Skip to main content

စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့

"စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့…."
***********************
မကြာခင်က ရန်ကုန်မြို့လယ်မှာ လုပ်ခဲ့တဲ့ "တပ်မတော်ထောက်ခံပွဲ" စင်မြင့်မှာ သင်္ယန်းဝတ်တဦးက "သူတို့အမေလို အနမ်းနဲ့ ကြိုမှာ မဟုတ်ဘူး၊ ဂန်းနဲ့ ကြိုမှာ" လို့ ကြိမ်းလိုက်တော့ ငပိန်းတွေ လက်ခုပ်တဖြောင်းဖြောင်း တီးကြတယ်။ ကျနော်ကတော့ မပြုံးဘဲ ဝါးလုံးကွဲသာ ရယ်လိုက်ချင်တယ်။ ခေတ်ပြောင်းသွားတာ ကြာလှပြီ။ ၂၁ ရာစုထဲမှာ ၁၉ ရာစု စစ်တိုက်နည်းတွေ သုံးစားလို့ မရတော့ဘူးဆိုတာ သူလို သင်္ကန်းခြုံတစ်ယောက်မပြောနဲ့ မြန်မာဗိုလ်ချုပ်တွေတောင် ခုထက်ထိ100% နားမလည်၊ သဘောမပေါက်ကြသေးဘူး။
ခုခေတ်မှာ စစ်သည်ချင်း မျက်နှာချင်းဆိုင် ပစ်ခတ်တိုက်ခိုက်ဖို့ အခွင့်အလမ်းက အလွန်နည်းသွားပြီး ခေတ်မီနည်းပညာတွေနဲ့ အဝေးကလှမ်း ချေမှုန်းကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာ ပြထားတာ အမေရိကန်စစ်သားတွေ ဂိမ်းဆော့နေတာ မဟုတ်ဘူး။ မောင်းသူမဲ့ ဒရုန်းတိုက်လေယာဉ်တွေကို ထိန်းချုပ်မောင်းနှင်ပြီး စစ်ဆင်ရေးဆင်နွှဲနေတာပါ။
စစ်မြေပြင်နဲ့ မိုင် ၃,၀၀၀ ကျော်အကွာအဝေးက ထိန်းချုပ်တိုက်ပွဲဝင်နေတဲ့ Morden စစ်သည်တွေကို မြန်မာပြည်ကတစ်ယောက်က ဂန်းနဲ့ကြိုမယ်လို့ ကြိမ်းဝါးနေတာ ဘယ်လောက် ရယ်ရသလဲဗျာ။
ခေတ်မီစစ်တပ်တွေမှာ မောင်းသူမဲ့ ဒရုန်းတိုက်လေယာဉ်တွေ တွင်တွင်ကျယ်ကျယ် သုံးလာတော့ အာဖဂန်နစ္စတန်၊ အီရတ်၊ ပါကစ္စတန်နိုင်ငံတွေမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်ခေါင်းဆောင် အတော်များများဟာ ဘယ်နေရာကနေ ဘာလက်နက်နဲ့ ပစ်လိုက်မှန်းတောင် မသိဘဲ အရိုးတခြား အသားတခြား ဖြစ်သွားကြတယ်။
ခေတ်မီ မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ မသုံးရင်တောင်၊ အဝေးက ဒုံးကျည်၊ အမြောက်တွေနဲ့ ထောင်းလမောင်းကျေအောင် အရင်ဖြိုပြီးမှ တင့်ကားတွေ၊ သံချပ်ကားတွေနဲ့ ခြေလျင်တပ်တွေ တက်လာမှာပေါ့။
ဒါမျိုးတိုက်ရင်လည်း မြန်မာလေတပ်က ခုခံကာကွယ်ဖို့ မဆိုထားနဲ့ ကိုယ့်ဖာသာ ပျက်မကျဘဲ လေထဲမှာ ပျံနိုင်အောင် မနည်း ကြိုးစားနေရတဲ့ အခြေအနေပဲ။
