ကိုရာဇာ
မိုးမခ၊ ဇွန် ၂၄၊ ၂၀၁၄
လူတွေမှာ ဘ၀တခုကို တချိန်ချိန်က အားကျမက်မော လိုချင်မှုတွေ ရှိတတ်ပေမယ့် နေ့တဓူဝ မြင်ကြားလာနေရတော့ အဲ့ဒီဘ၀ကို ငြင်းဆန်သွားတတ်တာ လူ့သဘာဝပါ။ ဒီသဘောသွားဆန်ဆန် စာကို စာရေးဆရာကြီး သော်တာဆွေက ရေးဖူးပါတယ်။ စာကိုကြိုက်ရင် စာကိုသာ ဖတ်ပါ။ စာရေးဆရာရဲ့အိမ်ရှေ့မှာ နေဖို့ မကြိုးစားပါနဲ့လို့ ရေးသွားဖူးတာ သာဓကတခုပါ။
ဆိုလိုရင်းကတော့ စာရေးသူရဲ့စာကို ကြိုက်ပြီး ဖတ်နေတာ အကောင်းသား၊ စာရေးဆရာနဲ့ ရင်းနှီးသွားလို့ စာရေးဆရာရဲ့ သဘောသဘာဝ ဓလေ့စရိုက်ကို ကြည့်ပြီး နားမလည်ဘူးဆိုရင် စာကိုပါ မကြိုက် ဖြစ်သွားတတ်တယ်လို့ ပြောတာပါ။ အချို့လူတွေတော့ ဘယ်လိုသဘောပေါက်တယ် မသိပါ ။ ကျနော်ဖြင့် စာရေးဆရာတွေကို ရင်းနှီးလို့ စာကို ပိုကြိုက်သွားတာမျိုးတောင် ရှိတတ်ပါတယ်။ အဘက အဲ့ဒါနဲ့ ဆန့်ကျင်ဖက် ခံစားချက်ရှိဟန်တူပါတယ်။
“ငါ သတင်းစာဆရာ ဖြစ်လာတယ်၊ ငါ စစ်သားဖြစ်ချင်ခဲ့ဖူးတယ်၊ ငါ နိုင်ငံရေးသမား မဖြစ်ချင်ခဲ့ဖူးဘူး။ နှစ်ခုစလုံးက ငါ့ဦးလေးနဲ့ အတော် ပတ်သက်နေတယ်ကွ”
အဲ့ဒီလိုမျိုး မကြာခဏ လှစ်ဟခြွေပြတတ်ပါတယ်။ အဘဦးလေးဖြစ်သူဟာ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတည်ထောင်တဲ့ ပထမဆုံး ဗမာ့တပ်မတော်သားတွေထဲမှာ ပါဝင်ခဲ့သူ ဗိုလ်မင်းခေါင် ဖြစ်ပါတယ်။ အဘတို့မျိုးရိုးဟာ တော်လှန်ရေးမျိုးရိုးလို့ ပြောရင် ရပါတယ်။ သူ့ရဲ့ဦးလေး၊ အဒေါ်၊ အကိုအမတွေအားလုံးဟာ အင်္ဂလိပ်၊ ဂျပန်တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲတိုက်ပွဲဝင်ခဲ့တယ်။ အဲ့ဒါကြောင့် အဘကလည်း အရေးတော်ပုံမျိုးရိုး အရေးတော်ပုံတပ်သားလို့ မ၀ါမကြွား စကားဆိုလေ့ရှိတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မကွယ်လွန်ခင်အထိ ကျနော်က ဉာဏ်သမားမဟုတ်ဘူး၊ မာန်သမားဗျလို့ ဆိုသွားတာပါ။ ဉာဏ်သမားဆိုတာက ကုလားထိုင်ပေါ်ထိုင်ပြီး အကွက်တွေချ စီစဉ်တာမျိုးဖြစ်ပြီးတော့ မာန်သမားဆိုတာကတော့ ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းလို့ အဘက ခံယူပါတယ်။
