ကျွန်တော်နဲ့ NLD
(ကျွန်တော်ကြိုပြောချင်တာက ကျွန်တော်ဟာ ပါတီဝင်မဟုတ်ပါ ခေတ်တခုကို ဖြတ်သန်းရင်း မှတ်သားမိသမျှ ချရေးခြင်းပါ။)
ကျွန်တော်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် သာမန်မဲဆန္ဒရှင်တယောက်အနေနဲ့ စိတ်ဝင်စားခဲ့တာ၊ ၁၉၈၈ လူထုအရေးတော်ပုံကြီးကို စစ်တပ်ကဖြိုခွဲ အာဏာသိမ်းပြီး ပါတီတွေစဖွဲ့တော့လို့ ပြောရမယ်။ အဲဒီတုန်းက ကျွန်တော်သိပ်မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်သမီးဆိုတာထက် မပိုခဲ့ပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက ဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်သော်က၊ ဆရာဦးဝင်းခက်(စာမော်ကွန်း)တို့ကိုပါပဲ။ နောက်တော့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာမုံရွာတင်ရွှေ၊ ဆရာတင်မိုးတို့ ဝိုင်းဝန်းကြမှန်းသိလာတယ်။ ကျွန်တော်လေးစားကြည်ညိုရင်းစွဲရှိတဲ့ဆရာတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တခုအဖြစ် ကျွန်တော်က အားကိုးအားထားပြုခဲ့တာပဲ။
၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ထဲက အဖွဲ့ချုပ်ကို စစ်အစိုးရက ညစ်ပတ်တဲ့နည်းတွေနဲ့ ကလိန်ဥာဏ်ဆင်ပြီး စတင်ဖြိုခွဲတာတွေ့ရတယ်။ ဦးဝင်းတင်ကို မတရားအမှုဆင်ဖမ်းတယ်၊ နောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးစတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းတယ်။ ခေါင်းဆောင်တွေမပါပဲ ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့ရတယ်။ နိုင်တယ်။
ဒါပေမယ့် အစိုးရက ကတိပျက်ကွက်ပြီး အာဏာမအပ်ပဲ ၁/၉၀ဆိုတဲ့ ကြေညာချက်နဲ့ လက်ဦးမှုယူတယ်။ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် အတော်များများကိုလည်း ဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်တယ်။ အဲဒီကြေညာချက်ကို အဖွဲ့ချုပ်က သဘောတူလက်ခံရမယ်လို့ ဖိအားပေးခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတယ်။
အဲဒီ ၁/၉၀အရ အဖွဲ့ဝင်အချင်းချင်း သဘောထားကွဲလွဲမှုတွေရှိလာပြီး အက်ကြောင်းပေါ်လာခဲ့တယ်။ နောက်မကြာမတင်မှာပဲ တရားမဝင်ပါတီနဲ့ယှက်နွယ်မှုကို အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်တို့ကို အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ခိုင်းတယ်။ အဲဒီမှာ အဖွဲ့ချုပ်ဟာ သိသိသာသာကြီးကွဲသွားခဲ့ပြီ။ မြို့နယ်အသီးသီးက ရုံးတွေဟာလည်း ကျီးနဲ့ ဖုတ်ဖုတ်ဖြစ်သွားခဲ့ပြီ။
တဆက်တည်းထောင်ကျ အကျဉ်းသား အဖွဲ့ဝင်တွေကိုလည်း ထုတ်ပယ်ပေးလိုက်ရတယ်။
