သြဂုတ် ၈
မင်းဆက်မင်းစဉ်အကြောင်းအရာများကို ရာဇဝင်ဟုခေါ်သည်။ရာဇဝင်ဟူသောစကားသည်
“ပင်စည်ညွန့်ညှောက်၊မင်းရိုးပေါက်လည်း၊
လှဲဖောက်မထင်၊ရာဇဝင်ဖြင့်”(ဘုံခန်းပျို့)ဟူသောစကားအတိုင်း၊၊အနွယ်တော်အဆက်အမျိုးအရိုးမပျက်၊အင်အားကောင်းသော
အုပ်ချုပ် ရေးအာဏဖြင့် အုပ်စိုးလာသောမင်းစဉ်မင်းဆက်ဟု
အနက်ပေးလိုသည်။အင်္ဂလိပ်ဘာသာ၌ (Dynasty)ဟူသည်နှင့် သဘောသွားအတူ
တူပင်ဖြစ်သည်။ဝံသ-ဟူသောပါဠိသည် အမျိုးအရိုးအနွယ်အဆက်ဟူသော
အဆက်ကိုဟောသည်။)(ဆရာကြီးဦးဆန်းထွန်း)။
(တစ်)
လွန်လေပြီးသောအခါ၊မဟာသမ္မတမင်းနောက်၊၊အသင်္ချေယျ အသက်တမ်း မင်းဆက်၊ဘယ်နှစ်ဆက်မြောက်မှန်းမသိတွင်၊သုနာပရန္တ တိုင်း၊ တမ္ပဒီပတိုင်းစသောအရှေ့ပြည်ကြီးအသီးသီး၊သလ္လာဝတီ၊ဒုဠဝတီ၊ဧရာဝတီ၊သံလာဝတီ ဟူသော မြစ်ကြီး လေးသွယ် ၊ ရတနပူရ ၊ ဒဂုံနပူရ ၊ ရာမညပူရ ၊ ကမ္ဘောဇပူရ ၊ ဓညပူရ ဟူသည့်အသွယ်သွယ်သော တိုင်းကြီးများကို စိုးမိုးခြယ်လှယ်ကာ ထက်အောက်မြေလွှာ အဇဋာတခွင်လုံးရှိ ရွှေတွင်း ၊ ငွေတွင်း ၊ ကြေးးတွင်း ၊ ဆားတွင်း ၊ ဆီတွင်း အကြွင်းမရှိ ပိုင်သ၊ အစိုးရတော် မူသော ကြပ်ပြေးနေပြည် တော်ရွှေဆည်မင်းတရားကြီး၏ ရွှေလက်ထက်တော်၌၊ မြတ်သောအမျိုးအနွယ်မှ ဆင်းသက်အပ်သော ဂုရုဒင်အမည်ရှိ၊ ပုရောဟိတ်သည် မင်းဆရာ ပဏ္ဍိတ်အဖြစ်၊ လက်သပ် မွေးခံရကာ မတန်မရာဟန်ကျလေ၏။
ထိုသို့ရောက်လတ်သော် “လ” တွင်ကြယ်ခွင်း၏။နေ့တွင်ကြယ်အများထွက်၏။ကြသပတေးနှင့် သောကြာကြယ်ခွပ်ကြ၏။ ဖျောက်ဆိပ်တွင် ကြာသပတေးကြယ်နင်း၍သွား၏။လလည်း တံခွန်ပြ၏။ငလျင်ပဲ့လှုပ်ခြင်းတော်လဲခြင်း ပြင်းစွာဖြစ်လေသည်။
ထိုမင်းသည် ရသေ့မုနိအစရှိသည့်၊ သူတော်ကောင်းတို့နှင့်ပေါင်းဖက်တိုင်ပင်ခြင်းအလျဉ်းမရှိ။စကြာဝဠာတောင်နား၌ရှိသော အထွေထွေအထူးထူးသော ဓမ္မသတ်ကျမ်းဂန်တို့ကို တစ်ရံတစ်ဆစ်မျှကပင်မကြားစဖူး။တရားနှင့်မညီသော အဂတိတရားလေးပါးတို့ကို ခါးဝတ်ပုဆိုးကဲ့သို့၊မြဲမြံလိုသည်ဖြစ်ရာ မင်းပဏ္ဍိတ်ဂုရုဒင်ကို နန်းဦးတွင်ထား၍ အဆုံးအမကို၊မြေဝယ်မကျနာယူလေ့ရှိ၏။