အရင်နှစ်က မြန်မာ့ကြည်းရေလေတပ်ဖွဲ့တွေ ပူးပေါင်းဆင်နွှဲတဲ့ "ဆင်ဖြူရှင်စစ်ရေးလေ့ကျင့်ပွဲ" ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ သူတို့ရဲ့ ကာချုပ်ရှေ့မှာတောင် ပစ်မှတ်လွဲတာမျိုး အမှားမှားအယွင်းယွင်းတွေ ရုပ်မြင်သံကြားမှာ အတိုင်းသားမြင်နေရတယ်။ သုံးနေတဲ့ သင်္ဘော၊ လေယာဉ်၊ ရဟတ်ယာဉ်တွေကလည်း ဒိတ်အောက်နေတဲ့ အန်းတိတ်ကြီးတွေမှန်း အဝေးကပင် မြင်နိုင်ပါသည် ဖြစ်နေတယ်။
တိုင်းပြည်ဘဏ္ဍာငွေ ဘတ်ဂျက်အများဆုံးသုံးပြီး ဒီလိုအဟောင်းအမြင်းတွေပဲ ဝယ်ထားတာ ပိုက်ဆံတွေ ဘယ်သူ့အိတ်ထဲ ရောက်သွားသလဲလို့ ကျနော်ဝေဖန်တော့ စစ်ဗိုလ်၊ စစ်သားအတော်များများက ကျနော့ကို လာဆဲကြသဗျ။ သူတို့ အချောင်သေမှာစိုးလို့ သူတို့ဘက်က စေတနာနဲ့ ပြောပေးမှန်းကို နားမလည်ကြဘူး။ ခုတော့ နှစ်နှစ်အတွင်း လေတပ်က လေယာဉ်နဲ့ ရဟတ်ယာဉ် ၉ စင်းပျက်ကျပြီး လူ ၁၃၀ ကျော် သေပြီးပြီလေ။
အန်းတိတ် စစ်ပစ္စည်းတွေနဲ့ တလွဲတချော် မြန်မာ့တပ်မတော်ရဲ့ "ဆင်ဖြူရှင်စစ်ရေးလေ့ကျင့်မှု" ကို အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံက စစ်တပ်တွေကလည်း စောင့်ကြည့်ပြီး အသေးစိတ် လေ့လာဆန်းစစ်ကြမှာပါ။ သူတို့လည်း ကြိတ်ရယ်နေကြမှာပဲ။
ရခိုင်မြောက်ပိုင်းအရေးအခင်းကြာင့် မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တင်ဖို့ စိုင်းပြင်းနေချိန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဖို့ ဖိအားပေးနေချိန်မှာ စစ်ရေးစွက်ဖက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ပြဿနာဖြစ်နေတဲ့ ရခိုင်ပြည်နယ် တစိတ်တဒေသကို နိုင်ငံစုံတပ်တွေ ဝင်သိမ်းပြီး ဘေးကင်းဇုံ (safe zone) ထူထောင်ပေးဖို့ တောင်းဆိုနေတာ ကြာပါပြီ။ နိုင်ငံစုံတပ်မှာ ဝင်တိုက်ပေးချင်တဲ့ မူစလင်နိုင်ငံတွေ ရိုက်သတ်လို့ မကုန်ဘူး။ (တခြားနိုင်ငံတပ်တွေ မြန်မာ့နယ်မြေကို လာသိမ်းတာမျိုး ကျနော် လုံးဝ မလိုလားဘူး။ မကြိုက်ဘူး။ ဖြစ်လာနိုင်တဲ့အခြေအနေကို ပြောနေတာပါ။)
မြန်မာပြည်မှာ အဲဒီလို အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန်မှာ ဆော်ဒီအာရေဗျ ခရီးသည်တင် ဂျက်လေယာဉ်ကြီး ရန်ကုန်မြို့ပေါ်ကို ခွင့်ပြုချက်မရှိဘဲ ဖြတ်ပျံသွားတဲ့ ကိစ္စ ဖြစ်ခဲ့တယ်။ မသိလိုက်ကြဘူး။ အင်ဒိုနီးရှားက ကုန်သင်္ဘော အကြီးကြီးတစင်းကို ဘင်္ဂလားဒေ့ရှ် ဆွဲသင်္ဘောက ဆွဲလာရင်း မြန်မာ့ပင်လယ်ပြင်အနီးမှာ မုန်တိုင်းကြောင့် ကြိုးပြတ်သွားသတဲ့။ လူမပါတဲ့ အဲဒီသင်္ဘောကြီး မြန်မာ့ပိုင်နက်ရေပြင်ထဲကို ဝင်လာပြီး သုံးခွမြို့နား ကမ်းခြေနဲ့ ၃ မိုင်အကွာလောက်မှာ သောင်တင်နေတော့မှ တံငါသည်တွေ ပြောလို့ မြန်မာအာဏာပိုင်တွေ သိကြရပါတယ်။
