25 June 2020 06:02(+0630) (၁ ရက် ခန့်က)
(Unicode)⤵⤵⤵
မြန်မာအစိုးရရဲ့ ဘတ်ဂျက်အသုံးစရိတ်မှာ စစ်တပ်ရဲ့ အသုံးစရိတ်ဟာ အများဆုံး ဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ် နှစ်ခုပေါင်းထက် များပါတယ်။ တိုင်းပြည်နှစ်စဉ် အသားတင်ထုတ်လုပ်မှုရဲ့ (၃) ရာခိုင်နှုန်းလောက်ကို စစ်တပ်က သုံးစွဲနေတာပါ။ အစိုးရအသုံးစရိတ်ရဲ့ (၁၅) ရာခိုင်နှုန်းနီးပါး စစ်တပ်ကို ပေးရတာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်ကစပြီး ပညာရေးနဲ့ ကျန်းမာရေးစရိတ် နှစ်ခုပေါင်းဟာ စစ်တပ်အသုံးစရိတ်ထက် ပိုများလာတာ တွေ့ရပါတယ်။ အသုံးစရိတ်အများဆုံးရတဲ့ စစ်တပ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း အများအပြား ရှိပါသေးတယ်။
NLD အစိုးရလက်ထက်မှာ စစ်တပ်အသုံးစရိတ်ကို ပထမဆုံးအကြိမ် ဖြတ်တောက်နိုင်တာဟာ ဒီနှစ်ရဲ့ ထူးခြားချက်တခုလို ဖြစ်ပါတယ်။ ဖြည့်စွက်ဘတ်ဂျက်အနေနဲ့ ကာကွယ်ရေးဌာနက စစ်တပ်အသုံးစရိတ် ကျပ်သန်း (၁) သိန်း (၉) သောင်းကျော် တောင်းခံတာကို လွှတ်တော်က ကျပ်သန်း (၁) သောင်းကျော် ဖြတ်တောက်လိုက်ပါတယ်။ ကာကွယ်ရေးစရိတ်ကို (၁၀) ရာခိုင်နှုန်းလောက်သာ လျှော့ချတာ ဖြစ်ပေမယ့် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်လို့ ထူးခြားသလို ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းအတွင်းမှာ စစ်အသုံးစရိတ် လျှော့ချတာမျိုး မရှိခဲ့ပါဘူး။
တပ်မတော်အသုံးစရိတ်ကို ဦးဆောင်စစ်ဆေးသူဟာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ပါ။ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒေါက်တာမေဝင်းမြင့်က ကျပ်သန်း (၂) သောင်း၊ (၂) ထောင်ကျော် ဖြတ်တောက်ဖို့ ပထမဆုံး တင်ပြခဲ့တယ်လို့ သိရှိရပါတယ်။ အမှုထမ်းပို့ဆောင်ရေးစရိတ်၊ ပစ္စည်းပို့ဆောင်ရေးစရိတ်၊ အဆောက်အဦးထိန်းသိမ်းရေးစရိတ်၊ ပညာရှင်ငှားတဲ့စရိတ် စတာတွေကို ဖြတ်တောက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးဌာန စစ်ထောက်ချုပ်မှာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတဲ့အခါမှာ မူလဖြတ်ထားတဲ့ ပမာဏရဲ့ တဝက်လောက်ကိုသာ ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ကျပ်သန်း (၂) သောင်းကျော် ဖြတ်တောက်ဖို့ တင်ပြပေမယ့် ကျပ်သန်း (၁) သောင်းကျော်သာ ဖြတ်တောက်နိုင်တဲ့သဘော ဖြစ်ပါတယ်။
စစ်တပ်အသုံးစရိတ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အသေးစိတ် စီစစ်တာမျိုး မရှိခဲ့ဘူးလို့ ကိုယ်စားလှယ်တွေဘက်က ထောက်ပြတာကို VOA သတင်းထောက် မေခ က မေလ (၂၇) ရက်နေ့က သတင်းပို့ပြီး ဖြစ်ပါတယ်။ လွှတ်တော်သက်တမ်းမှာ စစ်တပ်ဘတ်ဂျက်ကို စစ်ဆေးခွင့်မရှိဘူးလို့ မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုကြောင်း သိရပါတယ်။ စာရင်းစစ်တဲ့အခါမှာလည်း အရပ်ဘက်ကို စစ်ခွင့်မပြုဘဲ တပ်မတော်စာရင်းကပဲ စစ်တယ်လို့ ဆိုပါတယ်။ စစ်ဆေးတာကိုလည်း လွှတ်တော်ရဲ့သီးသန့် (၁၅) ဦး ကော်မတီကသာ ကြည့်ရှုခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ လျှို့ဝှက်ချက်ဖြစ်လို့ အပြင်ကို ထုတ်ပြောခွင့် မရှိဘူးလို့ ဆိုပါတယ်။ အစိုးရပေးတဲ့ အသုံးစရိတ်ကို စစ်တပ်က ဘယ်လိုသုံးစွဲနေတယ်ဆိုတာကို ဘယ်လိုမှ မသိနိုင်ကြောင်း ဦးအောင်လှိုင်ဝင်းက ရှင်းပြပါတယ်။
