ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်လုံးကျွတ် ငြိမ်းချမ်းရေး၊ ခြေ/ဥ ပြင်ဆင်ရေးတွေနဲ့ ပတ်သက်ရင် ပြည်သူလူထုရဲ့ စိတ်ဆန္ဒပြင်းပြမှုကို အလေးအနက် ပြသကြဖို့ တိုက်တွန်းလေ့ ရှိတာမို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြကြမယ် ဆိုတာကို "သဘောတရား" အားဖြင့် ထောက်ခံပါတယ်။
ဒါပေမဲ့ ဒီလို ဆန္ဒပြကြတာတွေဟာ "အနှစ်သာရ" အားဖြင့် အဲဒီ အရေးကြီးကိစ္စ နှစ်မျိုးလုံး ဖြစ်မြောက်လာဖို့အတွက် အဓိက အခန်းကဏ္ဍမှာ ရှိနေတဲ့ တပ်မတော်ရဲ့ နားထဲ မျက်စိထဲ အသိဉာဏ်ထဲကို...
"ပြည်သူအများစုက ငြိမ်းချမ်းရေးနဲ့ ခြေ/ဥ ပြင်ဆင်ရေးကို အလွန်တရာ လိုလားတောင့်တနေကြပါတယ်" ဆိုတဲ့ ပြည်သူ့အသံ ရောက်သွားနိုင်ဖို့ ကျယ်ကျယ်လောင်လောင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်လှုပ်ရှားကြဖို့ပဲ ဖြစ်သင့်ပါတယ်။
ဒီလို လူထုအသံ လူထုဆန္ဒ ထုတ်ဖော်ပြသပွဲတွေကို ငြိမ်းချမ်းစွာ ကျင်းပခြင်းမျိုးဟာ လွှတ်တော်တွင်း နိုင်ငံရေးနည်းလမ်းနဲ့ ခြေ/ဥ ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို "တွေ့လား ပြည်သူတွေက ခြေ/ဥ ပြင်ဆင်ပေးဖို့ အရမ်းကို ဆန္ဒပြင်းပြနေတာ" လို့ လက်ဆုပ်လက်ကိုင် သက်သေထူစရာ ရလာနိုင်တာမို့ ကူညီရာတောင် ရောက်စေလို့ ထောက်ခံတယ်လို့ ပြောတာပါ။
.
.
.
ဒါပေမဲ့ အဲဒီလို လူထုအားကို ပြရာမှာ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ယုတ်မာတဲ့ အကြံအစည် သို့မဟုတ် မိုက်မဲတဲ့ အကြံအစည် သို့မဟုတ် အကြံအစည် နှစ်ခုလုံးနဲ့ ရည်ရွယ်လုပ်ဆောင်တာ ဆိုရင်တော့ ဘယ်လှုပ်ရှားမှုကိုမှ မထောက်ခံတဲ့အပြင် ပက်ပက်စက်စက် ရှုတ်ချပါတယ်။
ယုတ်မာတဲ့ အကြံအစည်ဆိုတာက ရှင်းပါတယ်။
ပြင်မပေးချင်တဲ့ အဖွဲ့အစည်းကိုယ်တိုင်က ဆန္ဒပြပွဲကို တမင်ဖန်တီးပြီး ဆူပူအောင် လုပ်တာ ဒါမှမဟုတ် ပြည်သူတွေ သဘောရိုးနဲ့လုပ်တဲ့ ဆန္ဒပြပွဲထဲကို သူတို့ဒလန်တွေ ထည့်ပြီး တစ်ဖက်လှည့်နဲ့ ဆူပူအောင် လုပ်ပြီမှ ပြန်ကယ်တင်တာမျိုးပါ။
ဒီကိစ္စက အခုလို သတင်းစီးဆင်းမှု မြန်ဆန်တဲ့ ခေတ်ကြီးမှာ တစ်ခဏအတွင်း ဘူးပေါ်သလို ပေါ်သွားနိုင်တာမို့ ဒီလောက် အန္တရာယ်မကြီးပါဘူး။
မိုက်မဲတဲ့ အကြံအစည်ဆိုတာကတော့...
ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေသလဲ
ဒီချုပ်အစိုးရ ရွေးကောက်ပွဲ ကတိဖျက်ပြီလား
ခြေ/ဥကို ဒီချုပ်အစိုးရက အမြန်ဆုံး ပြင်မပေးရင် လမ်းပေါ်ထွက်လိုက်မယ်
လူထုအားနဲ့ တပ်မတော်ကို တန်ပြန် စိန်ခေါ်ပြီး လွှတ်တော်ပြင်ပက ပြင်ဖို့ ကြိုးစားမယ် စသဖြင့်...
