Skip to main content

ဒေါ်လာဘီလျံချီရှိနေပြီး ပြည်သူ့ဘဏ္ဍာဆီ ၀င်မလာတဲ့ ၀န်ကြီးဌာနတွေရဲ့ သီးသန့်ငွေစာရင်းနဲ့ စံချိန်တင်ဘတ်ဂျက်လိုငွေ

တိုင်းပြည်မှာ ဘတ်ဂျက်လိုငွေ အလွန်အမင်း ဖြစ်လာနေချိန်မှာ ၀န်ကြီးဌာနတွေရဲ့ ကိုယ်ပိုင်ငွေစာရင်းတွေမှာတော့ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီးရှိနေတဲ့ သီးသန့်ရန်ပုံငွေအဖြစ်ထားတဲ့ ငွေတွေက မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားပြီး နိုင်ငံ့ဘဏ္ဍာကနေ ပြည်သူ့အတွက် သုံးစွဲနေရတဲ့ ဘတ်ဂျက်တွေကနေ စနစ်တကျ ဖယ်ထုတ်ခံထားရပါတယ်။
ဝန်ကြီးဌာနတွေရဲ့ သီးသန့်ရန်ပုံငွေစာရင်းလို့ ခေါ်ဆိုပြီး Other Accounts  ဘဏ်စာရင်းလို့ သုံးနှုန်းတဲ့ ငွေပမာဏဟာ ၀န်ကြီးဌာနတွေရဲ့ နာမည်နဲ့ ဘဏ်မှာအိပ်စက်နေသလား။ ဒါမှမဟုတ် ပြည်ထောင်စုအဆင့်က ၀န်ကြီးဌာနတွေရဲ့ ဌာနခွဲတွေက  ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေရဲ့ နာမည်တွေနဲ့ အိပ်စက်နေပြီးရလာတဲ့ အတိုးနှုန်းတွေက ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာ ပြည်သူတွေ သိရှိနားလည်မှုမရှိသလို  ဒီအတိုးနှုန်းတွေကရော Other Accounts တွေကနေ ဘယ်ကို စီးမျောနေလဲဆိုတာကို သိရှိဖို့လိုအပ်နေတဲ့ အခြေအနေပါ။
ဦးသိန်းစိန်အစိုးရ စတင်ခဲ့တဲ့ Other Accounts  တွေဟာ နိုင်ငံ့ ဘတ်ဂျက်ပြင်ပကို ရောက်နေပြီး ဒီလိုရောက်နေတဲ့ ဘတ်ဂျက်တွေကို နိုင်ငံ့ဘဏ္ဍာဆီပြန်ဆွဲထည့်ဖို့ လုပ်ဆောင်သင့်တာကို လက်ရှိအစိုးရ တက်လာခါစ ၂၀၁၆ ခုနှစ် ဧပြီလမှာ ဦးသိန်းစိန်အစိုးရလက်ထက်က အစိုးရစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာနဲ့ ဖော်ပြခဲ့ပြီးဖြစ်ပြီး အစီရင်ခံစာ ပထမအဆင့်အရ ပြည်ထောင်စုဘတ်ဂျက်ပြင်ပက  Other Accounts တွေကို တဖြည်းဖြည်း လျှော့ချသွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အကောင်အထည်လုံးဝ မပေါ်သေးသလို ဒီ Other Accounts  တွေနဲ့ ပတ်သက်လို့ ရှင်းလင်းဖြေဆိုနိုင်စွမ်းကို မမြင်ရသေးပါဘူး။
Other Accounts  တွေက နိုင်ငံ့ဘတ်ဂျက်ပြင်ပကနေ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေစာရင်း အမည်နဲ့ ရှိနေတဲ့ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံကလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ခြောက်နှစ်ကထက် စံချိန်တင် မြင့်မားတဲ့ ဘတ်ဂျက်လိုငွေပြဿနာကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ဝန်ကြီးဌာနအများစုက အရှုံးပြနေပြီး တိုင်းပြည်ရဲ့ ဘတ်ဂျက်လိုငွေတွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်လိုငွေတွေကို စိုက်ထုတ်သုံးစွဲပေးနေရတဲ့ အချိန်မှာ ဒေါက်တာသက်သက်ခိုင် ဆွေးနွေးထားသလို နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေကနေ ၀င်ငွေထက်ဝက်ဟာ ထူးဆန်းစွာ ၀န်ကြီးဌာနတွေရဲ့ ကိုယ်ပိုင်ငွေစာရင်းတွေဆီ ရောက်သွားရတဲ့ အခြေအနေတွေကနေ အမြန်ဆုံးဆွဲထုတ်ပြီး တိုင်းပြည်အတွက် လိုအပ်နေတဲ့ နေရာတွေနဲ့ ဆိုးဆိုးရွားရွား လိုငွေပြနေတဲ့နိုင်ငံ့ အခြေအနေတွေအတွက် ဒီ Others Accounts  တွေကို တိုင်းပြည်ဘဏ္ဍာ ဆီဆွဲသွင်းရေးဟာ အမြန်ဆုံးလုပ်ဆောင်ရမယ့် အခြေအနေဖြစ်လာပါတယ်။
