အောက်တိုဘာ ၃၀
ကျော်အောင် ချွေးပြန်လာသည်။ ဇန်န၀ါရီ မန္တလေးဆောင်းသည် ခိုက်ခိုက်တုန်အောင်အေးသော်လည်း ကျော်အောင် တစ်ယောက် ဇောချွေးတွေ ပျံနေလေသည်။ ရှမ်းကိုးမီး ပြောင်းကတည်းက သူ့ဖဲက ဆက်တိုက်သေနေသည်။ မနေ့က နေ့လည်ကတည်းက သူတို့ သူငယ်ချင်းတွေ အပျော် ပိုကာဒေါင်းကြမယ်ဆိုပြီး အတန်းပြီးကတည်းက ထိုင်ကြတာ တကယ့် အပျော်လောက်ဘဲ ရည်ရွယ်ခဲ့သည်။ နောက်တော့ မိန်းထဲက ဧည့်သည် ကျောင်းသား နှစ်ယောက် ရောက်လာကတည်းက
သူတို့ ၀ိုင်းသည် ကြေးကြီးလာသည်။ လောဘဇောတိုက်လာကြသည်။ ဇွဲနဘဲ ခတ်လာကြသည်။
ပိုကာဒေါင်း ခါစက ကျော်အောင် နိုင်သည်။ တစ်ဝိုင်းလုံးကိုတောင် ထမင်းကြော် ၀ယ်ကျွေးလိုက်သေးသည်။ ဧည့်သည် နှစ်ယောက်က Twenty One ပြောင်းမည် ဆိုသောကြောင့် ဖဲနိုင်နေသော ကျော်အောင်က လိုက်လျောပေးလိုက်ရသည်။ ဒါလဲ ကျော်အောင် နိုင်သည်။ သူ ဒိုင်ကိုင်အလှည့်မှာ ဒိုင်ပေါက်သည်။ အတော်များများ ရလိုက်သည်။ တကယ်ဆို ကျော်အောင်က တော်ချင်ပြီ။ သို့သော် ဧည့်သည် နှစ်ယောက်ကို အားနာသောကြောင့် ဆက်ရိုက်ပေးရင်း ဖဲက တဖြည်းဖြည်း ကျလာသည်။ ရှမ်းကိုးမီး အပြောင်းမှာ သူ့ဖဲက အကျဆုံး ဖြစ်လာသည်။
သူလို ဖဲကျပြီး ရှုံးနေသူ နောက်တစ်ယောက်ရှိသေးသည်။ သူနဲ့ အဆောင် အတူတူ နေသည့် မျိုးကြီး။ ရှမ်းကိုးမီးမှာ သူတို့ နှစ်ယောက် ကံစပ်ဟန် မတူ။ ဝေဖဲက သုံး မဟုတ်ရင် လေး။ တစ်ခါတစ်ရံ ငါး။ ထိုးသား အလှည့်မှာ ကိုယ့်ဖဲကျနေလျှင် လေး လောက်နဲ့ ဖိန့်လို့ရသည်။ ဒိုင်ကလဲ မဆွဲဘဲ မှောက်ထားသော နှစ်ချပ်ဖဲကို ဖမ်းရဲတာ မဟုတ်။ ကျော်အောင် တစ်ခါ ဖိန့် လို့ အလျော်ရလိုက်သည်။ သုံး နှစ်ဆနှင့် နှစ်ချပ်တည်း ချိုထားပြီး ထပ်ပြီး ဖိန့်ပြန်တော့ ဒိုင်က ငါးနှစ်ဆနှင့် မဖမ်းရဲဘဲ အဆွဲမှာ ခြောက်ဖဲ တက်ပြီး သူ့ကို နှစ်ဆ လျော်လိုက်ရလိုက်သည်။ နောက်တစ်ခါ ကျတော့ ကျော်အောင့် ဖဲ တက်သလိုလို ဖြစ်လာသည်။ ဖဲဝေကတည်းက တစ်အခံ ခြောက်။ မဆွဲတော့ဘူးလို့ ပြောပြီး ဖဲကို ပိုက်ဆံအောက် ဖိထားလိုက်သည်။ ဧည့်သည် ဒိုင်က အရင် အလှည့် ခံရအပြီးမှာ ဒေါသထွက်သွားသည်။ လိုင်းတူ ငါး နှင့် ဘယ်အိမ်မှ မဖမ်းဘဲ ဆွဲပြီး ဖမ်းသည်။ ကျော်အောင်တို့ ဒိုင်ဖဲကို စိတ်ဝင်စားရပြီ။ လိုင်းတူ အသေးထပ်တက်ရင် တစ်ဖဲ တက်ရင် တော်သေး။ သုံးချပ်ခြောက်နှင့် နှစ်ချပ်ခြောက် သူနိုင်သည်။ လိုင်းတူ ချွန်းသွားရင် သူရှုံးပြီ။ မျိုးကြီးလဲ ရှုံးမည်။ မျိုးကြီး ဖဲက ရိုးရိုး ငါးဖဲ။
ကျော်အောင်တို့ ကံဆိုးတာလား ဧည့်သည်က ကံကောင်းတာလား မသိဘဲ လိုင်းတူ လေးဖဲ တက်သည်။ သုံးဆ ကိုး။ တစ်ဝိုင်းလုံး စားသည့် အပြင် နောက်ထပ် နှစ်ဆ စီ ထည့်လိုက်ရသေးသည်။ ကျော်အောင် ထိပြီ။ တချီတည်းနဲ့ သူ့လက်ထဲက ငွေသား ကုန်သလောက် ဖြစ်သွားသည်။ ဖဲသမားတို့ ထုံးစံအတိုင်း ရှုံးရင် ရှုံးမဲ မဲသည်။ လည်ပင်းက သူကျောင်းသွားတက်မယ်ဆိုတော့ အမေဆင်ပေးလိုက်သည့် ငါးမူးသား ဆွဲကြိုးကို ဖဲနိုင်နေသည့် နောက် ဧည့်သည် ဆီမှာ ပေါင်သည်။ ဒါလဲ ခဏလေးနဲ့ ကုန်သည်။ လက်က နာရီ ပါသွားပြန်သည်။ ရှုံးပြန်သည်။
အခုတော့ ကျော်အောင့် ဖီးဆင့် စက်ဘီးလေး အလှည့်။ အခု သူချွေးပြန်ရပြီ။ ဒီစက်ဘီးကုန်ရင်တော့ သူ့မှာ ပေါင်စရာ ဘာမှ မရှိတော့။ Calculator တစ်လုံးတော့ ရှိသေးသည်။ သို့သော် ငွေအလုံး အခဲ ရနိုင်တာ မဟုတ်။ စက်ဘီးသော့ထိုးအပ်ပြီး ယူထားသော ငွေက တစ်သောင်း။ ဧည့်သည် ဒိုင်အလှည့်။ ပြီးတော့ နောက်ဆုံး ၀န်တိန် (warranting) ခေါ်နေပြီ။ လက်ကျန် ငွေစစ်လိုက်တော့ Second Warranting မှာ အလျော်ရထားသောကြောင့် နှစ်သောင်းကျော်ကျော်။ ဒီငွေ နှစ်သောင်းကျော် အကုန်ထိုးလိုက်လို့ နိုင်ရင်တောင်မှ သူ့စက်ဘီး ပြန်ရမည်။ ဆွဲကြိုးပေါင်ထားသောငွေ တစ်ဝက်လောက်ဘဲ ရနိုင်သည်။ ရှုံးရင် ကုန်းကောက်စရာပင် မရှိ။ နောက်ရက် ကျောင်းအသွား လ္ဘက်ရည် သောက်ဖို့ပင် ရှိမှာ မဟုတ်။ ဟိုအကောင် မျိုးကြီးလဲ ဘာထူးသနည်း။ ရှုံးတာမှ ခွက်ခွက်လန်။ အရင်အခေါက်တွေတုံးက သူတို့ အဆောင်အခံတွေ နိုင်လွှတ်သမျှ အခု အခေါက်တော့ ဧည့်သည် နှစ်ယောက်က အတိုးနဲ့ ပြန်ပြီး နိုင်နေဟန်တူ၏။ အို….ဖြစ်ချင်ရာဖြစ်စေတော့။ ဘုရင့်နောင် ဖောင်ဖျက်ပြီကွာလို့ ၀ိုင်းထဲမှာ ဟာသ လုပ်ပြီး သူ့မှာ ရှိသမျှ အကုန်ပုံအောလိုက်သည်။ ဒိုင်က ထိုးသားတွေ ငြိမ်ပြီဆိုတာနှင့် ဖဲ စဝေသည်။