တပ်မတော်နဲ့ ယုံကြည်မှုရဖို့ ခက်ခက်ခဲခဲ တည်ဆောက်နေရတဲ့ လက်ရှိအစိုးရကို အကျပ်အတည်း ပိုတွေ့အောင် ရည်ရွယ်ချက်ရှိရှိဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ထိပ်တိုက်တွေ့ရေးလမ်းစဉ်နဲ့ အုတ်နံရံကို ခေါင်းနဲ့ဆောင့်ဖို့ ရူးသွပ်စွာ စိတ်ကူးယဉ်တာမျိုး ဖြစ်ပါတယ်။
ဒီလို လူထုကို "လမ်းပေါ်ထွက် အနာခံကြဟေ့" လို့ လှုံ့ဆော်တာမျိုးဟာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ အတော့်ကို အန္တရာယ်ကြီးတာမို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
"ဟ မင်းတို့ ဒေါ်စုပဲ လူထုအားကို လိုအပ်တယ် ပြောထားတာ မဟုတ်လား။ အခု လွှတ်တော်တွင်းနည်းက နှောင့်နှေးနေလို့ ငါတို့ဘာသာ လူထုအားနဲ့ ပြင်ဖို့ ကြိုးစားတာ ဘာမှားလို့လဲ" လို့ အောက်ကလိအာနိုင်ပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ "လူထုအား" ဆိုတာဟာ...
လမ်းပေါ်ထွက်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် ထိပ်တိုက်ရင်ဆိုင် အုံကြွကြတာမျိုး လုံးဝ မဟုတ်ဘဲ...
၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ခြေ/ဥ ပြင်ဆင်လိုကြောင်း လက်မှတ်ထိုး ဆန္ဒပြုကြတာမျိုး၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေ စည်းလုံးညီညာခဲ့တာမျိုး ဖြစ်တယ် ဆိုတာကို သေချာရှင်းလင်းစွာ သိနားလည်ဖို့ လိုပါတယ်။
ဒီထက် ပိုရှင်းအောင် ပြောရရင် ပြည်သူလူထုကို အားကိုးတာချင်း တူသော်လည်း ...
အခန့်မသင့်ရင် ဆူပူအုံကြွမှုကို ဦးတည်သွားစေနိုင်တဲ့ ရရင်ရ မရရင်ချ ဆိုတဲ့ "ဆန္ဒ ပြ ပွဲ" မျိုး မဟုတ်ဘဲ...
တန်ဆေး လွန်ဘေး မဖြစ်အောင် ချင့်ချိန်ပြီး မိမိအလိုရှိရာကို ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ "ဆန္ဒ ပြု ပွဲ" မျိုးကသာလျှင် ဒေါ်အောင်ဆန်းစုကြည် လိုလားတဲ့ "ပြည်သူ မနာမယ့် လူထုအား" ဖြစ်ပါတယ်။
.
.
.
လော့ဂျစ်ကျကျ စဉ်းစားကြည့်ရင်...
ကိုယ့်ကို မဲပေးမယ့် ပြည်သူအကြိုက် စကားမျိုး မပြောချင်တဲ့၊ ပြည်သူကြိုက်မယ့် အလုပ်မျိုး မလုပ်ချင်တဲ့ အမတ်နဲ့ အစိုးရ မရှိပါဘူး။
အမေစုအစိုးရဟာ ခြေ/ဥကို ဖြစ်နိုင်ရင် ဒီနေ့ မနက်ဖြန် ဆိုသလို ချက်ချင်းကို ပြင်ပေးလိုက်ချင်တာ အသေအချာပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီချုပ်ပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေထဲမှာ ခြေ/ဥ ပြင်ဆင်ရေး ပါဝင်နေပေမဲ့ မပြင်ပေးနိုင်သေးဘဲ နှောင့်နှေးနေရတာဟာ ဘယ်လိုမှ ပြင်နိုင်ခွင့် မရှိအောင် လုပ်ထားလို့ပါ။ ဘယ်လို လုပ်ထားသလဲ ဆိုတာကို အရင်ပို့စ်အဟောင်းထဲက ထုတ်နှုတ်ပြပါရစေ။
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) အတိုင်း ပြင်ဆင်ကြဖို့၊ နိုင်ငံတော် အချုပ်အခြာ အဏာကို မထိခိုက်စေဘဲ ဥပဒေဘောင် အတွင်းမှ ပြင်ဆင်ကြဖို့ ခြေ/ဥကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသူများက ပြောကြားထားပါတယ်။
အဲဒီအခန်း (၁၂) ထဲမှာ ခြေ/ဥ ထဲက ပုဒ်မတွေကို ပြင်နိုင်ဖို့ အဓိကအရေးအကြီးဆုံး သော့ချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပါဝင်နေတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ မှာ ပုဒ်မခွဲ (က) နဲ့ (ခ) ပါဝင်တယ်။
၄၃၆။ (က)
ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏...
အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ
အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ
အခန်း (၃) ပုဒ်မ ၅၉၊ ၆၀
အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁
အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆
အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀
အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ
အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင်
"ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ" ပြင်ဆင်ရမည်။
၄၃၆။ (ခ)
ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို "ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ" ပြင်ဆင်ရမည်။
.
