ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၁) (၂) (၃)
——————————————————
မောင်သာမည, DVB
BurmaDemocracy, 28 July 2017
ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၁)
———————————————
မြန်မာနိုင်ငံမှာ နေ့စဉ် ထုတ်ဝေနေ တဲ့ သတင်းစာတွေရဲ့ မျက်နှာဖုံး ကို ကြည့်လိုက်မယ်ဆိုရင် နအဖအဖွဲ့ထဲ က ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ် ကြီး တစ်ဦးဦးရဲ့ ဘာသာရေး လုပ်ငန်း သတင်းကို သေချာပေါက် တွေ့ရ ပါလိမ့်မယ်။
စေတီတစ်ဆူမှာ ထီးတင်နေတဲ့ သတင်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ နာမည်ကြီး ဆရာတော် တစ်ပါးပါးကို လှုဒါန်းနေတဲ့ သတင်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ဘာသတင်းပဲ ဖြစ်နေပါစေ၊ သည်လို ဘာသာရေး သတင်းများရဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင် စစ်ဗိုလ်ချုပ်များဟာ ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုတယ်၊ အလွန်ဘာသာရေး ကိုင်းရှိုင်းတယ်၊ မြန်မာနိုင်ငံသား အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို စစ်ဗိုလ်ချူပ်ကြီးများက အလွန် အားပေးနေတယ်လို့ ဆိုလိုချင်တာပါပဲ။
နောက်ပြီး စစ်ဗိုလ်ချုပ်ကြီးများရဲ့ လက်ထက်မှာ ဗုဒ္ဓဘာသာဟာ အလွန်ထွန်း ကား တယ်ဆိုတာမျိုးကိုလည်း မရှက်မကြောက် ပြောတတ်ကြ ပါသေးတယ်။ တကယ့် အဖြစ်မှန်မှာတော့ ဗုဒ္ဓဘာသာရဲ့ အဓိက အနှစ်သာရဟာ စစ်ဗိုလ်ချုပ် ကြီးများရဲ့ အာဏာရှင် စနစ်ကြောင့် ပျောက်ကွယ်နေရပြီ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက လွတ်လပ်မှုပါ။ ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်က ကြောက် ရွံ့မှုကင်းစွာနဲ့ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ရေးပါ။ ဗုဒ္ဓဘာသာကို အလွန်အားပေးတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ဗုဒ္ဓဘာသာရဲ့ တကယ့် အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှုကို ဘယ်လောက် တန်ဖိုးထားပါသလဲ။ ဒါမှမဟုတ် ဘယ်လောက်အထိ ဖျက်ဆီးလိုက်ပြီလဲ။
လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ပွဲ လုပ်မယ်ဆိုရင်တောင် အာဏာပိုင်တွေဆီက ခွင့်ပြုမိန့် ပြန်တောင်းနေရပြီလို့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေး သမားကြီး သခင်သိန်းဖေက စိတ်ထိခိုက်စွာ ပြောပြတဲ့အကြောင်း စာရေးဆရာမ မြကြေးမုံ ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒါကို ကြည့်ရင် စစ်ဗိုလ်ချုပ်များဟာ လွတ်လပ်မှုကို ဘယ်လောက် မုန်တီးနေပြီလဲဆိုတာ အထင်အရှား သိနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တိုက်ယူခဲ့တဲ့ လွတ်လပ်ရေးဟာ စစ်အာဏာရှင်စနစ်အောက်မှာ လုံးဝ ပြန်လည် ပျောက်ဆုံး သွားပြီဆိုတာကို သည်အဖြစ်က ရည်ညွှန်းနေပါတယ်။
အာဏာရှင်စနစ်ရဲ့ အရာသာက မလွတ်လပ်မှု ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ လူတိုင်းဟာ အချုပ်အချယ် အပိတ်အပင်တွေနဲ့ အချိန်တိုင်း မွန်းကြပ်နေရပါတယ်။ ထောင်နံရံ အုတ်ရိုးကြီးတွေကို မမြင်ရပေမဲ့ လွတ်လွတ်လပ်လပ် သွားခွင့်မရပါဘူး။ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် မရပါဘူး။ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့် မရပါဘူး။
လူ့အခွင့်အရေးဆိုတဲ့ မွေးရာပါ လွတ်လပ်ခွင့်မှန်သမျှ ဆုံးရှုံးနေရပါတယ်။
ဒါကြောင့်လည်း မြန်မာပြည်သူပြည်သားတွေဟာ အုတ်နံရံမရှိတဲ့ ထောင်ကြီးထဲမှာ နေနေကြရတယ်လို့ ဒေါ်အောင်ဆန်စုကြည့် ပြောတာပါ။
ဗုဒ္ဓဘာသာ ဆိုတာကတော့ အာဏာရှင်စနစ်နဲ့ လုံးဝ ဆန့်ကျင်ဖက်ပါပဲ။ အာဏာရှင်စနစ်က လက်နက်နဲ့ ချိန်ပြီး ချုပ်ချယ် ကန့်သတ်မှုတွေနဲ့ အုပ်စိုးတဲ့ စနစ်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကတော့ လူလူချင်း ချစ်ခင်လေးစားစွာနဲ့ သဟဇာတ ဖြစ်အောင် ပေါင်းသင်းဆက်ဆံရင်း လွတ်လပ်စွာ ရှင်သန်နေထိုင်တဲ့ စနစ်ဖြစ်ပါတယ်။