မင်းကြီး။ ။ကုန်းဘောင်ကြီးကျော်ခေတ်မှသည်၊မဆလမင်းဆက်နောက် ယခုငါ၏ရွှေလက်ထက်တော်သို့တိုင်ခဲ့ချေပြီ။ဖွတ်သထက်ညစ်နေ သည့်တိုင်းရေးပြည်ရေးကို အပထား၍ ငါကိုယ်တော်၏ဆွေစဉ်မျိုးဆက်ကောင်းစားရေးအလို့ငှာ မြို့တော်ကို ကျပ်ပြေးသိင်္ဃဟု သမုတ် တော်မူလိုသည်။
ဂုရုဒင်။ ။ “သိင်္ဃ”ဟူသော မဂဓဘာသာစကားသည် (လျင်သော)အနက်ကိုဟောသဖြင့် ထိုမင်း၏စည်းစိမ်သည် ရှည်မထင်ပါဘုရား။
မင်းကြီး။ ။အသို့သော အမည်ကိုသမုတ်မှ စည်းစိမ်တော်ရှည်မည်နည်း။
ဂုရုဒင်။ ။နဝေတိမ်တောင်မင်းဆက်ဟု သမုတ်သော် ဘုန်းတော်ကြီး၍ သက်တော်ရှည်မည်။ ဆွေတော်မျိုးတော်သားစဉ်မြေးဆက် ဧကရာဇ်ချည်းသက်သက် ဖြစ်မည်ဟု နိမိတ်သြဘာရပါသည်ဘုရား။
မင်းကြီး။ ။အကြောင်းအသို့နည်း။
ဂုရုဒင်။ ။နွားလားကဲ့သို့ တဘို့တည်းထားသည်ဖြစ်၍ နဝေတိမ်တောင်မင်းဆက်သည် ဇမ္ဗူဒီပါလက်ယာမြေပြင်တွင် နေအသွင်လအသွင် ထင်ရှားတော်မူမည်မလွဲပါဘုရား။
မင်းကြီး။
။ပုရောဟိတ်၊သင့်မြတ်လှပေစွ။စီမံဆောင်ရွက်ဖွယ်တို့ကို ကောင်းစွာကွပ်ညှပ်စီရင်လေလော့။
(နှစ်)
ဤသို့လျှင် မင်းသည်၊မင်းဆရာပဏ္ဍိတ်၏ကမောက်ကမအကြံပေးချက်အတိုင်း သောက်တလွဲချည်းထင်ရာစိုင်းလေတော့ရာ ပြည်ရွာ ပျက်သုဉ်းကြောင်း၊အားထုတ်စီမံမှုမြောက်များစွာအနက် အကျဉ်းအားဖြင့် ဖော်ပြရပါမူအောက်ပါအတိုင်းဖြစ်လေသည်။
မဲမဲမြင်ရာထုံးသုတ်၏။ဗိသုကာပညာနကန်းတစ်လုံးမှ မသိကြပဲ၊၊လမ်းတံတား၊တိုက်တာတို့ကို ကြီးလျှင်ပြီးစတမ်း၊ အသားတင် ကိုယ်ကျိုးအသပြာအိတ်ထောင်တွင်းဝင်ရေးသာလုံ့လပြုကြ၏။ဒီမိုကရေစီဘက်တော်သားမှန်သမျှ၊နို့စို့မကျန်သတ်၏။ဘုန်းတော်ကိုထိပါးသသူဟုထင်မြင်သမျှ နှစ်ရာနှင့်ချီ အမိန့်ချကာ ကြေးတိုက်သွင်း၏။အချို့ကို ကြေးတိုက်တွင်း၌ပင် အသက်ကုန်စေ၏။
