မြန်မာနိုင်ငံ အထက်ပိုင်းက ကမ္ဘာနှင့်တစ်လွှား ဟိုးလေးတကျော် ဖြစ်ခဲ့သော ဒီပဲယင်းမြို့အနီး လူ့အခွင့်အရေး ချိုးဖောက်မှုကြီးသည် ယနေ့ဆိုလျှင် ၁၄ နှစ် တိုင်ခဲ့ပြီ။
အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ထိုအချိန်တွင် တာဝန်ယူခဲ့သော အစိုးရက ဝန်ခံထားသည်။သို့သော် ထိုအရေးနှင့်ပတ်သက်ပြီး မည်သူက တာဝန်ရှိသည် မည်သူ့ကို အရေးယူထားပြီးပြီ ဆိုသည်က ယနေ့အထိ ပေါ်ထွက်မလာသေးပေ။ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် ယာဉ်တန်းကို ဦးတည်ပြီး တိုက်ခိုက်သော ထိုတိုက်ခိုက်မှုသည် မုံရွာမြို့နှင့် မိုင် ၃၀ ခန့်အကွာ ကြည်ရွာအနီးတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ထိုနေ့က မေလ၏ နောက်ဆုံးရက်တစ်ရက်မို့ မိုးက မရွာသေး။ ကြည်ရွာသည် မြန်မာနိုင်ငံက အခြားလူများ မဆိုထားနှင့် မုံရွာမြို့ခံများပင် ထိုအချိန်က သိရှိခြင်း မရှိသော မထင်မရှား ရွာလေး ဖြစ်သည်။ကြည်ရွာသည် မုံရွာဘက်မှလာသော ဒီပဲယင်းမြို့ မရောက်ခင် အရင်ဆုံး တွေ့ရသည့် ကားလမ်းဘေး မလှမ်းမကမ်းတွင်ရှိသော ရွာ ဖြစ်သည်။စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကြည်ရွာမရောက်ခင် တွေ့ရသော လယ်ကွင်းကျယ်များသည် ထိုနေ့က တိုက်ခိုက်သူများ တစ်ဖက်တစ်ချက် နေရာယူထားသည့် နေရာများ ဖြစ်သည်။“အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း စည်းရုံးရေး ခရီးစဉ် ဘုတလင်ကနေ ၃ နာရီ လောက် ထွက်လာတယ်။ ရေဦးမှာ အိပ်ဖို့ လိုက်ပို့တဲ့ ကားတန်းက မိုင်ဝက်လောက် ရှိမယ်။ ဆိုင်ကယ်တွေက ရှေ့မှာအစီး ၁၀၀ လောက်ရှိမယ်။ ကြည်ရွာ မရောက်ခင် ကားလမ်းပေါ်မှာ ဒိုင်နာကား ဆယ်စီးလောက်က လယ်ကွင်းထဲကနေ ကားလမ်းကို မီးထိုးထားတယ်။ လမ်းဘေးမှာ လက်ပတ်ဖြူတွေ တွေ့တယ်။ သိပ်မကြာဘူး ရိုက်ကြ၊ ရိုက်ကြဆိုပြီး အသံတွေ ကြားရတယ်” ဟု ဒီပဲယင်းဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မုံရွာဂေဇက်ဂျာနယ် အယ်ဒီတာချုပ် ကိုသက်က ပြောသည်။ည ၇ နာရီခန့်က ရိုက်နှက်မှု စတင်ကာ ရွာရှေ့လမ်းမပေါ်တွင် ကား ၂ စီး မီးရှို့ခံရကြောင်း၊ ည ၂ နာရီထိ ကားသံတွေ မပြတ်ကြားနေရကာ သက်သေခံများ ဖျောက်ဖျက်ကြပြီး မနက်လင်းချိန်တွင် အိုးခွက်အစုတ်များ အဝတ်စုတ်များသာ လမ်းမှာ ကျန်နေကြောင်း၊ ကျောင်းသားလူငယ်များ စီးနင်းလာသော ဆိုင်ကယ်များ ပစ်ပြေးကြ၍ ယင်းဆိုင်ကယ် အများအပြားကိုလည်း ယူဆောင်သွားကြကြောင်း ဒေသခံတို့က ပြောသည်။“ရိုက်တဲ့သူတွေ ရောက်လာတော့ အမေစု ကားနားသွားပြီး ခုခံမယ်လုပ်တယ်။ အမေစုက မခုခံရဘူး ပြောတယ်။ ဒါနဲ့နောက်ဆုံးကကားဆီ ပြန်သွားတယ်။ ရန်ပြုသူတွေ တက်လာတော့ လက်ထဲက ပါလာတဲ့ ခဲငါးလုံးနဲ့ ပစ်လိုက်သေးတယ်။ ကားပေါ်က အမျိုးသမီးတွေပေါ် မှောက်ပြီး ကာကွယ်တော့ ကျွန်တော့်ကို မဲရိုက်တယ်။ နောက်တော့ ကားပေါ်က ဆွဲချရိုက်တယ်။ ပြီးပြီထင်လို့ ခေါင်းထောင်ကြည့်ချိန် နဖူးကို တစ်ချက်ရိုက်လိုက်တာ ၇ ချက်ချုပ်ရတယ်။ နှစ်တစ်လက်မတုတ်မှာ သံဆူးကြိုးပတ်တဲ့တုတ်နဲ့ ရိုက်တာ ဒဏ်ရာ ၂၈ ချက်ရတယ်” ဟုလည်း သေဘေးမှ လွတ်လာသည့် ကြည်ရွာသား ကိုလှသက်နိုင်က ပြောပြသည်။အဆိုပါ အကြမ်းဖက်ရိုက်နှက်မှုများသည် ကြည်ရွာမှ စဖြစ်သွားကာ တစ်မိုင်ခန့်အကွာ ရွာသစ်ထိ ရိုက်နှက်မှုများ ဆက်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကားမှာ လှည်းလမ်းကြောင်းများမှ တစ်ဆင့် ဖြတ်မောင်းသွား၍ လွတ်သွားခဲ့ခြင်း ဖြစ်သည်။ထိုဖြစ်ရပ်များအပြီး ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်အဖြစ် အကျဉ်းချခဲ့ပြီး ၂၀၁၀ ခုနှစ်မှသာ ပြန်လည်လွတ်မြောက်လာခဲ့သည်။အမေရိကန်အစိုးရသည် ထိုဖြစ်ရပ်များအပြီး Burma Democracy and Freedom Act ဟူ၍ အောက်လွှတ်တော်တွင် ပြဋ္ဌာန်းက ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲမပေးခြင်းနှင့် ဒီပဲယင်းမြို့အနီး ပါတီကို ထောက်ခံသူများကို အသက်သေဆုံးရသည်အထိ တိုက်ခိုက်မှုများကြောင့်ဟု ဆိုကာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးဆောင်သည့် အစိုးရကို ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။ယာဉ်တန်းကို ရိုက်နှက်သူများမှာ ထိုအချိန်က ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များမှ ရဲများ ပြည်ခိုင်ဖြိုး အသင်းနှင့် စွမ်းအားရှင်အဖွဲ့များ၊ ဒီပဲယင်းမြို့နယ်မှ ရဲ၊ အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြည်ခိုင်ဖြိုးအဖွဲ့ဝင်၊ မြို့နယ်စွမ်းအားရှင်အဖွဲ့၊ မြို့နယ်လဝက၊ ပြန်ဆက်နှင့်သမဦးစီးတို့မှ ဝန်ထမ်းများ ပါဝင်သည်ဟုလည်း နိုင်ငံတကာအစီရင်ခံစာ အချို့တွင် ဖော်ပြသည်။ သို့သော် အစိုးရဘက်က တုံ့ပြန်ရှင်းလင်းမှု မရှိခဲ့။ထိုအချိန်က အစိုးရဘက်ကမူ ဒီပဲယင်းအကြမ်းဖက် ဖြိုခွဲခံရမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် တရားခံကို ဖော်ထုတ်ပေးခဲ့ခြင်း မရှိခဲ့သော်လည်း ထိုအချိန်က အစိုးရအဖွဲ့ အတွင်းရေးမှူး(၁) ဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က သူရေးသားသော ‘ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ’ စာအုပ်မှာတော့ ယခုလို ရေးသားထားသည်။‘ဒီအဖြစ်အပျက်နှင့် ပတ်သက်၍ ကျွန်တော် မသိပါဟုပြောလျှင် ကျွန်တော် လိမ်ညာရာ ရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး(၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ် ဖြစ်တာကြောင့် ကျွန်တော် မသိ၍မဖြစ်၊ သိပါသည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေးမော်တော် ဆိုင်ကယ်အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့်အချိန် ဖြစ်ပါသည်။ ဒီလိုအုတ်အော်သောင်းတင်း ဖြစ်ပေါ်နေသည့်အချိန် ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ်ပါသည်။အဲဒီလိုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှ ထွက်ခွာပြီး လမ်းတစ်လျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနှင့် မုံရွာမြို့လည်းရောက်ရော ဥက္ကဋ္ဌ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က ကျွန်တော်တို့ လူကြီးပိုင်း ၅ ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျွန်တော်တို့ လူလည်းစုံရော “တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့” ပြောသည်။ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့်တင်ပြမှုကို