“၀န်ကြီးဌာနတွေကနေပြီး အမြတ်ရရင်  Others Accounts တွေဆီ စာရင်းဝင်သွားပြီး ၀န်ကြီးဌာနတွေက ရှုံးနေရင် တိုင်းပြည်ဘဏ္ဍာကနေ စိုက်ထုတ်နေရတယ်။ ဒီအခြေအနေက မဖြစ်သင့်တော့ဘူး” ဟု NLD ပါတီရဲ့ စီးပွားရေးကော်မတီဝင်က သုံးသပ်ပါတယ်။

EITI ပထမအကြိမ် အစီရင်ခံစာအပေါ် NGRI က မှီငြမ်းထုတ်ပြန်တဲ့ Other Accounts  ပြဿနာ
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့် အမှတ် ၁၊ ၂၊ ၃ သတ္တုတွင်းလုပ်ငန်းစတဲ့ နိုင်ငံပိုင် လုပ်ငန်းကြီးတွေကနေ နိုင်ငံဘတ်ဂျက်ဆီ ထည့်သွင်းဖော်ပြမှု မရှိတဲ့ သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းငွေဟာ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် တစ်ခုတည်းမှာကို ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ (ကျပ်ငွေ ၁ ဒသမ ၅ ထရီလျံ) အထိ စုဆောင်းခဲ့ပြီး ဒီလိုနိုင်ငံ့ရဲ့  ပုံမှန်ဘတ်ဂျက်တွေမှာ မပါဝင်တဲ့ ၀န်ကြီးဌာနတွေရဲ့  သီးခြားငွေစာရင်း Other Accounts  တွေက ငွေတွေဟာ ဘယ်လောက်အထိ ရှိနေပြီဆိုတာ မဖော်ပြထားပေမယ့် အချို့ငွေစာရင်းတွေမှာ ဒေါ်လာသန်း ရာနဲ့ချီရှိနေနိုင်ပြီး အချို့သော ငွေစာရင်းတွေမှာ ဒေါ်လာဘီလျံနှင့် ချီ၍ရှိနေနိုင်တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် National Resource Governance Institute (NGRI) က ထုတ်ပြန်တဲ့ Gilded Gatekeeprersး Myanmar ‘s State Owned oil and Mining Enterprises အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ EITI အစီရင်ခံစာအပေါ် အမှီပြုရေးသားထားတဲ့ ဒီအစီရင်ခံစာမှာ ပြည်သူ့ဘဏ္ဍာအပေါ် လွှမ်းမိုးမှုကြီးမားတဲ့ ရေနံ၊ ဓာတ်ငွေ့နဲ့ တွင်းထွက်ကဏ္ဍက ရငွေတွေဟာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် အစိုးရရငွေအားလုံးရဲ့ ၂၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ စုစုပေါင်းဝင်ငွေရဲ့ ၁၆ ရာခိုင်နှုန်းအထိ ရှိနေတာပါ။
နိုင်ငံပိုင် တွင်းထွက်လုပ်ငန်း  (SEE) တွေကို ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်ခွင့် နည်းလမ်းအမျိုးမျိုးနဲ့ အစိုးရက ဆောင်ရွက်ထားပြီး ဒီဝင်ငွေတွေထဲက ငွေတွေကို ဘဏ္ဍာနှစ် တစ်နှစ်ကနေ နောက်တစ်နှစ်ဆီ ကူးပြောင်းစုဆောင်းသွားဖို့သီးခြား ငွေစာရင်းနဲ့ စုဆောင်းခဲ့တာဖြစ်ပြီး ဒီလို Other Accounts ငွေတွေဟာ  Regular Annual Budget Process နဲ့ သက်ဆိုင်မှု မရှိဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ပထမအကြိမ် မြန်မာ့ EITI အစီရင်ခံစာ ဖော်ပြချက်အရ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ကုန်ကြမ်းထုတ်ယူမှု အကြီးအကျယ် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံပိုင်လုပ်ငန်းကြီး ငါးခုဟာ သူတို့ရဲ့ Other Accounts တွေဆီ အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ( ကျပ် ၁ ဒသမ ၅ ထရီလျံ ) အထိ စုဆောင်းခဲ့ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတစ်ခုတည်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအထိ စုဆောင်းခဲ့တယ်လို့  အစီရင်ခံစာက ဖော်ပြခဲ့ပြီး ဒီလို