တပ်မှူးဗိုလ်ပါ မှန်သမျှ အရာနှင်း၏။တောင်ကောမြစ်ပါမကျန်ရောင်းထုတ်၏။မြောက်ကိုးရီးယားဧကရာဇ်နိုင်ငံစသော၊ကမ္ဘာ့အော့ကြောလန် တိုင်းနိုင်ငံ အသီးသီးနှင့် သံခင်းတမန်ခင်းကြီးစွာဖွဲ့၏။ ဘုမသိဘမသိ၊ နျူးကလီးယားစက္ကောမအိပ်မက်ကို သူရူးကဲ့သို့မက်၏။ အမျိုးမှန် သမျှလက်သင့်ရာစားတော်ခေါ်၏။ဆရာမွေးတပည့်မွေးကြီးစွာပြု၏။နိုင်ငံတစ်ကာကြွေးမြီငယ်ထိပ်အထိနစ်၏။တစ်ပြည်လုံးအနှံ့ ကြက်ဆူ ပင် တို့ကိုစိုက်ရာ တစ်တိုင်းပြည်လုံး အနှစ်မရှိသောအဖြစ် သို့ရောက်လေ၏။
မီးမလင်းသောတိုင်းပြည်ဟုကျော်ကြား၏။မုဒိန်း တန္တရလွန်စွာထူပြော၊ဆေးဖိုးမပေးနိုင်၍ ကိုယ့်ကိုယ်ကိုသတ်သေသူတို့ပင်ပေါ်လာ၏။ ဓာတ်ကြိုးပြတ်ကျ၍ ကာလနာတိုက်ကြကုန်၏။ဒဂုံနပူရတွင်နေ့ခင်းကြောင်တောင် ငါးလောင်းပြိုင်လူသတ်မှုပင် တရားခံမပေါ်လေ။
ထို့ပြင်တဝ ပတ္တမြားတွင်း၊ရွှေတွင်းငွေတွင်းပုယင်းဒုတ္တာတွင်းတို့အပြင် ကြွက်တွင်းပါတက်တက်စင်ပြောင်လျက် တောသုံးထောင်၊ တောင်စဉ် ခုနစ်သွယ်ပါမကျန် ဂန္ဓလရာဇ်ပြည်၏အပေါင်ဆုံးပစ္စည်းဖြစ်ရတော့၏။ထိုအခါ မင်းကြီးသည် ကြံရာမရရှိပြန်သောကြောင့် ရာဇဂုရုကို ခေါ်ယူနှီးနှောပြန်လေသည်။
မင်းကြီး။ ။ပုရောဟိတ်ဒင်၊ငါနှင့်ငါ့အမျိုးငါ့အဆွေတို့ တနင့်တပိုးသောက်ကျိုးနည်းအောင် ကြွယ်ဝကြကုန်လင့်ကစား အားရတင်းတိမ်းငှာ မရှိနိုင်သေး၊ရှေ့ဆက်၍ ကြံပါဦးလော့။
ဂုရုဒင်။ ။ မှန်လှပါ။ဒီမိုကရေစီလမ်းကြောင်းပေါ်သို့တက်ဟန်ပြတော်မူပါလျှင်၊အတိုင်းတိုင်းအပြည်ပြည်နှင့် ကျပ်ပြေးအတိုက်အခံတို့ပါ ယောင်နနဖြစ်ကြလျက် ခွင်ကောင်းကိုဆက်နင်းထားနိုင်ပါလိမ့်မည်ဘုရား။
မင်းကြီး။ ။ပုရောဟိတ်၊အကြောင်းအသို့နည်း။ရှင်းပါဦးအံ့။