“ငါကွာ … တချို့လူကြီးတွေ လုပ်သလို မလုပ်ချင်ဘူး။ ကိုယ်က ခိုင်း၊ သူများတွေ လုပ်၊ ထောင်တွေကျ … အဲ့လိုဟာမျိုးတွေ မလုပ်ချင်ဘူး။ ငါက နိုင်ငံရေးသမား မဟုတ်ပေမယ့် သတင်းစာဆရာလောကကို နိုင်ငံရေးနဲ့ ဖြတ်သန်းလာတာ ငါလည်း ဉာဏ်သမားလို နေလို့ရတယ်။ ဒါပေမယ့် အဲ့ဒီဉာဏ်သမားအလုပ်ကို ငါ ငြင်းတယ်ပယ်တယ်ကွာ …” တဲ့။
အဘဘ၀မှာ အခြားငြင်းပယ်စရာတွေ ရှိခဲ့သေးလား။ ဥပမာ - အိမ်ထောင်မပြုတာတို့ ဘာတို့ဆိုတော့ … အဘက ကျနော့်ကို …
”မင်းမို့လို့လည်း မေးတတ်တယ်။ ဒီကိစ္စထားပါကွာ။ ငါ တကယ်ငြင်းပယ်ခဲ့တဲ့ ဘ၀နှစ်ခု ရှိတယ်။ တိုက်ဆိုင်ထူးဆန်းတယ် ဆိုရမယ်ကွ … လူတယောက်တည်းကြောင့် ငါက ဘ၀နှစ်ခုကို ငြင်းပယ်ခဲ့ရတယ်။ ဘာမဆို အလွယ်တကူ လက်ခံတတ်တဲ့ အဘရဲ့ စရိုက်ဉာဉ်ကို သိထားတော့ အဘ ငြင်းပယ်ခြင်းဘ၀နှစ်ခုအပေါ် စိတ်မ၀င်စားပဲနေမလားဗျာ …။ လူစပ်စုပီပီသသနဲ့ ဂျီကျရတာပေါ့။ အဘငြင်းပယ်ခြင်းဘ၀နှစ်ခုက ကိုယ်နဲ့ တချိန် အလျဉ်းသင့် တိုးမ၀င်လာဘူးလည်း မပြောနိုင်ဘူးလေ။
“မင်းတို့ သိတယ်နော် – ဗိုလ်မင်းခေါင်။ ငါ့ဦးလေးကွ။ အဲ့ဒါ ရဲဘော်သုံးကျိပ်ဝင်။ သူ့ကြောင့်လည်း ငါတို့တမျိုးလုံး တော်လှန်ရေးလုပ်ကြတယ် ပြောရမယ်ကွ။ သူ့ စေ့ဆော်မှုပေါ့ကွာ။ သူ့ကြောင့်လည်း ငါ ဗိုလ်ချုပ်အောင်ဆန်းကို မြင်ဖူးတာ။ စကားပြောဖူးတာ၊ ကျေးဇူးရှိတယ် ပြောပါတော့။ ဒါပေမယ့်ကွာ သူက စစ်ဗိုလ်ဟုတ်လား။ နောက် ငါတို့ ဗမာ့တပ်မတော် ဆိုတာလည်း ဂျပန်မှာ မွေးလာတာ။ ပါးရိုက်နားရိုက် အားကြီး ၀ါသနာပါတယ်။ အချို့ကိစ္စတွေဆိုရင်ကွာ ကြီးနိုင်ငယ်ညှည်းသဘောမျိုး တောင်လုပ်ကြတယ်။ အဆင့်ဆင့်စစ်သားတွေက …။ ငါလည်းကွာ ဒါတွေ မြင်နေကြားနေရတော့ … အော် စစ်သားဘ၀က အရိုင်းစိုင်းလို နေကြတာကလား တွေးမိတယ်။ ငါ့ဦးလေးနဲ့ သူတပည့်တွေကို ကြည့်ပြီး ငါတော့ စစ်သားဘယ်တော့မှ မလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။”
