06:47(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်
မထိုးထားတဲ့အဖွဲ့တွေအတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ထားပြီး လက်ကမ်း
ကြိုဆိုနေဆဲဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က NCA ၂ နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
NCA နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် အပစ်ရပ်ဒေသတွေမှာ ပဋိပက္ခလျော့ကျမှုလို သတိပြုသင့်တဲ့ တိုးတက်မှုတွေ ရှိနေပြီး ဒီနှစ်မကုန်ခင်မှာ ၂၁ရာစု ပင်လုံညီလာခံကို တတိယအကြိမ်မြောက် ကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။
NCA စာချုပ်မှာ လက်မှတ် မထိုးရသေးသူတွေ လက်မှတ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ဖိတ်ခေါ်ထားသလို အလားတူပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NCA လုပ်ငန်းစဉ်ဟာ အပစ်ရပ်တာထက်ပိုပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ အစီအစဉ်လည်းပါတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးက လက်မှတ်ထိုးရမယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က လက်မှတ် မထိုးရသေးသူတွေကို ဖိတ်ခေါ်နေပေမယ့် ပြီးခဲ့တဲ့ ၂ နှစ် အတွင်း လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ NCA ပါ အချက်တချို့ကို အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
NCA လုပ်ငန်းစဉ် ၃ ခုမှာ အပစ်ရပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုရဲ့ တချို့အချက်တွေ အကောင်အထည် ဖော်နိုင်ပေမယ့် လက်မှတ်ထိုးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့ ကြားခံနယ်မြေ အငြင်းပွားမှုတွေ ရှိနေပြီး ကြားကာလ အစီအစဉ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေ အကောင်အထည် မဖော်နိုင်သေးပဲ ဖြစ်နေတယ်လို့ KNU ဒုဥက္ကဌ ဖဒို စောကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
NCA ၂ နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ် ထိုးမထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု ကော်မတီ (FPNCC) က အဖွဲ့တွေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က အဖွဲ့ လေးဖွဲ့ စလုံးလည်း မတက်ရောက်ခဲ့ကြပဲ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ဖြစ်တဲ့ ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PLNO)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေး ကော်မတီအဖွဲ့(KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ ရှမ်းပြည် တပ်မတော်(RCSS/SSA)၊ ရခိုင် လွတ်မြောက်ရေးပါတီ(ALP)နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)နဲ့ တပ်မတော် ခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေ၊ NCA စာချုပ် လက်မှတ်ထိုးရာမှာ သက်သေအဖြစ် ပါဝင်ခဲ့ကြတဲ့ ပြည်တွင်းပြည်ပ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
NCA လက်မှတ် မထိုးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေးမှာ ပါလာဖို့ အတွက် အစိုးရနဲ့တပ်မတော်က ငြိမ်းချမ်းရေး အောင်မြင်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုင်ရာ မူဝါဒတွေ ဖြေလျှော့ဖို့ လိုကြောင်း NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်တဲ့ KNUက သတင်းထုတ်ပြန်ချက် တခု ထုတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေကို အစိုးရနဲ့ တပ်မတော်က ဖြေရှင်းတဲ့ နေရာမှာလည်း KNU ရဲ့ ၂၀၁၂ မတိုင်မီအထိ ကြုံတွေ့ခဲ့ရတဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် စစ်ရှောင်ထွက်ပြေးရသူ သိန်းချီရှိခဲ့တာကို ပြန်အမှတ်အရစေပြီး လက်ရှိပြဿနာတွေကို နိုင်ငံရေးအရ သိက္ခာရှိရှိနဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းတွေ အသုံးပြု ဖြေရှင်းဖို့ကိုလည်း ဒီသတင်းထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။
KNU အထွေထွေ အတွင်းရေးမှူး ပဒို စောတာဒိုမူးကလည်း အကြမ်းဖက်မှုတွေကြောင့် အချုပ်အချာ အာဏာထိပါးရတယ်ဆိုတာ လက်ခံပေမယ့် အစိုးရနဲ့ တပ်မတော် အနေနဲ့ နိုင်ငံပုံရိပ်ကို ထိခိုက်စေတဲ့ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အကြမ်းဖက်နှိမ်နင်းရေးနဲ့ လူ့အခွင့်အရေး အခြေခံတဲ့ အရပ်သားကာကွယ်ရေး ကိစ္စတွေကို သိက္ခာရှိရှိ စနစ်တကျ ခွဲခြား ကိုင်တွယ် လုပ်ဆောင်ဖို့ လိုကြောင်း ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ ဘောင်အတွင်းမှာ အဖြေရှိမှာ မဟုတ်ပဲ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်မှုကနေ သဟဇာတဖြစ်တဲ့ လူ့ဘောင်သစ်ကို ဖန်တီးနိုင်မယ်လို့လည်း KNU ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး အနာဂတ် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အားလုံးပါဝင် ကြဖို့ တိုက်တွန်းထားပါတယ်။
လက်မှတ် မထိုးရသေးသူတွေကို ဖိတ်ခေါ်နေပေမယ့် ပြီးခဲ့တဲ့ ၂ နှစ် အတွင်း လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ NCA ပါ အချက်တချို့ကို အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြော |

Comments
Post a Comment