ပထမ ဝေဖဲကို ကြည့်လိုက်သည်။ စပိတ်တစ်။ ဘူချင်း တူရင်တောင်မှ သူမရှုံးတော့တာ သေချာသွားပြီ။ ဒိုင်က ခင်ဗျားတို့ အရင်ကြည့်ကြပါ။ ကျွန်တော် နောက်မှ ကြည့်မယ်။ ပေါက်ရင် ပြောပါဟု ပြောထားပြီး သူတို့ကို စောင့်ကြည့်နေသည်။ နောက်ဝေဖဲကို စပိတ်တစ် ဖဲချပ်ခံပြီး အသာဆွဲပွတ်ကြည့်လိုက်သည်။ လိုင်းတူ မတူ အရင်စစ်သည်။ စပိတ်လိုင်း။ “ကော်ပဟ” လို့ ကျော်အောင့် စိတ်ထဲ က အသံထွက်သွားသည်။ အောက်ဖက်ကို အသာ ပွတ်ဆွဲ ကြည့်လိုက်ပြန်သည်။ ခွပြီ။ ဟူး…ကျော်အောင် ရင်မောရပြီ။ ဘေးပွတ်ကြည့်လို့ သုံးတန်းရင် လှပြီ။ ခြောက်ဖဲ တက်ရင်တောင် နှစ်ဆ ခုနှစ် အနည်းဆုံး။ ဘေးပွတ်ကြည့်တော့ သုံးတန်း။ ကျော်အောင့် နှလုံး ခုန်သံတွေ တဒိန်းဒိန်း ခုန်နေသည်။ အဲဒီအချိန် မျိုးကြီးက “ကိုင်း ပေါက်ပြီဟေ့” ဆိုပြီး ခြောက်ဖဲ နှင့် နှစ်ဖဲ ဖြန့်ခင်းပြလိုက်သည်။ ရိုးရိုး ရှစ်။ ဒိုင်က ကျွန်တော် မကြည့်ရသေးဘူးနော်ဟု မျိုးကြီးကို သတိပေးသံကြားလိုက်ရသည်။ သူတို့ကို အာရုံမစိုက်နိုင်အား။
ဖဲချပ်ကို ဘေးဘက်ပွတ်နေရာက အထက်မှ အောက်သို့ ပွတ်ဆွဲချလိုက်သည်။ စွေ့….နှိပ်ဟ။ တစ်ဖက် ပါသွားပြီ။ ခုနှစ်ဖဲဆိုရင်ကိုဘဲ သူပေါက်ပြီ။ ရှစ်ဖဲ ဆိုရင်တော့ သူ့ကို နိုင်တာ ဘယ်သူမှ မရှိ။ စပိတ် တစ်၊ စပိတ် ရှစ် ကိုးနှစ်ဆ။ ဖဲချပ်ကို အောက်မှ အထက်သို့ ပြန်ပွတ်ဆွဲလိုက်တော့ အပွင့် ပျောက်သွားသည်။ သေချာသွားပြီ။ ခုနှစ်ဖဲ ။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပွင့်သည်။ ရှစ် နှစ်ဆ။ “ကိုင်း နှစ်ဆ ရှစ်ဗျာ။ ရှစ်ထဲမှာ သူ့ထက်ကြီးတာ အချစ်ဘဲ ရှိမယ်” ဟုဆိုကာ ဖဲကို ဒိုင်အား ဖြန့်ပြလိုက်သည်။ ဒိုင်လည်း စိတ်လှုပ်ရှားနေဟန်တူသည်။ နှစ်အိမ်ပေါက်သည်။ ရှစ်တွေ။ တစ်အိမ်က နှစ်ဆရှစ်။ ကျန်အိမ်တွေက