.
.
ဒီ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထဲမှာ ရွေးကောက်ပွဲ မတိုင်ခင်က ပြင်ဆင်ဖို့ ခေတ်စားခဲ့တဲ့ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ အပါအဝင် အခြား ဒီမိုကရေစီနဲ့ မလျော်ညီတဲ့၊ စစ်တပ်ကို စင်ပြိုင်အစိုးရလို ဖြစ်နိုင်ခွင့်အာဏာတွေ ပေးထားတဲ့ မတရားပုဒ်မ အတော်များများ ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒီ ပုဒ်မတွေကို ပြင်ချင်ရင် "လွှတ်တော်မဲခွဲခြင်း + ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ" ဆိုတဲ့ အဆင့် နှစ်ဆင့် ဖြတ်ရမှာ ဖြစ်ပြီး...
ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ) မှာပါတဲ့ ပုဒ်မတွေကတော့ ပုဒ်မခွဲ (က) မှာ ဖော်ပြထားတဲ့ ပုဒ်မတွေလောက် အရေးမကြီးတာမို့ "လွှတ်တော်မဲခွဲခြင်း" ဆိုတဲ့ အဆင့် တစ်ဆင့်သာ ဖြတ်ရမှာဖြစ်ပါတယ်။
ဥပမာ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထဲမှာ ပါတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ချင်တယ် ဆိုကြပါစို့။
"ပထမအဆင့်"
လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရပါမယ်။
၇၅ ရာခိုင်နှုန်းကျော်ရမယ် ဆိုတာဟာ အရပ်သားအမတ်ချည်း ၁၀၀ ရာခိုင်နှုန်း ရှိတဲ့ လွှတ်တော်မှာဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ဒါတောင် တော်တော်လေး မလွယ်ပါဘူး။
(၁၉၄၇ ခြေ/ဥမှာ ၆၇ ရာခိုင်နှုန်းနဲ့ ၁၉၇၄ ခြေ/ဥမှာတော့ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ချင်ရင် ပြင်ဆင်လို့ ရတယ်လို့ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်)
တစ်သွေး တစ်သံ တစ်မိန့်နဲ့ အမိန့်ပေးတဲ့အတိုင်း လုပ်ကြမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်း ပါနေတဲ့ လွှတ်တော်မျိုးမှာ ၇၅ ရာခိုင်နှုန်း ကျော်ရမယ်ဆိုတာဟာ...
ပါတီပေါင်းစုံက ရွေးကောက်တင်မြှောက်ခံ အရပ်သား အမတ်အားလုံးက ညီညာဖျဖျ ထောက်ခံကြရမယ့်အပြင်...
တပ်မတော်သား လွှတ်တော်အမတ်တွေထဲက အနည်းဆုံး တစ်ယောက်က ချွန်ထွက်ပြီး သဘောတူရပါမယ်။
နိုင်ငံရေးအယူဝါဒ အမျိုးမျိုး၊ ဘက် အမျိုးမျိုးနဲ့ ရပ်တည်နေကြတဲ့ ပါတီပေါင်းစုံက အမတ်တွေ တစ်ယောက်မကျန် အားလုံး စိတ်တူညီပြီး သဘောတူကြဖို့ ဆိုတာဟာ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း ထိဖို့ဆိုတာမျိုး ဘယ်လောက်ခက်မလဲ စဉ်းစားကြည့်ပါ။
ဒီထက်ဆိုးတာက လွှတ်တော်တွင်းမှာ "လက်ရှိ ရှိနေတဲ့ အမတ်တွေ" ရဲ့ ၇၅ ရာခိုင်နှုန်း မဟုတ်ဘဲ...
လွှတ်တော်ထဲမှာ "ရှိဖို့ သတ်မှတ်ထားတဲ့ အမတ်နေရာအားလုံး" ရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်ရမယ်ဆိုရင် ပိုတောင်ဆိုးသွားပါပြီ။
ဘာလို့လဲဆိုရင် မတည်ငြိမ်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ မလုပ်ရသေးလို့ အမတ်နေရာ လွတ်နေတာတွေ ရှိတယ်။ သေသွားတဲ့၊ ၀န်ကြီးဖြစ်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်မရွေးရသေးတာတွေ ရှိမယ်။
အဲဒီတော့ အရပ်သား လွှတ်တော်အမတ်က စကတည်းကကို ၇၅ ရာခိုင်နှုန်း မပြည့်နိုင်ခြေ များနေပါတယ်။ နဂိုကတည်းက ၇၅ ရာခိုင်နှုန်း မပြည့်တဲ့ အမတ်တွေက အကုန်ထောက်ခံလည်း "ပထမအဆင့်" ကိုတောင် မကျော်ဖြတ်နိုင်လို့ ဘယ်လိုမှ ပြင်လို့ မရနိုင်ပါဘူး။
ကံကောင်းလွန်းလို့ အမတ်အရေအတွက် အပြည့်ရှိနေချိန်မှာ စည်းရုံးရေးကောင်းလွန်းလို့ အားလုံးရဲ့ ထောက်ခံမှုရပြီး ၇၅ ရာခိုင်နှုန်း ပြည့်သွားတယ် ဆိုရင်တောင်မှ...