အခုပြောခဲ့တဲ့ ဖြစ်ရပ်နှစ်ခုစလုံးမှာ ပါဝင်ပတ်သက်တဲ့ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံစလုံးဟာ OIC အဖွဲ့ဝင် မူစလင်နိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့ ဖြေရှင်းချက်ပေးသလို သွေးရိုးသားရိုး မတော်တဆ ဖြစ်ရပ်လား၊ မြန်မာ့လုံခြုံရေးစည်းကို အကဲစမ်းတာလားဆိုတာ သူတို့ပဲ သိလိမ့်မယ်။ ကိုယ့်ဘက်က ပေါ့လျော့ ညံ့ဖျင်းတာတော့ ငြင်းမရဘူး။
တကယ်လို့များ စစ်ဖြစ်ခဲ့ရင် အခု ၂၁ ရာစုမှာ ရှေးရှေးကလို သေနတ်နဲ့ပစ်၊ လှံစွပ်တက်ထိုးဖို့ထက် မောင်းသူမဲ့ ဒရုန်းတွေ၊ လေဆာလမ်းညွှန် ဒုံးကျည်တွေ၊ ဂြိုဟ်တုက ပစ်မှတ်ရှာတဲ့ အမြောက်လက်နက်တွေနဲ့ အရင်ဆုံးတွေ့ရမှာပါ။ ဒါကတော့ စစ်ကို စစ်ပွဲလိုတိုက်ခိုက်ပြီး နယ်မြေသိမ်းပိုက်တဲ့နည်းပေါ့။
စစ်ကို စစ်ပွဲလိုတိုက်တယ်ဆိုတော့ တခြားဘယ်လိုနည်းများ ရှိသေးလို့လဲ။ တခြားတိုင်းပြည်၊ နယ်မြေတစ်ခုကို စစ်တပ်နဲ့ သိမ်းပိုက်တယ်ဆိုတာ လူအင်အားရော၊ စစ်စရိတ် ငွေအင်အားရော အများကြီး သုံးရပါတယ်။ နိုင်ငံရေးအရလည်း အကြောင်းပြချက်တွေ၊ ဖြေရှင်းချက်တွေ တပုံတပင် ဦးနှောက်အလွန်စားတယ်။ ခုခေတ်မှာ သူများတိုင်းပြည်ကို သိမ်းစရာမလိုဘဲ အမြတ်အစွန်း သပိတ်ဝင်အိတ်ဝင်ရအောင် ဉာဏ်စွမ်းနဲ့ တိုက်ယူတာပေါ့။
စင်ကာပူနိုင်ငံကို ထူထောင်ခဲ့တဲ့ လီကွမ်းယူ ဝန်ကြီးချုပ်ဘဝမှာ သူ့ပြည်သူတွေကို ပြောခဲ့တဲ့ ကမ္ဘာကျော် စကားတစ်ခွန်း ရှိခဲ့တယ်။ "ပညာတတ်အောင်သင်ရင် သူ့အလိုလို ကျွန်လာခံလိမ့်မယ်" တဲ့။ သူ့စကားက သွေးထွက်အောင် မှန်တယ်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယလို တိုင်းပြည်ကလူတွေတောင် စင်ကာပူမှာ လိုလိုလားလား ကျွန်သွားခံနေရတယ်မဟုတ်လား။ ဒါကတော့ ပညာတတ်တို့ရဲ့ ဉာဏ်နဲ့တိုက်တဲ့ စစ်ပွဲပါ။
နောက်ဆုံးတစ်နည်းကတော့ အင်မတန် ကြောက်စရာကောင်းပါတယ်။ အဲဒီနည်းကိုတော့ တိုင်ပန်တို့ရဲ့စစ် (Taipans' War) လို့ ကျနော့ဖာသာ နာမည်ပေးထားတယ်။ တိုင်ပန် (大班) ဆိုတာ ထိပ်သီးကြီး၊ စီးပွားရေးအင်ပိုင်ယာကြီးတစ်ခုကို စိုးမိုးခြယ်လှယ်တဲ့ ဩဇာရှိ ခေါင်ချုပ်သူဌေးကြီးလို့ တရုတ်ဘာသာနဲ့ ခေါ်တာဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ မဟာဗျူဟာအချက်အချာ ပင်လယ်ရေကြောင်းလမ်းအနီးက ဟမ်ဘန်တိုတာဆိပ်ကမ်းနဲ့ အနီးတဝိုက် မြေဧက ၁၅,၀၀၀ ကို တရုတ်နိုင်ငံက ဒီနည်းနဲ့ သိမ်းယူလိုက်တာပါ။ သီရိလင်္ကာအစိုးရခမျာ ဘာဆိုဘာမှမတတ်နိုင်ဘဲ ခေါင်းငိုက်စိုက်နဲ့ ထိုးအပ်လိုက်ရတဲ့ ဘဝပါပဲ။