နိုင်ငံ့ဘတ်ဂျက်မှာ ပါဝင်မှု မရှိတဲ့ ငွေတွေနဲ့ တိုင်းပြည်ဘတ်ဂျက် အခြေအနေကို မြင်သာအောင် နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကျန်းမာရေးအသုံးစရိတ်က အမေရိကန်ဒေါ်လာ သန်း ၇၅၀ သာ ရှိပြီး ပညာရေးအတွက် အသုံးပြုငွေက ဒေါ်လာ ၁ ဒသမ ၁ ဘီလျံသာ ရှိနေတာကြောင့် ၀န်ကြီးဌာနတွေရဲ့ Other Accounts တွေက ငွေတွေဟာ ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်သုံးစွဲမှုထက် များနေပြီလို့ အစီရင်ခံစာမှာ နှိုင်းယှဉ်ဖော်ပြခဲ့ပါတယ်။
ဒီလို နိုင်ငံပိုင် တွင်းထွက်လုပ်ငန်းတွေဟာ နိုင်ငံရဲ့ ပြည်သူ့ဘဏ္ဍာအပေါ် သက်ရောက်မှုအားကောင်း လှတာကြောင့် သူတို့ရဲ့ တာဝန်တွေကို အတိအကျသတ်မှတ်တာ၊ လုပ်ငန်းဆောင်ရွက်မှု တိုးတက်စေဖို့ ပြင်ဆင်နိုင်မယ်ဆို မြန်မာနိုင်ငံအနေနဲ့ များစွာအကျိုးရှိမယ်လို့ အစီရင်ခံစာက သုံးသပ်ခဲ့ပေမယ့် ဒီလိုနိုင်ငံပိုင် တွင်းထွက်လုပ်ငန်းတွေရဲ့ အကန့်အသတ်တွေ လုပ်ပိုင်ခွင့်တွေကို စနစ်တကျ ပြဋ္ဌာန်းသတ်မှတ်မှုမရှိဘူးလို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
ပထမအကြိမ် EITI အစီရင်ခံစာမှာဆို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၁၃ ခုက ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရရှိတဲ့အခွန် ဘဏ္ဍာငွေကျပ် ဘီလျံ ၈၈၀ က ၄၉ ရာခိုင်နှုန်းကိုပဲ ဘဏ္ဍာရေးဝန်ကြီးဌာနဆီ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ကျန် ၅၁ ရာခိုင်နှုန်းကို စွမ်းအင်ဝန်ကြီးဌာန အမည်နဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားခဲ့တာကြောင့် ဒီလိုများပြားလှတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေတွေဟာ နိုင်ငံတော်ရဲ့ အမျိုးသားဘတ်ဂျက် လုပ်ငန်းစဉ်က စနစ်တကျ ဖယ်ထုတ်ခံထားရတဲ့ အခြေအနေကို သွယ်ဝိုက်ညွှန်းဆိုနေတယ်လို့ အရပ် ဘက်လူမှုအဖွဲ့အစည်းပေါင်း၅၀၀ ကျော်နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) က ထုတ်ပြန်ခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်အပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ တင်ပြတော့မယ့် ဒုတိယအကြိမ် EITI အစီရင်ခံစာမှာဆိုရင် ဒီလိုနိုင်ငံ့ဘဏ္ဍာဆီ မရောက်လာတဲ့ Other Accounts တွေအကြောင်း အသေးစိတ်ဖော်ပြမှာဖြစ်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့  Other Accounts တွေထားခဲ့တယ်။ ဘာတွေသုံးခဲ့တယ်။ စထားကတည်းက အကောင့်ထဲမှာ ဘယ်လောက်အထိ ရှိနေတယ်ဆိုတာတွေကို အသေးစိတ် ဖော်ပြသွားမယ်လို့ EITI ရဲ့ အရပ်ဘက်ကိုယ်စားလှယ် MATA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုးမိုးထွန်းက ပြောကြားပါတယ်။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေက ပိုငွေပြဘတ်ဂျက်နဲ့ လိုငွေပြ မိခင်ဌာန
နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေကို လေ့လာကြည့်မယ်ဆိုရင် ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှု၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုပြီး ခွဲခြားထားတာကို တွေ့ရပြီး ၂၀၁၆-၂၀၁၇ ယာယီ အမှန်စာရင်းမှာဆို ဒီဝန်ကြီးဌာနတွေရဲ့ ဦးစီးဌာနအချို့က ပိုငွေပြခဲ့ပါတယ်။ ဦးစီးဌာနအချို့က ပိုငွေပြတယ်ဆိုပေမယ့် မိခင်ဌာနတွေကတော့ လိုငွေ အလွန်များပြားနေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ပြင်ပက ဆောင်ရွက်တဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းစု သုံးခုရှိပြီး အဲဒီသုံးခုမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနဲ့ မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းဆိုပြီးရှိရာ မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဒီဌာနသုံးခုဟာ လိုငွေကျပ်သန်း ပေါင်း ၃၅၆၅၈ ကျော်အထိ ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာဆို  Other Accounts တွေကနေ စိုက်ထုတ်သုံးစွဲမယ့် ဦးစီးဌာန ရှစ်ခုရှိပြီး အဲဒီရှစ်ခုမှာ ပြန်ကြားရေးဝန်ကြီးဌာနအောက်က သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၁)၊ (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းဆိုပြီး ရှိနေတာကိုတွေ့ မြင်ရပါတယ်။ ဒီ အဖွဲ့အစည်းရှစ်ခုရဲ့ သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်း အသုံးစရိတ်အားလုံးကို သူတို့ရဲ့ Other Accounts တွေကနေ သုံးမှာဖြစ်ပေမယ့် သူတို့ရဲ့ ကြွေးမြီတွေကိုတော့ ပြည်သူ့ဘဏ္ဍာ နိုင်ငံ့ဘတ် ဂျက်ကနေ စိုက်ထုတ်သုံးစွဲပေးရမှာပါ။
သာမန်အသုံးစရိတ်အောက်က ကုန်ကြမ်း၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ နိုင်ငံတော်ဆီထည့်ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုစရိတ်၊ လုပ်ငန်းဆောင်ရွက်မှုစရိတ်၊ စီမံနဲ့ သုတေသနစရိတ်၊ ရောင်းချဖြန့်ဖြူးမှုစရိတ်တွေကို ကိုယ့်အသုံးစရိတ် Other Accounts  က သုံးစွဲပြီးကျန်တဲ့ လစာ၊ လုပ်ခ၊ ပင်စင်၊ ပြည်ပချေးငွေအပေါ် အတိုးပေးငွေနဲ့ ငွေလုံးငွေရင်းအသုံး စရိတ်တွေအပြင် ကြွေးမြီတွေကို ပြည်သူ့ဘဏ္ဍာက စိုက်ထုတ်ပြီး သုံးစွဲပေးရမယ့် Other Accounts ရှိနေတဲ့ ဦးစီးဌာန ၁၀ ခုရှိပြီး မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၊ အမှတ်(၁)၊ (၂)၊ (၃) အကြီးစား စက်မှုလုပ်ငန်းနဲ့ မြန်မာ့ဆေးဝါးလုပ်ငန်းတွေ ဖြစ်ပါတယ်။
ဒီလိုပဲ သာမန်အသုံးစရိတ်အောက်က ကုန်ကြမ်းပစ္စည်းဝယ်ယူတာ၊ အသုံးစရိတ်ရဲ့ရာခိုင်နှုန်း ၅၀၊  ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ နိုင်ငံတော်ဆီထည့်ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုစရိတ်၊ လုပ်ငန်းဆောင်ရွက်မှု စရိတ်တွေကို ကိုယ့်ဘာသာကျခံပြီး ကျန်တာအားလုံးကို ပြည်သူ့ဘဏ္ဍာက စိုက်ထုတ်ပေးရမယ့် အဖွဲ့အစည်းနှစ်ခုက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းပါ။
Other Accounts ရှိနေတဲ့ ၀န်ကြီးဌာနတွေရဲ့ လက်အောက်က ဦးစီးဌာန ၂၀ ရဲ့ မိခင်ဌာနတွေကတော့ ဘတ်ဂျက်လိုငွေ အများအပြားပြနေတဲ့အပြင် ဒီဦးစီးဌာနတွေက Other Accounts လည်းရှိနေတဲ့ကြားက တိုင်းပြည်ဘဏ္ဍာက ရယူနေတဲ့အပြင် ချေးငွေတွေလည်း ရယူခွင့်ရှိနေပါသေးတယ်။