ဒါအမှန်တရားပေါ့ဗျာ။ နူးညံ့နှလုံးသားပိုင်ရှင်က ပါးရိုက်နားရိုက်ကို ငြီးငွေ့ပေမပေါ့။ စာနာတရားလက်ကိုင်ထား ကြီးပြင်းနေတဲ့ လူငယ်တယောက်အနေနဲ့ ကြီးနိုင်ငယ်ညှည်းတွေကို ငြင်းပယ်တော့မှာပေါ့။ နေ့စဉ် ပါးရိုက်လိုင်စင် သက်တမ်းတိုး။ အောက်လက်ငယ်သားကို အမျိုးမျိုး နှိပ်စက်ကြတဲ့ အဖွဲ့အစည်းနဲ့ လူသားတရား လက်ကိုင်ထား လူသားအပူကို ငြိမ်းကူဖို့ ဖြစ်လာမယ့် လူငယ်တယောက်က ဒီလိုအဖွဲ့အစည်းမျိုးကို ရှောင်ဖယ်တာ မဆန်းပါဘူး။ ကျနော် စဉ်းစားမိတာက ကိုယ့်ထက်စီနီယာက အောက်က ဂျူနီယာကို ပါးနားရိုက်လို့ ရတဲ့ တပ်မတော်ကြီးရဲ့ ဆောင်ရွက်နေပုံကို ပြင်ဆင်သင့်တယ်။ သဘောက တပ်တွင်းစည်းကမ်း၊ တပ်တွင်းဥပဒေ၊ တပ်တွင်းအမိန့်တွေကို မနာခံခြင်းမှတပါး ကိုယ့်စိတ်အလိုမကျတာနဲ့ ပါးရိုက်ခွင့်မရှိဘူးဆိုတဲ့ စစ်ဥပဒေပြဌာန်းစေချင်တာ ဖြစ်ပါတယ်။ ထားပါတော့ဗျာ … ဒီအမနာပတွေ သူတို့ဖာသာသူတို့ ကျေနပ်ပြီးနေတတ်ရင် ပြီးရောဟုတ်လား …။
အဘရဲ့ နောက်တခု ငြင်းပယ်တဲ့ဘ၀ကို ကျနော်တို့ ထပ်ပြီးလေ့လာကြည့်တာ … ပညာလည်းရမယ် အချိန်ကုန်လည်း သက်သာမယ် ထင်ပါတယ်။ ကျနော်တို့ လူသားတရား လက်ကိုင်ထားသူတွေနဲ့ ဒီပါးရိုက် နားရိုက်အုပ်စုနဲ့ သိပ်တော့လည်း မသက်ဆိုင်လှပါဘူး …။ နိုင်ငံရေးသမားတယောက်ကို ကြည့်ပြီး နိုင်ငံရေးသမားဘ၀ကို အဘ ဘာကြောင့်ငြင်းသလဲ ဆိုတော့ …
“ဒီလိုကွာ … ငါ့ဦးလေးက စမ်းချောင်းထဲ နေတယ်။ စစ်တပ်ထဲက ထွက်ပြီးတော့ နိုင်ငံရေးပြန်လုပ်တယ်။ နောက်တော့ ဝန်ကြီးတွေ ဘာတွေဖြစ်ပေါ့ကွာ။ စစ်တပ်ထဲက ထွက်ပြီးမှ နိုင်ငံရေးလုပ်တာနော်။ ခုကောင်တွေထက် အများကြီးသာတယ်။ နိုင်ငံရေးသမားအိမ် … နောက် ပေါက်ပေါက်မြောက်မြောက်မြောက် နိုင်ငံရေးသမားအိမ် ဆိုတော့ လူတွေအများကြီး လာကြတယ်။ ငါက ငါ့ဦးလေးနေတဲ့ အိမ်မကြီးမှာ မနေဘူး။ ဘေးက ဧည့်သည်လာရင် တည်းခိုတဲ့အိမ်မှာ နေတယ်။ ငါ့ဦးလေးက ငါ့ကို မကြာခဏ ဆိုသလို နင်းခိုင်းနှိပ်ခိုင်း၊ ဆဲဆို အဲ့လိုဆိုတော့ … ငါက ရှင်းရှင်းပြောရရင် ငါ့ဦးလေးကို