၇၅ ရာခိုင်နှုန်း ကျော်ဖို့ လိုသေးတာမို့ အနည်းဆုံး တပ်မတော်သား လွှတ်တော်အမတ် တစ်ယောက်ကပါ ထောက်ခံမှ ပထမအဆင့် လိုအပ်ချက်ကို ပြည့်မီမှာပါ။
တပ်မတော်သား အမတ်ကလည်း သူ့သဘောနဲ့သူ လုပ်ရဲမလားဆိုတာ တွေးသာကြည့်ကြပါ။
ဒီတော့ "ပထမအဆင့်" ကို ကျော်ဖြတ်ဖို့တောင် မဖြစ်နိုင်သလောက်ပါပဲ။
.
.
.
"ဒုတိယအဆင့်"
ပထမအဆင့်ကို ကျော်နိုင်တာနဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်လို့ မရသေးပါဘူး။ ဒုတိယအဆင့်အနေနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်က သဘောတူထောက်ခံမှသာ ပြင်နိုင်မှာပါ။
ဒီနေရာမှာ "ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်" ဆိုတာနဲ့ ထပ်ညစ်ပတ်ထားပြန်ပါတယ်။
"ဆန္ဒမဲလာပေးသူ အားလုံးရဲ့ ထက်ဝက်ကျော်" မဟုတ်ပါဘူး။ ဘာကွာပါသလဲ?
တွက်လို့လွယ်အောင် မြန်မာပြည်ရဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဟာ ၁၀၀၀ ယောက် ရှိတယ်လို့ ထားပါ။
ဆန္ဒခံယူပွဲနေ့မှာ ဆန္ဒမဲ လာပေးသူ ၆၅၀ ရှိတယ်ထားပါ။
အဲဒီ ၆၅၀ အထဲက ၄၅၀ က ထောက်ခံပြီး ၂၀၀ က ကန့်ကွက်မဲပေးတယ်ဆိုရင်...
လူ ၄၅၀ ဟာ ၆၅၀ ရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်တာမို့ "ဆန္ဒမဲလာပေးသူ အားလုံးရဲ့ ထက်ဝက်" ကို ကျော်သွားပေမဲ့...
လူ ၄၅၀ ဟာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၀၀၀ ရဲ့ ၄၅ ရာခိုင်နှုန်းပဲ ရှိတာမို့ မဟာအယုတ်တမာ ခြေ/ဥတော်ကြီးရဲ့ ဒုတိယအဆင့် ညစ်ကွက်ဖြစ်တဲ့ "ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်" ကိုတော့ မကျော်တော့ပါဘူး။
ဒီတော့ ဘုရားပွင့်မတတ် ခဲယဉ်းတဲ့ ပထမအဆင့်ကို ကျော်ခဲ့တာတောင် ဒုတိယအဆင့်ကို မကျော်လွှားနိုင်လို့ ပြင်လို့ မရတော့ပါဘူး။
ဒါဟာ "ဘယ်ဆန္ဒခံယူပွဲမှာမဆို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး တစ်ယောက်မကျန် မဲပေးပွဲကို မဲလာပေးတာ မဟုတ်" ဆိုတဲ့ တစ်ကမ္ဘာလုံးမှာကို ကြုံနေရတဲ့ အဖြစ်မှန်ကို အခွင့်အရေးယူ အသုံးချထားတာပါ။
.
.
.
ဒါကြောင့် ပြင်လို့ မရသော အခြေခံဥပဒေလို့ ဥပဒေ နားလည်သူအားလုံးက တညီတညွတ်တည်း ဝေဖန်ကြတာပါ။
အဲလို ပုဒ်မ ၄၃၆ ကြောင့် ပြင်လို့ မရသော ခြေ/ဥကို ပြင်နိုင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဆုံး ပြင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ သီးခြား ပုဒ်မ မထားဘဲ...
ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ထဲမှာပဲ ပြန်ထည့်ထားတာက တော်တော် ရုပ်ပျက်ဆင်းပျက် ညစ်ပတ်ထားတာ ဖြစ်ပါတယ်။
ဒါဟာ ဘာနဲ့တူသလဲဆိုတော့ အရေးကြီးတဲ့ ပစ္စည်းတွေထားထားတဲ့ အခန်းတစ်ခုကို တံခါးသော့ခတ်ပြီး ပိတ်ထားလိုက်တယ်။ ဒီပစ္စည်းတွေကို လိုအပ်လို့ ဝင်ယူမယ့်သူတွေကို တံခါးကို ဖွင့်ပြီး ယူဖို့ပြောတယ်။ ဒါပေမဲ့ အဲဒီ တံခါးကို ဖွင့်ဖို့ သော့ကိုကျတော့ ပိတ်ထားတဲ့ အခန်းထဲမှာပဲ ထားထားတယ်။
ပိုင်ချက်ကတော့...
