By
burmaaffairs
·
23.2.2021
#စစ်တပ်ရဲ့ အလိမ်တွေပေါ်ပြီ
မဲစာရင်းမှားသည်ဆိုတဲ့ အချက်နဲ့
စစ်အာဏာသိမ်းမှုလုပ်ခဲ့သော
အချက်အလက်များ၏ အမှားကို
The Insights အဖွဲ့မှ ဖော်ထုတ်တင်ပြခြင်း
ရည်ရွယ်ချက် ရှိရှိဖြင့် ဖောင်းပွစေရန် ပြုလုပ်ထားသော ကိန်းဂဏန်းများ
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ တပ်မတော်သည် မတရားသောနည်းလမ်းဖြင့် နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပါသည်။
ထိုကဲ့သို့ ပြုမူရခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်နိုင်သော မဲစာရင်းစိစစ်တွေ့ရှိချက်ပေါင်း (၁၀.၄) သန်းကျော် (၁၀,၄၈၂,၁၁၆) ရှိနေသောကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
သို့သော် တပ်မတော်၏ မဲမသမာမှု ပြုနိုင်သော မဲစာရင်းစိစစ်တွေ့ရှိချက်များ သည် ရည်ရွယ်ချက်ရှိရှိဖြင့် ကိန်းဂဏန်းများ ဖောင်းပွစေရန် ပြုလုပ်ထားသော စာရင်းတစ်ခုသာဖြစ်ကြောင်း အောက်ပါအတိုင်းတွေ့ရှိခဲ့ရပါသည်။
တပ်မတော်အနေဖြင့် အတည်ပြု၍မရသော လက်လှမ်းမီရာ မဲစာရင်းများကို စစ်ဆေးခဲ့ပြီး မဲမသမာမှုပြုနိုင်သောမဲစာရင်းစိစစ်တွေ့ရှိချက်စုစုပေါင်း (၁၀.၄) သန်းကျော်ဟူ၍ ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ထပ်နေသော မဲစာရင်းစိစစ်တွေ့ရှိချက်အရေအတွက်၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ ပါဝင်နေသော မဲစာရင်းစိစစ်တွေ့ရှိချက်အရေအတွက် စသည်ဖြင့် ထည့်သွင်းထားပါသည်။
ထိုအချက်အလက်များရရှိရန်အတွက် မြို့နယ်တစ်ခုချင်းစစ်ဆေးမှု၊ မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုနှင့်တစ်ခုအပြန်အလှန်စစ်ဆေးမှုတို့ကိုပြုလုပ်ခဲ့ပါသည်။
သို့သော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ Facebook Page တွင် တင်ထားသော ထုတ်ပြန်ချက်များတွင်မူ မြို့နယ်တစ်ခုချင်းစစ်ဆေးမှုမှ ရရှိသော အချက်အလက်များကိုသာ အသေးစိတ်ဖော်ပြထားပြီး ကျန်အချက်အလက်များကို အသေးစိတ်မဖော်ပြထားပါ။
သို့ဖြစ်ပါ၍ မြို့နယ်တစ်ခုချင်းစစ်ဆေးမှုမှ ရရှိလာသော မဲမသမာမှုပြုနိုင်သော မဲစာရင်းစိစစ်တွေ့ရှိချက်ပေါင်း (၇.၆) သန်း (၇,၆၂၅,၇၁၄) ကိုသာ The Insights အဖွဲ့မှ ပြန်လည်စစ်ဆေးနိုင်ခဲ့ပြီး အောက်ပါအချက်များကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
အချက်နံပါတ် (၁)
တပ်မတော်၏ ထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကတ်မပါသောကြောင့် မဲမသမာမှုဖြစ်နိုင်သောစိစစ်တွေ့ရှိချက်များ ဟူ၍ စိစစ်တွေ့ရှိချက်ပေါင်း (၄.၆) သန်း (၄,၆၄၈,၂၇၀) ကိုထည့်သွင်းဖော်ပြထားပါသည်။
သို့သော်ငြား UEC ၏ထုတ်ပြန်ကြေညာချက်အရ နိုင်ငံသားစိစစ်ရေးကတ်မရှိသော်လည်းအသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်လျှင် နိုင်ငံသားတစ်ဦး၏ မဲပေးခွင့်မဆုံးရှုံးစေရအောင် မဲပေးခွင့်ပြုရကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ (၄.၆) သန်းဟူသော ကိန်းဂဏန်းသည် မဲမသမာမှုဖြစ်နိုင်သောစိစစ်တွေ့ရှိချက်အနေဖြင့် အကျုံးမဝင်ပါ။
အချက်နံပါတ် (၂)