အသုံးဝင်မှုလေ့လာဆန်းစစ်ချက်အရ ဟမ်ဘန်တိုတာဆိပ်ကမ်းဟာ အစကတည်းက အလုပ်မဖြစ်ဘူးဆိုတဲ့ အဖြေထွက်ပါတယ်။ ဒါကြောင့် စီမံကိန်းမှာ ငွေရင်းမြှုပ်နှံဖို့ အိန္ဒိယကို အရင်ဆုံး ကမ်းလှမ်းတဲ့အခါ ငြင်းလိုက်တယ်။ ဒါပေမဲ့ တရုတ်အစိုးရက ငွေချေးဖို့ကမ်းလှမ်းပြီး မြှောက်ပေးခဲ့တယ်။ သီရိလင်္ကာအစိုးရနဲ့ သဘောတူစာချုပ်ချုပ်ပြီး၊ တရုတ်အစိုးရပိုင် ချိုင်းနားဆိပ်ကမ်းအင်ဂျင်နီယာကုမ္ပဏီက ဆောက်လုပ်ခဲ့တယ်။ မူလခန့်မှန်းတာထက် ကုန်ကျစရိတ်တွေ ပိုများလာတဲ့အခါ ဘတ်ဂျက်လိုငွေတွေကိုလည်း တရုတ်က ရှောရှောရှူရှူ အလီလီ ထုတ်ချေးခဲ့ပါတယ်။ သီရိလင်္ကာအစိုးရဟာ နိုင်ငံတကာ ချေးငွေတွေ စုပုံများပြားလာတော့ ဘဏ္ဍာရေး အကျပ်အတည်းဆိုက်လာခဲ့တယ်။
အခု ၂၀၁၈ ခုနှစ်မှာ သီရိလင်္ကာအစိုးရရဲ့ ဝင်ငွေစုစုပေါင်းဟာ ၁၄.၈ ဘီလျံသာ ရှိပေမဲ့ တရုတ်အပါအဝင် နိုင်ငံတကာချေးငွေတွေကို ပြန်ဆပ်ရမယ့် ငွေပမာဏကတော့ ၁၂.၃ ဘီလျံတောင် ရှိနေတယ်။ အကြွေးလည်ပင်းခိုက်နေတဲ့ သီရိလင်္ကာအစိုးရက တရုတ်အစိုးရနဲ့ စာချုပ်ကို ပြန်လည်ညှိနှိုင်းတဲ့အခါမှာတော့ ဟမ်ဘန်တိုတာဆိပ်ကမ်းနဲ့ ပတ်ဝန်းကျင် မြေဧက ၁၅,၀၀၀ ကို ၉၉ နှစ် အငှားစာချုပ်နဲ့ တရုတ်လက်ကို ထိုးအပ်ခဲ့ရတော့တာပါပဲ။
ဒီဆိပ်ကမ်းစီမံကိန်းကို လုပ်ဆောင်ခဲ့တဲ့ မဟင်ဒါ ရာဂျာပတ်စာဟာ ၂၀၀၅ ခုနှစ်မှာ အာဏာရပြီး သမ္မတဖြစ်လာခဲ့တာပါ။ သူအာဏာရစဉ်အခါမှာ တမီးလ်ခွဲထွက်ရေးသူပုန်အဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ အမြစ်ပြုတ်အောင် လက်သံပြောင်ပြောင် တိုက်ခိုက်ခဲ့လို့ နာမည်ကြီးပါတယ်။ ဗုဒ္ဓဘာသာအများစုနိုင်ငံ သီရိလင်္ကာမှာ တမီးလ်လူမျိုး ဟိန္ဒူဘာသာဝင်တွေက ခွဲထွက်ဖို့ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ စစ်ပွဲဖြစ်နေတာ နှစ်အတော်ကြာပါပြီ။
သမ္မတ ရာဂျာပတ်စာလက်ထက်မှာ တိုက်ပွဲအရှိန်အမြင့်ဆုံးထိ ပြင်းထန်ခဲ့လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် သီရိလင်္ကာစစ်တပ်နဲ့ အစိုးရအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုတွေ ကျယ်လောင်ဆူညံနေပါတယ်။ နိုင်ငံတကာ အပယ်ခံဖြစ်လာတဲ့ ရာဂျာပတ်စာရဲ့အစိုးရဟာ တရုတ်ကိုသာ အားထားပြီး ကုလသမဂ္ဂမှာ ခုခံကာကွယ်နေခဲ့ရတဲ့ ဘဝပါ။ (မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ဘယ်လောက်တူသလဲဆိုတာကို နှိုင်းယှဉ်ပြတာ ဖြစ်ပါတယ်။)
