ရိုဟင်ဂျာမွတ်စလင် ၇၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေး တိမ်းရှောင်ခဲ့ရ စဉ်က နိုဘယ်လ်ဆုရှင် အောင်ဆန်းစုကြည်ကို အနောက်ကမ္ဘာက အဆောတလျင် ပြစ်တင်ဝေ ဖန်ခဲ့ကြသော်လည်း အဓိကတာဝန်ရှိသူဖြစ်သည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အခန်းကဏ္ဍကို အာရုံစိုက်မှု နည်းခဲ့ကြသည်

(Nikkei Asian မဂ္ဂဇင်းတွင် ဖေဖော်ဝါရီ ၂၃ ရက်က ဖော်ပြထားသော ၂၀၁၅ မှ ၂၀၁၈ အထိ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နီကိုလပ်စ်ကော့ပယ်လ်၏ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။)
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်စလင် ၇၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေး တိမ်းရှောင်ခဲ့ရစဉ်က နိုဘယ်လ်ဆုရှင် အောင်ဆန်းစုကြည်ကို အနောက်ကမ္ဘာက အဆောတလျင် ပြစ်တင်ဝေဖန်ခဲ့ကြသည်။ သို့သော် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အခန်းကဏ္ဍနှင့်တာဝန် ရှိမှုကိုမူ အနည်းငယ်သာ ပြောဆိုခဲ့ကြသည်။
ယခုအခါတွင်တော့ သူက စစ်အာဏာသိမ်းကာ ကျဆုံးနေသော ကမ္ဘာ့ဒီမိုကရေစီအိုင်ကွန်ကို ဖြုတ်ချခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက တောင်းဆိုလျက်ရှိကြသည်။ ယခုအခါတွင်မှ ထိုစစ်ဗိုလ်ချုပ်ကြီး ဘယ်သူလဲ၊ ဘယ်လိုလူလဲ၊ သူဘာလိုချင်တာလဲဆိုတာကို ကမ္ဘာက မေးခွန်းထုတ်နေကြသည်။
သူ့အကြောင်းသိနိုင်ရန် ရိုဟင်ဂျာအရေးအခင်းကို ပြန်ပြောင်းကြည့်သင့်ပေသည်။ စစ်တပ်က ရေးဆွဲ အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးများကို ခန့်အပ်ပိုင်ခွင့်ရှိပြီး မည်သည့်အရပ်သား သို့မဟုတ် အာဏာပိုင်ကိုမျှ တင်ပြရန်မလိုဘဲ နိုင်ထက်စီးနင်း လုပ်ပိုင်ခွင့် အာဏာ ရရှိထားသည်။

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရိုဟင်ဂျာများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း၏ နောက်ကွယ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လူမျိုးစွဲ ရခိုင်တိုင်းရင်းသာများ ပါဝင်လျက်ရှိသည်မှာ သံသယရှိစရာ မလိုပေ။ သို့သော် ကမ္ဘာက အောင်ဆန်းစုကြည်၌သာ ဝာာဝန်ရှိသည်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အနည်းငယ်သာ အာရုံရှိခဲ့ကြပြီး နိုင်ငံအချို့၏ ပိတ်ဆို့အပြစ်ပေးမှုသာ ရှိခဲ့သည်။
အခြေအနေကို နားလည်သူတချို့ကတော့ အောင်ဆန်းစုကြည်အနေဖြင့် ရိုဟင်ဂျာအရေးအခင်းနှင့် ပတ်သက်၍ အနည်းဆုံး တစ်ခုခုပြောသင့်ကြောင်း၊ လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ ICJ တရားရုံးတွင် သူ့နိုင်ငံကို ခုခံကာကွယ်မပေးသင့်ကြောင်း ငြင်းခုံခဲ့ကြသည်။ ဒါကမှန်နိုင်သော်လည်း သူမက အဲဒီလို လုပ်ခဲ့မည်ဆိုလျှင်တောင် ရိုဟင်ဂျာများမှာ ဒုက္ခသည်စခန်းတွင်သာ ဆက်ရှိနေဦးမည်ဖြစ်ပြီး ပြန်လာ၍လည်းမရ ပြန်လိုချင်စိတ်လည်း မရှိကြပေ။ မြန်မာနိုင်ငံတွင် ဖြစ်သမျှတိုင်း အောင် ဆန်းစုကြည်ကြောင့်ဟု ရှုမြင်ကြသည်။ ကမ္ဘာ၏ အာရုံစိုက်မှုဟာ အမြဲတမ်း မင်းအောင်လှိုင် အပေါ်မှာသာ ရှိသင့်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက မင်းအောင်လှိုင်ကို