အာဏာရှင်စနစ်အောက်မှာ လူတွေဟာ ချုပ်ချယ်မှု အမျိုးမျိုးကို ခံရပြီး အကြောက်ကြောက် အလန့်လန့်နဲ နေထိုင် နေရပါတယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ ပိုင်စိုးခြင်းမရှိဘဲ၊ အာဏာရှင်တွေရဲ့ အမိန့်တရားအတိုင်း ထားရာနေ စေရာသွား ရတဲ့ ဘ၀ပါ။ လုပ်အားပေးခိုင်းတာမျိုးတွေ ပေါ်တာဆွဲတာမျိုးတွေနဲ့ လူတွေဟာ နေ့လည်း စိတ်မချ၊ ညလည်း အိပ်မရဆိုသလို တထင့်ထင့် နေကြရပါတယ်။
အာဏာရှင်စနစ်ဟာ အာဏာမဲ့သူများကိုသာ ချုပ်ချယ်တာ မဟုတ်ပါဘူး။ အာဏာရှိသူများကိုလည်း ပြန်ချုပ်ချယ်ပါတယ်။ ဒီအကြောင်းကို တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားက သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတိမှာ ရေးဖူးပါတယ်။ တောင်အာဖရိက နိုင်ငံမှာ သူတို့ အာဖရိက တိုင်းရင်းသားတွေက အအုပ်ချုပ်ခံဖြစ်ပြီး လူဖြူတွေက အုပ်ချုပ်သူတွေ ဖြစ်ခဲ့ပါတယ်။ လူဖြူအုပ်ချုပ်သူတွေက ကန့်သတ်ချုပ်ချယ်မှု အမျိုးမျိုးနဲ့ အုပ်ချုပ်လေတော့ နယ်လ်ဆင် မင်ဒဲလာား တို့လို တောင်အာဖရိက တိုင်းရင်းသားများ အလွန်ကျပ်တည်းစွာ နေထိုင်ကြရပါတယ်။
မင်ဒဲလားဟာ သူ့လူမျိုး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ထောင်ထဲမှာ ၂၆ နှစ်ကျော်ကျော် နေခဲ့ရပါတယ်။ ဒီလို ထောင်ထဲမှာနေရင်း သူစဉ်းစားမိတာက မတရားသဖြင့် အုပ်စိုးတဲ့ အာဏာရှင်စနစ်အောက်မှာ အုပ်စိုးခံရသူတွေတင် မလွတ်လပ်တာ မဟုတ်ဘဲ အုပ်စိုးသူတွေ ကိုယ်တိုင်လည်း မလွတ်လပ်ဘူးဆိုတဲ့ အချက်ပါပဲ။
အုပ်စိုးသူတွေဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး စည်းစိမ်ချမ်းသာတွေကို ခံစားနေရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ စည်းစိမ်ခံနေရက်ကပဲ ကြောက်လန့် စိုးရိမ်နေကြရပါတယ်။ အချင်းချင်းက လုပ်ကြံပြီး အာဏာလုလေမလား၊ မတရား လုပ်တာ ခံထားရသူတွေက ပြန်လက်စားချေမလားစတဲ့ ကြောက်ရွံ့ စိုးရိမ်မှုတွေနဲ့အတူ အသက်ရှင်နေရပါတယ်။ ဒါကို တွေးမိပြီး အာဏာရှင်စနစ်အောက်မှာ ဘယ်သူမှ မလွတ်လပ်ဘူးလို့ နယ်လ်ဆင် မင်ဒဲလားက သဘောပေါက် သွားတာပါ။
မြန်မာပြည်မှာ ဖြစ်နေတာလည်း ဒီအတိုင်းပါပဲ။ အားလုံး မလွတ်လပ်ပါဘူး။ အားလုံး ထိတ်လန့်စိုးရိမ် နေရပါတယ်။ သာမန် တိုင်းသူပြည်သားတွေလည်း မလွတ်မလပ် စိုးရိမ်ကြောက်လန့် နေရသလို၊ အုပ်ချုပ်တဲ့ အရာရှိအရာခံ စစ်ဗိုလ်ချုပ်ကြီး များလည်း မလွတ်မလပ် ထိတ်လန့်စိုးရိမ် နေကြရပါတယ်။
အာဏာရှင်စနစ်ဟာ မလွတ်လပ်မှုရဲ့ အကြောင်းရင်းပါ။
ဗုဒ္ဓဘာသာကတော့ လူတွေကို အကြောက်တရားမှ ကင်းလွတ်အောင် ဟောညွှန်တဲ့ ဘာသာပါ။ ဗုဒ္ဓဘာသာကို လိုက်နာ ကျင့်သုံးရင် ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးပြီး လွတ်လပ်မှုကို အပြည့်အ၀ ခံစားရရှိနိုင်ပါတယ်။ လူလူချင်း အနိုင်ကျင့် တာမျိုး ညှင်းပန်းနှိပ်စက်တာမျိုးကို ဗုဒ္ဓဘာသာက လုံးဝ လက်မခံပါဘူး။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘ၀ ရည်မှန်းချက်ဟာ လွတ်လပ်မှုပါ။ ဗုဒ္ဓဘာသာဝင်တွေ နိစ္စဓူဝ ဆုတောင်းနေတဲ့ အရာဟာ နိဗာန်ပါ။ နိဗာန်ရဲ့ အရသာဟာ ဘာလဲဆိုရင် လွတ်လပ်မှု ဖြစ်ပါတယ်။ ဒါကြောင့် ယောအတွင်းဝန် ဦးဖိုးလှိုင်က ၀ိမုတ္တိအရသာ ဆိုတဲပ နာမည်နဲပ လွတ်မြောက်မှု နိဗာန် အကြာင်းကို ရေးသားခဲ့တာပါ။
ဒီနေ့ မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်ကြီးများက စေတီပုထိုး ဘုရားကျောင်းကန်များကို အကြီးအကျယ် ပြုပြင်တည် ဆောက်တာတွေ လုပ်ပြနေလေတော့ ဗုဒ္ဓဘာသာဟာ အာဏာရှင်တွေရဲ့ အထောက်အပံ့ကြောင့် ထွန်းကားတောက်ပ နေသလိုလို ထင်ချင်စရာပါ။ တကယ်တော့ အာဏာရှင်များဟာ ဗုဒ္ဓဘာသာဝင် အများစုရဲ့ ထောက်ခံမှုကို ရဖို့အတွက် ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး လှည့်ဖျားနေကြခြင်းသာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်များရဲ့ ဘာသာရေး ဗန်းပြလုပ်ငန်းတွေဟာ ဓါးပြတိုက်လို့ ရတဲ့ငွေနဲ့ ဘုရားတည်ပြီး ဘုရားတကာဘွဲ့ကို ခံယူထားတဲ့ ဓါးပြဗိုလ်ရဲ့ လုပ်ရပ်နဲ့ ဘာမှ မထူးပါဘူး။
ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသူဆိုရင် အမှန်လုပ်ပြရမှာက မြတ်ဗုဒ္ဓလုပ်တဲ့အတိုင်း အာဏာနဲ့ မတရား ရယူထားတဲပ စည်းစိမ်ချမ်းသာတွေကို စွန့်လွှတ်ပြရမှာပါ။ မြတ်ဗုဒ္ဓလုပ်တဲ့အတိုင်း လူတွေကို လွတ်လပ်စွာ နေထိုင်နိုင်အောင် အားပေး ကူညီရမှာပါ။ မြတဗုဒ္ဓဟောတဲ့ တရားတော်တွေနဲ့အညီ ကျင့်သုံးနေထိုင်ရမှာပါ။
ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် လွတ်လပ်မှုသည်သာ ပဓါန ဖြစ်ပါတယ်။ လွတ်လပ်မှုသည်ဟာ ဘ၀ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ လွတ်လပ်မှသည်ဟာ ဘ၀ရဲ့ တစ်ခုတည်းသော အနှစ်သာရ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ သူကိုယ်တိုင် လွတ်လပ်မှုရအောင် လုပ်ရမှာ ဖြစ်သလို တခြားသူတွေကိုလည်း လွတ်လပ်မှုရအောင် အားပေးကူညီရပါမယ်။ တပါးသူရဲ့ လွတ်လပ်မှုကို ထိပါးဖျက်ဆီးသူ၊ တပါးသူအပေါ် ဖိနှိပ်ချုပ်ချယ် တဲ့သူဟာ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်သူ ဖြစ်ပါတယ်။
ရဟန်းသံဃာမချန် ထောင်သွင်းအကျဉ်းချနေပြီး တိုင်းပြည်တစ်ခုလုံးကို အမျိုးမျိုး ကန့်သတ်ချုပ်ချယ်နေတဲ့ စစ်အာဏာ ရှင်များဟာ ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကို ခေါ်ခွင့်မရှိပါဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာနို်င်ငံသားများအပေါ် ထင်သလို ချယ်လှယ်နိုင်ဖို့အတွက် ဗုဒ္ဓဘာသာရဲ့ မျက်နှာဖုံးကို စွပ်ထားတဲ့ မိစ္ဆာဒိဌိများသာ ဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်ကြီးများအနေနဲ့ ဘယ်လောက်ပဲ ဘာသာရေးကို အားပေးထောက်ပံ့တဲ့ ပုံမျိုးလုပ်ပြနေစေကာမူ သူတို့ လက်ထက်မှာ ဗုဒ္ဓဘာသာရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှု ဆိုတာ တစတနတောင် မကျန်တော့ပါဘူး။ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ သခင်သိန်းဖေတို့လို ပုဂ္ဂိုလ်ကြီးတွေတောင် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ပွဲကို လွတ်လွတ် လပ်လပ် လုပ်ခွင့်မရတော့တဲ့ အဖြစ် ရောက်နေပါပြီ။
လွတ်လပ်မှုကို ပိတ်ပင်တာဟာ ဗုဒ္ဓဘာသာကို ပိတ်ပင်တာနဲ့ အတူတူပါပဲ။ လွတ်လပ်ခွင့် မရှိတာဟာ ဗုဒ္ဓဘာသာ မရှိတာနဲ့ အတူတူပါပဲ။ ဗုဒ္ဓဘာသာ ထွန်းကားခြင်း ရှိမရှိ ဆိုတာကို လွတ်လပ်မှု ရှိမရှိဆိုတဲ့ ပေတံနဲ့သာ တိုင်းတာရပါမယ်။
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်အထွတ်အမြတ်ထားတဲ့ ဗုဒ္ဓဘာသာကို ဆက်လက် တည်တံ့စေချင် တယ်ဆိုရင် စစ်အာဏာရှင်ကြီးများရဲ့ ဟန်ပြ ဘာသာရေး အလုပ်တွေကို အထင်မကြီးဖို့ လိုပါတယ်။ အပေါ်ယံ ဘာသာရေး အလုပ်ကို ခုတုံးလုပ်ပြီး တကယ့် ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ လိုပါတယ်။ ဒီအာဏာရှင်စနစ် ပျက်သုန်းမှသာ ဗုဒ္ဓဘာသာ အစစ်အမှန် ထွန်းကားမှာဖြစ်ပြီး လွတ်လပ်မှုကိုလည်း ရရှိခံစားနိုင်မှာ ဖြစ်ကြောင်း သဘောပေါက်ကြဖို့ လိုပါတယ်။
မောင်သာမည
17 February 2011
(ဒီမိုကရက်တစ် မြန်မာ့အသံ ရေဒီယိုတွင်အသံလွှင့်ခဲ့သော ဆောင်းပါး ဖြစ်သည်)
Credit: ဆရာတော် Dr. Nanda Mala #BurmaDemocracy
——————————————————————
ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၂)
——————————————
မောင်သာမည, DVB
BurmaDemocracy, 29 July 2017
ဘယ်ခေတ် ဘယ်အခါမှာပဲ ဖြစ်ဖြစ် အာဏာရှင်များ အဓိက ရင်ဆိုင်ရတဲ့ ပြဿနာကတော့ တရားဝင်ရေးပဲ ဖြစ်ပါတယ်။ သူတို့ မတရားရယူထား တဲ့ အာဏာဟာ တရားဝင် ရရှိထား တာ ဖြစ်တဲ့အကြောင်း၊ သူတို့ဟာ အာဏာကို ရသင့်
