Skip to main content

အာဆာအကြမ်းဖက်အဖွဲ့ကို မလေးရှားရောက် ရိုဟင်ဂျာတွေ ငွေကြေးထောက်ပံ့ 14 November 2017

 23:35(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)

အာဆာ ARSA ခေါ် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် အမည်ရှိ အကြမ်းဖက်အဖွဲ့ကို မလေးရှားနိုင်ငံ ရောက် ရိုဟင်ဂျာတွေက ရံပုံငွေ ထောက်ပံ့နေတယ်လို့ Free Malaysia Today သတင်းက ဖော်ပြပါတယ်။
ARSA အတွက် လိုအပ်တဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ၀ယ်ယူဖို့ လိုအပ်တဲ့ငွေကို မလေးရှားရောက် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းက ပေးပို့နေကြောင်း၊ အဲဒီအတွက် WhatsApp မက်ဆင်ဂျာကို သုံးစွဲ ဆက်သွယ်နေကြောင်း ကွာလာလမ်ပူမြို့အခြေစိုက် သတင်းရင်းမြစ်တစ်ခုက ပြောဆိုကြောင်း ဖော်ပြပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တွေကလည်း မလေးရှားနိုင်ငံသားတချို့ ARSA နဲ့ ပူးပေါင်းဖို့ မြန်မာနိုင်ငံတွင်းကို ရောက်ရှိနေကြောင်းပြောဆိုကြပေမယ့် မလေးရှားရဲတပ်ဖွဲ့ကတော့ ဒီကိစ္စစုံစမ်းရဦးမယ်လို့ ပြောဆိုကြောင်းလည်း ဖော်ပြပါတယ်။

အမေရိကန်အခြေစိုက် National War College က အမျိုးသားလုံခြုံရေးမဟာဗျူဟာဌာနက ပါမောက္ခ ဇာချာရီ အဘူဇာကလည်း ARSA ကို ထောက်ပံ့နေတာဟာ မလေးရှားအပြင် ဆော်ဒီအာရေဗျကလည်း WhatsApp က တဆင့် ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။

ARSA ဟာ WhatsApp အပြင် Facebook၊ Twitter, Blogspot အပါအ၀င် ဗီဒီယိုဝက်ဆိုဒ် အများအပြားကို သုံးစွဲပြီး၊ ဗီဒီယိုနဲ့ အသံဖိုင်တွေကို ရိုဟင်ဂျာ၊ ဘင်္ဂလီ၊ အာရဗီ၊ အူရဒူ၊ အင်္ဂလိပ်၊ မြန်မာ ဘာသာတွေနဲ့ ဖြန့်ချိနေတယ်လို့လည်း ပြောပါတယ်။

အေးရှားတိုင်း သတင်းမှာတော့ ARSA ဦးဆောင်အဖွဲ့ဟာ ဆော်ဒီအာရေဗျမှာ အခြေစိုက်ပြီး၊ ဒေသဆိုင်ရာခေါင်းဆောင်တွေက ပါကစ္စတန်နဲ့ ဆက်သွယ်ကြတယ်လို့ ဖော်ပြပါတယ်။

RFA Burmese

Comments