ဒေါ်အောင်ဆန်းစုကြည်၏ အဓိကဆောင်ရွက်ချက်ဟုဆိုနိုင်သော
ငြိမ်းချမ်းရေးမူဝါဒသည် အမျိုးစုံလင်သော အင်အားများ၏ ဖျက်ဆီးခံနေရပြီး ဆယ်စုနှစ်
ခြောက်ခုကြာ အကြားအလပ်မရှိ ပြည်တွင်းစစ် အဆုံးသတ်ရေး သူ့မျှော်လင့်ချက်များ
မှေးမှိန်လာလျက်ရှိသည် အခက်အခဲများစွာရင်ဆိုင်နေရသော ၂၁ ရာစု
ပင်လုံညီလာခံ နောက်တစ်ကြိမ် ထပ်မံကျင်းပနိုင်ပါဦးမည်လော။ တတိယအကြိမ်ညီလာခံကို
ဇန်နဝါရီတွင် ကျင်းပရန် ရည်ရွယ်ထားခဲ့ပြီးနောက် မေလသို့ ထပ်ရွှေ့ခဲ့ရသည်။
သို့သော်လည်း မေလကုန်သည်အထိ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား
ကျင်းပနိုင်ရေး လတ်တလော အဆင်ပြေမည့် အခြေအနေမရှိသေး။ရှေ့မတိုးသာဖြစ်နေသော
ယင်းကိစ္စမှာ အနှစ် ၆၀ ကျော် ပြည်တွင်းစစ် အဆုံးသတ်ရေး တစ်နိုင်ငံလုံး
သဘောတူညီချက်တစ်ရပ် ပုံသွင်းဖန်တီးပေးနိုင်မည့် သူဟု အများမျှော်လင့်ခံရသော နိုင်ငံရေးအကျဉ်းသားဟောင်း၊
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လက်ရှိ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
အဓိက မူဝါဒ ဖြစ်သည်။သို့သော်လည်း ၂၀၁၆ နှင့် ၂၀၁၇ ယခင် ညီလာခံ
နှစ်ကြိမ်ကျင်းပနေစဉ်နှင့် ကျင်းပပြီးကာလအတွင်း အငြင်းအခုံကိစ္စအများအပြား ပေါ်ပေါက်ခဲ့ရာ
ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်မီပင် အဆုံးသတ်သွားနိုင်သည်အထိ ဆိုးဆိုးရွားရွား
လိပ်ခဲတည်းလည်း အခြေအနေရောက်လာမည်ကို စိုးရိမ်စရာဖြစ်လာခဲ့ရသည်။ဒေါ်အောင်ဆန်းစုကြည်
အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံလုံးဆိုင်ရာ
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစေလိုသော်လည်း
လက်ရှိအချိန်အထိ လက်တစ်ဆုပ်စာအဖွဲ့များကိုသာ ဆွဲဆောင်နိုင်သေးသည်။မကြာသေးမီက NCA
လက်မှတ်ထိုးရန်ငြင်း ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏
ကိုယ်စားလှယ်များက မြန်မာနယ်စပ်တစ်လျှောက် မတူညီသည့်နေရာများတွင် Asia Times
ဝက်ဘ်ဆိုက်သို့ ဖြေကြားခဲ့သော အင်တာဗျူးများ၌ ၎င်းတို့လက်နက်စွန့်ရေး
သဘောတူညီချက်တစ်ခု လက်မှတ်မထိုးမီ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖန်တီးရေးကိစ္စပြေလည်ရန်
လိုအပ်သည်ဟု ဖြေကြားခဲ့ကြသည်။မြန်မာနိုင်ငံ၏ ဩဇာအာဏာကြီးမားပြီး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေသော တပ်မတော်တွင်မူ မတူညီသည့် အမြင်များရှိနေသည်။ ၂၀၀၈
ခုနှစ်က မသမာသော လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖက်ဒရယ်နိုင်ငံအစား
တစ်ပြည်ထောင်နိုင်ငံအဖြစ်ကိုသာ တရားဝင်ဖြစ်စေခဲ့သော အခြေခံဥပဒေကို ကာကွယ်ရန်မှာ
တပ်မတော်၏ အဓိက ဦးစားပေး တာဝန်ဖြစ်နေဆဲပင်ဖြစ်သည်ဟု မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့