သဘောမကျဘူး။ ငါက အားရင် ဘုရားလေးပေါ် တက်ပြီး စာဖတ်နေတာကွ။ ငါ နေတဲ့ အိမ်လေးက ဧည့်သည်တွေလာရင် တည်းတယ် ဆိုပေမယ့် ငါတယောက်ထဲလိုလို အချိန်တွေကလည်း အများကြီး ရှိတာ။ ဧည့်သည်တွေ လာရင်တော့ မကြားချင်မြင်လျက်သား ဆိုသလို သူတော့ ပြောဆိုနေတာ ကြားနေရတယ်။ ဟိုလူရှေ့ကျရင် အဲ့ဒီလူ ချီးမွမ်းခန်းတွေဖွင့်။ ကွယ်ရာကျတော့ အတင်းတွေပြော၊ ဘယ်လိုသဘောတွေမှန်း မသိဘူး။ လိမ်တဲ့လူတွေကလည်း ရှိသေးတယ်ကွာ။ ငါတော့ ဒီလူသိုက်ကြည့်ပြီး စာအုပ်တအုပ်ဆွဲ၊ ဘုရားပေါ်တက်တော့တာပဲကွ။ ပြီးတော့ ငါ တွေးတယ်။ ဒီလိုရှုပ်ရှုပ်ထွေးထွေးတွေ လုပ်နေရတဲ့ နိုင်ငံရေး ငါတော့ တသက်လုံး မလုပ်တော့ဘူးဆိုပြီး ငယ်ကတည်းက ဆုံးဖြတ်ဖြစ်ခဲ့တာကွ။”
ဒါပေမယ့် အဘ ဘ၀နေ၀င်တော့ နိုင်ငံရေးသမားဘ၀နဲ့ အဆုံးသတ်ပါတယ်။ အဘကတော့ ငြင်းတယ်။ “ငါက ငါလုပ်တတ်တဲ့ဟာ လုပ်နေတာ ငါ့ကိုငါတော့ သတင်းစာသမား သတင်းသမားတယောက်အနေနဲ့ပဲ ရပ်တည်တယ်ကွ။ နိုင်ငံရေးသမားတယောက် ထားရမယ့် စိတ်ထားမျိုး ငါ မထားတတ်ဘူး” လို့ ပြောတော့ အဘ မဆုံးခင် အချိန်လေးမှာပါ။
ဘာပြောပြော ကျနော်တို့ကတော့ အဘက ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ် ဒါမှမဟုတ်လည်း အဘပြောခဲ့သလို နိုင်ငံရေးကို သတင်းစာပညာနဲ့ အနုပညာမြောက်အောင် လုပ်နေတယ်ပြောပြော … အဘရဲ့လူသားဆန်မှု၊ နိုင်ငံရေးအကွက်မြင်မှု၊ အဘရဲ့စွန့်လွှတ်ခဲ့မှုတွေကို နမူနာယူပြီး အဘလမ်းစဉ် အဘမူဝါဒအတိုင်း လျောက်လှမ်းဖို့သာ လိုနေတာမဟုတ်လား။ အဘကို ချစ်ရင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချစ်ရင် လူထုခေါင်းဆောင်ကို တကယ်ပဲ ချစ်ခင်ရိုသေလေးစားကြတယ် ဆိုရင်ဖြင့် အဘဦးဝင်းတင် လျှောက်ခဲ့သော လမ်းဖြစ်တဲ့ ခေတ်လမ်းကို လျှောက်ရပါလိမ့်မယ်။ ဒီမိုကရေစီကို ချစ်ရင် လွတ်လပ်မှုကို မြတ်နိုးရင် အဘဦးဝင်းတင် ထမ်းပိုးသွားတဲ့ ခေတ်ဝန်ကိုလည်း ကျနော်တို့ ဒီ့ထက်မက ထမ်းပိုးရလိမ့်မယ်လို့ မြင်ပါတယ်။
Comments
Post a Comment