၂၀၁၇ ဧပြီ ၁ ရက်နေ့က ကျင်းပသော ၁၉ နေရာလစ်လပ်သည်ကို ယှဉ်ပြိုင်ရသည့် ကြားဖြတ် ရွေးကောက်ပွဲသည် NLD အတွက်ရော ဒီမိုကရေစီအတွက်ရော ကြီးစွာသော သတိပေးခေါင်းလောင်းသံ ဖြစ်ခဲ့သည်။ ထိုခေါင်းလောင်းသံကို နားမထောင်ပါက ၂၀၂၀ တွင် နစ်နာဆုံးရှုံးမှုများ ရှိလာကြဦးမည်ဖြစ်သည်။ ယခုကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အားလုံးသိကြသည့်အတိုင်း မဲဆန္ဒနယ် ၁၉ နေရာအတွက် NLD သည် ၁၈ နေရာဝင်ပြိုင်ပြီး ၉ နေရာ အနိုင်ရခဲ့ပါသည်။ ဘဲဥမကွဲသော အချို့ပါတီများ၏ စံချိန်စံညွှန်းနှင့်ကြည့်လျှင် ၁၈ နေရာတွင် ၉ နေရာ အနိုင်ရခြင်းမှာ
ထက်ဝက်အောင်မြင်ခြင်းဖြစ်ပေသည်။ သို့သော် ပြီးခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲစံချိန်များနှင့်ကြည့်လျှင်မူ NLD ၏ ရွေးကောက်ပွဲအောင်မြင်မှုရလဒ်မှာ ပါတီသက်တမ်း ၂၈ နှစ်အတွင်း အနိမ့်ဆုံးရလဒ်သို့ ကျဆင်းသွားခြင်းဖြစ်သည်။
အနီးကပ်အကြောင်းပြချက်များအနေဖြင့် မဲလာပေးသူ
ရာခိုင်နှုန်းလျော့နည်းသဖြင့်တို့၊ ချောင်းဆုံတွင်
တံတားအမည်ကိစ္စကြောင့်တို့၊ တိုင်းရင်းသားဘာသာ စကားမတတ်၍တို့ စသည်ဖြင့်
ပြော၍ရနိုင်သော်လည်း NLD ယခုရွေးကောက်ပွဲတွင် မျှော်လင့်သလောက်
အနိုင်မရခဲ့ခြင်းနောက်ကွယ်တွင် အကြောင်းများစွာရှိပေ သည်။ မျှော်လင့်သလောက်
အနိုင်မရဟုပြောရခြင်းမှာ ၀င်ရောက်ယှဉ်ပြိုင်သောနေရာ အားလုံးအနိုင်ရရန်
မျှော်မှန်းထားသည်ဟု NLD နာယကကြီးသူရဦးတင်ဦးက
ပြောကြားခဲ့ဖူးခြင်းကြောင့်ဖြစ်သည်။ ၁၈ နေရာတွင် NLD သည်
အနိုင်ဘက်မှကြည့်လျှင် ၉ နေရာနိုင်ခဲ့ပြီး အရှုံးဘက်မှကြည့်လျှင် ၉
နေရာရှုံးခဲ့ရပေ၏။ ထိုမျှသာမက ကယားပြည်နယ်တွင် ပြည်နယ်လွှတ်တော်အတွက်
ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွင် NLD မပြိုင်ရခင်မှာပင်
အရှုံးပေးခဲ့ရ၏။ ထိုမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်
စာရင်းတင်သွင်းရာတွင် NLD ကိုယ်စားလှယ်လောင်းသည် သတ်မှတ်နေ့ရက်ထက်
နောက်ကျပြီးမှ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခဲ့သဖြင့်
ရွေးကောက်ပွဲကော်မရှင်က လက်မခံပယ်ချခံခဲ့ရလေသည်။ ဤဖြစ်ရပ်သည်
အတော်ကိုစီမံခန့်ခွဲမှုညံ့ဖျင်းသော လုပ်ရပ်တခုဖြစ်ပြီး
အာဏာရပါတီကြီးတရပ်အနေဖြင့် ထိုသို့ဖြစ်နေသည်မှာ ရှက်ဖွယ်လိလိဖြစ်သည်။