ဂုရုဒင်။ ။မှန်လှပါ။ ဖွံ့ဖြိုးစည်ပင်ပြီးသော တိုင်းကားပြည်ကြီးမှန်သမျှ ဒီမိုကရေစီစနစ်ဆီသို့သာချည်းကြသည်တစ်ကြောင်း၊ ကိုယ်ကျင့် တရားကိုတန်ဖိုးထားကြသည်တစ်ကြောင်းတို့ကြောင့် အယုံလွယ်ကြပါသည်။ အယောင်ပြဒီမိုကရေစီဖြင့် ဆွေခုနစ်စဉ်မျိုးခုနစ်ဆက်၊ လူတစ်ကာသောက်မြင်ကပ်လောက်အောင် ဆက်၍ ကြွယ်ဝကြမည်မလွဲပါ။ ပေါက်သည့်နဖူး မထူးတော့ပြီမို့ ဒီမိုကရေစီအရွေ့ပြ ကာ၊ရှေ့ဆက်မိုက်မဲသင့်ကြောင်းပါဘုရား။
(သုံး)
ငါနှင့်ငါသာနှိုင်းစရာဟု မှတ်ထင်တော်မူသောမင်းသည် ဟန်ပုံမရလျှင်အချိန်မရွေးတာ့တာပြလမ်းခွဲနိုင်ရန် ညောင်ညိုနှစ်ပင်မှ အတိတ် တဘောင်ယူ၊အစပြုခဲ့လေသော အာဖျံကွီးညီလာခံကြီးကို ဖုတ်ပူမီးတိုက်လက်စသတ်ပြီးနောက် ကျပ်ပြေးနေပြည်တော်ကြီးသည် ဒီမိုကရေစီခေတ်သစ်ကြီးဆီသို့ ဦးတည်ပြောင်းလဲနေပြီ ဖြစ်ကြောင်း မောင်းကြေးနင်းခတ်လိုက်လေရာ၊မဟာပထဝီမြေကြီးသည် ကောင်းစွာကြိုတင်ရိပ်စားမိသည့်အလား၊အိုးထိန်းစက်အသွင်၊သွက်သွက်ခါလည်ရုံမျှမက ဆူနာမီလှိုင်းလုံးကြီးပါ ရိုက်ခတ်လေရာ၊ ပြည်သူပြည်သား သုံးသိန်းနီးပါး အလောင်းပင်မြေမမြှုပ်နိုင်လောက်အောင်မာလကီးယားကြလေကုန်၏။
ဖွတ်မင်းနောင်ပါတီကြီးကိုဖုတ်သွင်းလျက်၊ဗြဲလရမ်းလွှတ်တော်ကြီးကို ခေါ်စေ၏။သူသတ်တို့ကို မှူးမတ်ရာထူးအသီးသီးဖြင့် နေရာယူ စေ၍အစိတ်သားမျှသော ဗိုလ်ထုကို လွှတ်တော်အရပ်ရပ်တွင်၊အော်တိုမစ်တစ်ဇွတ်အတင်းနေရာ ပေးပြန်၏။ ရသေ့ရဟန်းတို့၏ ကျောင်း သင်္ခန်းပါမကျန်လုယက်ယူငင်၏။
ဥာဏ်ပညာခေါင်းပါးလှသောဝန်ကြီး၊ဝန်လေးတို့လူပြက်စကားပြောကြကုန်လေရာ ပြည်သူတို့အူနှိပ်ရယ် မောကြရကုန်၏။ တောင်သူ လယ်သမား ပိုင်မြေတို့ကိုဘူဒိုဇာနှင့်ထိုးကာ၊ ရဲမက်ဗိုလ်ထုက လုယူ၏။မင်းမှူးမတ်၊ဗိုလ်ပါနှင့်ကပ်မြှောင်သူကြွယ်တို့ သင်္ချိုင်းမြေပါမကျန် ခွဲဝေယူကြရာ၊ နေမဝင် အင်ပါယာ၊ဂရိတ်ဗြိတိန်မြေဈေးကိုပင် စံချိန်ချိုးသောဟူ၏။