သော့မရရင် အခန်းတံခါး မဖွင့်နိုင်ဘူး
အခန်းတံခါး မဖွင့်နိုင်ရင် သော့မရဘူး ဆိုတဲ့ တကယ့် Catch 22 Situation ကို ဖန်တီးထားတာ ဖြစ်တယ်။
တစ်နည်းပြောရရင် ပိတ်နေတဲ့တံခါးကို ဖွင့်ဖို့ သော့ကို တံခါးဖွင့်ပြီး ယူမှ ရမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ အခြေအနေ။
ယုတ်မာတဲ့နေရာမှာ ကောင်းလိုက်တဲ့ ဉာဏ်နီ ဉာဏ်နက်။
သော့ရှိမှ ဖွင့်ရမယ်သာဆိုရင် ဘယ်တော့မှ ဖွင့်မရနိုင်တော့ပါ။ ရိုက်ဖွင့်မှသာ ရတော့မယ့် သဘော။
ဒါပေမဲ့ အမေစုဟာ ရိုက်ဖွင့်ရမယ့်လမ်းကို ဘယ်တော့မှ ရွေးမှာ မဟုတ်ပါဘူး။
.
.
.
"ဟ ခြေ/ဥက မတရားဘူး ဒီမိုကရေစီနဲ့ မညီညွှတ်ဘူးဆိုတာ သိနေပါလျက်နဲ့ လွှတ်တော်တွင်းမှာ အနုနည်းနဲ့ ပြင်မရအောင် လုပ်ထားရင် ပြင်ခွင့်ရလာအောင် တိုက်ယူကြရမှာပေါ့။ ဒီအတိုင်း ထိုင်ပြီး တစ်ဖက်သတ် ရင်ကြားစေ့နေတာဟာ စစ်တပ်ဘက် ပါသွားတာလား၊ စစ်တပ်ကို ကြောက်လို့လား" လို့ ချောင်ပိတ်မေးချင်ပါဦးမယ်။
အနှစ် နှစ်ဆယ်၊ သုံးဆယ်၊ တချို့ဆို အနှစ် ခြောက်ဆယ်ကျော်အထိ ထောင်ကျခံ နှိပ်စက်ခံပြီး နိုင်ငံရေးကို အနစ်နာခံ လုပ်လာရင်း အသက်မသေဘဲ ရှင်သန်ရစ်ခဲ့တဲ့သူတွေဟာ "ငရဲကလာသူ ပြာပူမကြောက်" ဆိုသလို စစ်တပ်ကို ဆန့်ကျင်ပြီး ပြောလိုက်လို့၊ လုပ်လိုက်လို့ ထောင်ထပ်ကျဦးမလား ကြောက်နေမယ့်သူတွေ မဟုတ်တာတော့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ နိုင်ငံရေးအရ နောက်ကြောင်းပြန် ရောက်မသွားရအာင် ငဲ့နေရလို့သာ လုပ်ချင်လျက်နဲ့ တစ်ဇွတ်ထိုး မလုပ်နိုင်တာ ဖြစ်ပါတယ်။
"အဲဒီလို စစ်တပ်ကို နေရာတကာ အလျှော့ပေးနေရရင် ဘယ်တော့ ရှေ့ရောက်တော့မလဲ" လို့ ထပ်မေးချင်ဦးမှာပါ။
အဲလိုမေးသူတွေ ထင်နေတာက...
အရင်က စစ်တပ်က Upper Hand ဒီချုပ်က Lower Hand ဖြစ်ပြီး...