မဆွဲတော့ဘူးဟူသည့် နှစ်ချပ်အိမ်တွေ။ ထိုးထားသော ငွေကလည်း နည်းတာ မဟုတ်။ လျော်လိုက်ရရင် ကုန်သလောက်။ စိတ်မရှည်တော့ဘဲ သူ့ဖဲ နှစ်ချပ်ကို “ကိုင်း ဖြစ်ချင်ရာဖြစ်။ ကိုးဖြစ်” ဟုဆိုကာ သူ့ဖဲနှစ်ချက်ကို ဆွဲယူကာ “ဖြန်း” ကနဲ့ မြည်အောင် ရိုက်ချလိုက်သည်။
တကယ့် ကိုး။ စပိတ် လေး နှင့် ညှင်း ငါး။ ကိုးမှ ကိုး။ ရိုးရိုးကိုး။ သို့သော် ကျော်အောင့်ဖဲ ရှစ်နှစ်ဆကိုလဲ နိုင်သည်။ မျိုးကြီးဖဲ ရိုးရိုးရှစ်ကိုလဲ နိုင်သည်။ နောက်ဆုံး ၀မ်တိမ်မှာ ၀ိုင်းလုံးစားသည်။ ကုန်ပြီ။ ကုန်ပြီ။ ကျော်အောင် စားစရာ မရှိ။ သွားစရာ မရှိ။ အဆောင်လခ ပေးရန်ပင် မရှိတော့။
ဖဲနိုင်သော ဧည့်သည်ကျောင်းသားက သဘောကောင်းသည်။ စက်ဘီးသော့ပြန်ပေးရင်း နောင်..ရှိမှပေးပါလို့ ပြောသည်။ ဆွဲကြိုးကိုလဲ ပိုက်ဆံ ရှိတဲ့အခါ အချိန်မရွေး လာရွေးပါ၊ စိတ်ချ မရောင်းပါဘူးဟု ပြောသည်။ နာရီကတော့ ပြန်ယူလိုက်ပါ။ ငွေသားတွေဘဲ ယူပါ့မယ်။ ဒါတောင် သုံးစရာ မရှိရင် ပြန်ချေးထားလိုက်ပါဟု ပြောရှာသည်။
ကျော်အောင် ရှက်သည်။ အဲဒီလို တဖက်သားက အသနား ခံရတာကို ဖဲရှုံးတာထက် ပိုခံရခက်သည်။ ယောင်္ကျားတွေ။ ကိုယ့်စိတ်ကိုယ် နိုင်လို့ ဖဲရိုက်ကြပြီးမှ အကုန်ရှုံးခါမှ ဟိုဟာလေး ပြန်ပေးပါနော်။ ဒီဟာလေး ပြန်ပေးထားနော်။ မုန့်ဖိုး နည်းနည်းပေးပါလို့ မလုပ်ချင်။ သူနိုင်ရင်လဲ ရှုံးသူများကို မုန့်အ၀လိုက်ကျွေးတာက လွဲလို့ ပေါင်ထားသော တန်ကြေးပိုက်ဆံတွေ မရ မချင်း ပြန်မပေးဘဲ ကျော်အောင်က အသဲမာခဲ့သည်။ ကိုယ့်အလှည့်ကျမှ တောက်….သူများ သနားတာ ခံရပြီ။ သူ့မှာ စားစရာတောင် မရှိတော့ပေမယ့် သူသိက္ခာတရားက စားစရာထက် ပိုအရေးကြီးသည်လို့ ကျော်အောင်က သတ်မှတ်သည်။ မျိုးကြီးကတော့ လကုန်အထိ သူ့အိမ်က ငွေမပို့မချင်း သူ့ဦးလေးအိမ်မှာ ကပ်စားနိုင်သည်။ ပိုက်ဆံချေးနိုင်သည်။ သူက မျိုးကြီးလို မဟုတ်။
