ပါတ်အစိုးရကို ဆန့်ကျင်မှ ရမှာ” လို့ သွားပြောပြန်ရင် ပျင်းစရာကောင်းလောက်အောင် စကားတွေ အများကြီး ပြောရနိုင်သည်။
ကျွန်တော့် သူငယ်ချင်း အစ်ကိုရဲ့ နိုင်ငံရေး သဘောထားက ရှင်းပါသည်။ ဒေါ်စုကို အားမလို အားမရဖြစ်သည်။ ရိုးသားသည်လို့ မြင်မယ်ဆိုလျှင် မြင်လို့ရနိုင်သည်။ တစ်ချို့ကျတော့ ဒီလို မဟုတ်။ ဒေါ်စုကို အမေစု၊ မေစု၊ မေကြီး၊ ချစ်မေကြီး၊ ကောင်းကင်မေမေ၊ ဂန္တ၀င်မေမေ လုပ်နေသည့် ဒီမိုကရေစီ တိန်တိန်မြည် ဘက်တော်သားများ လုပ်ရပ်က ဒေါ်စုကို ထောက်ခံနေသလား၊ ဆန့်ကျင်နေသလား ပြန်ပြီး သုံးသပ်ဖို့ လိုမည် ထင်သည်။
ဘယ်နေရာသွားသွား အခွင့်ထူးခံဖြစ်ချင်သည်။ ဌာနဆိုင်ရာ အလုပ်တစ်ခုလုပ်ဖို့ “ကျွန်တော့်သူ့ငယ်ချင်းရဲ့ ညီမရဲ့ ယောင်္ကျားရဲ့ တစ်ဝမ်းကွဲ ညီမရဲ့ ယောင်္ကျား ဦးလေးက အဲဒီဌာနမှာ DG လေ” ဆိုပြီး လုပ်နေသည့် သူတစ်ယောက်သည် အွန်လိုင်းပေါ်မှာ ဒီမိုကရေစီ ရေးရာ ဝေဖန်သူ။ ကီးဘုတ်ပေါ် လက်တင်လိုက်တာနှင့် like လုပ်မည့် သူများ ရာချီရှိသည်။
ချစ်မေစုဟု ခေါ်နေသူများ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာ စာရွက်စာတမ်းများရဖို့ အဆက်အသွယ်ကောင်းကောင်း၊ အချိတ်အဆက်တွေ လိုက်ရှာနေကြတာ ဒေါ်စုသာ သိရင် သွေးတိုးရောဂါ ရနိုင်သည်။
အွန်လိုင်ပေါ်မှာ ရဲရဲတောက် လက်ငင်း နိုင်ငံရေးရာ ဝေဖန်သူ (ကျွန်တော်လိုပေါ့)။ Facebook ပေါ်မှာ ဆရာကြီး။ အပြင်မှာတော့ NLD မှ ဦးကိုနီ ဟောပြောပွဲကို တက်ရောက် နားထောင်ဖို့ ဖင်ကိုက်၊ ၀မ်းကိုက်၊ မိန်းမနေမကောင်း၊ ကလေးညောင်း လုပ်ချင်ကြသည်။
ထားပါတော့။ သူများ မကောင်းကြောင်းတွေ ပြောနေတော့ နင်က တော့ အတော်ကြီး ကောင်းပေါ့လို့ ထင်စရာပေါ့။ ဖြီ….။ တလောက ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဖို့ ကညန ကို ရောက်သည်။ တန်းစီရမှာ၊ စောင့်ရမှာတွေကို ကြည့်ပြီး ပွဲစားအပ်ပြစ်ခဲ့သည်။ ကညနမှာ အလုပ်လုပ်နေသည့် သူငယ်ချင်းကို ဇွတ် အတင်းကာရော ၀င်နှုတ်ဆက်ပြစ်ခဲ့သည်။ ဝေါ့….