ဒီလို ဦးစီးဌာနတွေက ရှုံးနေရင် နိုင်ငံတော်က စိုက်ထုတ်၊ အမြတ်ရနေတဲ့ အခြေအနေတွေနဲ့ ၀င်ငွေတွေ ကိုကျတော့သူတို့ရဲ့ Other Accounts တွေဆီထည့်ဝင်ခဲ့တာက အခုဆိုရင် ဘဏ္ဍာနှစ် ခြောက်နှစ် စာလောက်ရှိနေပြီဖြစ်တာကြောင့် ဒီ Other Accounts တွေက ဘဏ်တွေမှာ သိုမှီးထားတဲ့ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံအောက် ရှိနေနိုင်တဲ့ အခြေအနေ ဖြစ်နေပါပြီ။ တစ်နိုင်ငံလုံး ဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်းနဲ့အထက်ကို ဘဏ်တွေမှာ သိုလှောင်ထားပြီး ရှုံးနေတဲ့အချိန်ကျမှ တိုင်းပြည်က စိုက်ထုတ်သုံးစွဲပါဆိုတဲ့ အခြေအနေကနေ လွန်မြောက်သင့်နေပြီလို့ ဆိုရမယ့် အခြေအနေ ဖြစ်ပါတယ်။
Other Accounts တွေမှာ ရလာတဲ့ဝင်ငွေကို သိုလှောင်ထားပြီး မိခင်ဌာနက အရှုံးပေါ်နေတဲ့ ၀န်ကြီးဌာနတွေကို ဥပမာပြရရင် ပြန်ကြားရေးဝန်ကြီးဌာနကို ပြရမှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ နှစ်တိုင်းလိုလို လိုငွေပြနေတဲ့ ဌာနဖြစ်နေပြီး နိုင်ငံ့ဘတ်ဂျက်လိုငွေ ပြနေမှုမှာ အမြဲလို အခက်ကြုံစေတဲ့ ဌာနတွေထဲက တစ်ခုဖြစ်နေတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာဆို လိုငွေပမာဏက ကျပ်သန်းပေါင်း ၅၇၇၃၆ ကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာဆို လိုငွေပမာဏက ကျပ်သန်းပေါင်း ၆၁၁၂၉ ကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဆို လိုငွေပမာဏက ကျပ်သန်းပေါင်း ၃၄၃၉၅  ကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှာဆို လိုငွေပမာဏက ကျပ်သန်းပေါင်း ၂၂၁၇၀ ကျော်အထိ ဖြစ်ပေါ်ခဲ့ပါတယ် ။
လက်ရှိ  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနက အစဉ်အလာမပျက် လိုငွေပြမြဲပြခဲ့ပြီး ရငွေက ကျပ်သန်းပေါင်း ၃၅၇၅၃ ကျော်ပဲရှိခဲ့ပြီး သုံးငွေက ကနဦးမှာ ကျပ်သန်းပေါင်း ၆၀၀၅၄ ကျော်ရှိခဲ့လို့ လိုငွေပမာဏက ကျပ်သန်းပေါင်း ၂၄၃၀၁  ကျော်အထိ ဖြစ်ပေါ်နေပါတယ်။ ပြန်ကြားရေး ၀န်ထမ်းလစာကို နိုင်ငံ့ဘဏ္ဍာက ပေးရတယ်။ ယာဉ်၊ အဆောက်အအုံ၊ မြေနေရာ၊ ပုံနှိပ်လုပ်ငန်းအတွက် စက်ပစ္စည်းဝယ်ယူမှုအရာအားလုံးမှာ နိုင်ငံ့ဘဏ္ဍာက စိုက်ထုတ်သုံးစွဲနေရပြီး သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အရှုံးမရှိဘူးလို့ အရင်တုန်းက ပြောခဲ့တာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အရင်တုန်းကနဲ့ ခြားနားပြီး ကြော်ငြာတွေကို လက်ဝါးကြီးအုပ်ထားတာတောင်မှ ရရှိမှုကျဆင်းခဲ့တာကို မြန်မာ့အလင်းမှာရော၊ ကြေးမုံမှာပါ မြင်တွေ့နေရတာဖြစ်လို့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက ကိုယ်ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်သေးရဲ့လား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
“MICA လို ပုံစံမျိုးဖြစ်နေတယ်။ အစိုးရက ဘာမှမလုပ်နိုင်သေးဘူး” လို့  လက်ရှိအစိုးရက Other Accounts တွေရဲ့ ငွေစီးဆင်းနေမှု ပုံစံမပြောင်းလဲနိုင်သေးတဲ့အပေါ် NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန် ၀င်းသောင်းက သုံးသပ်ပါတယ်။

ထပ်တလဲလဲ ဘတ်ဂျက်လိုငွေနဲ့ Other Accounts ငွေတွေ ပြည်သူ့ဘဏ္ဍာဆီ ပြန်ဝင်လာရေး