အခု ရွေးကောက်ပွဲ နိုင်သွားတဲ့အခါမှာ ဒီချုပ်ဟာ အာဏာရသွားပြီမို့ အနည်းဆုံး တပ်ကို ရင်ဘောင်တန်းနိုင်ပြီ။ ဒါကြောင့် ဆန့်ကျင်ဘက် ဖြစ်ရတဲ့ ကိစ္စတွေမှာ နာနာလေး ဗျင်းလိုက်စမ်းပါ ဆိုတာမျိုး မာန်တက်နေကြပုံရပါတယ်။
အဲဒီလို မာန်တက်နေသူတွေဟာ ဘဝမေ့သွားသူတွေလို့ပဲ ပြောချင်ပါတယ်။
ဘဝမေ့သွားလို့သာ သူတို့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ ညှိနှိုင်းရာမှာ တော်တော်များများ အလျှော့ပေးပြီး ညှိနေရတယ်လို့ ထင်နေကြတာကိုး။
တကယ်တမ်း သူတို့ မျက်စိလျှမ်းနေတာက အရင်ကဆိုရင် အဲဒီလို ညှိနှိုင်းခွင့်တောင် ရှိခဲ့တာ မဟုတ်ဘူးလေ။ တပ်မတော်က ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားခဲ့တာ။
အချို့ကလည်း ခြေ/ဥနဲ့ ပတ်သတ်ပြီး ဘဘ ဦးဝင်းတင် စကားကို ကိုးကားပြီး "စကတည်းက ၂၀၀၈ ခြေ/ဥ အောက်ကို ခေါင်းဝင်လျှိုခဲ့တာကိုက မှားတယ်" လို့ ပြောကြပာတယ်။
ဦးဝင်းတင်ဟာ စစ်အုပ်စုအပေါ် အမေစုထက် ပြတ်သားတဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် အမာလိုင်း ဟီးရိုးကြီး ဖြစ်လို့ ကျွန်တော့်အကြိုက် ဖြစ်ပေမဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးလုပ်ရာမှာ ဦးဝင်းတင်လို ကြမ်းရင် လူထုအုံကြွမှုဘက်ကိုပဲ ရောက်သွားမှာ ဖြစ်ပါတယ်။
အဲဒီလို အုံကြွမှု ဖြစ်လာရင် ပြည်သူပဲ အထိနာမှာ စိုးလို့ရယ်၊ အနာမခံဘဲ အသာပဲ စံလိုသူသာများတဲ့ သူ့ပြည်သူတွေအကြောင်း နောကျေနေလို့ လွှတ်တော်ပြင်ပ အမာလမ်းကို လျှောက်ရင် မအောင်မြင်နိုင်မှန်း သိလို့ရယ်ကြောင့် အမေစုဟာ လွှတ်တော်နိုင်ငံရေးကို လျှောက်လှမ်းခဲ့တာပါ။
၂၀၀၈ ခြေ/ဥ အောက်ကိုသာ မဝင်ခဲ့ရင် ဒီချုပ်နဲ့ ပြည်သူဟာ အခုလို တပ်မတော်ကို အောက်ကျခံခွင့်တောင် မရနိုင်ပါဘူး။ ဘာလို့ဆိုရင် အောက်ကျခံတယ်ဆိုတာက ကိုယ့်မှာ အတိုင်းအတာတစ်ခုအထိရှိတဲ့ အဆင့်အတန်းကို နှိမ့်ချပြီး ဆက်ဆံလိုက်ရတာကို ဆိုလိုတာကိုး။ အဲဒါကြောင့် ခြေ/ဥအောက် မဝင်ခဲ့ရင် ပြည်သူတွေဟာ အခုချိန်ထိ စစ်ဖိနပ်အောက်မှာ ၁၀၀ ရာခိုင်နှုန်း ရှိနေပြီး ပိပြားနေရတာနဲ့ အောက်ကျခံစရာ အဆင့်အတန်း တစ်ခုတောင် ရှိမနေမှာ အသေအချာပါပဲ။
ဒါကြောင့် လက်ရှိ ကိုယ်ရောက်နေတဲ့ တစ်နေရာကို ချဲ့ယူဖို့ပဲ စဉ်းစားရမယ်။ စိတ်ပျက်နေလို့ မရပါဘူး။
.
.
.
ဒီလို ချဲ့ယူနိုင်ဖို့ဆိုရင် တပ်မတော်နဲ့ ယုံကြည်မှုကို တည်ဆောက်မှကို ရပါမယ်။
တစ်ဖက်က ယုံကြည်မှုကို တည်ဆောက်ရင်း တစ်ဖက်ကလည်း တပ်မတော် သဘောမတူရင် ဘယ်လိုမှ ပြင်ဖို့ မဖြစ်နိုင်အောင် လုပ်ထားတဲ့ ခြေ/ဥကို တပ်မတော်ဘက်က လိုလိုလားလား ပြင်ချင်လာအောင် လူထုအားနဲ့ လုပ်ရပါဦးမယ်။
ဒီလို လုပ်တဲ့နေရာမှာ အမာနည်းဖြစ်တဲ့ ထိပ်တိုက်တွေ့ကြရမယ့် လူထုအားမျိုးနဲ့ မဟုတ်ဘဲ အနုနည်းဖြစ်တဲ့ သွယ်ဝိုက်လူထုအားကို သုံးရပါမယ်။
ဖြစ်နိုင်ခြေရှိတဲ့ ခြေ/ဥ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ အနေနဲ့...