မိန့်ခွန်းတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ထည့်သွင်းပြောကြားခဲ့သည်။တပ်မတော်ခေါင်းဆောင်က လက်နက်ဖျက်သိမ်းခြင်း၊
တပ်ဖျက်သိမ်းခြင်း၊ ပြန်လည်ပေါင်းစည်းခြင်းဆိုသော DDR လုပ်ငန်းစဉ်သည်
ငြိမ်းချမ်းရေးအတွက် အဓိက ထောက်တိုင်ဖြစ်ရမည်ဟု ယခင်မိန့်ခွန်းများတွင်လည်း
ပြောကြားခဲ့ဖူးသည်။ ဤအခင်းအကျင်းတွင် အစိုးရနှင့် တပ်မတော်အကြား မြင်သာသော
သဘောကွဲလွဲမှုများကလည်း အခြေအနေပိုမိုရှုပ်ထွေးလာစေသည်။ သမ္မတသစ် ဦးဝင်းမြင့်က မတ်လ
၃၀ ရက်နေ့ ကျမ်းကျိန်မိန့်ခွန်းတွင် သူ၏ ဦးစားပေးမူဝါဒများအနက်မှ တစ်ခုမှာ
“ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်ရေး အုတ်မြစ်ချပေးရန်”
အခြေခံဥပဒေကို ပြင်ဆင်ရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။အစိုးရက ဖက်ဒရယ်ဝါဒကို
လိုလားကြောင်း တစိုက်မတ်မတ်ပြောနေပြီး ပြည်တွင်းစစ်အတွက် နိုင်ငံရေးနည်းဖြင့်
ဖြေရှင်းရန်သန္နိဋ္ဌာန်ချထားသော်လည်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်မီ NCA လက်မှတ်
တိုးရမည်ဆိုသော တပ်မတော်၏ တောင်းဆိုချက်မှ အံ့အားသင့်စရာကောင်းလောက်အောင်ပင်
သွေဖည်နိုင်စွမ်းမရှိ ဖြစ်နေသည်။ဒေါ်စုသည် စစ်ဘက်ကျောထောက်နောက်ခံပြု သမ္မတ
ဦးသိန်းစိန်လက်ထက်က တင်းမာသည့် မူဝါဒကို အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။
တပ်မတော်သားဟောင်း ဦးသိန်းစိန်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ NCA လက်မှတ်ရေးထိုးလိုက်ကြောင်း
ကြေညာနိုင်ခဲ့သည်။ ယင်းတို့အနက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရက်တစ်
ကရင်ဗုဒ္ဓဘာသာတပ်မတော် (နောင်တွင် ဒီမိုကရက်တစ် ကရင် အကျိုးပြုတပ်မတော်ဟု
ပြောင်းလဲသုံးစွဲသည်) ၏ တပ်မဟာ - ၅၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)
တို့သာ လက်နက်ကိုင်အဖွဲ့အစည်း စစ်စစ်ဟု ဆိုနိုင်သည်။ အခြားအဖွဲ့များမှာ
အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များနှင့်သာ ပိုတူသည်ဟု ဆိုနိုင်သည်။ရှေ့ဆက်နိုင်မည့်
အရှိန်အဟုန်ရလာသည်ဟု ထင်ယောင်မှားစရာကိစ္စအဖြစ် ဖေဖော်ဝါရီလတွင် နောက်ထပ်
အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်
အစည်းအရုံး (LDU) တို့က NCA လက်မှတ်ရေးထိုးခဲ့ကြပြန်သည်။ NMSP မှာ
လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော်လည်း LDU မှာ ထိုင်းအခြေစိုက် လူမျိုးရေးအခြေပြု NGO
မျှသာဖြစ်သည်။“ဒါက ကြံရာမရဖြစ်နေတာကို ဖော်ပြရာရောက်တယ်။ တိုးတက်မှုက မရှိပေမယ့်
ရှိတယ်လို့ ထင်ရအောင် အစိုးရက လုပ်ချင်တာ” ဟု အမည် မဖော်လိုသည့်