အမှန်တကယ်မီးမောင်းထိုးပြလိုက် ခြင်းဖြစ်သည်။ သူသည် အစုလိုက်အပြုံလိုက် စွန့်ခွာထွက်ပြေးခဲ့ရသူ ရိုဟင်ဂျာများနှင့် အခြေတည်စ ဒီမိုကရေစီ အဆုံးသတ်ရခြင်းအတွက် တာဝန်ရှိသူ ဖြစ်သည်။ ဩစတြေးလျအစိုးရ၏ အမြင် သဘောထားကို အသိပေးဖို့ မင်းအောင်လှိုင်နှင့် တရားဝင် တွေ့ဆုံရာတွင် ရိုဟင်ဂျာများအပေါ် အင်အားသုံးဖြိုခွင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ သူအနေဖြင့် လုံးဝနောင်တရပုံ မတွေ့ရပေ။ ကျွန်တော်က တစ်စုံတစ်ရာပြောခွင့် မရမီမှာပင် အကျအန ထုဆစ်ခြယ်သထားသော ထိုင်ခုံ ပေါ်ထိုင်လျက် မင်းအောင်လှိုင်က တစ်နာရီကျော်ကြာ ဟောပြောပို့ချတော့သည်။ သူတစ်ဦးတည်း ရှည်လျားထွေပြားစွာ ပြောနေသည့် အကြောင်းအရာများမှာ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံနှင့် မသက်ဆိုင်ဘဲ ရခိုင်ပြည်နယ်ကို သိမ်းပိုက်ရန် ရည်ရွယ်ထားသူများသာဖြစ်ကြောင်းဟူ၍ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ယခုအချိန်တွင် အကြွင်းမဲ့ အာဏာရယူထားပြီဖြစ်ရာ မူလကတည်းက မျှော်လင့်ချက်နည်းပါးသော ရိုဟင်ဂျာများအတွက် ပို၍ပင် စိတ်ဓာတ်ကျစရာဖြစ်ပေမည်။ (မှတ်ချက် − စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ပြုလုပ်သော အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။) အကယ်၍ ကမ်းလှမ်းခံရပါကလည်း လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးက မဖြစ်နိုင်ပေ။ ကာလကြာရှည် အတိဒုက္ခခံစားနေရသော ရိုဟင်ဂျာတစ်သန်းခန့် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မျှော်လင့်ချက်မရှိဘဲ နှစ်ပေါင်းများစွာ ဆက်လက် ဆက်လက်ထိန်းသိမ်းထားခံရမည့် ကံကြမ္မာရှိနေသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနေထားမှာလည်း ကံခေနေပြီဖြစ်သည်။ မဲစာရင်းပြဿနာ၊ မဲမသမာမှုနှင့် အခြားမှားယွင်းမှုတွေကို ရွေးကောက်ပွဲကော်မရှင်က အလေးအနက်ထားတုံ့ပြန်ခြင်း မရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။ သူ့လုပ်ဆောင်ချက်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖြစ်ကြောင်း ပြလိုသည့်နည်းတူ အရေးပေါ်ကာလ တစ်နှစ်ကျော်လွန်ပါက ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပေးမည် ဖြစ်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံတွင် လူအနည်းစုကသာ သူ့သဘောထားကို လက်ခံသည် သို့မဟုတ် သူ့လုပ်ဆောင်ချက်များကို ထောက်ခံကြသည်။
သူ့စကားအတိုင်း တစ်နှစ်အကြာတွင် ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ခြေရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ဤသည်က သူ့အတွက် ထွက်ပေါက်မဟာဗျူဟာနှင့် သမ္မတဖြစ်ရေးလမ်းကြောင်း ဖြစ်လို့ပါ။ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ၂၅ ရာခိုင်နှုန်းကို တိုက်ရိုက်သော်လည်းကောင်း အခြားနိုင်ငံရေးပါတီငယ်များနှင့် ပူးပေါင်း၍ သော်လည်းကောင်း ရရှိနိုင်သည်။ ၎င်းတို့ အစိုးရဖွဲ့စည်းနိုင်ရေးအတွက် ထို ၂၅ ရာခိုင်နှုန်းပဲ လိုအပ်သည်။ အကြောင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လွှတ်တော်နှစ်ရပ် လုံးတွင် ထိုင်ခုံ ၂၅ ရာခိုင်နှုန်း ရရှိထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖားတစ်ပိုင်းငါးတစ်ပိုင်း ဒီမိုကရေစီသာဖြစ်သည်။
