သြဂုတ် ၈
ရုရှားအာဏာပိုင်တွေက ဥရောပသမဂ္ဂရဲ့အစားအစာနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ တင်သွင်းမှုကို ပိတ်ပင်ကြောင်း ကြေညာလိုက်လို့ ၀မ်းနည်းကြောင်း ဥရောပကော်မရှင် ပြောခွင့်ရ ဖရက်ဒရစ် ဗင်းဆင့်က သြဂုတ် ၇ ရက်နေ့မှာ ပြောပါတယ်။
ဒီကြေညာချက်ဟာ နိုင်ငံရေးအရ အကွက်ရွှေ့မှုဆိုတာ
ရှင်းပါတယ်လိုလည်း သူက ပြောပါတယ်။ ဥရောပသမဂ္ဂရဲ့ အမှုဆောင်တွေဟာ ဒီပိတ်ပင်မှုကို သင့်လျော်သလို အရေးယူမယ့်အပြင် အဲဒီလို အရေးယူဖို့ အခွင့်အရေးလည်း ရှိတယ်လို့ ဆိုပါတယ်။
ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီ မက်ဗီဒက်က ရုရှားအစိုးရဟာ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေနဲ့ အမေရိကန်တို့ကလာတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ တင်သွင်းမှုကို ချက်ချင်း ဒီနေ့ကစပြီး ၁ နှစ်အတွင်း ပိတ်ပင်မယ်လို့ ကြေညာခဲ့ပါတယ်။
ကရိုင်းမီးယားကို ကျူးကျော်မှုနဲ့ ယူကရိန်းအရှေ့ဘက်က ရုရှားလိုလားတဲ့ သူပုန်တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရအပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်တဲ့ နိုင်ငံတွေကို တန်ပြန် အပြစ်ပေးရေးအတွက် အစားအစာ တင်သွင်းမှု ပိတ်ပင်ဖို့ အမိန့်ထုတ်ခဲ့အပြီး ခုလို ကြေညာချက် ပေါ်ထွက်လာတာပါ။
ဂျာမန်စီးပွားရေး သုတေသနတက္ကသိုလ်က ပညာရှင် ဂါးနော့တ်နာ့ဘ်ကတော့ ဒီပိတ်ပင်မှုဟာ ပစ်မှတ်ထားတဲ့ အနောက်နိုင်ငံတွေထက် ရုရှားကို ပိုထိခိုက်စေလိမ့်မယ်လို့ သြဂုတ် ၇ ရက်နေ့က ပြောပါတယ်။
ရုရှားဟာ မနှစ်က စားနပ်ရိက္ခာ အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံဖိုး ၀ယ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားဟာ ၂၀၁၁ ခုနှစ်က ဥရောပသမဂ္ဂရဲ့ သစ်သီး ပြည်ပတင်ပို့မှု စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းကို ဝယ်ခဲ့ပြီး မနှစ်ကတော့ အမေရိကန် ကြက်သားတင်ပို့မှု စုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်းကို ၀ယ်ခဲ့ပါတယ်။

Comments
Post a Comment