ထိုက်သင့်တဲ့ အတွက် ရနေခြင်းသာဖြစ်ကြောင်း၊ ပြည်သူလူထု လက်ခံယုံကြည်နေအောင် ရနိုင်သမျှနည်းလမ်းတွေနဲ့ အစွမ်းကုန် ကြိုးစားတတ် ကြပါတယ်။ ဒါကြောင့်လည်း ရှေးခေတ်က အာဏာရှင်များဟာ သူတို့ကိုယ်သူတို့ ဘုရား မျိုးနွယ်တွေပဲ ဖြစ်သလိုလို၊ ဘုရားကပဲ သူတို့ကို အာဏာရှင်များအဖြစ် ရွေးချယ်ခန့်အပ်ထားသလိုလို ယုံကြည်မှုတွေနဲ့ လှည့်ဖျားပြီး ပုံမှားရိုက်ခဲ့ကြပါတယ်။ မြင့်မြတ် သောရှင်ဘုရင် (Divine King) ဆိုတဲ့ စကားလုံးဟာ သည်လို လှည့်ဖျားမှုတွေမှ ပေါ်ပေါက်လာတဲ့ စကားလုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေဟာလည်း သူတို့တရားဝင်ဖြစ်ရေးအတွက် သည်လိုလှည့်ဖျား တဲ့နည်းတွေကို ကျင့်သုံးခဲ့ကြတာပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လူအများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ အတွက် သူတို့ ကိုယ် သူတို့မြင့်မြတ်သောဘုရင်တွေလို့တော့ လုပ်လို့မရခဲ့ပါဘူး။ သည်အစား ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာနဲ့ အမျိုးတော်သယောင်ယောင် လုပ်တတ်ကြပါတယ်။
သကျသာကီဝင်မျိုးဆိုတဲ့အသုံးဟာ ဒါကိုရည်ညွှန်းပြနေတဲ့ စကားလုံးပါ။ ဗုဒ္ဓမြတ်စွာလည်း သကျသာကီဝင်မျိုး၊ ငါလည်း သကျသာကီဝင်မျိုး၊ ဒါကြောင့် ငါက ဗုဒ္ဓနဲ့ ဆွေတော်မျိုးတော် ဖြစ်တယ် လို့ ကောက်ချက်ဆွဲပြတတ်ပါတယ်။ သည်လို ဗုဒ္ဓမြတ်စွာနဲ့ ဆွေမျိုးတော်သလိုလုပ်ခဲ့ကြပေမယ့် ဗုဒ္ဓရဲ့ အတုကို ယူပြီး ကိုယ်ကျိုး စွန့်လွှတ် တာမျိုးကိုတော့ ဘယ်အာဏာရှင်မှ လုပ်ခဲ့တာ မတွေ့ရပါဘူး။ သူတို့ အာဏာ တရားဝင်ဖြစ်ရေးနဲ့ သူတို့အာဏာ တည်မြဲရေး အတွက်သာ ဗုဒ္ဓမြတ်စွာကို တလွဲအသုံးချတာမျိုးပဲ လုပ်ခဲ့ကြ ပါတယ်။
သည်လိုဗုဒ္ဓမြတ်စွာကို အသုံးချရာမှာ အဆိုးဆုံးတခုတော့ ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ထုကို မကိုဋ်တွေ မင်းမြောက်တန်ဆာတွေနဲ့ ဆင်ယင်ပြီး အာဏာရှင် တစ်ပါးရဲ့ အသွင်မျိုး ထုလုပ် ကြခြင်းပါပဲ။ သည်လို ထုလုပ်နိုင်ဖို့အတွက် မယုံနိုင်စရာ ဇာတ်ကြောင်းတွေ ကိုလည်း ဖန်တီးခဲ့ကြပါတယ်။ သည်ဇာတ် ကြောင်းတွေ ဘယ်လောက် ခိုင်မာခြင်း ရှိ/မရှိဆိုတာကို အသာထားလို့ ဗုဒ္ဓဘာသာဝင် တွေ ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာကို သည်လိုလုပ်ခြင်းဟာ ဗုဒ္ဓမြတ်စွာကို ရိုသေလေးစားသမှုနဲ့ ဂုဏ်ပြုတာလား ဒါမှမဟုတ် ဖျက်လိုဖျက်ဆီး နှိမ့်ချပစ်တာလား ဆိုတာကို အဓိကထားပြီး ဆန်းစစ်ကြည့်ချင်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာဆိုတာ ထီးနန်းကိုစွန့်ခွာပြီး လူသားများ လွတ်လပ်မှုရရှိရေးအတွက် လမ်းပြ ခဲ့သူသာ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အာဏာရှင်စနစ်ရဲ့ ဘက်သားလား၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့သူလား ဆိုတာ အထင်အရှားသိနိုင်ပါတယ်။ မြတ်ဗုဒ္ဓကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က သုဒ္ဓေါဓနဘုရင်နဲ့ မာယာမိဖုရားတို့မှ မွေး ဖွားခဲ့တာပါ။ အဲသည်ကာလဟာ ဘုရင်စနစ် ထွန်းကားတဲ့ကာလဖြစ်ပါတယ်။ ဘုရင်စနစ်ဆိုတာ အုပ်စိုးသူဘုရင်က တိုင်းသူပြည် သားတွေကို အကြွင်းမဲ့ပိုင်ဆိုင်တဲ့စနစ်ပါ။ ဘုရင်တွေက အရှင်သခင်တွေဖြစ်ပြီး၊ တိုင်းသူပြည်သားတွေက ကျေးကျွန်တွေဖြစ်နေ ရတဲ့စနစ်ပါ။ ဘုရင်တွေက တိုင်းသူပြည်သားတွေကို သူတို့အလိုရှိသမျှ ခိုင်းစေနိုင်ရုံသာမက အသက်ကိုသတ်မယ်ဆိုရင်ပင် သတ်ခွင့်ရှိတာမို့ သက်ဦးဆံပိုင်ဘုရင်စနစ်လို့လည်း ခေါ်ပါတယ်။ မြတ်ဗုဒ္ဓ မွေးဖွားကြီးပြင်း ခဲ့ရတာဟာ သည်လိုလူမဆန်တဲ့ စနစ် ထဲမှာပါ။
ဗုဒ္ဓမြတ်စွာရဲ့ အမည်က သိဒ္ဓတ္တဖြစ်ပါတယ်။ အလိုရှိသမျှ ပြည့်စုံတဲ့သူ့ဘ၀ကို ရည်ညွှန်းပြီး သည်နာမည်ပေးထားတာလို့ ဆိုပါတယ်။ သည်လိုပြည့်စုံအောင် ဖန်တီးပေးတဲ့ ဖခမည်းတော် သုဒ္ဓေါဓနဟာ ဘယ်လောက် အာဏာရှိမလဲဆိုတာ ကိုလည်း မှန်းကြည့်နိုင်ပါတယ်။ နန်းမသုံးဆောင်နဲ့ မောင်းမမိဿံများစွာနဲ့ ကာမဂုဏ်စည်းစိမ်ကို အလိုရှိသလို ခံစားနိုင် တယ်လို့ ကျမ်းဂန်များမှာ ဆိုထားပါတယ်။