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကနဦး ဘတ်ဂျက်လိုငွေပေါင်း ကျပ်ဘီလျံ ၁၃၀၀၀ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလတွေအထိ တွက်ချက်မှုတွေအရဆိုရင် ၂၀၁၁-၂၀၁၂ ကနေ ၂၀၁၄-၂၀၁၅ အထိ ဘတ်ဂျက်လိုငွေတွေက မူလခန့်မှန်းခြေမှာ ပျမ်းမျှ ၄ ဒသမ ၄၂ ရာခိုင်နှုန်း ရှိပေမယ့် အမှန်စာရင်းမှာ ဆိုရင် ၂ ဒသမ ၀၈ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဒါတွေကဘာ့ကြောင့် ဖြစ်ရတာလဲဆိုတော့ အမှန်တကယ် မလုပ်နိုင်ဘဲ ဘတ်ဂျက်ဆိုတာ ပိုတင်ရမယ်။ ဖြတ်ချတာနဲ့မှအကိုက် ဘဲဆိုတဲ့ ၀န်ကြီးဌာနတွေရဲ့ မပြောင်းလဲနိုင်သေးတဲ့ စိတ်ဓာတ်တွေနဲ့ အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိ မဆန်းစစ်နိုင်ဘဲ အနည်းငယ်သာ ဖြတ်ချပြီး တောင်းသလောက် ခွင့်ပြုလိုက်ရတဲ့ လွှတ်တော်ရဲ့ အားနည်းချက်ကြောင့် လို့ပဲဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာနှစ် တစ်နှစ်ကုန်ဆုံးလို့ ဘတ်ဂျက်အမှန်စာရင်း ထွက်လာတိုင်းမှာ လိုငွေပမာဏဟာ ကနဦးတွက်ချက်မှုတွေထက် လျော့နည်းခဲ့တာ တွေ့ရမှာဖြစ်ပြီး ဦးသိန်းစိန်အစိုးရရဲ့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ လိုငွေစုစုပေါင်းဟာ ကျပ် ၈၀၂၈ ဘီလျံခန့်သာ ရှိခဲ့ပါတယ်။ လက်ရှိ ဦးထင်ကျော်အစိုးရလက်ထက် ပထမသက်တမ်းမှာတင် လိုငွေက ကျပ် ၄၀၁၅ ဘီလျံကျော်ဖြစ်လာခဲ့လို့ ပထမသက်တမ်းမှာတင် အရင်အစိုးရရဲ့ ငါးနှစ်တာရဲ့ ထက်ဝက်ကို ကျော်ဖြတ်သွားပြီဆိုရမှာပါ။ ဒီနေရာမှာ အမှန်စာရင်းကျရင် ဘတ်ဂျက် လိုငွေဟာ ကျပ် ၄၀၂၅ ဘီလျံထက် လျော့ကျသွားနိုင်တယ်ဆိုပေမယ့် တိုင်းပြည်က ဘတ်ဂျက်လိုငွေအတွက်  ဗဟိုဘဏ်ကနေ ငွေရိုက်ထုတ်ပြီး ဖြည့်စွက်ရတာတွေကို လုပ်ခဲ့ရလို့ ငွေဖောင်းပွမှုမြင့်တက်လာတာ ကုန်ဈေးနှုန်းမြင့်တက်လာ တာတွေက ဖြစ်လာနေခဲ့ပြီးဖြစ်လို့ အခြေခံလူတန်းစားတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုမှာ လက်ရှိမှာကို အရင်အစိုးရလက်ထက် နောက်ဆုံးနှစ်ကထက်အထိနာနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဘတ်ဂျက်လိုငွေတွေမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၁၆၃၀၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၁၂၅၁ ဘီလျံ ၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၇၀၆ ဘီလျံ၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၇၈၂ ဘီလျံ ရှိခဲ့ပြီး ၂၀၁၅- ၂၀၁၆ ရွေးကောက်ပွဲနှစ်မှာ ကျပ် ၃၆၅၉ ဘီလျံ အထိလိုငွေဖြစ်ခဲ့လို့ ရွေးကောက်ပွဲနှစ်ဟာ လိုငွေအများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။  ဦးသိန်းစိန်အစိုးရ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ကို ဆက်ခံရတဲ့ လက်ရှိ ဦးထင်ကျော်အစိုးရ ပထမသက်တမ်း ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ လိုငွေကျပ် ဘီလျံ ၄၀၀၀ ကျော်ဖြစ်လို့ လိုငွေအများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ နှစ်လည်းဖြစ်နေပါတယ်။ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ဘတ်ဂျက်လိုငွေဟာ ကနဦး ဘတ်ဂျက်လိုငွေက မူလခန့်မှန်းခြေမှာ ကျပ် ၃၉၈၉ ဘီလျံကျော်ပဲရှိပေမယ့် တကယ့်တကယ်မှာတော့ ၃၉၉၅ ဘီလျံကျော် အထိဖြစ်လာတဲ့အပြင် လက်ရှိဖြည့်စွက်ခွင့်တောင်းတဲ့ ထပ်တိုးဘတ်ဂျက်ဟာ ၂၅၄၄ ဒသမ ၇၃၇ ဘီလျံဖြစ်လို့ အလွန့်အလွန်ကို