တွေ့ဆုံပွဲတက်ရောက်ခဲ့သူများတွင် ဦးသိန်းညွန့်၊ ဒေါက်တာနေဇင်လတ်၊ ဦးခင်မောင်ဆွေ၊ ဒေါ်သက်သက်ခိုင်၊ မိုက်ကယ်ကျော်မြင့်နှင့် တိုင်းရင်းသားပါတီအချို့မှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၄ ခုမှ ခေါင်းဆောင်များနှင့် ယနေ့ (ဩဂုတ် ၁၄) နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးအပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဒေါက်တာနေဇင်လတ်၊ ဦးခင်မောင်ဆွေ၊ ဒေါ်သက်သက်ခိုင်၊ မိုက်ကယ်ကျော်မြင့်နှင့် တိုင်းရင်းသားပါတီအချို့မှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ပွဲအပြင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးချယ်တင်မြှောက်ရာတွင် သိရှိသင့်သည့် အချက်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်ချုပ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်ရုံးချုပ်ရှိရာ ဇေယျာသီရိမြို့နယ်ရှိ ဘုရင့်နောင်ရိပ်သာခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်လွဲ ၁ နာရီမှ ညနေ ၄ နာရီခွဲခန့်အထိ အချိန်ကြာမြင့်ခဲ့သည်။
ဆွေးနွေးပွဲအပြီး ညနေ ၄ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာလာသည့် နိုင်ငံရေးပါတီခေါင်းဆောင်များ လိုက်ပါလာသည့် မီနီဘတ်စ်ကားလေးစီးပါ ယာဉ်တန်းမှာ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်သို့ ပြန်လည်ဝင်ရောက်သွားသည်ကို Myanmar Now က တွေ့ရှိခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် အခြားပါတီအချို့ကို ဖိတ်ကြားခြင်းမရှိကြောင်း NLD ပါတီမှ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က Myanmar Now ကို ပြောသည်။
"ရွေးကောက်ပွဲနီးလာတဲ့အချိန်ကျတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်ကလည်း သူ့ရဲ့ တူရာတူရာ၊ သူတို့နဲ့ သဘောထားချင်းတူတဲ့ နိုင်ငံရေးပါတီတွေကို ညှိနှိုင်းတာ၊ ဆွေးနွေးတာ၊ ဒါလုပ်နေကြပါပဲ။ တူရာတူရာ ပေါင်းစည်းကြတာပါပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ မှားတယ်မှန်တယ် မပြောလိုပါဘူး"ဟု ၎င်းက ပြောသည်။
ထိုဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ ၃၄ပါတီမှ ပါတီခေါင်းဆောင် ၁၈ ဦးခန့်က ဆွေးနွေးခဲ့ကြပြီး၊ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ပေါ်ပေါက်လာစေရန် ၎င်းတို့ပါတီက ဆွေးနွေးခဲ့သည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဖြိုးကျော်က ပြောသည်။
“အဓိကကတော့ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ပါတီတွေအနေနဲ့ ဘာတွေလိုအပ်နေလဲ၊ သူ့အနေနဲ့ ဆောင်ရွက်ပေးနိုင်တာ ဆောင်ရွက်ပေးမယ်ဆိုတဲ့သဘောမျိုးပါခင်ဗျ" ဟု ၎င်းက ပြောသည်။
ဆွေးနွေးတက်ရောက်ခဲ့သည့် အခြားနိုင်ငံရေးပါတီခေါင်းဆောင်များကို Myanmar Now က ကြိမ်ဖန်များစွာ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ အဖြေမရခဲ့ပေ။
ယနေ့ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန်အတွက် တပ်မတော်ဘက်က ဖိတ်ကြားခြင်းမဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်စီစဉ်မှုဖြင့်သာ တွေ့ဆုံကြခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ယမန်နေ့ညက သတင်းထုတ်ပြန်ထားသည်။
တပ်ချုပ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက် ပထမအကြိမ်တွေ့ဆုံရာတွင် နိုင်ငံရေးပါတီ ၃၂ ခု ပါဝင်ခဲ့သည်။
အမျိုးသားကွန်ကရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်၏ အဆိုအရ ပထမအကြိမ်တွေ့ဆုံမှုကိုလည်း ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ခဲ့သည်ဟု သိရသည်။ ပထမအကြိမ်တွင် ၎င်းတို့ပါတီ ပါဝင်ဆွေးနွေးခွင့်ရခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောသည်။
တပ်မတော်သည် အစိုးရ၏ အုပ်ချုပ်ရေးယန္တယား အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် နိုင်ငံရေးပါတီတစ်ခုခုကဦးဆောင်ပြီး ၎င်းတို့နှင့် နီးစပ်ရာ ပါတီများကို ခေါ်ဆောင်သွားခြင်းမှာ မဖြစ်သင့်ဘဲ နိုင်ငံရေးပါတီအားလုံးနှင့် တွေ့ဆုံခြင်းက ပိုမိုကောင်းမွန်ကြောင်းလည်း ဦးကောင်းမြင့်ထွဋ်က ပြောသည်။
Comments
Post a Comment