စစ်တပ်က ရွေးကောက်ပွဲကော်မရှင်အသစ် ခန့်အပ်ပြီးဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိမည် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၈၃ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက ၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ရာ ကော်မရှင်အနေဖြင့် ခက်ခက်ခဲခဲ လုပ်ဆောင်ရမည်ဖြစ်သည်။
အောင်ဆန်းစုကြည်နှင့် အခြားသော NLD ပါတီခေါင်းဆောင်များအပေါ် အကွက်ကျကျ စီမံထားသည့် ပြစ်မှုများဖြင့် တရားစွဲဆိုထားပြီးဖြစ်ကာ အနာဂတ်ရွေးကောက်ပွဲတွင် သူတို့ပါဝင်လာနိုင်ခြင်း မရှိစေရန် ယခုအခါ ထိန်းချုပ်ခံထားရတဲ့ တရားရုံးတွေကလည်း သူတို့ကို အပြစ်ရှိကြောင်း ပြစ်ဒဏ်ချမှတ်မည်သာဖြစ်သည်။ တရားရုံးများနှင့် ရွေးကောက်ပွဲကော်မရှင်က သမာသမတ်ကျကျ လုပ်ဆောင်မည်ဆိုလျှင်တောင်မှ အောင်ဆန်းစုကြည်၏ ပါတီကလည်း လာမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မည်သာ ဖြစ်သည်။ NLD သာ တရားဝင် ရွေးချယ်တင်မြှောက်ခံ ထားရသော အစိုးရဖြစ်ပြီး လူထုဆန္ဒထပ်မံခံယူခြင်း မပြုဘဲ အုပ်ချုပ်ခွင့်ပြုသင့်ကြောင်း သူမအနေဖြင့် အရေးဆိုမည်ဖြစ်သည်။ တရားဥပဒေနှင့် ပတ်သက်လာလျှင် အောင်ဆန်းစုကြည်က ခိုင်မာပြတ်သားသူ ဖြစ်သည်။
ကျွန်ုပ်အနေဖြင့် အောင်ဆန်းစုကြည်နှင့် အများနှင့်ရော သီးသန့်ပါ ကြိမ်ဖန်များစွာ တွေ့ဆုံဖူးသည်။ အများသူငါရှေ့တွင် သူမသည် ချစ်ခင်နှစ်လိုဖွယ်ရာကောင်းပြီး နှုတ်မှုရေးရာလည်း ကောင်းသူဖြစ်သည်။ သီးသန့်တွေ့ဆုံချိန်တိုင်းတွင် သူမသည် ခံယူချက်ကို တရားသေစွဲကိုင်ထားသူဖြစ်ပြီး အကြောင်း တစ်ခုခုကို လက်လျှော့ပေးခဲသူဖြစ်သည်။ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီက အောင်ဆန်းစုကြည် သည် ကျွန်ုပ်နှင့် ဒီမိုကရေစီရွေးကောက်ပွဲများဆိုင်ရာ အကူအညီပေးနေသော အခြားသံတမန်များကို တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်သို့ မကြာခဏဖိတ်ခေါ်လေ့ရှိသည်။ ထမင်းစားပွဲတွင်ထိုင်ရင်း လာမည့် ရွေးကောက်ပွဲမဲပေးခြင်းများအတွက် ရွေးကောက်ပွဲကော်မရှင်ကော်မရှင်၏ ပြင်ဆင်မှုများနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို နာရီပေါင်းများစွာ ပြောဆိုမေးမြန်းတော့သည်။
မျှတသော ရွေးကောက်ပွဲကျင်းပရေးနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးအစိုးရကို အောင်ဆန်းစုကြည်က အယုံအကြည် မရှိခဲ့ပေ။ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိပြီးနောက် ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုမှုနှင့် ပတ်သက်၍လည်း သူမက စိုးရိမ်ခဲ့သည်။ ဝမ်းပန်းတသာ ဂုဏ်ယူနေကြသော NLD ထောက်ခံသူများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြရန် အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့သည်။ တရားဝင် အာဏာလွှဲပြောင်းခြင်း မပြုမီငါးလတာအထိ သူမသည် မီဒီယာနှင့် တွေ့ဆုံခြင်း မရှိခဲ့သည့်နည်းတူ အစိုးရအဖွဲ့ဝန်ကြီးစာရင်းကိုလည်း ကြေညာခြင်း မပြုခဲ့ပေ။