မိမိပါတီက အစိုးရအဖွဲ့ဖွဲ့နိုင်ပြီးကတည်းက မည်သည့်နေရာတွင် မည်သူများလစ်လပ်သည်၊ ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပပါက မည်သူ့ကို ၀င်ပြိုင်ရန် လျာထားသည်၊ မည်သူ့ကို အရန်အဖြစ်လျာထားသည်၊ မည်သည့်နေ့တွင် လူစာရင်းဖြတ်မည်၊ မည်သည့်နေ့တွင် ပါတီမှတာဝန်ယူကာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမည်စသည်ဖြင့် တိကျပြတ်သားသောမူဝါဒနှင့်လုပ်ငန်းလမ်းစဉ်တခု NLD ဗဟိုတွင်ရော၊ ကယားပြည်နယ် NLD တွင်လည်းကောင်း၊ ၀င်ရောက်ယှဉ်ပြိုင်မည့် ဖရူဆိုမြို့နယ် NLD တို့မှာ တာဝန်အသီးသီးရှိကြလေသည်။ သွားရလာရခက်ခဲသော ဒေသဖြစ်သဖြင့် ဗဟို၏ညွှန်ကြားချက်ကို အချိန်မီအကောင်အထည်ဖော်ဖို့ ခက်ခဲသည်ဆိုလျှင် ကြိုတင်ပြင်ဆင်မှုများစွာ နဂိုထဲကလုပ်ထားရမည်ဖြစ် သည်။ ယခုသော်ကား ပြိုင်ပင်မပြိုင်ရသေး တနေရာရှုံးခဲ့သည်ဆိုခြင်းမှာ ဒေသခံပြည်သူလူထုကို မလေး စားခြင်း၊ စော်ကားခြင်းနှင့်အတူတူပင် ဖြစ်ပေသည်။ ယခုလို ရွေးကောက်ပွဲရလဒ်များ ထင်သလိုမဖြစ်ကာမှ (ဧပြီ ၂ ရက်ကျကာမှ) ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ် NLD ဥက္ကဋ္ဌ ဦးပဲ့ဒူတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းသည် မိုးလွန်မှထွန်ချသည့်သဖွယ်ဖြစ်နေပါသည်။ နဂိုကတည်းက ဖြစ်ကို မဖြစ်သင့်သော အမှားဖြစ်သည်။ ထားတော့ ပြီးခဲ့တာက ပြီးခဲ့ပြီ။
NLD ပါတီ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၅၀ ရာခိုင်နှုန်း ရှုံးနိမ့်ရသလဲဆိုတာသိလျှင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ပေလိမ့်မည်။ အဓိက,က တော့ စေတနာဖြင့်ဝေဖန်ထောက်ပြမှုများကို အလေးထားနားထောင်ဖို့ ဖြစ်သည်။ လူဆိုသည်မှာ အာဏာရ လာသောအခါ တို့လုပ်တာအမှန် ကျန်တဲ့သူတွေက မှားနေတာ ငါတို့ကိုလာမဝေဖန်နဲ့ဟူသော တဖက်ပိတ် အမြင်များ ကိန်းအောင်းလာလေ့ရှိသည်။ အားနည်းချက်များကို ဝေဖန်ထောက်ပြမှုအစား အားလုံးကောင်း ပါသည်ခင်ဗျားဟူသော အပြောမျိုးကိုသာ နားဝင်ချိုကြပေလိမ့်မည်။ မှန်ကန်သောဝေဖန်ထောက်ပြမှုသည် ဆေးခါးကြီးနှင့် တူပေလိမ့်မည်။ အ၀င်ဆိုးသော်လည်း ရောဂါပျောက်စေတတ်သဖြင့် မျိုချကြစေလိုပါ၏။ NLD ကို ထောက်ခံသူများထဲတွင် စာရေးသူလည်း ပါဝင်၏။ ၁၉၈၈ ကပင် စတင်ထောက်ခံခဲ့သည်။ ၁၉၉၀ တွင်ရော ၂၀၁၅ တွင်ပါ NLD ကိုသာမဲပေးခဲ့ပါသည်။ ၂၀၂၀ တွင် NLD ကိုမဲပေးဖို့ များပါသည်။ စောင့်တော့ ကြည့်ရဦးမည်။ ကျွန်တော်တို့ NLD ကို ထောက်ခံသော်လည်း သူတို့၏လုပ်ငန်းဆောင်တာ ဆောင်ရွက်ချက်များကို အားရသလားဆိုမူ အားမရပါဟု ဆိုချင်သည်။ နှစ် ၅၀ ပျက်ခဲ့တဲ့နိုင်ငံကို တနှစ်အတွင်း ပြင်ဆင်၍မရနိုင်ဆိုသော သုံးချက်တွက်နည်းကို ဘေးဖယ်ထား၍ လုပ်နိုင်လျက် မလုပ်ခဲ့နိုင်တာ များကိုစပြောချင်သည်။ အစပထမသည် ရွေးကောက်ပွဲဝင်ခါနီးကာလနှင့်ဆိုင်သည်။ မိမိပါတီကို တဘ၀လုံး ၀န်းရံလာခဲ့ကြသည့် လူထုကြည်ညိုလေးစားသည့် ၈၈ မျိုးဆက်အဖွဲ့ထဲမှ ကျောင်းသားခေါင်းဆောင်များ NLD ပါတီမှ ၀င်ရောက်ရွေးချယ်ခံရန် စာရင်းလာပေးကြစဉ်က ပြည်သူလူထုသည် ၀မ်းအသာကြီးသာခဲ့ကြသည်။ အားအရကြီးရခဲ့ကြသည်။ ၈၈ မျိုးဆက်များနှင့် NLD ပေါင်းလိုက်လျှင် စစ်အာဏာရှင်စနစ် အကြွင်းအကျန် များကို ကျူပင်ခုတ်ကျူငုတ်မကျန် နှိမ်နင်းအနိုင် ယူနိုင်တော့မည်ဟု ၀မ်းမြောက်ခဲ့ကြပါသည်။
သို့သော် NLD သည် ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်နိုင်ငံရေးသမားအများစုကို သူတို့ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်ခွင့်ပြုရန် ငြင်းပယ်လိုက်သည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရပါသည် (၈၈ မျိုးဆက်ကို ငြင်းပယ်ခဲ့ခြင်းရလဒ်အဖြစ် မကြာမီ ပါတီသစ်တခု ပေါ်ပေါက်လာပေလိမ့်မည် ထိုပါတီထံသို့ NLD ၏ ထောက်ခံမဲအချို့ပဲ့ပါသွားလိမ့်မည်) ။ လူသစ်တွေရွေးကောက်ပွဲနီးမှ ၀င်လာသူတွေကို လက်မခံဘူးထင်တယ်ဟု ထင်မြင်ခဲ့သေးသော်လည်း အချို့သော ခရိုနီအသေးစားများ၊ အာဏာရှင်စနစ်လက် အောက်တွင် အသားကျခဲ့သူအချို့ကို ပါတီမှ အနီးကပ်လက်ခံပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံရွေးချယ်စေခဲ့တာကတော့ နားလည်ရခက်ပြန်ပါ သည်။ ထိုအခါနားလည်ရသည်မှာ NLD သည် မူတခု အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ သွားနေခြင်းမဟုတ်ဘဲ မူအမျိုးမျိုးပြောင်းလဲနေကြောင်း သိရပေ၏။ ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲ နီးလာသောကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးရာ၌ အောက် ခြေပါတီဝင်များ လေးစားလက်ခံရွေးချယ်လိုက်သော ကိုယ်စားလှယ်များကို ပါတီဗဟိုမှပယ်ချကာ သူတို့နှစ် သက်သဘောကျသူများဖြင့် အစားထိုးပေးခဲ့ခြင်းကလည်း အထက်နှင့်အောက် စိတ်ပျက်သွားစေသည်။ ထိုသို့ စိတ်ပျက်ပြီး ပါတီမှနုတ်ထွက်သွားသူများကို စည်းရုံးရှင်းလင်းသိမ်းသွင်းရမည့်အစား အမှိုက်တွေရှင်းသွား သည်ဟု ဦးဝင်းထိန်မှ ပြောကြားခဲ့ခြင်းကလည်း ခေါင်းဆောင်ကောင်းမပီသသော အပြုအမူဖြစ်သည်။ NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည် တရားဝင်ခေါင်းဆောင်အဖြစ် မဆောင်ရွက်နိုင်မီ၊ ပါတီလုပ် ငန်းများနှင့်ကင်းကွာနေချိန်၊ အားလုံးကလေးစားရသော သတင်းစာဆရာကြီးဦးဝင်းတင် ကွယ်လွန်ချိန်၊ ဘဘ ဦးတင်ဦးလည်း အသက်အရွယ်အရ နာယကအဖြစ်သာ အခမ်းအနားများတက်နေရချိန်တွင် ပါတီတွင်း၌ ဦးဝင်းထိန် တန်ခိုးထွားလာခြင်းကလည်း NLD ပါတီအတွက် ထိုးနှက်ချက်တရပ်ဖြစ်သည်။ ဦးဝင်းထိန်သည် စစ်တပ်မှထွက်လာသူ ဗိုလ်မှူးဟောင်းတယောက် ဖြစ်သည်နှင့်အညီ သံတမန်မဆန်သော၊ ယဉ်ကျေးဖွယ်ရာမရှိသော အချို့သော အတုံးလိုက်အတစ်လိုက် ပြောဆိုမှုများကို လူအများက မနှစ်မြို့ကြချေ။ ဥပမာ NLD အစိုးရရာထူးအပြောင်းအလဲများရှိ၊ မရှိမေးခွန်းကို မေးမြန်းခဲ့သောသတင်းထောက်အား စောက်ရူးဟု အကြိမ်ကြိမ်ပြောဆိုခြင်းသည် ယဉ်ကျေးသော နိုင်ငံရေးလောက၊ မီဒီယာလောက၌ မရှိသင့်သောကိစ္စများ ဖြစ်သည်။ ထို့အပြင် ဦးဝင်းထိန်သည် ပါတီအတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည် မှန်သော် လည်း အစိုးရကိစ္စများကိုဝင်ရောက် စွက်ဖက်ခြင်း၊ လမ်းညွှန်ခြင်း၊ ဒုဝန်ကြီးတဦးကို နုတ်ထွက်ရန် ညွှန်ကြားခြင်းများသည် အမှန်စင်စစ်ပါတီ Side နှင့် အုပ်ချုပ်ရေး(အစိုးရ) Side ကို မှားယွင်းစွာ ရောထွေး ခေါင်းဆောင်နေခြင်း ဖြစ်သည်။ ထိုကိစ္စများကို NLD သည် ပါတီတွင်းအရေးယူမှု ဝေဖန်ထောက်ပြမှုမရှိခဲ့ပေ။ ဦးဝင်းထိန်ကို ပါတီခေါင်းဆောင်ပိုင်းတဦးအနေထက် ဒေါ်အောင်ဆန်းစုကြည်၏လူယုံတော်အဖြစ် အားလုံးက ကြောက်နေရခြင်းဖြစ်သည်။ ဤသည်လည်း NLD ပါတီကို နိုင်ငံရေးဝေဖန်စဉ်းစားတတ်သူ အချို့ သဘောမကျသော အကြောင်းတခုဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ်အနိုင်ရ၍ အစိုးရဖွဲ့သောအခါ ပြည်သူလူထုတွင် ချင်ခြင်းနှစ်ခုရှိသည်။ ပါသင့်ပါထိုက်သူများ အစိုးရအဖွဲ့များထဲတွင် ပါဝင်လာစေချင်ခြင်းနှင့် မပါ သင့်မပါထိုက်သောလူများ ပါမလာစေချင်ခြင်းဖြစ်သည်။ ပြည်သူလူထုသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကို မလိုလားသဖြင့် NLD ကို ပုံအောမဲထည့်ခဲ့ကြသည်။ စစ်ဗိုလ်ချုပ်ဟောင်းများကို မမြင်လိုမတွေ့လိုတော့ပေ။ သို့သော် အသစ်ဖွဲ့စည်းလိုက်သောအစိုးရအဖွဲ့တွင် NLD ကို တခါမှကောင်းကျိုးမပေးခဲ့ဖူးသောပါတီမှ လူဟောင်းများကို ၀န်ကြီးရာထူးများနှင့် အခြားရာထူးကြီးများ ပြန်ပေးခဲ့သည်မှာ အံ့သြစရာကောင်းလှသည်။ လူထုက မလိုချင်တော့သဖြင့် မဲမပေးဘဲ ဖြုတ်ချခဲ့သူများကို NLD က ဖုံသုတ်ပွဲ ထုတ်လာတာသည် အပြောင်း