သို့ပြီးတစ်ကား မင်းတရားကြီး၏လက်ပါးစေငယ်ကျွန်ကြီးတို့သည် ယခင့်ယခင်ကာလများက အမနာပစကားဆိုကာ၊အကောင်းတစ် ချက်မှမပြောခဲ့သော အနောက်သိုးဆောင်းနိုင်ငံကြီးတို့အား အမြီးတနံ့နံ့ဖြင့်၊ဖင်ယက်ဆားဖြူးပြုတော်မူကြလေသည်။ တိုင်းကြီးပြည်ရွာ အပေါင်းမှာ မင်းကြီး၏လှည့်ကွက်ကို၊နတ်စကားထင်မှတ်ကြလျက် ဘုံယာဉ်ပျံကြီးအသီးသီးဖြင့် ပြည့်ရှင်မင်းတို့နှင့်၊ သံကြီးတမန်ကြီး များကိုယ်တိုင်ကြွရောက် ဘုံမြှောက်ကြကုန်သည်သာမက၊ ဘဏ္ဍာရေး ပိတ်ဆို့မှုများကိုဖြေလျှော့ပေးသည့်အပြင် စေတနာရေစီးကမ်းပြို လိုက်လျက် အနှစ်နှစ်အလလက ကြွေးမြီတို့ကိုပါ လျှော်တော်မူကြလေသည်။
ပြေးရင်းလွှားရင်းမစင်ပုံတိုးကိန်းကြုံလေသည့်မင်းကြီးကား၊ဟစ်တိုင်တွင်လူစုလူဝေးခွင့်ကို စတိသဘောခွင့်ပေး၏။ ဟန်ပုံမပေါ် သည် နှင့်လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်းတို့ကို ဖန်တီး၏။ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့်၊ပြည်တွင်းလက်နက်ကိုင်တို့ကိုလေလည်ပြ၏။ ပြည်သူ ပြည်သားမိန်းမယောက်ျားမှန်သမျှ နီးရာနိုင်ငံသို့ကျွန်အဖြစ် ရောင်းထုတ်ကြပြန်လေ၏။စိနတိုင်းမှ၊ တစ်နှစ်လေးကျပ်တိုးဖြင့်ချေးငွေကို လယ်သမား တို့အားတစ်လနှစ်ကျပ်တိုးဖြင့် ထုတ်ချေးကာ၊ချစ်တီးဘိုးအေ ခြေရာကိုနင်း၏။
ငါမကောင်းရင်ငါ့အကြောင်းကိုရေး၊င့ါမိဖုရားကြီးမကောင်းရင်ငါ့မိဖုရားကြီးမကောင်းကြောင်းရေး စသည်ဖြင့် ပြည်သူလူထုဝမ်းသာ အောင်အနံ့ပေးခဲ့သည့် မီဒီယာသတင်းလွတ်လပ်ခွင့်ကို ရှုံ့ချည်နှပ်ချည်ပြုပြန်၏။ငံပြာရည်စက်ရုံဟုမရေးသဖြင့်၊သတင်းထောက်တို့ကို ကြေးတိုက်တွင်ဆယ်နှစ်အထိချပြန်၏။ ကလိမ်ကကျစ်ပီအာစနစ်ကို ကျင့်သုံးရန်အားထုတ်၏။ စိနတိုင်းသူကြွယ်တို့ကို ကာကွယ်ရန်၊ လက်ပံတောင်းတောင်အရပ်ကိုလောင်မီးဗုံးဖြင့်ခွင်းရာလက်သည်ရှာမရချေ။ ဤသို့လျှင် ဒီမိုကရေစီမီးရှူးမီးပန်းတို့ကို မြိုင်မြိုင်ကြီး လွှတ်ဖောက်လေရကားကျပ်ပြေးနေပြည်တော်တစ်ခုလုံးထိန်ထိန်ညီးသည်အဆိုရှိ၏။