တကယ်တော့ သည်လိုစည်းစိမ်တွေဟာ အာဏာရှင်စနစ်က ဖန်းတီးပေးထားတဲ့ စည်းစိမ်ချမ်းသာတွေပါ။ သိဒ္ဓတ္တဟာ အာဏာရှင်စနစ်ကပေးတဲ့ စည်းစိမ်ကို နှစ်သက်သူမဟုတ်ပါဘူး။ လူလူချင်း ကျွန်ပြုပြီးရရှိတဲ့ ချမ်းသာသုခမျိုးကို မစင် လောက်လန်း ကဲ့သို့ စက်ဆုပ်ရွံရှာသူဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္တဟာ အာဏာရှင်စနစ်အောက်က လူသားတွေရဲ့ ဆင်းရဲဒုက္ခတွေကို လည်း မကြည့်ရက်သူ ဖြစ်ပါတယ်။ သူတို့လို အရှင်သခင်တွေက စည်းစိမ်ချမ်းသာ တွေကို အလျှံပါယ် ခံစားနေတဲ့အချိန်မှာ ပြည် သူတွေကတော့ စားရမဲ့သောက်ရမဲ့ ဖြစ်နေတာကို ကြည့်ပြီး မပျော်မရွှင် ဖြစ်နေသူပါ။
အာရှတိုက်ရဲ့ အလင်းရောင်ဆိုတဲ့ ကဗျာစာအုပ်မှာ (ကမ္ဘာ့ဒုက္ခကြောင့် အသဲကွဲနေသူ)လို့ မြတ်ဗုဒ္ဓကို တင်စားထား သလိုပါပဲ။ လောကရဲ့ ဆင်းရဲတွေကိုကြည့်ပြီး ထီးနန်းစည်းစိမ်ကို မပျော်နိုင်ဘဲ ဖြစ်နေသူပါ။ ဒါကြောင့်လည်း အာဏာရှင် စနစ်ရဲ့ ကျေးကျွန် တွေအဖြစ်နဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနေရတဲ့ လူသားတွေကို ဘယ်လိုလွတ်မြောက်အောင် လုပ်ပေးရမလဲလို့ အချိန်နဲ့ အမျှ စဉ်းစားတွေးတောနေတတ်ပါ တယ်။
သည်လိုစဉ်းစားနေတတ်တဲ့အတွက် ခမည်းတော် သုဒ္ဓေါဓနက သူတောထွက်မှာ စိုးရိမ်ပြီး စည်းစိမ်ချမ်းသာအမျိုးမျိုးကို ဖန်းတီးပေးတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ပညာဥာဏ်နဲ့ မေတ္တာဂရုဏာကြီးမားလှတဲ့ သိဒ္ဓတ္တကို အာဏာရှင်စည်းစိမ်က ဘယ်မှာ ချုပ်နှောင်ထားနိုင်ပါ့မလဲ။
အသက် ၂၉ နှစ်မှာ သိဒ္ဓတ္တဟာ လွတ်မြောက်မှုတရားကို ရှာဖွေဖို့ ထီးနန်းကိုစွန့်ပြီး တောထွက်ခဲ့ပါတယ်။ သည်လို ထီး နန်းစွန့်သွားတာကို ကြည့်ခြင်းဖြင့် သိဒ္ဓတ္တဟာ အာဏာရှင်ဘ၀ကို ဘယ်လောက်စက်ဆုပ်သလဲဆိုတာ သိသာလှပါတယ်။ သူဟာ ထီးနန်းရိပ်ငြိမ်ကို ကျောခိုင်းပြီး မင်းမြောက်တန်ဆာတွေကို စွန့်ပစ်ထားခဲ့ပါတယ်။ ဆံပင်များကို ရိတ်ပစ်ပြီး သင်္ကန်းဝတ် သာမဏေဘ၀သို့ ကူးပြောင်းလိုက်ပါ တယ်။ ငါလွတ်မြောက်သလို လူတိုင်းလွတ်မြောက်ရမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ လူသားတိုင်း ကျင့်နိုင်တဲ့ လွတ်မြောက်ရေးတရားကို အသက်နဲ့ ရင်းပြီး ရှာဖွေခဲ့ပါတယ်။
ခြောက်နှစ်ကြာပြီးတဲ့အချိန်မှာ သိဒ္ဓတ္တဟာ လွတ်မြောက်ရေးလမ်းစဉ်တစ်ခုကို ကိုယ်တိုင်ကျင့်သုံးတွေ့ရှိပြီး သမ္မာသမ္ဗုဒ္ဓ ဆိုတဲ့ ဘုရားဘွဲ့ထူးကို ခံယူလိုက်ပါတယ်။ သူကိုယ်တိုင်လွတ်မြောက်ပြီးတဲ့အခါမှာ ထီးနန်းစွန့်စဉ်တုန်းက ထားရှိခဲ့တဲ့ ရည်မှန်းချက်ကို အကောင်အထည် ပြန်ဖော်ပါတယ်။ ငါလွတ်မြောက်တဲ့အတိုင်း လူတိုင်းလွတ်မြောက်ရမယ်လို့ သူ ကြွေးကြော်ခဲ့တယ် မဟုတ်ပါလား။ မြတ်ဗုဒ္ဓဟာ လူတွေကြားထဲ ပြန်ဝင်ပြီး လူတိုင်းကျင့်ကြံနိုင်တဲ့ လွတ်မြောက်ရေး တရားကို ဟောကြားပါတယ်။
မြတ်ဗုဒ္ဓဟာ အာဏာရှင်စနစ်နဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ သံဃာ့အဖွဲ့တခုကို လက်တွေ့တည်ထောင်ပြသခဲ့ပါတယ်။ ဒါ ကြောင့်လည်း အာဏာရှင်စနစ်အောက်မှာ မွန်းကြပ်စွာနေကြရတဲ့ တိုင်းသူပြည်သားတွေက ဗုဒ္ဓနောက်ကို လိုက်ခဲ့ကြတာ ဖြစ်ပါ တယ်။ မင်းညီမင်းသား၊ သူဋ္ဌေးသူကြွယ်တွေရော၊ ဆင်းရဲသား မင်းမှုထမ်း၊ လယ်သမား၊ ယာသမားတွေပါ အာဏာရှင်တွေရဲ့ လက်အောက်က လွတ်မြောက်တဲ့ သံဃာ့အဖွဲ့ထဲကို ၀င်ရောက်ခဲ့ကြပါတယ်။
ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ဆွေမျိုးသားချင်းတွေကိုလည်း အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် လုပ်ပေးခဲ့ပါတယ်။ မိထွေးတော် ဂေါတမီ အပါအ၀င်၊ ကြင်ယာတော် ယသော်ဓရာ၊ သားတော် ရာဟုလာ၊ ညီတော် အာနန္ဒာ အစရှိတဲ့ သူတွေကို ရဟန်း ပြုခိုင်းခဲ့ပါတယ်။
ဒါဟာ အာဏာရှင်တွေအတွက် စိုးရိမ်စရာကောင်းလှပါတယ်။ သူတို့စိတ်တိုင်းကျ ချယ်လှယ်နိုင်တဲ့ တိုင်းသူပြည်သား တွေ သူတို့လက်အောက်က လွတ်ကုန်ရင် သူတို့ရဲ့ အာဏာရှင်ဘ၀ ဆုံးခန်းတိုင်သွားမှာပေါ့။ အုပ်စိုးခံမရှိတော့ရင် အုပ်စိုးသူဆို တာ ဘယ်လိုရှိနိုင်ပါတော့မလဲ။ ကျေးကျွန်ဆိုတာ မရှိတော့ရင် အရှင်သခင်ဆိုတာ ဘယ်မှာရှိပါတော့မလဲ။ သည်လိုနဲ့ ဗုဒ္ဓဘာသာကို အာဏာရှင်တွေ ခေတ်အဆက်ဆက် အမျိုးမျိုး ဖျက်ဆီးခဲ့ကြတာပါ။