များနေခဲ့ပါပြီ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုက နေရာတိုင်းမှာ လိုအပ်ချက်အပြည့်နဲ့ တည်ဆောက်ရမှာပါ။ ဒါပေမဲ့ တိုင်းပြည်အခြေအနေကို ပြန်မကြည့်ဘဲ ဘတ်ဂျက်ရသမျှကို တောင်းနေမယ်။ ဘာမှလည်း အကျိုးမဖြစ်ထွန်းဘူး။ အဂတိလိုက်စားမှုကိုလည်း မတိုက်ဖျက်နိုင်ဘဲ ဆီးသီးဗန်းမှောက်ဘတ်ဂျက် ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ တိုင်းပြည်ဖွံ့ဖြိုးရေးအိပ်မက်ဟာ ပျက်သုဉ်းသွားမှာပါ။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဘတ်ဂျတ်ဟာ အဟောသိကံများပြားနေပြီး အထူးသဖြင့် တင်ဒါခေါ်ယူမှုတွေမှာ ပြဿနာအများဆုံး ဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ  စီးပွားရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ ပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားပြီး လက်ရှိအစိုးရ၏ ဦးစားပေးမူဝါဒတွေဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးတွေကို ကူညီပံ့ပိုးနေတဲ့ Renaissance Institute ရဲ့ အကြံပေးဦးစိန်ဌေးက သုံးသပ်ထားပါတယ်။
“နိုင်ငံတော်ဘတ်ဂျက်က အဟောသိကံများနေတယ်။ အထူးသဖြင့် ဘယ်နေရာမှာ များနေလဲဆိုရင် တင်ဒါပြဿနာတွေမှာ များနေတာ။ ကျွန်တော် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေဆီသွားပြီး ကူတာရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ စီမံကိန်းနဲ့ ဘတ်ဂျက်က လိုက်လျောညီထွေ မရှိဘူး။ မရှိတဲ့အခါကျတော့ ဒီအပိုင်း လေးတွေမှာ အသုံးစရိတ်က အနည်းအပါး အပြောင်းအလဲလေး ရှိပါတယ်”လို့ ဦးစိန်ဌေးက ဆိုပါတယ်။
Renaissance Institute က မြန်မာ့ဘတ်ဂျက်ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းဘတ်ဂျက် ပေးမှတ် ၁၀၀ နဲ့ တန်ဖိုးဖြတ်ရာမှာ ပွင့်လင်းမြင်သာမှုနှစ်မှတ်၊ လူထုပါဝင်မှုခြောက်မှတ်၊ လွှတ်တော်ရဲ့ ကြီးကြပ်မှု ၂၇ မှတ်နဲ့ စာရင်းစစ်ကြီးကြပ်မှု ၂၅ မှတ်သာရရှိတဲ့အထိ ဆိုးရွားခဲ့တယ်လို့ RI က  ထုတ်ပြန်တဲ့ ဘတ်ဂျက်လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့်ရစေမည့် ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံအတွက် မူဘောင်စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။
ပွင့်လင်းဘတ်ဂျက် စစ်တမ်းပေးမှတ်အရ ပွင့်လင်းမြင်သာမှု နှစ်မှတ်ပဲရခဲ့တာက မြန်မာနိုင်ငံဟာ ဘတ်ဂျက်လုပ်ငန်းစဉ်ရဲ့ လက္ခဏာ မှန်သမျှနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရံဖန်ရံခါပဲ အသိပေးချပြတတ်တာနဲ့ အစိုးရအနေနဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု မဟာဗျူဟာတွေကို အစိုးရမဟုတ်တဲ့ သက်ဆိုင်သူတွေကို ရှင်းပြမယ့် အဖွဲ့ဆိုင်ရာ လုပ်ငန်းစဉ်အနည်းငယ်သာရှိတာကြောင့် နှစ်မှတ်ပဲရတာပါ။