အလဲကို အလွန်လိုလားနေသော မဲဆန္ဒရှင်ပြည်သူလူထုဆန္ဒကို ပစ်ပယ်လိုက်ခြင်းဖြစ်သည်။ လူထုသည် စစ်အာဏာရှင်စနစ်ကို အလိုမရှိ။ နှစ်ပေါင်း ၅၀ လောက် နည်းအမျိုးမျိုးဖြင့် အာဏာရယူထားသော စစ်ဗိုလ်ချုပ်များကို တတ်နိုင်သမျှ မမြင်တွေ့လိုတော့။ စစ်ဗိုလ်ချုပ်များနှင့်ပေါင်းကာ မတရား ချမ်းသာလာကြသော ခရိုနီများ၊ စားဖားများကို အစိုးရအဖွဲ့သစ်တွင် မမြင်ချင်ကြတော့ပေ။
ယခင်အစိုးရလက်ထက်က ကြံ့ခိုင်ရေးအစိုးရကို သစ္စာတော်ခံခဲ့သူများ အစိုးရသစ်တွင် ပါဝင်လာခြင်းကလည်း ပြည်သူလူထု၏ မကျေနပ်မှုကိုကြီးထွားစေသည်။ သပိတ်မှောက်တက္ကသိုလ်ကျောင်းသားများနှင့် ဆက်ဆံရေး မကောင်းခဲ့သူက ပညာရေးဝန်ကြီးဖြစ်ခြင်း၊ ယခင်အစိုးရလက်ထက်တွင် အဘတို့ရှေ့မှ ကာကွယ်ပေးမှု၌ အသားကျနေခဲ့သူကို ပြောရေးဆိုခွင့်ရှိသူ ခန့်ထားခဲ့ခြင်း၊ ကြံ့ခိုင်ရေးပါတီမှ အမတ်အချို့ဝန်ကြီးဖြစ်လာခြင်းတို့သည် NLD ကို နှစ်ပေါင်းများစွာ ထောက်ခံလာသူများကို ဒေါသဖြစ် စေပါသည်။
တဖက်တွင် NLD ကို မိုးထဲရေထဲတွင် အမြဲတမ်းသစ္စာရှိခဲ့ ပူးပေါင်းခဲ့ကြသော SNLD အဖွဲ့လို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များကို အစိုးရအဖွဲ့ထဲတွင် အရေးကြီးသော ထိပ်တန်းရာထူးများခွဲဝေပေး စေချင်သည်။ သို့သော် NLD သည် မပေးခဲ့ချေ။ ဦးခွန်ထွန်းဦးလိုလူသည် ဘယ်နေရာမှာမှ ပါမလာခဲ့ပေ။ ဒါတွေသည် ကိုယ်လုပ်ချင်ရာလုပ်လိုက်သော်လည်း တိုင်းရင်းသားများ (ရှမ်းတိုင်းရင်းသားများ) ရင်ထဲမှာ အနာတခုဖြစ်လာနိုင်သည်။ ထိုရလဒ်အဖြစ် ယခုအခါ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD ကို NLD သည် ရှမ်းပြည်နယ်မဲဆန္ဒနယ် ၆ နေရာတွင် ရှုံးခဲ့ခြင်းဖြစ်သည်။ မိမိအနိုင်ရနေချိန်တွင် မိတ်ဟောင်းများကို လက်တွဲခေါ်ခြင်းထက် မိမိနှင့်အနေဝေးခဲ့သော မျက်နှာစိမ်းများကို မျက်နှာသာပေးခဲ့မှု ရလဒ်ဖြစ်သည်ဟု ကျွန်တော်ကတော့ ထင်မြင်ယူဆသည်။
နောက်တချက်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပါဟူသော တိုက်တွန်းချက်၏ ဘေးထွက်ဆိုးကျိုးဖြစ်သည်။ NLD လွှတ်တော်ကိုယ်စားလှယ်များထဲတွင် စွမ်းဆောင်ရည်နိမ့်သော လွှတ် တော်အမတ်များစွာပါသည်။ ရိုးသားကောင်း ရိုးသားမည်၊ ပါတီကိုသစ္စာရှိကောင်းရှိမည်။ သို့သော် လူတော်များတော့မဟုတ်။ ထို့ကြောင့် ပြည်သူလူထုသည် NLD အမတ်အချို့ကို စိတ်ပျက်လာကြ တာလည်းရှိသည်။ ဤကိစ္စသည် ရှည်လျား၏။ NLD တဖွဲ့တည်း၏ အပြစ်တော့မဟုတ်။ ပြည်ထောင်စု လွှတ်တော်ဝယ် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ် မူသေကိုယ်စားလှယ် ၁၆၆ ယောက်ရှိ၏။ ရွေးကောက်ပွဲမှတဆင့် ရွေးချယ်ခံရမည့် ပြည်သူ့ကိုယ်စားလှယ်မှာ ၄၉၈ ယောက်ရှိ၏။ စုစုပေါင်း တပ်မတော် သားနှင့် ရွေးကောက်ခံအမတ်ပေါင်းလိုက်လျှင် ၆၆၄ ယောက်ရှိ၏။ ထိုအချိန်တွင် ၂၀၁၅ ရွေး ကောက်ပွဲနီးချိန် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဘူးလက်လှဆွေ (ခေါ်) ဦးလှဆွေက သူတို့ကြံ့ခိုင်ရေးပါတီသည် ၂၆ ရာခိုင်နှုန်း (၁၇၂ ယောက်) ရွေးကောက်ပွဲမှာ နိုင်ခဲ့လျှင်ပင် လွှတ်တော်တွင်း၌ရှိပြီးဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (၁၆၆ ယောက်)နှင့် ပေါင်းလိုက်လျှင် ပြည်ထောင်စုလွှတ်တော်၏ ၅၁ ရာခိုင်နှုန်း (ထက်ဝက်ကျော်)ထောက်ခံမှုဖြင့် အစိုးရဖွဲ့ကာ ဆက်လက်အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။
ထိုအချက်မှာ အင်မတန်မသင့်လျော်သော ပြောကြားချက်ဖြစ်သည်။ ဥပဒေဘောင်ကျော်သော ပြောကြားမှုဟု ပင် ခေါ်၍ရသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်နှင့် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပြီး တို့တာဝန်အရေးသုံးပါးကို ကာကွယ်မည်ဆိုသော တပ်မတော်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ပုလင်းတူဘူးဆို့ သဖွယ် အပိုင်တွက်ပြီး ရောထွေးပြောခဲ့ခြင်းကြောင့် ဖြစ်သည်။ အမှန်မှာ တပ်မတော်သည် နိုင်ငံသားအား လုံးနှင့်သက်ဆိုင်သောအဖွဲ့ကြီးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီမှာ သူ့ပါတီဝင်များနှင့်သာဆိုင်သောအဖွဲ့ဖြစ်သည်။ ထိုနှစ်ဖွဲ့ကို တဖွဲ့တည်းလိုလိုလုံးချသောကိစ္စတွင် တပ်မတော်သည် ထိုစကားပြောခဲ့သူ ဦးလှဆွေကို ထိုသို့ မသင့်မလျော်မပြောကြားရန် တရားဝင်သတိပေးတားမြစ်ရမည် ဖြစ်သည်။ သို့သော် ကျွန်တော်သိသလောက် ထိုသို့ သတိပေးတားမြစ်မှုမျိုးမရှိခဲ့သဖြင့် ပြည်သူလူထုသည် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီသည် တဖွဲ့တည်း အတူတူပင်ဖြစ်သလိုလို ထင်ကုန်ကြပါသည်။ ထိုသို့ဆိုလျှင် ပြည်သူလူထုက လုပ်နိုင်သည်မှာ ပြည်ခိုင်ဖြိုး အစိုးရ ပြန်တက်မလာစေလိုလျှင်NLD ပါတီအစိုးရဖွဲ့နိုင်သည့် ၅၁ ရာခိုင်နှုန်းဖြစ်သော ၃၃၃ ဦး ပြည်ထောင်စု လွှတ်တော်ထဲသို့အရောက်ပို့ဖို့ပဲရှိတော့သည်။ အကယ်၍သာ ထိုစဉ်ကတပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်အတူတူ မဟုတ်ကြောင်း