အာဏာရှင်တွေ အကြောက်ဆုံးကတော့ မြတ်ဗုဒ္ဓဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်သူဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ သူတို့က မြတ်ဗုဒ္ဓဟာ သူတို့နည်းတူ အာဏာရှင်ဖြစ်တယ်လို့ လုပ်ချင်နေတာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓကို အာဏာရှင်ပုံမျိုးနဲ့ ထုလုပ် ကိုးကွယ်ရင် လိုတရတယ်ဆိုတာမျိုး ၀ါဒဖြန့်တတ်ကြပါတယ်။
ဒါကို ယခုထက်တိုင် အာဏာရှင်စနစ်အောက်က မလွတ်မြောက်နိုင်ကြသေးတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေ နားလည်နေဖို့ လိုပါတယ်။ မြတ်ဗုဒ္ဓဟာ အာဏာရှင်မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓဟာ အာဏာရှင်တွေ အမြတ်တနိုး ၀တ်ဆင်ထားတဲ့ မကိုဋ်တွေ၊ မင်းမြောက်တန်ဆာတွေကို စွန့်လွှတ်ခဲ့သူသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ အာဏာရှင်စနစ်ကို သူကိုယ်တိုင်လည်း ဆန့်ကျင် စွန့်ခွာခဲ့သလို တခြားသူတွေကိုလည်း ဆန့်ကျင်စွန့်ခွာအောင် ဟောပြော လမ်းညွှန်ခဲ့သူ ဖြစ်တယ်ဆိုတာ သိထားရပါမယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာအတိုင်း အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့လိုပါတယ်။ အာဏာရှင် စနစ်ကို ဆန့်ကျင်ခြင်းဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပထမဆုံး ကျင့်ဝတ်ဖြစ်ပါတယ်။ ။
မောင်သာမည
23 February 2011
(ဒီမိုကရက်တစ် မြန်မာ့အသံ ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။)

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၃)
———————————————
မောင်သာမည, DVB
BurmaDemocracy, 29 July 2017
ဗုဒ္ဓဘာသာက လွတ်လပ်မှုသည်သာ လူသားရဲ့အနှစ်သာရလို့ ခံယူတဲ့ ဘာသာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ကတော့ ချုပ်ချယ်မှုကို အခြေခံပြီး ရပ်တည်နေတဲ့စနစ်ပါ။ ဒါကြောင့် ဗုဒ္ဓ ဘာသာနဲ့ အာဏာရှင်စနစ်ဟာလုံးဝခြားနားဆန့်ကျင်နေတဲ့အရာနှစ်ခုသာဖြစ်ပါတယ်။အာဏာရှင်စနစ်အောက်မှာ ဗုဒ္ဓဘာသာ မထွန်းကားနိုင်ပါဘူး။ ဗုဒ္ဓဘာသာ အစစ်အမှန် ထွန်းကား ရင်လည်း အာဏာရှင်စနစ်က ပျောက်ကွယ်ရမှာပါ။ အလင်းနဲ့အမှောင်လိုမျိုး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် အုပ်စိုး လာကြတဲ့ စစ်အာဏာရှင်ကြီးများကတော့ ဗုဒ္ဓဘာသာရဲ့ အပေါ်ယံ အဆောက်အအုံတွေဖြစ်တဲ့ စေတီ ပုထိုး ဘုရား ကျောင်းကန် များကို ဆောက်လုပ်ပြနေပြီး ဗုဒ္ဓသာသနာပြု မင်းတွေရဲ့အသွင်မျိုး ဆောင်နေကြပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာရဲ့ တကယ့် အနှစ်သာရ ဖြစ်တဲ့ လွတ်လပ်မှု ဆိုတာကိုတော့ လေသံတောင် မဟ၀ံ့သလို လူသားရဲ့ မွေးရာပါ လွတ်လပ်မှုဆိုတဲ့ လူ့အခွင့်အရေး မှန်သမျှကို လည်း ချိုးဖောက် ကျူးလွန်နေကြပါတယ်။
သည်လိုလူတွေက ဗုဒ္ဓဘာသာကို အားပေးတယ်ဆိုတာ ဘီလူးခေါင်းမှာ မင်းသားမျက်နှာဖုံး စွပ်ထားသလိုပါပဲ။ မင်းသားပုံ ပေါက်နေပေမယ့် ကကွက်ကတော့ ဘီလူးကကွက်ပဲ ကနေပါတယ်။ သာသနာပြုမင်းတွေ အယောင်ဆောင်ပြီး သာသနာ့ ဘက်တော်သား ရဟန်း သံဃာတော်များကိုပင် ဖမ်းဆီး နှိပ်စက် ရိုက်နှက် သတ်ဖြတ်နေတယ် မဟုတ်ပါလား။
အာဏာရှင်တွေဟာ ဗုဒ္ဓသာသနာ ထွန်းကားတည်တံ့ပြန့်ပွားရေး ဌာနကြီးတွေကိုဖွင့်ပြီး ဗုဒ္ဓဘာသာ အပေါ်မှာ တကယ် အားပေးနေသယောင်လည်း ဟန်ဆောင်ထားပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ ဖိနှိပ် ချုပ်ချယ်ရေး ဌာနအမျိုးမျိုးကို စနစ်တကျ တည်ထောင်ဖန်တီးပြီး မြန်မာနိုင်ငံသားအားလုံးကို ကျွန်ဇာတ်သွင်းနေကြ ပါတယ်။ သည်အထဲမှာ အဆိုးဆုံးဌာနတခုကတော့ စာပေစိစစ်ရေး ဆိုတဲ့ ဌာနကြီးပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးကို ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး စီစစ်ရေးဌာနတခုလို့ သတ်မှတ် ထားပါတယ်။