ဝါရင့်မြန်မာ့တိုင်းရင်းသား ပဋိပက္ခ လေ့လာသူတစ်ဦးက ဆိုသည်။တကယ်တမ်းတွင်လည်း
အစိုးရသည် အသေးစားနှင့် အရေးမကြီးလှသော အဖွဲ့များကိုသာ NCA လက်မှတ်ထိုးရန်
ဆွဲဆောင်နိုင်ခဲ့ချိန်တွင် စိုးရိမ်စရာ တိုက်ခိုက်ရေးအင်အားစုသစ်များ
ပေါ်ထွက်လာနေသည်။နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်တွင် ပလောင်တိုင်းရင်းသားများသည်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟု ခေါ်သော အဖွဲ့အစည်းကို လက်နက်ကိုင်
အင်အား ၅၀၀၀ ခန့်ဖြင့် တိုးချဲ့ဖွဲ့စည်းလာနိုင်သည်။ အနောက်ပိုင်းတွင်လည်း
လုံးဝအသစ်ဟု ဆိုနိုင်သော ရခိုင်တပ်မတော် (AA) ကို အင်အား ၂၀၀၀ မှ ၃၀၀၀ ကြားအထိ
တိုးချဲ့ဖွဲ့စည်းလာနိုင်ခဲ့သည်။TNLA ကို ကနဦးတွင် ကချင်လွတ်မြောက်ရေးတပ်မတော်
(KIA) ၏ အကူအညီဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ KIA သည်လည်း
နိုင်ငံမြောက်ပိုင်းတွင် တပ်မတော်နှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက်ရှိသည်။
၂၀၁၁ ဖေဖော်ဝါရီတွင် သုံးလကြာ သင်တန်းတက်ထားသော လူ ၄၀ သည် သေနတ် ၂၇ လက်ဖြင့်
ရှမ်းပြည်နယ် ရွှေလီမြစ်ကိုဖြတ်ကာ လက်ရှိ ၎င်းတို့ အခြေစိုက်ရာနေရာဖြစ်လာမည့်ဒေသကို
ထွက်ခွာလာခဲ့ကြသည်။နှစ်အနည်းငယ်အတွင်း TNLA သည် ကိုယ်ကျင့်တရား မစ်ရှင်တစ်ခုရှိသော
အားကောင်းသည့် လက်နက်ကိုင်အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။“ဂရန်မာလိုမျိုးပေါ့ဗျာ” ဟု
TNLA တာဝန်ရှိသူတစ်ဦးက Asia Times ကို ဖြေကြားသည်။ ၁၉၅၆ တွင်
ကျူးဘားတော်လှန်ရေးစတင်ရန် ဖီလ်ဒယ်ကက်စထရို၊ ချေဂွေဗားရားနှင့် လက်တစ်ဆုပ်စာ
ကျူးဘားတော်လှန်ရေးသမားများ မက္ကဆီကိုမှ ကျူးဘားသို့ ဝင်ရောက်လာချိန် စီးနင်းခဲ့သော
သင်္ဘောအမည်နှင့် တင်စားပြီး TNLA ၏ မူလအစကို ခိုင်းနှိုင်းပြခြင်းဖြစ်သည်။ TNLA
ခေါင်းဆောင်ပိုင်းတွင် လူငယ်များနှင့် ပညာတတ် ပလောင်တိုင်း
ရင်းသားအများစုပါဝင်ပြီး ယခင် အစိုးရအရာရှိများပါ ပါဝင်သည်။TNLA
ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းတို့အဖွဲ့ လျင်လျင်မြန်မြန် အားကောင်းလာခြင်းမှာ
မူးယစ်တိုက်ဖျက်ရေး မူဝါဒကြောင့် ဖြစ်သည်ဟုဆိုသည်။ နိုင်ငံ မြောက်ပိုင်း
ရှမ်းပြည်နယ်၏ ဝေးလံခေါင်သီသော တောင်တန်းများတွင်နေထိုင်ကြသော
ပလောင်တိုင်းရင်းသားများမှာ၊ အစိုးရအသိအမှတ်ပြု ပြည်သူ့စစ် အဖွဲ့အစည်းများက အဓိက
ထုတ်လုပ်ဖြန့်ဖြူးနေသော မက်သာဖက်တမင်းနှင့် ဘိန်းကဲ့သို့သော တရားမဝင်
မူးယစ်ဆေးဝါးများဒဏ် ခံစားနေကြသည်။TNLA က ဘိန်းခင်းများကို ဖျက်ဆီးခဲ့သလို
မူးယစ်ကုန်ကူးသူများကို မောင်းထုတ်ပြီး စီးပွားရေး လုပ်ပိုင်ခွင့်များအတွက်