တဖွဲ့တည်းလိုလို ထင်ယောင်ထင်မှားဖြစ် အောင် မပြောဆိုသင့်ကြောင်း တားမြစ်ထုတ်ပြန်ခဲ့မည်ဆိုလျှင် ပြည်သူလူထုသည် NLD ၃၃၃ ဦး လွှတ် တော်ထဲသို့ပို့နိုင်ရန် လူကိုမကြည့်ဘဲ ပါတီကိုသာ ကြည့်၍ မဲပေးကြဖို့ သိပ်ပြီးအသည်းအသန်ကြိုးစား ကြမည်မဟုတ်ပေ။ ထို့ကြောင့် လူကိုမကြည့်ဘဲပါတီကိုပဲကြည့်၍ ရွေးချယ်ခဲ့ကြခြင်းတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ် ယခုအခါပေါ်ပေါက်လာသော်လည်း ထိုသို့ ဖြစ်ရခြင်းတွင် NLD တခုတည်း၏ အမှားမဟုတ်ချေ။ ပြည်သူလူထု၏ အမှားလည်းမဟုတ်။ ထိုသို့ဖြစ်အောင် အင်အားစုအားလုံးတွန်းပို့ခဲ့ကြခြင်းသာ ဖြစ်ပေသည်။ လိုရင်းကို ပြန်ချုပ်ရလျှင် ထိုစဉ်က နိုင်ငံရေးလိုအပ်ချက်အရ အစိုးရအပြောင်းအလဲဖြစ်ရန် လူကိုမကြည့်ပဲ NLD ပါတီကိုသာ မဲပေးရွေးချယ်ခဲ့ကြသော်လည်း ယခုအခါ အေးအေးဆေးဆေး လူကိုကြည့်၍ စွမ်းဆောင်ရည်မြင့်သူကို ရွေးချယ်ခွင့်ရလာသည့်အချိန်တွင် မိမိဒေသနှင့် အလိုက်ဖက်ဆုံးလူကိုသာ စေ့စေ့ စပ်စပ်ရွေးချယ်ခဲ့ခြင်းက NLD ယခင်လိုနေရာအားလုံး အနိုင်မရခဲ့ခြင်း၏ အဓိကအကြောင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် NLD သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၇ လိုမဖြစ်ချင်ဘူးဆိုလျှင် ကိုယ်စားလှယ် လောင်းရွေးချယ်ရာတွင် အောက်ခြေပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသောသူကိုသာ အသင့်တော်ဆုံးရွေး ချယ်ကြရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ဟူသော ဗဟိုမှ လူနည်းစုလေးတစုတဖွဲ့ကသာ နေရာတိုင်းကိုလိုက် ဆုံးဖြတ်နေပါလျှင် ကျရှုံးခန်းကို ရင်ဆိုင်ရလိမ့်ဦးမည် ဖြစ်သည်။ အမတ်လောင်းရွေးရာတွင် ဒေသခံဖြစ်သူ၊ ဒေသခံပြည်သူလူထုက ကြည်ညိုလေးစားထောက်ခံသူ၊ အမှန်တကယ်အရည်အချင်းရှိသူဆိုသော အချက်သုံးချက်ကိုသာ အဓိကထားရွေးချယ်ရမည်ဖြစ်သည်။ ဗဟိုမှ ၀င်ရောက်စွက်ဖက်မှု နည်းနိုင်သမျှနည်းရမည် ဖြစ်သည်။ ဒေသခံတို့၏အသံကို နားစွင့်ရပေမည်။
ဤသည်တို့မှာ ဘာကြောင့် ၂၀၁၇ တွင် NLD ပါတီဘာကြောင့် မဲဆန္ဒနယ် ၁၉ နေရာတွင် ၉ နေရာပဲ နိုင်ခဲ့သလဲဆိုသော အဖြေများဖြစ်သည်။ ကျန်တာတွေကတော့ အကြောင်းအများကြီးရှိနိုင်သည်။ မဲပေးနိုင်သော လူဦးရေထက် တကယ်တမ်းမဲလာပေးသော လူဦးရေမှာ အလွန်နည်းနေခြင်း (ပြည်သူများ မဲလာမပေးသူများနေခြင်း)သည်လည်း NLD ရှုံးရခြင်း အကြောင်းတရပ်ဟု ဦးဝင်းထိန်က သုံးသပ်သည်။ မှန်ပေ၏။ သို့သော် လူတွေဘာကြောင့် မဲလာမပေးကြသလဲဆိုတာတော့ ကိုယ့်ဘာသာ စဉ်းစားအဖြေ ထုတ်ကြဖို့လိုမည်ဖြစ်သည်။ ပြည်သူလူထုကို အပြစ်ပုံချသောအဖြေထက် လူတွေမလာချင်လောက်အောင် ဘာတွေကို စိတ်ပျက်သွားကြတာလဲ။ ဘာတွေကို မကျေနပ်တာလဲ။ ငါတို့ဘာတွေလိုအပ်နေသလဲဟု သာ ကိုယ့်ကိုယ်ကိုယ် သတ္တုချ၍ ဝေဖန်ဆန်းစစ်ကြရမည်ဖြစ်သည်။ လူတွေက အသိဥာဏ်နုံနဲ့လို့ မဲလာ မပေးကြလို့ဟုတော့ အလွယ်ပြော၍ရမည်မဟုတ်။ မြန်မာနိုင်ငံသားများသည် တိုင်းပြည်အတွက် တကယ်တမ်း လိုအပ်လာသည့်အခါတိုင်း အသက်ပေးကာ ရှေ့တန်းမှထွက်ခဲ့ကြတာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တကြိမ်၊ ၁၉၈၈ အရေးအခင်းတွင် တကြိမ်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် တကြိမ်၊ ၂၀၁၅ တွင် တကြိမ် အကြိမ်ကြိမ်သက်သေပြခဲ့ပြီ ဖြစ်သည်။ NLD အာဏာရလာသောအခါ ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုသောကိစ္စများကိုသာ ဦးစားပေးလုပ်ကိုင်စေချင်ပါသည်။ ပြည်သူလူထုအများစုကို ထိမည့်ကိစ္စများ ရှောင်နိုင်သလောက် ရှောင်စေချင်သည်။ သမ္မတရုံးတွင် သင်္ကြန်ပိတ်ရက် ၅ ရက်၊ ၁၀ ရက်ကိစ္စကိုမှ ဖြောင့်ဖြောင့်တန်းတန်း ရှင်းရှင်းလင်းလင်းမရေးသားတတ် မကြေညာတတ်သည့်လူမျိုးကို နေရာပေးစေခိုင်း မှုမျိုးတွေ ပြင်စေချင်သည်။ အရင်အစိုးရလက်ထက်က အကျင့်တွေအတိုင်း လိုက်နေဆဲဖြစ်သည့် အချို့သော အရာရှိဆိုးများနှင့် ပြတ်ပြတ်သားသားလမ်းခွဲစေချင်သည်။ NLD အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များ သည် ဒေါ်အောင်ဆန်းစုကြည်ထံ မတင်ပြရလျှင် ဘာမှကိုယ့်ဘာသာမလုပ်ဝံ့ကြသော၊ ကျောင်းထိုင် ဆရာတော်ကြီးမသိဘဲ ဘာမှမလုပ်ဝံ့သော ကိုရင်လေးတွေလို ပြုမူနေကြတာတွေ ပြင်စေချင်သည်။ ပါတီနှင့်အစိုးရ မသဲကွဲဘဲ ပါတီခေါင်းဆောင်ဆိုသူက အစိုးရအဖွဲ့ကို ၀င်ရောက်စွက်ဖက်အမိန့်ပေးညွှန်ကြား နေတာတွေ ပြင်စေလိုသည်။ တကယ်တော်သော ၀န်ကြီးတွေကို ခန့်စေလိုသည်။ တကယ်တော်သော အမတ်လောင်းတွေကို ရွေးစေလိုသည်။ ငါတို့တော် လို့တတ်လို့ ဒီနေရာရောက်လာခြင်းထက် ဒေါ်အောင်ဆန်းစုကြည်မျက်နှာနှင့် ဒီနေရာရောက်လာကြတာပါလားဟု အမှန်အတိုင်း မြင်ကြစေလိုသည်။ ဒါဆိုလျှင် ၂၀၂၀ တွင် အခြေအနေကောင်းနိုင်မည် ဖြစ်သည်။ ၂၀၁၇ မုန့်စားကျောင်းဆင်းချိန် ခေါင်းလောင်းကြီးကတော့ ခေါက်ပြီးသွားပြီ။ အပြီးသတ်ခေါင်းလောင်းကြီး နောက်သုံးနှစ်တွင် လာပါလိမ့်မည်။ နိုင်ချင်လျှင် ပြင်စေသတည်း။
သရ၀ဏ်(ပြည်)

Comments
Post a Comment