"တည်ဆောက်သူကိုနှောင့်ယှက်ပါလျှင်
အဖျက်သမားဖြစ်သွားမည်"
------ ------ ------ ----- -----
နိုင်ငံကျော်တရားဟောဓမ္မကထိက ဥူးကဝိသာရ (မော်ကျွန်းဆရာတော်)က“ဒီကနေ့ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းမှာဖြစ်နေတဲ့ ပြဿနာတိုင်းဟာ ကျဉ်းမြောင်းသော အသိအမြင်၊ အယူအဆသေးသိမ်သော၊ အစွန်းရောက်စိတ်ဓာတ်တွေနဲ့ တဘဝစာအကျိုးကိုပဲ ကြည့်နေကြသူတွေကြောင့် ဖြစ်နေတဲ့ အရာတွေပါပဲ။ မိမိဘဝကိုရော၊ မိမိပတ်ဝန်းကျင်ကိုရော၊ မိမိဘာသာတရားကိုရော၊ နောက်ဆုံး မိမိနိုင်ငံ မိမိလူမျိုးအတွက် ဘယ်လိုမှကောင်းကျိုး ဖြစ်လာစရာမရှိတဲ့ အစွန်းရောက်စိတ်ဓာတ်တွေကို ခဝါချပစ်ကြပါ။မေတ္တာတရားကသာ အရာရာကိုအောင်မြင်နိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်။ အမုန်းစကားတွေ၊ အငြိုးအတေးတွေ၊ အဖျက်လုပ်ရပ်တွေ မလုပ်ကြပါနဲ့တော့လို့ အလေးအနက်ပြောချင်ပါတယ်''ဆရာတော်၏ တရားဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးပါတီတွေရဲ့ အကွဲအပြဲကိုအကြောင်းပြုပြီး ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းခဲ့တယ်။
ဗိုလ်ချုပ်ကြီးနေဝင်း ၂၆ နှစ်။
ဗိုလ်ချုပ်မှူးကြီးစောမောင် ၃ နှစ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၁၉ နှစ်။
နှစ်ပေါင်း ၄၈ နှစ်ကျော်ကာလတိုင် စစ်ခေါင်းဆောင်တွေ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ်။
တပ်မတော်က အမျိုးသားနိုင်ငံရေးကိုဦးဆောင်တယ်လို့ ပြောတယ်။ တိုင်းပြည်ချမ်းသာသွားသလား၊ ဆင်းရဲသွားသလား။ တိုင်းပြည်အေးချမ်းသွားသလား။ ပူပင်လာသလား၊ တရုတ်၊ ကုလားနည်းသွားသလား၊ များလာသလား။ ဝ၊ ကိုးကန့်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အင်အား နည်းသွားသလား၊ များလာသလား၊ လွတ်လပ်မှုအရသာ အပြည့်အဝခံစားနိုင်တဲ့နိုင်ငံ ဖြစ်လာသလား။ လွတ်လပ်မှုလျော့ကျသွားသလား။ အင်အားကြီးမားတဲ့ တပ်မတော်ကိုဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီးတွေအုပ်ချုပ်ကြပေမဲ့ လက်နက်ကိုင် အဖွဲ့အစည်းများလာသလား၊ နည်းသွားသလား။ မအောင်မြင်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး စစ်တန်းလျား သာပြန်တော့မယ်လို့ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောပြီး ဘာကြောင့်မပြန်နိုင်သလဲ။
အစိုးရဆိုတာကို အနက်ဖွင့်ရပါလျှင် ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ်၊ တိုင်းပြည်အကျိုးကိုဆောင်ရွက်ဖို့ အချိန်ကန့်သတ်ချက်နဲ့ စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းဖြစ်ပါတယ်လို့ အနက်ဖွင့်ကြတယ်။
စစ်အစိုးရအဆက်ဆက် ပြည်သူ့ဆန္ဒနဲ့ကိုက်ညီတာတွေ ဘယ်လောက်ဆောင်ရွက်ပေးခဲ့သလဲ။ တိုင်းပြည်အကျိုး ဘယ်လောက်ဆောင်ရွက်ပေးနိုင်ခဲ့သလဲ။ အကျိုးဖြစ်ထွန်းစေသလား၊ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ သလား။ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းဖြစ်ပါသတဲ့။ဘယ်လောက်သစ္စာရှိပါသလဲ။ ကိုယ့်ကိုယ်ကိုယ်ရော ပြည်သူ့ဝန်ထမ်းလို့ သတ်မှတ်ပါသလား။ ဒီနေ့ထိ ပြည်သူ့ဝန်ထမ်းမဟုတ်ဘူးလို့ ပြောနေကြတုန်းပဲလား။
မြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ရဲ့သမိုင်းတွင် စကားတခွန်းရှိခဲ့တယ်။“ကျုပ်ဝန်ကြီးချုပ်ဘဝက ထွက်တဲ့အခါ ကျုပ်ဆီမှာ အရင်ဝန်ကြီးချုပ်မဖြစ်ခင်ကပါလာတဲ့ပစ္စည်းတွေထက် ငွေတကျပ်တပြားပိုပါသွားရင် ကျုပ်ကို 'သူခိုး'လို့ ဝိုင်းခေါ်ကြစမ်းပါ''တဲ့။ ပိုမပါသွားတော့ သူ့ကိုဘယ်သူကမှ ဝန်ကြီးချုပ်ဟောင်းဦးနုကို သူခိုးလို့မခေါ်ကြဘူး။ ဝန်ကြီးချုပ်ဦးနုရာထူးမရှိတဲ့အချိန် ဝန်ကြီးချုပ်နေအိမ်ခြံဝင်းထဲက မြက်လိပ် တွေပြန်သိမ်းယူမသွားခဲ့ဘူး။ အိမ်သာအိုး၊ ရေပိုက်၊ ဘိုထိုင်ခေါင်းတွေ ဖြုတ်ယူမသွားခဲ့ဘူး၊ အိမ်မှာ တပ်ထားတဲ့မျက်နှာကြက်၊ လေအေးပေးစက်တွေဖြုတ်မယူသွားခဲ့ဘူး။ အနိမ့်ဆုံး ကားဂိုဒေါင်ဖျက်မယူသွား ခဲ့ဘူး။ စီးလာတဲ့ကားအပြင် ကားကြီး၊ ကားလတ်၊ ကားငယ်တစီးမှ အပိုယူမသွားခဲ့ဘူး။ မမြင်နိုင်တဲ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ဘာတခုမှ သူမယူသွားခဲ့ဘူး။ ဒါကြောင့် သူ့ကိုဝန်ကြီးချုပ်သူခိုးကြီး ဦးနုလို့မစွပ်စွဲ၊ မခေါ်နိုင်ကြဘူး။
မြန်မာနိုင်ငံအတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်မည့်ကာလမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က စကားတခွန်းပြောခဲ့ဖူးတယ်။ ''ပုဂ္ဂိုလ်တွေ ရွေးချယ်နေတာမဟုတ်ဘူး၊ စနစ်သစ်တခုကို ရွေးချယ်နေတာပါလို့ သတိပေးပါရစေ။ ဒီနိုင်ငံရဲ့စနစ်သစ်ကို ပြောင်းနိုင်တဲ့ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဆိုတာ ကျွန်မ ရဲရဲဝံ့ဝံ့အာမခံပါတယ်''တဲ့။ သူပြောတာ မှန်၊ မမှန် ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားကြည့်စေချင်တယ်။ ရန်ကုန်မြို့ပေါ်မှာပြေးဆွဲနေတဲ့ ဘတ်စကားလိုင်းစနစ်ကို ပြောင်းလဲဖြစ်လိုက်တယ်။ အလျဉ်းသင့် လို့ပြောပါရစေ။ ယခင်က ရန်ကုန်မြို့ပေါ်မှာပြေးဆွဲနေတဲ့ မထသကားစီးရေ ၆ဝဝဝ ကျော်ရှိပါတယ်။ တနေ့တာ ဝင်ငွေ ကျပ် ၃၆ သိန်းဖြစ်ပါတယ်။ YBS ဘတ်စကားစနစ်ကိုပြောင်းလိုက်ပါတယ်။ ကားအစီးရေ ၃၇ဝဝ နဲ့ပြေးဆွဲတာ တနေ့တာဝင်ငွေ ကျပ်သိန်း ၁၂ဝ ဖြစ်ပါသတဲ့။ ဘတ်စကားစီးရေလျော့သွားတာတောင် ဝင်ငွေက တနေ့တာ သိန်း ၃၆ သိန်းက ၁၂ဝ သိန်းထိတိုးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလက်မခံနိုင်တဲ့ အချက်အချို့ကိုလေ့လာကြည့်ရင် တစ္ဆေစီးထားတဲ့အာဏာကို ရင်ခွင်ထဲထည့်ထားချင်သည်က အဓိကလို့ပြောပြချင်တယ်။ တနိုင်ငံလုံးက အများစုမဲပေးလို့ အစိုးရဖွဲ့နိုင်ခဲ့ပြီး ဒီတော့ ပြည်သူတွေထောက်ခံကြသည်ပေါ့။ ဂျပန်က စာသင်ကျောင်းစာသင်ရိုးညွှန်းတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထည့်သင်တယ်။ ဂျပန်လူမျိုးတွေ မကန့်ကွက်ခဲ့ဘူး။ ထိုင်းနိုင်ငံမှာ သင်ရိုးစာထဲ ဒေါ်အောင်ဆန်းစုကြည်အကြောင်းထည့်သွင်း သင်ကြားနေတယ်။ စင်ကာပူနိုင်ငံရဲ့ကျောင်းနံရံတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တွေကပ်ထားခဲ့ တယ်။ နော်ဝေနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတည်ခဲ့တယ်။ နော်ဝေသားတွေပျော်လို့ရွှင်လို့ လက်ခံကြတယ်။ တရုတ်နိုင်ငံက နောက်ဆုံးတွေ့ရှိတဲ့သစ်ခွပန်းကို ဒေါ်အောင်ဆန်းစုကြည်ပန်းအမည် သတ်မှတ်ခဲ့တယ်။
