သြဂုတ် ၇
တပ်မတော်၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကုမ္ပဏီတွေ သိမ်းထားတဲ့ လယ်ယာမြေ ဧက ၆၀၀၀ ကျော် ပြန်ရရေးအတွက် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ ပအိုဝ်း၊ ဓနုနဲ့ ရှမ်းတောင်သူ ၅၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။
ရွှေညောင်၊ ဟဲဟိုး၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်၊ စတဲ့ဒေသ တွေက မြေသိမ်းခံ တောင်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကလည်း တောင်ကြီး၊ အေးသာယာနဲ့ ရွှေညောင်မြို့တွေမှာ ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒါ့အပြင် မြေသိမ်းခံတောင်သူတွေဟာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့ဆီကို အသိမ်းခံမြေတွေနဲ့ ပတ်သက်ပြီး အိတ်ဖွင့်ပေးစာ ဒီနေ့ ပေးခဲ့ကြပါသေးတယ်။
သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်လို့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ရှမ်းပြည်နယ် တောင်သူလယ်သမားရေးရာကော်မတီအဖွဲ့ဝင် ဦးတင်ရွှေက ပြောပါတယ်။

Comments
Post a Comment