ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့
ကုဗပေ သန်း ၅၀၀ ထုတ်လုပ်ပြီး ရာခိုင်နှုန်း ၈၀ ကို တရုတ်နိုင်ငံသို့ နှစ် ၃၀
ကြာ နေ့စဉ်တင်ပို့မည်ဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာစင်တာ၏
“မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ၊ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊
ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု” သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျန်ရှိသော ရာခိုင်နှုန်း ၂၀ ဖြစ်သည့် ကုဗပေ သန်း ၁၀၀ ကို ပြည်တွင်းသုံးစွဲရန် ရည်ရွယ်ပြီး အဆိုပါ ရာခိုင်နှုန်း ၂၀ (ကုဗပေ သန်း ၂၀) ကို ကျောက်ဖြူမြို့နယ်အတွက် ခွဲဝေပေးမည်ဟု သိရသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင်သွယ်တန်းထားသော ရေနံပိုက်လိုင်းမှာ ကျောက်ဖြုမြို့နယ် မဒေးကျွန်းရှိ ရေနံသို လှောင်ကန်မှ သိုလှောင်ထားသော ရေနံများကို တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် တရုတ်ပြည်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင်တန်ချိန် နှစ်သန်း ၀ယ်ယူသုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းသွယ်တန်းရာတွင် မြန်မာ့မြေကို ကီလိုမီတာ ၈၀၀ နီးပါး အသုံးပြုမည့် ပိုက်လိုင်းဖြတ်သန်းခမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်၊ မြန်မာ၊ တောင်ကိုရီးယားနှင့် အိန္ဒိယအစရှိသော နိုင်ငံလေးခုမှ ကုမ္ပဏီခြောက်ခုတို့ဖြင့် ပူးပေါင်းပြီး ဖောက်လုပ်တည်ဆောက်ခဲ့သည်။ SEAOP နှင့် SEAGP ဟူသော သီးခြားကုမ္ပဏီနှစ်ခု ထူထောင်ကာ မှတ်ပုံတင်ခဲ့ပြီး ပိုက်လိုင်းနှစ်ခု တည်ဆောက်ရာတွင် အသီးသီး တာဝန်ယူခဲ့ကြကြောင်း သိရသည်။
SEAOP တွင် CNPC နှင့် MOGE တို့သာ ရှယ်ယာပိုင်ပြီး SEAGP တွင် တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ မြန်မာတို့ အသီးသီး ရှယ်ယာပိုင်ဆိုင်ကြသည်။ CNPC သည် SEAOP နှင့် SEAGP ကုမ္ပဏီနှစ်ခုလုံးတွင် အစုရှယ်ယာ အများဆုံးပိုင်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံထားကြောင်း၊ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍ အဓိက ဆုံးဖြတ်ပိုင်ခွင့်ကို ရရှိထားပြီး စီမံကိန်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်း၊ တိုးချဲ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းအားလုံးတွင် တာဝန်ပိုရှိသူဖြစ်သည်။
အကျယ် ပေ ၃၀ ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ မြန်မာပြည်တွင်း အရှည်မှာ ကီလိုမီတာ ၈၀၀ နီးပါးခန့်ရှိပြီး ပိုက်လိုင်းတည်ဆောက်သည့် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ငါးဘီလျံခန့်ရှိကြောင်း သိရသည်။ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်များကို လျှော့ချပေးနေပြီး တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက် အရေးပါသော စွမ်းအင်တင်သွင်းသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိသော်လည်း ဒေသခံပြည်သူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက စီမံကိန်းအပေါ် အပြင်းအထန် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ကုမ္ပဏီများသည် ၎င်းတို့၏ CRP များမှတစ်ဆင့် ပိုက်လိုင်းဖြတ်သွားသော ကျေးရွာများအတွက် စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ ရေလှောင်ကန်နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို တည်ဆောက်ပေးခဲ့ကြောင်း၊ ဒေသခံပြည်သူ၏ စားဝတ်နေရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်အပေါ် သက်ရောက်မှုများအား ဖြေရှင်းပေးနိုင်သည့် နည်းလမ်းများကို ချပြခြင်း မပြုခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Writer: နီလာ
Eleven Media Group

Comments
Post a Comment