(လေး)
ထို့ပြင်တဝအကွက်ကောင်းကို ကျားချောင်းချောင်းနေကြသော၊ပြည်ပအတိုက်အခံပညာတတ်တို့လည်း၊ အမြီးတနံ့နံ့ဖြင့်ခွေးကတက် အသီးသီးမှ ဖျာစုပ်ကိုယ်စီဖြင့်တက်လာကြလေ၏။ ကားပါမစ်တို့အလျှံပယ်ရကြကုန်၏။လစာဒေါ်လာကောင်းစွာရကြကုန်၏။သို့သော် တိုင်းရေးပြည် ရာတို့တွင်ကား အသပြာတစ်ကျပ်တွင် ဘယ်နှစ်ပြားရှိသည်ကိုပင်မသိကြချေ။
ဤတွင်ငယ်ထိပ်ကိုတည့်တည့်ချမှ ရိပ်မိကြသော နိုင်ငံကြီးအသီးသီးသည်လည်း၊အလိမ်ခံရမှန်းသိသာလာသည်နှင့် ခပ်တင်းတင်းခပ် တန်းတန်း ပြန်လည်ဆက်ဆံလျက်၊အကူအပံ့တို့ကို ချက်ချင်းရပ်ဆိုင်းရန်အားထုတ်လာကြပြန်ရာ ကျပ်ပြေးနေပြည်တော် အတွင်းပြည်ရွာ မငြိမ်မသက်ဖြစ်ကာ၊ငကြောင်ခေတ်၊ဂယောင်ခေတ်မှသည် အမှောင်ခေတ်သို့ဦးတည်ပြန်လေ၏။ဤတွင်မင်းကြီးသည် ဂုရုပဏ္ဍိတ်ကို တိတ်တဆိတ်ခေါ်တော်မူပြန်လေ၏။
မင်းကြီး။ ။အချင်းပဏ္ဍိတ်၊ကြံပါဦးလော့။ရွေးစရာလမ်း ကျန်ပါသေး၏လော။
ဂုရုဒင်။ ။ မှန်လှပါဘုန်းတော်ကြောင့် ကျန်ပါသေးသည်ဘုရား။
မင်းကြီး။ ။ခြင်းရာအစုံကို လျှောက်တင်လေလော့။
ဂုရုဒင်။ ။ အရှင်မင်းကြီး၏ အမည်နာမတော်သည် ဇမ္ဗူထိပ်တွင်ထာဝရတည်စိမ့်သောငှာ၊ကျပ်ပြေးကို ကမ္ဘာကသိစေခဲ့သူဟု ကမ္ဗည်း မော်ကွန်းထိုးတော်မူပါဘုရား။ကျပ်ပြေးအလံတံခွန်တော်ကို တိုင်တစ်ဝက်လွှင့်ထူရန် ငယ်ကျွန်ရင်းကိုတာဝန်ပေးတော်မူပါဘုရား။ ဧယဥ့်ကျူး ရန် မောင်းမမိဿံတို့အရံသင့်ထားတော်မူပါဘုရား။တက္ကသီလာကျောင်းသုံးပြဌာန်းစာအုပ်အသီးသီးတွင် အရှင့်ဂုဏ်ကို ဖော်ကျူးသည့် သင်ခန်းစာတို့ထည့်သွင်းတော်မူပါဘုရား။
မင်းကြီး။ ။ (အံ့သြခြင်းကြီးစွာဖြင့်) အချင်းပဏ္ဍိတ်၊၊အံ့ဖွယ်သူရဲအစီအမံတို့ပေတကား၊ဗူးလုံးကိုထွင်းသကဲ့သို့ တိကျစွာလျှောက်တင်ပါ လော့။