လူထုပါဝင်မှုဟာ ဘတ်ဂျက်ရေးဆွဲတဲ့ လုပ်ငန်းစဉ်မှာ လူထုပါဝင်ဖို့ အခွင့်အလမ်းမရှိသလောက်ဖြစ်နေပြီး လူထုပါဝင်မှု အားမပေးတဲ့ ကာလရှည်ဓလေ့ကြောင့်ဖြစ်နေပြီး ၂၀၁၅ ခုနှစ် UNDP စစ်တမ်းအရ ပြည်သူသုံးပုံ တစ်ပုံနီးပါးက အစိုးရနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်ကို ပြောရာမှာ သတိထားရတယ်လို့ ပြောကြားခဲ့ကြပြီး ပြည်သူ လေးပုံတစ်ပုံက သူတို့အမြင်ကို လူသိရှင်ကြားထုတ်ပြောရန် လွတ်လပ်ခွင့်မရှိ       လို့ ယူဆကြောင်း ဖြေကြားခဲ့ခြင်းစတဲ့ အခြေအနေတွေအတွက် လူထုပါဝင်မှု ခြောက်မှတ်ပဲရရှိပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နေပြီဖြစ်ပြီး လွှတ်တော်တွေအတွက် ဘတ်ဂျက်လုပ်ငန်းစဉ်ဟာ အသစ်အဆန်းဖြစ်နေသောကြောင့် ပြည်ထောင်စုအဆင့်နဲ့  အောက်အဆင့် လွှတ်တော်နှစ်မျိုးစလုံးကို သင်တန်းပေးခြင်းဟာ အရေးကြီးတဲ့ တာထွက်မှတ်ဖြစ်နေပြီး လွှတ်တော်တွေက ဘတ်ဂျက်ကိုကောင်းစွာ နှံ့စပ်ကျွမ်းကျင်လာမယ်ဆို လူထုထံက ပြန်လာတဲ့ ထင်မြင်ချက်တွေကို ထပ်ဟပ်ပြောကြားလာနိုင်မှ ဖြစ်ပေမယ့် လက်ရှိမှာတော့ လွှတ်တော်ကြီးကြပ်နိုင်မှုက ရမှတ် ၁၀၀ မှာ၂၇ မှတ်သာ ရှိနေပါတယ်။
ဆီးသီးဗန်းမှောက်ဘတ်ဂျက်၊ ၀န်ထမ်း ၁၄ သိန်းကျော်က အချို့လူတွေရဲ့ လာဘ်စားမှုမထိန်းနိုင်သေး တဲ့အခြေအနေနဲ့ ဘတ်ဂျက်လုပ်ငန်းစဉ်ပြင်ပက Other Accounts တွေဆိုတဲ့ အခြေအနေမှာ နစ်နာနေရတာက တိုင်းပြည်ပါ။ လစာတိုး မပေးနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်ရှိနေလို့ ၀န်ထမ်း ၁၄ သိန်းကျော်ထဲက လာဘ်စားသူတွေကို မထိန်းချုပ်လိုသေးဘူးဆိုရင်တောင် Other Accounts တွေက ငွေတွေကိုတော့ နိုင်ငံ့ဘဏ္ဍာဆီ အရေးတကြီး ဆွဲသွင်းနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
“Expenditure က အရမ်းများနေတယ်။ ထိရောက်မှုရှိတဲ့ အသုံးစရိတ်ဆိုတာက မလိုတာတွေ မသုံးဖို့ပေါ့။ ငွေ ၁၀၀ သုံးရင် ၁၀၀ ပြန် ရရမယ်။ အဲဒီသဘောမျိုးဖြစ်အောင် လုပ်ဖို့လိုတယ်။ အသုံးစရိတ်တွေ ဖောင်းပွလာရင် များလာရင် အခုက Deficit ဘတ်ဂျက်ဖြစ်နေတယ်။ လေးငါးနှစ်လောက် လိုငွေပြဘတ်ဂျက် ဖြစ်နေတယ်။ အဲဒါမကောင်းဘူးလေ။ ဒီနှစ်မှာလည်း အဲဒီလိုပဲ။ နောက်နှစ် နောင်နှစ်တွေလည်း အဲဒီလိုပဲ ဖြစ်နေတယ်ဆိုရင် အခြေအနေက မကောင်းဘူး။ ဆိုးတယ်လို့ ပြောရမယ်။ စွမ်းဆောင်ရည်က မြှင့်တင်ဖို့တက်လာဖို့ လိုသေးတယ်လို့ ထင်ပါတယ်” လို့ NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က လက်ရှိအစိုးရနဲ့ လွှတ်တော်အကြားက ဘတ်ဂျက်လိုငွေ အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ပါတယ်။
Other Accounts ငွေစာရင်းတွေ အများအပြားဖော်ပြထားပြီး ဒီလိုအမျိုးသား အကျိုးစီးပွားအတွက် အလွန်အရေးကြီးတဲ့ တွင်းထွက်သယံဇာတက ရငွေတွေနဲ့ Other Accounts ငွေတွေ ဘယ်လိုစီးဆင်းနေတယ်ဆိုတာကို သိရှိဖို့ ပွင့်လင်းမြင်သာတဲ့ အခြေအနေသို့ ရောက်ရှိဖို့ လက်ရှိစံချိန်တင် ဘတ်ဂျက်လိုငွေနဲ့ ဗဟိုဘဏ်က ထုတ်ချေးနေရတဲ့ တိုင်းပြည်အခြေအနေက ဖော်ပြနေပါတယ်။ ဒါ့ကြောင့်  Other Accounts ငွေစာရင်းတွေ နိုင်ငံ့ဘဏ္ဍာဆီ ဆွဲမသွင်းနိုင်သေးရင်တောင် တည်ထောင်ထားရှိမှုနဲ့ စီမံခန့်ခွဲမှုအတွက် ဥပဒေမူဘောင်တစ်ခု ပြဋ္ဌာန်းပေးသင့်ပြီး နောင်အနာဂတ်မှာ Other Accounts ဘဏ်စာရင်းတွေက စုဆောင်းထားတဲ့  ငွေပမာဏတွေကို ဖော်ပြဖို့သာမက ဒီငွေစာရင်းတွေက ငွေတွေကို ဘယ်လိုစီမံခန့်ခွဲနေတယ် ဆိုတာကို ပြည်သူသိအောင် လုပ်ဆောင်သင့်တဲ့ အချိန်အခါကို ရောက်နေပြီဆိုတာ သတိပြုဖို့လိုအပ်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video