တပ်မတော်ကို သစ္စာခံ ကြောင်း ကြေညာထားသည့် ပြည်သူ့စစ်များကို ပြင်းပြင်းထန်ထန်
တိုက်ခိုက်ခဲ့သည်။ မေလ ၁၂ ရက် နေ့တွင် TNLA က ယင်းမူဝါဒနှင့် ကိုက်ညီသော
ပြည်တွင်းမူးယစ်မှောင်ခိုလုပ်နေသည့် ပြည်သူ့စစ်တစ်ဦးပိုင်သည်ဆိုသော
ရှမ်းပြည်နယ်ရှိ ကာဆီနိုရုံ တစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ရခိုင်ပြည်နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော AA မှာ ၂၀၀၉ တွင်မှ
ထူထောင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးတိုက်ပွဲဝင်မှု အဖြစ် ၂၀၁၅ တွင် တရုတ်လူမျိုးများ
နေထိုင်ရာ ရှမ်းပြည်နယ်ရှိ ကိုးကန့်တွင် မြန်မာ့ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
(MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့နှင့်အတူ လက်တွဲ၍ တပ်မတော်ကို တိုက်ခိုက်ခဲ့သည်။ယင်းနောက်ပိုင်းတွင်မှ
AA သည် ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းတပ်စွဲလာခဲ့ခြင်းဖြစ်ပြီး ရခိုင်တွင်
ဒေသခံဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတို့၏ ထောက်ခံမှု ကြီးကြီးမားမားရရှိခဲ့သည်။ AA ခေါင်းဆောင်
ထွန်းမြင့်နိုင်သည် အင်တာနက်ဗီဒီယိုဖိုင်အများအပြားတွင် ပီသကောင်းမွန်သော
အင်္ဂလိပ်စကားဖြင့် ပြောကြားနေပုံများ ပါရှိလာခဲ့ပြီး ပရော်ဖက်ရှင်နယ်
စစ်သားတစ်ဦးအသွင်ရှိနေခဲ့သည်။AA ပေါ်ထွက်လာမှုသည် ဘင်္ဂါလီဒုက္ခသည် အကျပ်အတည်းနှင့်ပါ
ကျယ်ကျယ်ပြန့်ပြန့်ဆက်စပ်နေသော အားကောင်းလာသော ရခိုင်တိုင်းရင်းသား
အမျိုးသားရေးဝါဒကိုပါ မောင်းတင်ပေးရာရောက်စေခဲ့သည်။AA သည် မြန်မာအစိုးရနှင့်
တပ်မတော်နည်းတူ ဘင်္ဂါလီသူပုန်များအား “အရိုင်းအစိုင်း ဘင်္ဂါလီ အကြမ်းဖက်သမားများ” ဟု
ခေါ်ဝေါ်သော ကြေညာချက် အမြောက်အမြားထုတ်ပြန်ခဲ့သည်။ အခြားသော
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနည်းတူ AA သည် ဆင်းရဲပြီး မျက်ကွယ်ပြုခံထားရသော
ဒေသဖြစ်သည့် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို လိုလားသည့်
အဖွဲ့ဖြစ်သည်။ယင်း လက်နက်ကိုင်အဖွဲ့သစ်နှစ်ဖွဲ့ လျင်လျင်မြန်မြန်အားကောင်းလာမှုမှာ
၎င်းတို့၏ အဓိက မဟာမိတ်ဖြစ်သော နိုင်ငံအတွင်း အင်အားအကြီးဆုံးနှင့်
လက်နက်အပြည့်စုံဆုံးဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ၏
ထောက်ပံ့မှုမရှိဘဲ မဖြစ်နိုင်ပေ။ “ဝ” တပ်ဖွဲ့တွင် လက်နက်ကိုင် အင်အား ၂၅,၀၀၀
ခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။KIA၊ TNLA၊ AA နှင့် UWSA တို့သည်
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)
အဖွဲ့ဝင်များဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ မဟာမိတ်ပြုထားသည့် FPNCC