မြန်မာနိုင်ငံရဲ့တရားဥပဒေမဏ္ဍိုင် ဘယ်လောက်တည့်မတ်ခဲ့သလဲ ပြန်ကြည့်ရင် တချိန်ကဆေးခြောက် တကျပ်သားထောင်ခြောက်နှစ်ကျခဲ့သူတွေရှိသလို၊ တသက်လုံးဘိန်းချလာတဲ့လူတွေ သူကောင်းပြုခံနေ ရတာမြင်ရမယ်။ အများပြည်သူရုံးထဲ ဓာတ်ပုံရိုက်တဲ့သတင်းထောက် ပိုင်နက်ကျူးလွန်မှုဖြစ်နိုင်သလို သူများရွာထဲ ဘူဒိုဇာနဲ့ထိုးပြီးဖျက်ခဲ့သူတွေ နိုင်ငံထိပ်တန်းရာထူးထိ တက်ဖြစ်ခဲ့တယ်။ သစ်တပင်ခုတ်လို့ ထောင် ၃ နှစ်ကျသွားနိုင်ပေမဲ့ တတောလုံးတတောင် လုံးခုတ်တဲ့သူများက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ထောင် ၈ ရက်ပဲကျသွားနိုင်တဲ့နိုင်ငံကိုပြင်ဖို့ အစိုးရဖြစ်လာတာဖြစ်တယ်။ များပြားလှတဲ့ မတရားမှုတွေကို ကိုယ်နဲ့မဆိုင်ဘူးဟု သဘောထားခဲ့ရင် တချိန်ချိန်မှာကိုယ့်အိမ်ကို မတရားမှုက တံခါးလာခေါက်တော့မယ်။
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လင်နဲ့သားနှစ်ယောက်ကိုစွန့်ပစ်ပြီး အကြွေးပတ်လည်ဝိုင်းရံလျက်ရှိပြီး စုတ်ပြတ်နေတဲ့နိုင်ငံကို ဘက်စုံဖွံ့ဖြိုးအောင်တည်ဆောက်နေတဲ့ အသက် ၇၄ နှစ်အရွယ် ကမ္ဘာကျော် မုဆိုးမကြီး၊ ဒီမုဆိုးမကြီးကိုမကူညီဘဲ ကျေးဇူးကန်းစကားတွေပြောနေတာ အလွန်အောက်တန်းကျလွန်းပါ တယ်။ ဘယ်သူကမှ အသိအမှတ်ပြုဖို့ မလိုပါဘူး။ ကိုယ့်လိပ်ပြာက အသိအမှတ်ပြုရင် လုံလောက်ပါပြီတဲ့။
ဒေါ်အောင်ဆန်းစုကြည်မှာ လေးစားစရာများစွာရှိတဲ့အနက် သူရခဲ့တဲ့ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် US ဒေါ်လာ ၁.၃ သန်း၊ သူရေးတဲ့စာအုပ်အတွက် US ဒေါ်လာ ဝ ဒသမ ၉ သန်း၊ စုစုပေါင်း ၂.၂ သန်း ခန့်မှန်း မြန်မာငွေ ၃ဝဝဝ သန်းကို မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် လှူခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်မှာ ချစ်စရာ၊ လေးစားအထင်ကြီးစရာ များစွာအနက်က အချက်တချက်ပြပါဆိုလျှင်အကျိုးမရှိ အောက်တန်းကျတန်ဖိုးမဲ့ သိမ်ဖျင်းတဲ့ကိစ္စတွေကို မတွေးဘူး၊ မပြောဘူး၊ မလုပ်ဘူး။ သူ့အပေါ် ကြံစည်စွပ်စွဲ၊ နှိမ့်ချမှုတွေ ပြုလုပ်နေသူတွေကိုလည်း ပြန်မရှင်းဘူး။ သူ့တန်ဖိုးနှိမ့်ချပြီး တန်းမညှိဘူး။ သူလျှောက်ရမယ့် လမ်းကို အကောင်းဆုံးနဲ့အမှန်ဆုံးဖြစ်အောင် လျှောက်မယ်။ ခြောက်တိုင်း မကြောက်ဘူး။ တည်ငြိမ်စွာ ပွင့်လင်းစွာလျှောက်ရင်း တိုင်းပြည်တိုးတက်အောင်လုပ်နေတဲ့ အချက်ပါပဲ။
ဒါတွေဟာ ချစ်စရာကောင်းသော၊ လေးစားအထင်ကြီးစရာကောင်းသော အချက်များအနက် တချက်သာ ဖြစ်ပါတယ်။ တည်ဆောက်နေကြသည်၊ မဖျက်ဆီးပါနဲ့ဟူ၍ . . . . . ။
စာပေသစ္စာဖြင့်
ဟင်္သာ (တောင်တွင်းကြီး) News Watch
ပြန်လည်ဝေမျှပါသည်
ပြည့်ဖြိုးမောင်မောင်
Comments
Post a Comment