စစ်တပ်အသုံးစရိတ် ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ ကာကွယ်ရေးဝန်ကြီးက အိမ်နီးချင်းနိုင်ငံတွေကိုကြည့်ဖို့ သတိပေးသွားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးစရိတ်က မြန်မာထက်များတာကို ရည်ညွှန်းသွားတာပါ။ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗိယက်နမ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ရဲ့ စစ်တပ်အသုံးစရိတ်ဟာ မြန်မာထက်များပေမယ့် ကျခံတဲ့အနေအထားမှာ ရှိကြပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ အသုံးစရိတ်ဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးကြီးလို ဖြစ်နေတာကို သိဖို့လိုပါတယ်။ ထိုင်းစစ်တပ်ရဲ့ အသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ (၇) ရာခိုင်နှုန်းသာရှိပြီး တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှုရဲ့ (၁) ဒဿမ (၄) ရာခိုင်နှုန်းသာ ရှိပါတယ်။ တပ်မတော်ရဲ့ အသုံးစရိတ်ကတော့ အစိုးရအသုံးစရိတ်ရဲ့ (၁၅) ရာခိုင်နှုန်းနီးပါးရှိပြီး တိုင်းပြည်ထုတ်လုပ်မှုရဲ့ (၃) ရာခိုင်နှုန်း ရှိနေပါတယ်။
သဘာဝသယံဇာတ ကြွယ်ဝပြီး၊ လူသားရင်းမြစ်ရှိတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းဒေသက နိုင်ငံ (၁၈) နိုင်ငံ၊ မဖွံ့ဖြိုးမတိုးတက်ရတဲ့အကြောင်းကို ၂၀၁၉ ဧပြီလထုတ် International Journal of Emerging Markets စာစောင်မှာ ဖော်ပြပါတယ်။ အစိုးရအကြွေးများပြားမှု၊ စစ်တပ်စရိတ်ကြီးမားမှု၊ အဂတိလိုက်စားမှု၊ အတတ်ပညာ အဆင့်အတန်း နိမ့်ကျမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုဟာ တိုင်းပြည်ရဲ့ ရေရှည်ကုန်ထုတ်လုပ်မှုကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ အကြွေးတင်ရှိမှု၊ စစ်စရိတ်ကြီးမားမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကတော့ လက်ရှိအသားတင်ထုတ်လုပ်မှုကို ကျဆင်းစေတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်၊ ချင်း၊ ရှမ်းနဲ့ ကချင်ပြည်နယ်က စစ်ဆင်ရေးတွေကို အကြောင်းပြပြီး စစ်တပ်က အသုံးစရိတ် တိုးတောင်းတာ ဖြစ်ပါတယ်။ စစ်ဆင်ရေး အောင်မြင်တဲ့ အတိုင်းအတာပေါ်မှာ မူတည်ပြီး စစ်တပ်ရဲ့ ချုပ်ကိုင်မှုနယ်ပယ်လည်း ကျယ်ပြန့်သွားနိုင်ပါတယ်။ စစ်တပ်ရဲ့ သြဇာအာဏာကို ရွေးကောက်ပွဲနည်းနဲ့ ကျားကန်ပြီး တည်ဆောက်ထားတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးနေတာဖြစ်လို့ စစ်တပ်ဟာ အရပ်သားအစိုးရထမ်းရွက်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလို ဖြစ်နေပါတယ်။ ဒါဟာ တိုးတက်ဖွံ့ဖြိုးရေးအတွက်ရော ဒီမိုကရေစီ ရှင်သန်ရေးအတွက်ရော အလားအလာမကောင်းကြောင်း တင်ပြလိုက်ရပါတယ်။
ဦးအောင်ခင် / ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
Comments
Post a Comment