လွတ်လပ်မှုအကြောင်း ရေးခွင့်မရ။ လူထုအုပ်ချုပ်ရေးစနစ်ဆိုတဲ့ ဒီမိုကရေစီအကြောင်း ရေးခွင့်မရ။ လူသားတိုင်း ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးအကြောင်း ရေးခွင့်မရ။ မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်ချုပ်ရေး လက်အောက်မှ လွတ်အောင် ရှေ့ဆောင်ခဲ့သူလည်းဖြစ်၊ မြန်မာ့တပ်မတော်ကို စတင်ထူထောင်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကိုပင် မကြာခန ရေးသားခွင့်မပြုတဲ့ ဌာနကြီးပါ။
တိုင်းပြည်လွတ်လပ်ရေးရရင် နိုင်ငံရေးက ထွက်ပြီး အေးအေးဆေးဆေး စာရေးဆရာလုပ်မယ်လို့ စိတ်ကူး ခဲ့ဖူးသူ ဗိုလ်ချုပ်အောင်ဆန်းသာ တကယ်ပဲ စာရေးဆရာဖြစ်ပြီး ယနေ့ အထိ အသက်ရှင် နေမယ်ဆိုရင် ထောင်အပြင်မှာ နေရဖို့ မသေချာလှပေမယ့် စာရေးသားခွင့် မရမှာကတော့ လုံးဝသေချာပါတယ်။ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးဌာနဆိုတာ လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ကန့်သတ် ချုပ်ချယ်ဖို့ ဖွင့်လှစ်ထား တဲ့ ဌာနကြီး ဖြစ်တဲ့အတွက် ဗိုလ်ချုပ် အောင်ဆန်း ကိုလည်း ချမ်းသာပေးမှာ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင် စာပေစီစစ်ရေးဆိုတာ ဗုဒ္ဓဘာသာတရားတော်နဲ့ လုံးဝဆန့်ကျင်တဲ့ အကျင့်တခုပါပဲ။ စာပေစိစစ်ရေးဆိုတာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် လွတ်လပ်စွာ တွေးခေါ် ဝေဖန်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးရေး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာကတော့ လွတ်လပ်စွာ ပြော ဆို ရေးသားမှု လွတ်လပ်စွာ တွေးခေါ်ဝေဖန်မှုကို အားပေးတဲ့ ဘာသာဖြစ်ပါတယ်။
ပညာဓိကဘုရားလို့ သတ်မှတ်ခြင်းခံရတဲ့ ဗုဒ္ဓမြတ်စွာဟာ လွတ်လပ်စွာ ဝေဖန်ပြောဆိုခြင်းကို လူသားတွေ အတွက် ကျင့်စဉ်တစ်ခုအဖြစ်ပင် အားပေး တိုက်တွန်း ဟောညွှန်ခဲ့သူ ဖြစ်ပါတယ်။
မိမိ၏အပြစ်ကို ထောက်ပြပြောဆိုသူအား ဖုံးကွယ်နေသောရွှေအိုးကြီးကို ထုတ်ပြသူကဲ့သို့ ကျေးဇူးတင် အပ်သည် ဆိုတဲ့ စကားကို ပြောခဲ့သူဟာ ဗုဒ္ဓ မြတ်စွာပါ။ သူ့ ကိုပင်လျှင် အသေအချာ စစ်ဆေးဝေဖန်ပြီးမှ ဆည်းကပ်ဖို့ ပြောခဲ့သူဟာလည်း ဗုဒ္ဓမြတ်စွာပါ။
ဝေဖန်ပြောဆိုခွင့်၊ တွေးခေါ်ယူဆခွင့်တွေနဲ့ ပတ်သက်ရင် ဗုဒ္ဓဘာသာဟာ တခြားဘာသာတွေထက် ခေါင်းတစ်လုံး ပိုမြင့် တယ်လို့ ကမ္ဘာ့ ပညာရှင်များက ချီးမွမ်း ပြောဆိုကြပါတယ်။ ဗုဒ္ဓဟောညွှန်ခဲ့တဲ့ ကာလာမသုတ္တန် တရားကို ထောက်ပြပြီး သည်လို ချီးမွမ်းကြတာပါ။
အမှန်တရားအဖြစ် လက်ခံယုံကြည်ရာမှာ အရမ်းယုံ အကန်းယုံ မလုပ်ဖို့၊ အသိပညာနဲ့ သေသေချာချာ စစ်ဆေးဝေဖန်ပြီး ယုံကြည်ထိုက်မှ ယုံကြည်ဖို့ ဗုဒ္ဓမြတ်စွာက ကာလာမသုတ္တန်တရားမှာ ပြောခဲ့ပါတယ်။
ရှေးရိုးစဉ်ဆက် လက်ခံခဲ့တဲ့အရာဖြစ်လို့လည်း အမှန်လို့မယုံလိုက်နဲ့၊ အများကလက်ခံထားလို့လည်း အမှန်လို့ မယုံလိုက်နဲ့ တဆင့်စကား ကြားရတာ လောက်နဲ့လည်း လက်မခံလိုက်နဲ့-စသဖြင့် သတိပေးခဲ့တဲ့ တရားတော်ပါ။
သည်တရားထဲမှာ အံ့သြစရာ အကောင်းဆုံးစကားကတော့ ပိဋကတ် ကျမ်းဂန်စာပေတွေထဲမှာ ပါတယ် ဆိုရုံနဲ့လည်း လက်မခံလိုက်နဲ့၊ ရဟန်းသမဏတွေ ဆရာသမားတွေက ပြောတယ်ဆိုပြီးတော့လည်း အမှန်လို့မယုံလိုက်နဲ့ ဆိုတဲ့ စကားပါ။ ပါဠိတော်မှာတော့ မာပိဋကသမ္ပဒါနေန၊ မာသမဏော နောဂုရု လို့ ဆိုထားပါတယ်။
ဘာကြောင့်အံ့သြစရာ ကောင်းရတာလဲ ဆိုတော့ သည်တရားတွေကိုဟောသူ ဗုဒ္ဓမြတ်စွာ ကိုယ်တိုင်က ရဟန်း သာမဏေ တပါးလည်း ဖြစ်သလို လူသားတွေရဲ့ ဆရာတဆူလည်း ဖြစ်နေလို့ပါပဲ။ နောက်ပြီး ဗုဒ္ဓမြတ်စွာ ရဲ့တရားတွေဟာ ပိဋကတ် ကျမ်းစာများ ပဲ မဟုတ်ပါလား။