သည် အဓိကအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားပြီး တစ်နိုင်ငံလုံးရှိ
လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည်။ FPNCC တွင်
ပါဝင်သော အခြားအဖွဲ့များမှာ MNDAA၊ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းနှင့်
ရှမ်းပြည်အရှေ့ဖျားမှ ရှမ်း-အာခါ တပ်ဖွဲ့တစ်ခုတို့ဖြစ်သည်။တကယ်တမ်းတွင် UWSA သည်
ယခင် စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တစ်ခု
ချုပ်ဆိုခဲ့ဖူးသော်လည်း ယခု အသစ်ဖြစ်လာသော NCA ကိုမူ လက်မှတ်ထိုးရန် ငြင်းထားသည်။
UWSA ၏ လက်နက်အများစုကို တရုတ်က ထောက်ပံ့ပေးထားရာ၊ ယင်းအဖွဲ့ရသော လက်နက်များသည်
မဟာမိတ်အဖွဲ့များဖြစ်သော MNDAA၊ AA နှင့် TNLA သို့ အဆင့်ဆင့်ပြန့်သွားသည်။လက်နက်စီးဆင်းမှု
အများစုမှာ ထင်သာမြင်သာမရှိသော်လည်း FPNCC အပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုမှာမူ
သိသာထင်ရှားသည်။ မေလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ
အထူးကိုယ်စားလှယ် ဆုန်ကော့ရှန်နှင့် တွေ့ဆုံရန် FPNCC ကိုယ်စားလှယ်များကို
တရုတ်နိုင်ငံ ကူမင်းသို့ ဆင့်ခေါ်ခဲ့သည်။အစည်းအဝေးအပြီး တရုတ်၊ မြန်မာ၊ အင်္ဂလိပ်
သုံးဘာသာဖြင့် ထုတ်ပြန်သော FPNCC ၏ သတင်းထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်များသည်
တိုက်ပွဲများဖြစ်ပွားနေပြီး ရံဖန်ရံခါ ဒုက္ခသည်များ ထွက်ပြေးမှုများရှိနေသော
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု
ပါရှိခဲ့သည်။ထို့ပြင် ဆုန်က “FPNCC အဖွဲ့ဝင်များအနေနှင့် ဖိတ်ကြားခံရပါက ၂၁ ရာစု
ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်ကြရန်လည်း
တိုက်တွန်းအကြံပြုကြောင်း” ကြေညာချက်တွင် ပါရှိသည်။ငြိမ်းချမ်းရေးကို တရုတ်ဘက်က
ယခုလိုချင်သည်လား သို့မဟုတ် မြန်မာအစိုးရထံမှ မဟာဗျူဟာအရ အရေးပါသည့်
လိုက်လျောမှုများ အရယူပြီးမှ ဖြစ်စေချင်သည်လား ဆိုသည်ကတော့ အဖြေမရသေးသည့်
ပုစ္ဆာတစ်ရပ်ဖြစ်သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားညီညွတ်ရေး
ဆောင်ရွက်နိုင်သူတစ်ဦးအဖြစ် အမွေချန်ထားနိုင်ရန် ထိရောက်မှု အားနည်းစွာ
ကြိုးပမ်းနေချိန်တွင် မြန်မာပြည်မှ စစ်ပွဲများ၏ အနာဂတ်ကို
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖက်ဒရယ်ဝါဒအပေါ် လူမျိုးရေးအရ ပြင်းပြသော
ရည်မှန်းချက်မရှိသည့် လုပ်ဆောင်နိုင်စွမ်းရှိသူများက ဆုံးဖြတ်လျက်ရှိပေသည်။

Ref: Asia Times, Myanmar
Peace Process being destroyed on multiple fronts

ဘာတေးလ်လင့်တနာ ရေးသား၍ ဇေဝင်းနောင်
ဘာသာပြန်ဆိုသည်။

Comments
Post a Comment