သမ္မတ ရာဂျာပတ်စာ ၂၀၁၅ ခုနှစ်မှာ မဲရှုံးလို့ ပြုတ်သွားပြီး၊ သီရိလင်္ကာအစိုးရ ဘဏ္ဍာရေးမျက်ဖြူဆိုက်နေချိန်မှာ တရုတ်က ချေးငွေတွေနဲ့ လည်မျိုထပ်ညှစ်ပြီး နယ်မြေသိမ်းလိုက်တာပါပဲ။ ဒီနည်းဟာ ကိုလိုနီခေတ်တုန်းက မြန်မာနိုင်ငံမှာ ချစ်တီးတွေ ငွေချေးပြီး လယ်သိမ်း၊ အိမ်သိမ်း၊ ကျွဲနွားသိမ်း၊ သမီးကညာပါသိမ်းတဲ့ နည်းနဲ့ ဆင်ပေမဲ့ ပိုပြီး ပညာသားပါတဲ့ ချုပ်ကွက်တွေနဲ့ ပွဲသိမ်းပစ်တာပါ။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာလည်း ခုနက ချိုင်းနားဆိပ်ကမ်း အင်ဂျင်နီယာကုမ္ပဏီနဲ့ပဲ လုပ်ဆောင်နေပြီး ဒေါ်လာ ၇.၂ ဘီလျံတန် စီမံကိန်းဖြစ်ပါတယ်။ အရပ်သား ဦးသိန်းစိန်အစိုးရ ၂၀၁၅ ရွေးကောက်ပွဲရှုံးပြီးတော့ ဒီဇင်ဘာလမှာ နောက်ဆုံးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ USDPအမတ်နဲ့ တမတ်သား စစ်တပ်ကိုယ်စားလှယ်တွေ အတည်ပြုသွားခဲ့တာပါ။
တရုတ်နဲ့ စာချုပ်တဲ့ ၇.၂ ဘီလျံတန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကြွေးဗုံးကြီးလို့ စီးပွားရေးပညာရှင်တွေက ခေါ်ဝေါ်သမုတ်ကြတယ်။ မြန်မာနိုင်ငံ ဘဏ္ဍာရေးအကျပ်အတည်းဆိုက်လာရင် သီရိလင်္ကာနိုင်ငံ ဟမ်ဘန်တိုတာ ဆိပ်ကမ်းလိုပဲ အကြွေးနဲ့ အသိမ်းခံရမှာကို ကြိုမြင်နေကြတယ်။
ဒါကြောင့်၊ ပြည်သူ့အစိုးရသစ်ဟာ တရုတ်အစိုးရနဲ့ ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး၊ မူလက တရုတ် ၈၅ ရာခိုင်နှုန်း မြန်မာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်မှုအချိုးကနေ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ တရုတ် ၇၀ ရာခိုင်နှုန်း မြန်မာ ၃၀ ရာခိုင်နှုန်းအဖြစ် စာချုပ်ကို ပြင်ဆင်ပြောင်းလဲခဲ့တယ်။
ထပ်ပြီးတော့လည်း စီမံကိန်းပမာဏကို ၈၀ ရာခိုင်နှုန်းအထိ အလုံးအရင်းနဲ့ လျှော့ချပစ်ဖို့ ဒီနှစ် စက်တင်ဘာလမှာ မြန်မာအစိုးရက အောင်မြင်စွာ ညှိနှိုင်းပြီး စာချုပ်ကို ပြင်ဆင်နိုင်ခဲ့တယ်။ မူလစီမံကိန်း ၇.၂ ဘီလျံကနေ ၁.၃ ဘီလျံအထိ လျှော့ချပြီး အကြွေးဝန်ထုပ်ကို အကြီးအကျယ် နည်းပါးသွားစေခဲ့ပါတယ်။ ပြည်သူ့အစိုးရသစ်ကို စီမံခန့်ခွဲမှု ညံ့တယ်လို့ ပုတ်ခတ်စွပ်စွဲနေသူတွေ သိစေချင်တယ်။ စစ်အစိုးရလက်ထက် မဆင်မခြင် အမျှော်အမြင်ကင်းမဲ့စွာ လုပ်သွားတဲ့ ပြဿနာကြီးကို ပြည်သူ့အစိုးရက အောင်အောင်မြင်မြင် ဖြေရှင်းခဲ့တဲ့ နမူနာတစ်ခုပါ။