မြို့နယ်တစ်ခုချင်းစစ်ဆေးရာမှ နိုင်ငံသားစိစစ်ရေးကတ်ထပ်နေသောကြောင့် မဲမသမာမှုဖြစ်နိုင်သောမဲစာရင်း စိစစ်တွေ့ရှိချက် (၂.၉) သန်းကျော် (၂,၉၄၆,၅၃၂) ကို စစ်ဆေးကြည့်သောအခါတွင် သင်္ကာမကင်းစရာ အချက်များကို ရှာဖွေတွေ့ရှိခဲ့ရပါသည်။
မဲစာရင်းနှစ်ကြိမ်ထပ်ဟူသောစိစစ်တွေ့ရှိချက်များ၏ ကိန်းဂဏန်းများကို (၂) ဖြင့်စား၍ပြတ်နေခြင်း၊ မဲစာရင်းသုံးကြိမ်ထပ်ဟူသောစိစစ်တွေ့ရှိချက်များ၏ ကိန်းဂဏန်းများကို (၃) ဖြင့်စား၍ပြတ်နေခြင်း၊ မဲစာရင်လေးကြိမ်ထပ်ဟူသောစိစစ်တွေ့ရှိချက်များ၏ ကိန်းဂဏန်းများကို (၄) ဖြင့်စား၍ပြတ်နေခြင်း၊ စသည်ဖြင့် စသည်ဖြင့် တွေ့ရှိရပါသည်။
ဆိုလိုသည်မှာ တပ်မတော်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသည် မြို့နယ်တစ်ခု၏ မဲစာရင်းတွင် နှစ်ကြိမ်ပါဝင်နေပါက မဲမသမာမှုဖြစ်နိုင်သော စိစစ်တွေ့ရှိချက်နှစ်ခု ဟု သတ်မှတ်လိုက်သောကြောင့်ဖြစ်သည်။ ထိုနည်းတူ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသည် မြို့နယ်တစ်ခု၏ မဲစာရင်းတွင် သုံးကြိမ်ပါဝင်ပါက မဲမသမာမှုဖြစ်နိုင်သောစိစစ်တွေ့ရှိချက်သုံးခုဟု သတ်မှတ်လိုက်သည်။
သို့သော်ငြား မဲစာရင်းထပ်ခြင်း၏ သဘောတရားအရ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသည် မြို့နယ်တစ်ခု၏ မဲစာရင်းတွင် နှစ်ကြိမ်ပါဝင်နေပါက တစ်ခုသည် မဲပေးခွင့်ရှိသူ၏ နိုင်ငံသားစိစစ်ရေးကတ်ဖြစ်ကြောင်းမှန်ကန်ပြီး နောက်တစ်ခုကသာ မဲမသမာမှု ဖြစ်စေနိုင်မည်ဖြစ်သည်။ ထိုနည်းတူ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသည် မြို့နယ်တစ်ခု၏ မဲစာရင်းတွင် သုံးကြိမ်ပါဝင်နေပါက တစ်ခုသည် မှန်ကန်ပြီး နောက်နှစ်ခုကသာ မဲမသမာမှု ဖြစ်စေနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မြို့နယ်တစ်ခုချင်းစီကို စစ်ဆေးရာမှ နိုင်ငံသားစိစစ်ရေးကတ်ထပ်နေသောကြောင့် မဲမသမာမှုဖြစ်နိုင်သောစိစစ်တွေ့ရှိချက်စာရင်းတွင် စိစစ်တွေ့ရှိချက်ပေါင်း (၁.၄) သန်းကျော် (၁,၄၃၅,၈၅၁) ကို ပညာရပ်ဆိုင်ရာ ရှုထောင့်အရ လုံးဝထည့်၍မရသော်လည်း ထည့်သွင်းတွက်ချက်ထားကြောင်း တွေ့ရှိရပါသည်။
နိဂုံးချုပ်
အချက်နံပါတ် (၁) နှင့် (၂) အရ တပ်မတော်မှ ထုတ်ပြန်သော စာရင်းတွင် ရွေးကောက်ပွဲနှင့် မဲစာရင်းတို့၏ သဘောသဘာဝအရ လုံးဝထည့်သွင်းတွက်ချက်၍မရသော စိစစ်တွေ့ရှိချက်စုစုပေါင်း (၆) သန်းကျော် (၆,၀၈၄,၁၂၁) ကိုထည့်ထားကြောင်းတွေ့ရပါသည်။
သို့ဖြစ်ပါ၍ တပ်မတော်အနေဖြင့် မဲမသမာမှု ပြုနိုင်သော မဲစာရင်းစိစစ်တွေ့ရှိချက်များ တွင် ထည့်သွင်းတွက်ချက်ရန် လုံးဝမလိုအပ်သော ကိန်းဂဏန်းများကို ထည့်သွင်းထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ကိန်းဂဏန်းများဖောင်းပွအောင် ဆောင်ရွက်ထားကြောင်းတွေ့ရှိရပါသည်။
ယခုကဲ့သို့သော တပ်မတော်၏ လုပ်ရပ်များကို ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများမှ တွေ့ရှိစေရန်အတွက် ပြန်လည် မျှဝေပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
#credit PJW
၅.၈ထောင်Myintswe Maung၊ Moe Nanda နှင့် အခြား ၅.၈ထောင် ဦး
မျှဝေသူ ၁.၁သောင်း ဦး
ကြိုက်
မျှဝေမယ်
- Get link
- X
- Other Apps
- Get link
- X
- Other Apps

Comments
Post a Comment