အောင်ဆန်းစုကြည်အနေဖြင့် သူမပြောသမျှ လုပ်သမျှသည် စစ်တပ်ကိုရန်စသလိုဖြစ်သွားပြီး ၁၉၉၀ ကနည်းတူ နောက်ကြောင်းပြန်ကာ ရွေးကောက်ပွဲပျက်ပြယ်သွားမည်ကို စိုးရိမ်နေခဲ့သည်။ ကျွန်ုပ်တို့ သံတမန်များအနေဖြင့် သူမ၏ စိုးရိမ်မှုကို မျှဝေခံစားခဲ့ခြင်း မရှိဘဲ ၁၅ နှစ်တာ နေအိမ်အကျယ်ချုပ် ကျခံရသူတစ်ဦး၏ ကတုန်ကယင်ဖြစ်မှု၊ သေနတ်ကိုင်ထားသူများနှင့် နီးကပ်နေသောကြောင့်ဟုသာ သဘောထားခဲ့ကြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သူမစိုးရိမ်ထိတ်လန့်ခဲ့သည်မှာ မှန်ကန်ကြောင်း ကမ္ဘာက သဘောပေါက်နားလည်ခဲ့ကြရတော့သည်။
အောင်ဆန်းစုကြည်က ခိုင်မာပြတ်သားပြီး မင်းအောင်လှိုင်က ခေါင်းမာသည်။ သူ့အနေဖြင့် နောက်ပြန်ဆုတ်မည် မဟုတ်ဘဲ ရှေ့အစီအမံများလည်း ဆက်တိုက်လုပ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်ကြီးများ စစ်ယူနီဖောင်းချွတ်ကာ အရပ်သားဝတ်စုံဖြင့် အုပ်ချပ်ရေးအာဏာ ရယူခဲ့သည့် ၂၀၁၁ − ၂၀၁၆ ပြည်ခိုင်ဖြိုးအစိုးရစတိုင်ကိုသာ မင်းအောင်လှိုင်က လိုလားမည်ဖြစ်သည်။ ဤသည်ကား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ’ ဆိုသည့် သူ၏ စိတ်ကူးပင်ဖြစ်သည်။
မေးခွန်းများအနေဖြင့် ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှား ရေရှည်တောင့်ခံနိုင်မလား၊ ငြိမ်းငြိမ်း ချမ်းချမ်းဖြစ်နေမလား၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းပတမ်းတိုက်ခိုက်တာမျိုးကို ရှောင်ရှားမည်လားပင် ဖြစ်သည်။ မင်းအောင်လှိုင်အနေဖြင့် သူ၏တပ်ဖွဲ့ဝင်များဖြစ်သော တပ်မတော် သည် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်သော မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော တိုင်းပြည်စောင့်ရှောက်သူများဟု ရှုမြင်ထားပြီး အဓိကရုဏ်းများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်လာပါက ဝင်ရောက်နှိမ်နင်းကြလိမ့်မည်ဖြစ်သည်။ လက်နက်မဲ့ အရပ်သားပြည်သူများအပေါ် အင်အားသုံး ဖြိုခွင်းရန် အမိန့်ညွှန်ကြားချက်များ ရှိလာပါက မြန်မာစစ်တပ်အတွင်း သဘောထား ကွဲလွဲမှုများ မြင်တွေ့ရနိုင်သည်။
၁၉၈၈ ခုနှစ်တုန်းက ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်းမျိုးက မင်းအောင်လှိုင်၏ စစ်တပ်အကြီးအကဲနေရာအတွက် အန္တရာယ်ဖြစ်စေပါလိမ့်မည်။ စစ်တပ်အသိုင်းအဝိုင်းမှ NLD ကိုမဲပေးခဲ့ကြသော မဲဆန္ဒရှင်များစွာရှိနေပြီး ဗိုလ်ချုပ်မှူးကြီးအပေါ် လက်အောက်ငယ်သား စစ်သားများ၏ အကြွင်းမဲ့ထောက်ခံမှုဟာ တသမတ်တည်း ယုံကြည်ထားလို့ မရပေ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခြင်းက မြန်မာပြည်သူထုနှင့် သူတို့၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို အားပေးထောက်ခံမှုပင် ဖြစ်သည်။ အောင်ဆန်းစုကြည်ကို ဆန့်ကျင်သူဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီးကို မျက်နှာသာပေးလိုက်မည်ဆိုပါက အတိတ်နှင့် ပစ္စုပ္ပန်အခြေအနေ နှစ်ရပ်လုံးတွင် အလွန်အရေးကြီးသော အထင်အမြင်လွဲမှားမှုပင်ဖြစ်သည်။



Comments
Post a Comment