NLD အစိုးရသစ်ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း စက်တင်ဘာ ၉ ရက်နေ့က ဘေဂျင်းမှာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်အစိုးရလည်း ပြေလည်ကျေနပ်ကြတယ်ဆိုတော့ မြန်မာအစိုးရဟာ ဒီဆွေးနွေးမှုမှာ အကြီးအကျယ် အောင်မြင်ခဲ့တာပါ။ တခြားတိုင်းပြည်တွေလည်း တရုတ်အစိုးရနဲ့ ဆွေးနွေးတဲ့အခါ မြန်မာကို အတုယူသင့်တယ်လို့ ဩစတြေးလျနိုင်ငံ မက်ကာရေးတက္ကသိုလ် ပါမောက္ခ ရှောင်တာနယ်လ်က ချီးကျူးခဲ့ရပါတယ်။
တိုင်ပန်တို့ရဲ့စစ်ဆိုတာ ငွေကြေးနဲ့ ကြွေးမြီကို အသုံးချပြီး စီးပွားရေးနဲ့ သိမ်းပိုက်တဲ့နည်းပါပဲ။ မြန်မာစစ်အစိုးရလက်ထက်မှာ အသိမ်းပိုက်ခံလိုက်ရပြီး ဆုံးရှုံးခဲ့ရတာကတော့ ဒုတိယအကြီးဆုံးမြို့တော် မန္တလေးပေါ့။ အိမ်တွေ၊ မြေကွက်တွေကို တရုတ်တွေက မတန်တဆဈေးပေးဝယ်တဲ့အခါ မြန်မာတွေက သူ့ထက်ငါ အလုအယက်ထိုးရောင်းကြရင်း တရုတ်မြို့ကြီး ဖြစ်သွားခဲ့ရတာ မျက်ဝါးထင်ထင်ပဲလေ။ အဲဒီငွေကြေးတွေဟာ ပြည်တွင်းစစ်မှာ နှစ်ဖက်စလုံးကို "ကျည်ဆံ" ရောင်းပြီး ရလာတဲ့ အမြတ်အစွန်း "ပိုက်ဆံ" တွေပေါ့။
ဒါကြောင့်၊ ခုခေတ်မှာ လူမိုက်တွေသာ ကျည်ဆံနဲ့တိုက်ပြီး လူလည်တွေက ပိုက်ဆံနဲ့ သိမ်းယူတာပါ။ အမေရိကန် ပြည်ထောင်စုကို စတင်ထူထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဒုတိယမြောက် သမ္မတကြီး ဂျွန် အာဒမ်စ်ရဲ့ အဆိုအမိန့်တစ်ခုကတော့ "A way to subjugate a country is through either the sword or debt." (တိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်ဖို့နည်းလမ်းဟာ ဓားဖြစ်စေ၊ အကြွေးဖြစ်စေ တစ်ခုခုနဲ့ပါ) လို့ မိန့်ကြားသွားလေရဲ့။
တပ်မတော်မရှိရင် ဘာဖြစ်သွားမလဲ၊ အရိုးကို စည်းရိုးထိုးမယ်၊ ဝါးရင်းတုတ်နဲ့ တက်သိမ်းမယ်၊ ဂန်းနဲ့ ကြိုမယ် စတာတွေ ပေါက်ကရ လျှောက်အော်နေတဲ့ ငပိန်းတွေ ဒီခေတ်မှာ မရှိသင့်တော့ပါဘူး။ ခုခေတ်မှာ နယ်မြေသိမ်းတယ်ဆိုတာ ခေတ်မီနည်းပညာ၊ ဉာဏ်အရည်အချင်း၊ ဓနကြေးငွေတွေသာ အဓိကဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအနေဖြင့် တိုင်းပြည်ချမ်းသာဖို့
အဓိကဖြစ်ပါတယ်။
"စစ်ပွဲတစ်ရာ နွှဲရတာထက် အကြွေးနွံထဲနစ်ရင် ကျွန်ဖြစ်လိမ့်မယ်"ဆိုတာတော့ သတိမူသင့်ပါတယ်
မောင်ကျော်
Photo crd# Myat minn maung

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video