လူကြီးက သဘောမတူပါ၊ အဲဒါကလည်း ကျွန်တော့်အတွက် ကောင်းသည်ဟု မြင်ပါသည်။ အဲဒီမှာတင်ပဲ ဒီကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ကို တာဝန်မပေးတော့ဘဲ။ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်။ထိုအချိန် တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းမှာ၊ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျွန်တော်သိနေရတာ အမှန်ပဲ ဖြစ်ပါသည်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ကျွန်တော် ဦးဆောင်ပါဝင်ဆောင်ရွက်ရခြင်း မဟုတ်သော်ငြားလည်း ကျွန်တော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက် ဖြစ်သောကြောင့် ကျွန်တော့်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်’ ဟူ၍လည်း သူ့စာအုပ်တွင် ရေးသားထားသည်။အချို့နိုင်ငံတကာ အစီရင်ခံစာများကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူနှင့် ပါတီဝင် ရာဂဏန်း သေဆုံးခဲ့သည်ဟုလည်း ရေးသားကြသည်။ဒီပဲယင်းအရေးအခင်းတွင် အဖမ်းခံရပြီး ပြန်လွတ်လာသူ မုံရွာဂေဇက် အယ်ဒီတာချုပ် ကိုသက်က ‘ပြန်မပြောရ ဘယ်ကမေးမေး မဖြေရ’ ဟု ထောင်က အထွက်တွင် ခံဝန်ထိုးခဲ့ရကြောင်း ပြန်ရှင်းပြသည်။ယခုနှစ် မေလ ၃၀ ရက်တွင် ၁၄ ကြိမ်မြောက် ဒီပဲယင်းအရေးအခင်းကို ကြည်ရွာကျောင်းကြီးတိုက် ဆရာတော်ကျောင်းတွင် ကျင်းပကြမည်။ စိုင်ပြင်၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည် ပါတီဝင်များ အသက်ဘေး လွတ်မြောက်ခဲ့သည့် နယ်ဝေးဧည့်သည်များနှင့် ရွာ ၃ ရွာက လူထုတွေစုပြီး သေဆုံးသူများအတွက် ဆွမ်းကျွေးအမျှဝေကြရန် ကျင်းပကြသည့်ပွဲ ဖြစ်သည်။သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့ကမူ ဒီပဲယင်းဖြစ်ရပ်ထက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကိုသာ ဦးစားပေး ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်နေသည်။ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကားဖြင့် လွတ်အောင်မောင်းပို့နိုင်ခဲ့သော ကိုကျော်စိုးလင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရကာ လွှတ်တော်အတွင်း ဥပဒေပြုရေးများကို ဆောင်ရွက်နေပြီ ဖြစ်သည်။အခင်းဖြစ်ချိန်တွင် အသက် ၂၀ ကျော်သာ ရှိသေးသည့် ကိုလှသက်နိုင်သည် ယခု အသက် ၃၆ နှစ် အိမ်ထောင်ကျပြီး မိသားစုဖြင့် မိရိုးဖလာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေကာ ဘဝကို အေးဆေးစွာ ဖြတ်သန်းနေလေသည်။“အဲဒီအချိန်တုန်းကတော့ အမေစုကိုလည်း စော်ကားတယ်၊ ရဟန်းသံဃာနဲ့ ပြည်သူတွေကိုလည်း စော်ကားတယ်၊ စိတ်ထဲမှာ တော်တော်လေး မကျေမချမ်း ဖြစ်တယ်။ အခုလို နိုင်ငံတစ်စွန်းတစ်စ ပြောင်းလဲသွားပြီဆိုတော့ ကိုယ်ပေးဆပ်လိုက်ရတဲ့ သွေးတွေအတွက် ကျေနပ်တယ်၊ ဂုဏ်ယူဝမ်းသာတယ်” ဟု သူက ဆိုလိုက်သည်။“၁၄ နှစ်ရှိပါပြီ။ ကျွန်တော်တို့အပေါ် ပြုခဲ့သူတွေကို ဘာစိတ်အငြှိးမှ မရှိပါဘူး။ ဒါပေမဲ့ ဒါကိုတော့ ကျွန်တော့်ဘဝမှာရော သမိုင်းမှာပါ မေ့ပစ်မှာတော့ မဟုတ်ပါဘူး” ဟု မုံရွာဂေဇက် သတင်းစာ အယ်ဒီတာချုပ်လည်းဖြစ်၊ ဒီပဲယင်းညတွင် အသက်မသေဘဲ လွတ်လာသူ ကိုသက်က ပြောသည်။

Comments
Post a Comment