၁၉၉၅ ဇွန် ဒေါ်အောင်ဆန်းစုကြည် ပထမနေအိမ်အကျယ်ချုပ်လွတ်လာမှ အဖွဲ့ချုပ်ကို ၉၅မူဝါဒနဲ့ ပြန်လည် စုစည်းနိုင်ခဲ့တယ်။ ဒီကြားတည်းမှာ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အပုတ်ချတဲ့ဆောင်းပါးတွေကို ဦးစားပေးပြီး တစိုက်မတ်မတ်ဖော်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုစည်းရုံးရေးခရီးစဉ်တွေကိုလည်း နည်းပေါင်းစုံနဲ့ နှောက်ယှက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ချပြီး အဖွဲ့ချုပ်ရုံးတွေကို ဖိအားပေး ဆိုင်ဘုတ်ဖြုတ်ချခိုင်းခဲ့တယ်။ ၂၀၀၂ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုစည်းရုံးရေးခရီးစဉ်တွေ ကို အနှောက်အယှက် လုပ်နေရာက ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကတော့ အသက်အန္တရယ်ထိ ဖြစ်စေခဲ့တယ်။ တကယ်လည်း အသက်ကိုအန္တရယ်ပြုလုပ်ကြံခဲ့တာပဲ။ နောက်ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးအပါအဝင် အဖွဲ့ဝင်အတော်များများ ထောင်ချခံရတယ်။ အဖွဲ့ချုပ်ရုံးအားလုံး (ဌာနချုပ်ကလွဲလို့) ချိပ်ပိတ်ခံရတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ လုံးလုံးလျားလျားမရှိတော့အောင်ကို ရည်ရွယ်ချက်ရှိရှိချေမှုန်းနေတာကိုတွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ကို ဥပဒေအရစ်ရစ်တိုးပြီး ချုပ်နှောင်ရုံမက မတရားအမှုဆင်ပြီး ထောင်ချဖို့ကြိုးစားကြတာကို တွေ့ရတယ်။
ဒီကြားထဲမှာ အခြေခံဥပဒေကို မဟားဒယား အတည်ပြုတယ်။ နောက်ဦးတင်ဦး၊ ဦးဝင်တင်တို့ ထောင်ကလွတ်လာတယ်။ ၂၀၁၀ ရွေးကောက်ပဲကို သိတ်မှောက်တယ်။ ရွေးကောက်ပွဲကို မဲလိမ်မဲခိုးအနိုင်ယူတယ်။ (အဲဒီမှာ အဖွဲ့ချုပ် မပါရင် အာဏာရနိုးနဲ့ ဝင်ပိုးကြတဲ့ ဦးဏာရာတွေက တစခန်းထ လိုက်သေး) ဒါပေမယ့်ပြည်သူက ဘယ့်သူ့မှ မဲမပေးခဲ့။ ၂၀၁၂ ကြားဖြတ်မှာ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မှ ပြည်သူက တခဲနက် ဝန်းရံကြတယ်။ ၂၀၁၅ ကတော့ အားလုံးအသိပဲ။
ပြောချင်တာက အဖွဲ့ချုပ်ဟာ ၂၈နှစ်ကာလတလျှောက်မှာ ဖိနိပ်မှု၊ ချေမှုန်းမှု၊ လုပ်ကြံမှု၊ ညစ်ပတ်မှုတွေအမျိုးမျိုးကြားထဲက ကြံ့ကြံ့ခံလာခဲ့တယ်။ ၁၉၈၈လူထုအရေးတော်ပုံကြီးက တောင်းဆိုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရယူပေးဖို့ သန္နိဋ္ဌာန်ကို မပျက်မကွက် စွမ်းဆောင်ခဲ့တယ်။ ဒီကြားထဲမှာ အသက် သွေး ချွေး လင်တကွဲ သားတကွဲ အခက်အခဲများစွာကိုလည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်။
အဲဒီတော့ ဒီခရီးရှည်ကြီးမှာ ပြည်သူကို သစ္စာစောင့်သိရိုသေခဲ့တဲ့ ပြည်သူနဲ့အတူ အမြဲတမ်းရှိခဲ့တဲ့ ပါတီအဖွဲ့အစည်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတပါး အခြားမရှိခဲ့ပါ။ (ဒါဟာအသေချာဆုံးလို့ ကျွန်တော်က ယုံကြည်တာ၊ ကျွန်တော်ပါတီဝင်မဟုတ်ပါ။ ပရဟိတသမားတယောက် ပါတီဝင်စရာမလိုပါ။)
ဒီခရီးကြမ်းကြီးဖြတ်သန်းလာခဲ့ရတဲ့ အဖွဲ့ချုပ်ကို ကျွန်တော်တို့ ဝိုင်းဝန်းဖေးမ ကူညီရမယ်လို့ ကျွန်တော်က ထင်ပါတယ်။ ဝိုင်းတိုက်ဖို့တော့ မကောင်းပါ။ ၅၃နှစ်ကြာ အဖက်ဖက်က ပျက်စီးခဲ့တဲ့ အခြေနေကို ပြုပြင်ထိန်းကျောင်းနေတာပါ။ အားမလိုအားမရ ဖြစ်နေမယ့်အစား
ခင်ဗျားတို့ ကျွန်တော်တို့လုပ်နိုင်တာတွေနဲ့ ကူညီပေးနိုင်ရင် ခရီးဒီထက်တွင်ပါမယ်။
ကျွန်တော်တို့လုပ်နိုင်တာတွေ ရှိပါလိမ့်မယ် ကြိုးစားကြရအောင် NLDနဲ့ အတူပေါ့။

ကိုစိန်ဝင်း မုံရွာ
၎.၄.၂၀၁၇
၎.၄.၂၀၁၇
Comments
Post a Comment