ခဏကြာတော့ ကျော်အောင် ဖြေရှင်းနည်း သိသွားသည်။ အမေအမြတ်တနိုးဆင်ပေးလိုက်သော ငါးမူးသား ဆွဲကြိုးကို သွားရောင်းလိုက်သည်။ စက်ဘီး ပြန်ရွေးသည်။ နာရီပြန်ရွေးသည်။ အကြွေးဆပ်သည်။ ဖဲနိုင်သော ကျောင်းသားက ကျော်အောင် မာနကြီးတာကို မကျေနပ်။ “အချင်းချင်းတွေဘဲဗျာ။ အဲဒီလောက်လဲ မဟုတ်ပါဘူး။ ခင်ဗျား ရှိမှ ပေးလဲ ဖြစ်တာဘဲ။ ခင်ဗျားလုပ်နေတာ ကိုယ်မသိတဲ့ အသုဘအိမ် ဖဲသွားရိုက်တာ ကျနေတာဘဲ” လို့ သူ့ကို ဆူပူသည်။ ကျော်အောင်က “ဟရောင် မင်းလဲ နိုင်ချင်လို့ ရိုက်တာ၊ ငါလဲ နိုင်ချင်လို့ ရိုက်တာ။ အခု ငါရှုံးတယ်။ ငါ့ဆွဲကြိုးငါ ရောင်းပြီး ဆပ်တယ်။ ရှုံးလို့ အမျိုးမျိုး လိုက်ပြီး ဖာရ၊ ထေးရ၊ ချေးရ၊ ငှားရ၊ ခိုးရ၊ ၀ှက်ရတာ ပိုဆိုးတယ်။ ပိုရှက်ဖို့ ကောင်းတယ်။ အခု မင်း ဖဲနိုင်တယ်။ နိုင်လို့ အကုန်ယူတာ မကျေနပ်စရာ တစ်ခုမှ မရှိဘူး။ နိုင်ရင် အကုန်ယူစတမ်းဘဲကွာ။ ငါနားလည်ပါတယ်။ မင်းကို စိတ်မဆိုးပါဘူး” လို့ ပြန်ပြောသည်။ ဒါတောင်မှ ဟိုကောင်က ကျော်အောင့်ကို ဇွတ်ဆွဲပြီး ထမင်း လိုက်ကျွေးသွားသေးသည်။ ဒါတော့ ကျော်အောင် ငြင်းလို့ မကောင်းတော့။ အဲဒီဝိုင်းပြီးကတည်းက ကျော်အောင့် လည်ပင်းမှာလဲ ဆွဲကြိုး ပြန်မတွေ့ရတော့။ ဖဲကိုလဲ ယတိပြတ် ဖြတ်လိုက်သည်။ သူများရိုက်တာကိုတောင်မှ ဖဲကိုင်မပေးတော့။ ကျော်အောင်က အဲဒီလောက် စိတ်ကြီးခဲ့သည်။
ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလဆန်း
“ဟရောင် မင်း ကျော်အောင်မို့လား။ မသာ။ သေချင်းဆိုး။ ရောက်နေတာတောင် အကြောင်းမကြားဘူး။”
“ဟကောင် မျိုးကြီး။ မင်း ဒီရောက်နေတာတော့ သိသားဘဲ။ မင်း ဖုန်းနံပါတ်။ အီးမေးလ် ငါမှ မသိတာ။ ဘယ်လိုလုပ် ဆက်သွယ်ရမလဲ သေချင်းဆိုးရ၊ နှမပေးရ”
ကျော်အောင် တစ်ယောက် အလုပ်ကိစ္စတစ်ခုနှင့် စင်္ကာပူကို ရောက်စဉ် စလုံးမှာ အခြေကျနေသည့် မျိုးကြီးနှင့် ပင်နီဇူလာ ပလာဇာမှာ တွေ့ခြင်းဖြစ်သည်။ သူတို့ နှစ်ကောင် ကျောင်းပြီးကတည်းက ဝေးသွားကြတာ အခုပြန်တွေ့သည် အထိ။ ပြောစရာစကားတွေ ပြောမကုန်။ နှစ်ကောင်သား အကြောင်းပြချက် ကောင်းကောင်းဖြင့် ဘီယာဆိုင်သို့ ချီတက်သွားကြသည်။ ရှေးဖြစ်ဟောင်းတွေ ပြောရင်း ကျော်အောင် နောက်ဆုံးထိုင်သည့် ဖဲဝိုင်း အကြောင်းကို ရောက်သွားကြသည်။ ထို့နောက် နှစ်ယောက်စလုံး စိတ်ဝင်စားသည့် ကိုယ်ပိုင်စီးပွားရေး လုပ်ကြဖို့ အကြောင်းရောက်သည်။ ပြီးတော့ စီးပွားရေးနှင့် ဆက်စပ်နေသည့် နိုင်ငံရေး အကြောင်းရောက်သည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အာလူး ဖုတ်ပြီး အတွေးအမြင် ဖလှယ်ကြသည်။ NLD အကြောင်း ပြောကြသည်။ နောက်ဆုံး သူတို့ ပြောကြသည့် အကြောင်းက PR စနစ်ခေါ် ဝေပုံကျ ရွေးကောက်ပွဲ စနစ်။
ဝိုင်းသိမ်းတော့ မျိုးကြီးက ကျော်အောင့်ကို Taxi ပေါ်တင်ပေးခါနီး ပြောသည်။ “အဲဒီဘဲကြီးတွေ မင်း ဖဲရှုံးသလောက်တောင် ဇ မရှိဘူးကွ” တဲ့။ ကျော်အောင် က မျိုးကြီးပြောသလို ဇရှိတာတွေ၊ ဇမရှိတာတွေလဲ အဲဒီအချိန်က မတွေးမိပါဘူး။ အဲဒီတုန်းက အမေ့ ချွေးနဲစာ အမြတ်တနိုးဆင်ပေးတဲ့ ဆွဲကြိုးရောင်းပစ်ခဲ့သောကြောင့် အမေမျက်ရည်ကျခဲ့ရတာ မျိုးကြီးကို ပြောမပြ ဖြစ်ခဲ့ဘူး ထင်သည်။ ဖဲရှုံးလို့ ဆွဲကြိုးရောင်းရစဉ်က အမေစိတ်မကောင်းဖြစ်မှာ သူသိခဲ့သည်။ သူ့အပေါ် အမေ တစ်သက်လုံး မယုံကြည်တော့မှာ သိခဲ့ပေမယ့် သူ့သိက္ခာက အမေ့မျက်ရည်ထက် ပိုအရေးကြီးတယ်လို့ သူက ခံယူခဲ့ခြင်းသာ ဖြစ်သည်။ အမေ့မျက်ရည်ကို သူထပ်မမြင်ချင်တော့တာကြောင့်လဲ သူအလွန်စွဲလမ်း နှစ်သက်သည့် ဖဲကစားခြင်းကို ယတိပြတ် အစိမ်းဖြတ်ခဲ့ခြင်းသာ ဖြစ်ခဲ့သည်။
အခု မျိုးကြီး ပြောသလို ဟိုဘဲကြီးတွေ သူ့လောက် ဇမရှိတာ ဒီကောင်တစ်ယောက်တည်း သိနေတာမှ မဟုတ်တာ။ ဒီဘဲကြီးတွေ ဘယ်သူလောက်မှ ဇမရှိတာ အထူးအဆန်းလုပ်ပြီး ဒီကောင်က သူ့ကို လာပြောနေသည်။ ဘယ်သူ ဇရှိတယ်။ မရှိဘူးဆိုတာ သမိုင်းက ပြောသွားမှာပါ မျိုးကြီးရာလို့ စိတ်ထဲက တွေးရင်း ဖိတ်ဖိတ်တောက် စင်္ကာပူကို အားကျရင်း တည်းခိုရာ အိမ်ကို ပြန်လာခဲ့သည်။
ဖိုးထက်
ဖိုးထက် – PR ဖဲဝိုင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၄
ခရစ်နှစ် 1998 ခုနှစ်၊ ဇန်န၀ါရီ လဆန်း

Comments
Post a Comment