ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင်မွတ်ဆလင် ဒုက္ခသည်စခန်းမှာ မနေ့က လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ဒုက္ခသည် မွတ်ဆလင်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲကသေနတ်နဲ့ ပစ်ခတ်တာကြောင့် မွတ်ဆလင်တစ်ဦး ဦးခေါင်းမှာ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
မနေ့က ညနေ ၆ နာရီလောက်မှာ ဒါးပိုင်ကျေးရွာက မွတ်ဆလင်လူငယ်နှစ်ဦးဟာ ဒါးပိုင်ဒုက္ခသည် စခန်းကို ဈေးဝယ်သွားရာမှာ ပစ္စည်းခိုးဝှက်ကြောင်း ဒုက္ခသည်စခန်းက မွတ်ဆလင်တွေက စွပ်စွဲပြီး
ကြိုးနဲ့တုပ်နှောင်ဖမ်းဆီးထားစဉ် အဲဒီအနီးမှာရှိတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ဖြေရှင်းပေးဖို့ ကြိုးစား ရာ ပဋိပက္ခတွေဖြစ်ပွားခဲ့တာလို့ ဒေသခံရဲ အရာရှိတွေကပြောပါတယ်။
ရာနဲ့ချီတဲ့မွတ်စလင်တွေက လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို လေးဂွ၊ ဂျင်ကလိတွေနဲ့ ပစ်ခတ်ပြီး ရန်ပြု တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ် ၅ ချက်ပစ်ဖောက်ပြီး ခြောက်လှန့်ခဲ့ရသလို ကြိုးနဲ့တုပ်နှောင် ဖမ်းဆီးခံရသူ ၂ ဦးနဲ့ တခြားမွတ်ဆလင် ၃ ဦးကို ရဲက ကားပေါ်တင်ဆောင် ဖို့ ခေါ်ဆောင်ရာမှာလည်း မွတ်ဆလင်တွေက ထပ်မံရန်ပြုခဲ့တဲ့ အတွက် အဓိကရုဏ်း နှိမ် နင်းရေးလက်နက်တွေနဲ့ နောက်ထပ် ၄ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်းလည်း သိရပါတယ်။
စစ်တွေမြို့ ခရိုင်ရဲအရာရှိတွေက အဲ့ဒီဖြစ်ရပ်ဟာ မတော်တဆဖြစ်ခဲ့ရတာဆိုပြီး မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို ဒီကနေ့ သွားရောက်ဖြေရှင်းပေးခဲ့တယ်လို့လည်း မွတ်ဆလင်ခေါင်းဆောင်တွေက ပြောပါတယ်။
မနေ့ကအခင်းဖြစ်ပွားမှုကြောင့် မွတ်ဆလင် ၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း ထား ကြောင်းလည်း သိရှိရပါတယ်။
RFA Burmese
Comments
Post a Comment