ဂုရုဒင်၊ ။ မှန်လှပါ။ မင်းကြီးနည်းတူ၊ ဇာတာထက်ကြကုန်သော တိုင်းခြားပြည်ရွာအသီးသီးမှ ဆက်ဒမ်ဟူစိန်၊ကဒါဖီအစရှိသည့် ဒိတ်ဆို သောဧကရာဇ်တို့ပင် လူထုစိမ်ရေသင့်လျက် မိုက်လက်စသိမ်းကြလေသည့်နည်းတူ မင်းကြီးသည်လည်း လူ့ပြည်ညီး၍ နတ်ပြည် နတ်ထီးတွင် ဒုက္ခဆက်ပေးရန်သာ ကျန်ရှိတော့၍ အလောင်းတော်ကို တင့်တယ်စွာ စီမံနိုင်ရန်လိုအပ်သည်တို့ကို ညွန်ကြားစေ သင့်ပါပြီ ဘုရား။
မင်းပဏ္ဍိတ်၏လျှောက်တင်စကားအဆုံးတွင်ပင်၊မင်းကြီးသည် ကြောက်ရွံ့တုန်လှုပ်ခြင်းကြီးစွာဖြစ်လျက်၊ အကုသိုလ်ဝဋ်ကြွေးတို့ကို ဆင်ခြင်အောက်မေ့တော်မမူနိုင်၊ သံသရာအဆက်ဆက်၊သံမှိုနှက်သကဲ့သို့၊စွဲမြဲခဲ့သောအဝိဇ္ဇာအမိုက်တိုက်၏ဖိစိးနှိပ်စက်မှုကြောင့် ရုတ်ခြည်းပင် အနာသည်းတော်မူ၍ ငုတ်တုပ်မေ့ရင်း ရွှေနန်းစည်းစိမ်ကိုချန်ရစ်ကာ၊လက်ချည်းဗလာနတ်ရွာလားတော်မူ၏။
ကျပ်ပြေး နေပြည်တော်၏ ပြဿဒ်ဦးတွင်နေ့ရောညပါလဒဝဲလျက်ရှိသည်ဟူ၏။ဘီလူးရယ်သံကြားရ၏။ကျီးအုပ်တို့ပြို၏။ ဖွတ်တို့ငို၏။ နေပြည်တော် တခွင်လုံး ခွေးအူသံလွှမ်း၏။ညဥ့်အခါ အသံဆိုးအသံနက်ကြီးများ ရက်ဆက်ထွက်ပေါ်၏။
ထိုမင်းလွန်သော်၊ ကျပ်ပြေးပြည်သူ အပေါင်း တို့သည် နက္ခတ်ဆိုးအသီးသီးမှလွတ်၍၊ဘာမထီစိတ်အသီးသီးဝင်ကြလျက် အကြောက်တရားကင်းသည့် ဒီမိုကရေစီခေတ်သစ်ဆီသို့ မကြာမီရောက်လေ၏။မင်းပဏ္ဍိတ်ကားတောသို့ချည်း၍ ရဟန်းပြု၏။
(ကျမ်းဆုံးနိဂုံး)
(ဤတွင်ကျတ်ပြေးရာဇဝင်တော်ကြီးပြီး၏။)
(ဤကား၊မကွေးတိုင်း၊နတ်မောက်မြို့နယ်မှိုက်ပင်ကျေးရွာအနီး၊ထနောင်းတော၊ကျောက်စာပေမူကို မင်းပဏ္ဍိတ်ဂုရုဒင်၏ အနွယ်တော် ဆြာဒင်၊တည်းဖြတ်အပ်သော ဘာသာဗေဒအားဖြင့်အနက်ချဲ့ထားသည့်(Expansion of meaning) သဘောအားဖြင့်၊သမိုင်း (History) ပေမူဖြစ်သတည်း။)
၀၈။၀၈။၂၀၁၄နေ့ထုတ် သည်လေးဒီးစ် အပတ်စဉ်ဂျာနယ်။
(မင်းဒင်)
(ကျမ်းဦးစကား)

Comments
Post a Comment