ငါပြောတာကိုလည်း အမှန်လို့ အရမ်းမယုံနဲ့၊ ဘုရားဟော ပိဋကတ်တွေကိုလည်း မဆင်မခြင် မယုံလိုက်နဲ့လို့ မြတ်ဗုဒ္ဓက သတိပေးလိုက်တာပါပဲ။ ဗုဒ္ဓမြတ်စွာဟာ သူ့အပေါ်မှာဖြစ်စေ၊ သူ့တရားအပေါ်မှာဖြစ်စေ ကိုယ်ပိုင်ဥာဏ် မပါဘဲ ယုံကြည်တာ မျိုးကို နှစ်သက်သူ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာဟာ အသိပညာကို ဦးထိပ်ထားတဲ့ ဘာသာဖြစ်တာကြောင့် အမှန်ကိုပဲဖြစ်စေ အမှားကိုပဲဖြစ်စေ ကိုယ်ပိုင် အသိ ဥာဏ်နဲ့ ဝေဖန်ဆင်ခြင်မှုမျိုးမပါပဲ မျက်စိမှိတ်ယုံကြည်လက်ခံတာမျိုး အသိပညာမဲ့ ရှောင်ကြဉ်တာမျိုးကို အားမပေးပါ ဘူး။
ဗုဒ္ဓမြတ်စွာဟာ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို လိုချင်လို့ တရားဟောခဲ့သူမဟုတ်ပါဘူး။ လူတွေရဲ့ အသိဥာဏ်ကို ဖွံ့ဖြိုးစေချင်တဲ့အတွက် တရားဟောခဲ့သူသာ ဖြစ်ပါတယ်။ အသိပညာပြည့်ဝတဲ့ လူသားများဖြစ်မြောက်လာစေဖို့အတွက် လမ်းညွှန်ခဲ့သူသာ ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့နောက်ပါးကလိုက်ပြီး ဗုဒ္ဓဘာ သာဝင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေကြသူများဟာလည်း ဗုဒ္ဓအလိုကျ အသိဥာဏ်ကို ဖွံ့ဖြိုးအောင် လုပ်ကြရပါလိမ့်မယ်။ လွတ်လပ်စွာ ဝေဖန်ပြောဆိုမှုတွေကို ကိုယ်ကိုယ်တိုင်လည်း လေ့ကျင့်ပြီး သူတပါးကိုလည်း အားပေးနေရပါလိမ့်မယ်။
သည်နေ့ မြန်မာနိုင်ငံကို အုပ်စိုးနေကြတဲ့ အာဏာရှင်များကတော့ ဝေဖန်မှု ဆင်ခြင်မှု တွေးခေါ်ယူဆမှုတွေကို အားပေးဖို့ နေနေသာသာ စာပေစိစစ်ရေးဆိုတဲ့ဌာနကြီးကို ဖွင့်လှစ်ပြီး စနစ်တကျ ပိတ်ပင်တားဆီးနေပါ တယ်။
စစ်အာဏာရှင်အစိုးရဟာ စာပေစိစစ်ရေးလုပ်ငန်းကို စနစ်တကျ တိုးချဲ့ပြီး မြန်မာနိုင်ငံသားတွေရဲ့ နှုတ်ကို ပိတ်ဆို့ထား ပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ ဦးနှောက်ကို မဖွံ့ဖြိုးအောင်လုပ်နေပါတယ်။ လွတ်လပ်စွာ ဝေဖန်ပြောဆို သူတွေ ဆိုရင်လည်း ထောင်အတွင်းမှာ လွတ်ရက်မရှိ ထိန်းသိမ်း ထားတတ်တယ်။ ဒေါ်အောင် ဆန်းစုကြည်၊ ဦးဝင်းတင် စတဲ့ သူများကို ဖမ်းဆီးခဲ့တာတွေဟာ စစ်အာဏာရှင်စနစ်အပေါ် ဝေဖန်ပြော ဆိုခဲ့လို့ ဖြစ်ပါတယ်။
လူ့လောကရဲ့ တိုးတက်ဖွံ့ဖြိုးမှုဟာ လွတ်လပ်စွာ ပြောဆိုဝေဖန်မှုအပေါ်မှာ မူတည်တယ်လို့ ကမ္ဘာကျော် ရုရှား စာရေး ဆရာကြီး ဆိုဇင်နစ်ဇင်က ပြောဖူးပါတယ်။
တိရစ္ဆာန်လောကကို ကျောခိုင်းပြီး လူသားများအဖြစ် တိုးထွက်လာနိုင်တာဟာ ဘာသာစကားကို ပြောဆိုနိုင်လို့ ဖြစ်ပြီး လူ့အဖွဲ့အစည်းကြီး အရှိန်အဟုန်ကြီးစွာနဲ့ တိုးတက်ဖွဲ့ဖြိုးလာခဲ့တာကတော့ လူအချင်းချင်း အပြန် အလှန် ဆက်သွယ် ပြောဆိုခြင်းနည်းနဲ့ အသိပညာ ဖလှယ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်စွာ ပြောဆိုဆက်သွယ်မှုကို ပိတ်ပင် တားဆီး တယ်ဆိုတာဟာ တိုးတက် ဖွံ့ဖြိုးမှုကို ပိတ်ပင်တားဆီးတာဖြစ်ပြီး လူကိုလည်း တိရစ္ဆာန်အဆင့် ရောက်အောင် တွန်းချနေခြင်း ဖြစ်ပါတယ်။
ဆိုဗီယက်နိုင်ငံကြီး ကျဆုံးသွားတာကို ကြည့်ရင် ဆိုဇင်နစ်ဇင်ရဲ့စကား ဘယ်လောက် မှန်သလဲဆိုတာ အလွယ်နဲ့ သိနိုင်ပါတယ်။ သည်ကနေ့ မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ အောက်ဆုံးတန်းကို သက်ဆင်း နေရခြင်းဟာ အသိဥာဏ် တံခါးပေါက်တွေကို ပိတ်ဆို့နေတဲ့ စာပေစိစစ်ရေးလို ဌာနကြီးကြောင့် ဖြစ်ပါတယ်။
စာပေစိစစ်ရေးဟာ ငရဲပြည်ရဲ့တံခါးပေါက်ပါ။ လွတ်လပ်စွာပြောဆိုဝေဖန်မှုကို ပိတ်ပင်ခြင်းဟာ မကောင်းမှု အပေါင်းရဲ့ အဦးအစဖြစ်ပါတယ်။ လူ့ရဲ့အသိဥာဏ်ကို ဖျက်ဆီးပြီး တိရစ္ဆာန်အဆင့်ဆီကို ပြန်လည် လျှောကျသွားအောင် ကြိုးပမ်းနေတဲ့ ယန္တရားတခု ဖြစ်လို့ပါပဲ။
ဗုဒ္ဓဘာသာက လူကို အမြင့်မြတ်ဆုံးဘ၀သို့ ရောက်အောင်လုပ်နေပေမယ့် စစ်အာဏာရှင်စနစ်ကတော့ လူကို အယုတ်နိမ့် ဆုံးအဆင့် ရောက်အောင် လုပ်နေပါတယ်။ သာသနာပြုမင်း အယောင်ဆောင်နေတဲ့ အာဏာရှင်များ လွှမ်းမိုး နေသရွေ့ ဗုဒ္ဓ ဘာသာဟာ အဖျက်ဆီးခံနေရမှာ ဖြစ်သလို အုပ်စိုးခံနေရသူများလည်း အနိမ့်ကျဆုံးဘ၀ဆီကို တွန်းချခံနေရလိမ့်မယ် ဆိုတာကို အထူးသတိချပ်ဖို့ လိုပါတယ်။ ။
မောင်သာမည
03 March 2011
(ဒီမိုကရက်တစ် မြန်မာ့အသံ ရေဒီယိုတွင်ထုတ်လွှင့်ခဲ့သော ဆောင်းပါးဖြစ်ပါသည်။)
ဆက်လက်ဖော်ပြပါမည်။

Comments
Post a Comment