။ သတိဆိုတာ လိုသည်မရှိဆိုသည့် စကား သိပ်မှန်ပါ့လား။ ကျွန်တော်လို လူသာမန်တွေအတွက် ဘာဟုတ်သေးသလဲ။ NLD မှ လူသိများသည့် တစ်ချို့ တစ်ချို့တွေ လုပ်ရပ်ကို ကြည့်ကြပါအုံးတော့။ လင်မယား ရန်ဖြစ်တာလဲ တင်သည်။ ကိုယ့်ဓာတ်ပုံ ကိုယ် ရိုက်ပြီး တင်ရတာ အမော။ (စကားမစပ် NLD ခေါင်းဆောင်ပိုင်းယူထားပြီး တစ်လနေလို့ စာတစ်အုပ်တောင် မဖတ်သူကို ကျွန်တော်ကဖြင့် နောက်လိုက်မလုပ်နိုင်ပါ။ ကိုယ့်ထက် တော်၊ ထက်၊ ဗဟုသုတ များသူများကိုသာ ခေါင်းဆောင်တင်ချင်သည်။ ဒါက စကားချပ်။)
အရာအားလုံးအတွက် ဒေါ်စုအပေါ်ကို မျှော်လင့်နေရတာ အဘွားကြီး ကြိုက်တယ်လို့ ကျွန်တော် လုံးဝမထင်။ သူ သမ္မတဖြစ်ရင် အားလုံး ပြီးပြီလို့ ထင်မြင်ယူဆချက်မျိုး ကာယကံရှင် အဘွားကြီးဆီမှာတောင် မရှိနိုင်တာ အသက်နဲ့ ထပ်ပြီး လောင်းလိုက်ချင်သေးသည်။ သူ သမ္မတဖြစ်လျှင်တောင်မှ တရွတ်တိုက်၊ ဂျမ်းတုံးခု လုပ်ကြမည့် လူတွေ အစိုးရအဖွဲ့၊ ၀န်ထမ်းအဖွဲ့တွေထဲမှာ ရိုက်သတ်လို့ မကုန်။ နောက်ပြီး ငါးသိန်းသော လက်နက်ကိုင် လူသတ်လိုင်စင်ရ ဥပဒေအထက်က စစ်တပ်က ရှိသေးသည်။
အထက်က ကျွန်တော် အတင်းအုပ်ခဲ့သည့် ကျွန်တော့်မိတ်ဆွေ ကို ခွင့်လွှတ်ပါ။ ရိုးသားပါသည်။ ဒေါ်စုကို သူမကြိုက်ခွင့်ရှိပါသည်။ သူ့ထင်မြင်ယူဆချက်ကို ပြောပိုင်ခွင့် အပြည့်ရှိပါသည်။ သို့သော်…မေစု၊ မေကြီးစု၊ ကောင်းကင်မေမေ လုပ်နေသည့် ရဲရဲတောက် ဒီမိုကရေစီ ဘက်တော်သားများအနေဖြင့် လမ်းလေးခွ တက်ပြီး လက်သီး လက်မောင်တန်းမှ၊ Facebook ပေါ်မှာ မိမိတို့ ဒီမိုအချင်းချင်း အပြန်အလှန် like ကြ၊ ရှယ်ကြ လုပ်ကြမှ ဒီမိုကရေစီ အရေး လုပ်နေသည်လို့ ထင်မြင်မှာစိုးရိမ်သည်။ အွန်လိုင်းပေါ်မှာ အံ့ချီးဖွယ် Status တွေ တင်မှ ဒီမိုကရေစီ အရေး လုပ်နေသည်လို့ ထင်မြင်မှာ စိုးရိမ်သည်။ ကျွန်တော် ပြောပြီးပါပြီရော… ဒေါ်စုကို အားမကိုးပါနဲ့လို့။ ကိုယ့်ကိုယ် ကိုယ်သာ အားကိုးကြစမ်းပါဗျာလို့ ကျွန်တော်ပြောရင် ကျွန်တော့်သူငယ်ချင်းကိုရော၊ ခင်ဗျားတို့ကိုရော ပြောတယ်လို့ မှတ်ပါ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း သတိပေးရင်းပေါ့။
ဖိုးထက်

Comments
Post a Comment