"ခြေ/ဥ ပြင်ဆင်ဖို့ ထောက်ခံတဲ့ လက်မှတ်" တွေကို ပြည်လုံးကျွတ် လူမြင်သူမြင် ကောက်ခံပြီး တောင်းဆိုနိုင်ပါတယ်။ အရင် ဒီချုပ် အာဏာမရခင်ကတောင် ခြေ/ဥ ပြင်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လူငါးသန်းလောက် ပါဝင်ခဲ့ဖူးတာမို့ အခု ဒီချုပ်အစိုးရလက်ထက်မှာ ဒီထက် ပိုထောက်ခံလာကြဖို့ပဲ ရှိပါတယ်။
ဒါမှ မဟုတ်ရင်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဒီခြေ/ဥ ပြင်ဆင်ရေးကို ထောက်ခံသူနဲ့ ကန့်ကွက်သူတွေကို ခွဲထုတ် အင်အားပြိုင်ခိုင်းပြီး အဖြူအမည်း ခွဲပြလိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်။
သို့သော် ဒီနည်းနှစ်မျိုးထက် ပြည်လုံးကျွတ် ငြိမ်းချမ်းရေးကို ဖယ်ဒရယ်စနစ်နဲ့ ဖော်ဆောင်ရင်း သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ သီးခြား ဥပဒေတွေ ရေးဆွဲအတည်ပြုပြီး ၂၀၀၈ အခြေခံဥပဒေကို သွယ်ဝိုက်ရှောင်ကွင်းတဲ့ နည်းကို လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။
အဲဒါဆိုရင်
ဘယ်လို လှပတဲ့ အကြောင်းပြချက်တွေ ပေးထားပေးထား ဒီအခြေခံဥပဒေကို ရေးဆွဲရတဲ့ တကယ့်ရည်ရွယ်ချက်ဟာ စစ်အာဏာရှင်တွေကို နောက်ကြောင်းပြန် မလိုက်အောင် ကာကွယ်ရေးပဲ ဖြစ်ပါတယ်။
ဒါတွေကို တပ်မတော်ဘက်က လက်ခံမှာ မဟုတ်သလို ကိုယ့်ဘက်က ဘောင်ကျော်လွန်းပြီး သူ့တို့ဘက်က ဘောင်ထဲကို ရောက်ဖို့ လက်နှစ်လုံးအလို ဖြစ်သွားရင်တော့ နောက်ထပ် ဆယ်စုနှစ် သုံးခုစာလောက် အကယ်တင်ခံရပြီသာ မှတ်လိုက်ပါတော့။
.
.
.
နောက်ဆုံး ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ ခြေ/ဥ မပြင်ချင်တဲ့ တပ်မတော်နဲ့ ခြေ/ဥ ပြင်ချင်တဲ့ ပြည်သူတွေအကြား ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေတစ်ခု ဖန်တီးလို့ ရပါသေးတယ်။
အဲဒီအခြေအနေကို ဖန်တီးဖို့အတွက် ၂၀၀၈ ခြေ/ဥရဲ့ တကယ့် ရည်ရွယ်ချက်ကို နားလည်ထားရပါမယ်။
ဘယ်လိုပဲ လှပတဲ့ အကြောင်းပြချက်တွေ ပေးထားပေးထား ဒီ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲရတဲ့ တကယ့်ရည်ရွယ်ချက်ဟာ စစ်အာဏာရှင်တွေကို နောက်ကြောင်းပြန် အရေးမယူနိုင်အောင်၊ စစ်အာဏာရှင်တွေကို ဆန့်ကျင်သူတွေ အာဏာရမလာအောင် အခြေခံဥပဒေနဲ့ တားဆီးကာကွယ်ထားဖို့ပဲ ဖြစ်ပါတယ်။
မတော်တဆ အတိုက်အခံဘက်က အာဏာရသွားခဲ့ရင်လည်း အခြေခံဥပဒေကို ပြင်ဆင်လို့မရစေဖို့ တပ်မတော်ကို...
၁) အုပ်ချုပ်ရေးအာဏာ (ကာလုံ၊ အရေးကြီး ဝန်ကြီးဋ္ဌာန သုံးခု စသည်) ခွဲဝေပေးထားပြီး အစိုးရနှစ်ရပ် စင်ပြိုင်အုပ်ချုပ်နိုင်အောင်
၂) နိုင်ငံရေးအာဏာပါ ခွဲဝေပေးထားပြီး လွှတ်တော်တွင်းကနေ ခြေ/ဥကို အကာအကွယ်ပေးနိုင်အောင် စီမံထားတာပဲ ဖြစ်ပါတယ်။
ခြေ/ဥဟာ စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးစခန်းဆိုရင် ဒီစခန်းမကျဖို့အတွက် အသက်သွေးကြောဖြစ်တဲ့ ခံတပ်တွေဟာ ပုဒ်မ ၄၃၆ နဲ့ တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။
ခြေ/ဥ ပြင်ဆင်ချင်သူတွေ အဓိက ပစ်မှတ်ထားတာကလည်း အဲဒီနှစ်ခုပဲ ဖြစ်နေလေတော့ တပ်မတော်ဘက်က ဘယ်တော့မှ လျှော့ပေးမယ့်သဘော မရှိပါဘူး။
အဲဒီ လိပ်ခဲတည်းလည်း အခြေအနေကို ပြေလည်စေမယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။
အဲဒါကတော့ တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲက ထုတ်ဖို့ မကြိုးစားတော့ဘဲ...
ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ချိန် သူတို့ရဲ့ အခန်းကဏ္ဍကို ကန့်သတ်ရုံ ကန့်သတ်တာပဲ ဖြစ်ပါတယ်။
ဆိုလိုတာက ရွေးကောက်ပွဲ အနိုင်ရပါတီကို ရွေးကောက်ခံ ၇၅ ရာခိုင်နှုန်းထဲမှာ ဘယ်ပါတီက ရာခိုင်နှုန်း အများဆုံး နိုင်သလဲ ဆိုတာနဲ့ ဆုံးဖြတ်ပြီး...
အကယ်၍ တစ်ပါတီတည်းက အစိုးရဖွဲ့နိုင်လောက်အောင် ပြတ်ပြတ်သားသား မနိုင်ခဲ့ဘဲ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ဖြစ်လာရင် တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းကို ဘယ်ပါတီနဲ့မှ ပူးပေါင်းခွင့် မပေးဘဲ ရွေးကောက်ခံ ပါတီအချင်းချင်းသာ ညွန့်ပေါင်းဖွဲ့ခွင့်ရှိတယ်လို့ သတ်မှတ်လိုက်ဖို့ပါ။
ဒီလိုဆိုရင်...
တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုတွေအတွက် ဆက်လက်ပါဝင်နေနိုင်မှာ ဖြစ်လို့ စစ်အာဏာရှင်တွေအတွက် သူတို့ အကြောက်ဆုံးဖြစ်တဲ့ သူတို့ကို ကာကွယ်ထားတဲ့ ပုဒ်မတွေ အပြင်ခံရမယ့် အန္တရာယ် မရှိတော့သလို...
ဒီမိုကရေစီစနစ်အရ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်း နိုင်တာနဲ့ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းကို ကိုယ့်အပိုင်လို သဘောထားပြီး ၂၅ + ၂၆ = ၅၁ ရာခိုင်နှုန်းနဲ့ ငါတို့ အစိုးရဖွဲ့နိုင်ရမယ်ဆိုတဲ့ အောက်တန်းစားနိုင်ငံရေးပါတီတွေ အစိုးရဖြစ်လာမယ့် အန္တရာယ်ကိုလည်း ရှောင်နိုင်ပါလိမ့်မယ်။
.
.
.
ဒီနည်းလမ်းနဲ့ ပြင်ဆင်ရင်လည်း ဒီမိုကရေစီစနစ်နဲ့ ညီညွတ်တဲ့ အခြေခံဥပဒေ ဖြစ်မလာနိုင်သေးပေမဲ့...
တပ်မတော်နဲ့ ယုံကြည်မှုရပြီး ရင်ကြားစေ့ရေး၊ တစ်ပြည်လုံး ငြိမ်းချမ်းရေး၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး စတာတွေဟာ ငါးနှစ်အတွင်း အကောင်အထည်ပေါ်ဖို့ လွယ်ကူတဲ့အရာတွေ မဟုတ်ဘဲ ဆယ်စုနှစ် နှစ်ခုစာလောက် လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်...
ဒီချုပ်အတွက် ရွေးကောက်ပွဲ သုံး လေးခုလောက် ဆက်တိုက်နိုင်ဖို့ လိုအပ်နေတာမို့...
ပြည်သူတွေ စိတ်ပျက်ပြီး ဒီချုပ် မဲရှုံးအောင် အမျိုးမျိုး သွေးထိုးလှုံ့ဆော် ရန်တိုက်မီးမွှေး နှောင့်ယှက်ဖျက်ဆီးနေတဲ့ အောက်တန်းစားပါတီတွေ အစိုးရဖွဲ့သွားနိုင်ပြီး အမေစုရဲ့ ဘက်စုံပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေ ခါးဆက်ပြတ်သွားရမယ့် အန္တရာယ်ကိုတော့ ကျိန်းသေဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
အဲဒီလို ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ အလုံးစုံ မပြင်ရသေးတဲ့ အခြေခံဥပဒေက ခွဲဝေပေးထားတဲ့ အာဏာတွေအတိုင်း တပ်နဲ့ အစိုးရ လက်တွဲလုပ်ကိုင်ရင်း ယုံကြည်မှုကို တည်ဆောက်နိုင်ပြီဆိုရင်...
ပြည်သူ လုံးဝ မနာဘဲ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်မူနဲ့ ညီညွတ်တဲ့ အခြေခံဥပဒေဖြစ်အောင် ပြင်ဆင်နိုင်ရေးတွေပါ ကျွဲကူးရေပါ အကောင်အထည် ပေါ်လာမှာ ဖြစ်တယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်း။
Remark!
တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်တဲ့ အိုင်ဒီယာဟာ သူငယ်ချင်း Aung Moe Lwin ရဲ့ အကြံပြုချက်ဖြစ်ပြီး ဒီလမ်းကြောင်းဟာ အကြမ်းဖျင်းပဲ ရှိပါသေးတယ်။ ဖြစ်နိုင်ခြေကို နားလည်တတ်ကျွမ်းတဲ့ ဥပဒေပညာရှင်များနဲ့ သေချာလေ့လာ တိုင်ပင်ရပါဦးမယ်။
Swe Yu
Comments
Post a Comment