ငြိမ်းချမ်းရေး လိုလားကြောင်း ကျေးလက်နေ ပြည်သူများက အသံထွက်ပေးဖို့ လိုအပ်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
နေပြည်တော်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါကြောင်း ကျေးလက်တော၇ွာနေ ပြည်သူများက အသံ ဖော်ထုတ်ပေးကြဖို့ လိုအပ်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ကျေးလက်တောရွာနေ လူငယ်များနှင့် တွေ့ ဆုံပွဲတွင် ပြောခဲ့သည်။“ကျေးလက်တောရွာနေ ပြည်သူတွေက ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုတာမျိုး အသံတွေ ထွက်ရမယ်၊ အခုက လက်နက်ကိုင်အဖွဲ့ တွေကပဲ သေနတ်သံတွေ လူသံတွေ ထွက်နေတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့  ညနေပိုင်း ပြုလုပ်သည့် တွေ့ ဆုံပွဲ၌ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ခြင်း ဖြစ်သည်။
“ကျေးလက်နေပြည်သူတွေဟာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ရှိတော့
ကျေးလက်တောရွာ နေ ပြည်သူတွေဟာ ဒီနိုင်ငံရဲ့ ကျောရိုး ဖြစ်တယ်၊ ကျောရိုးဆိုတာ လူတစ်ယောက် မားမား မတ်မတ် ရပ်နိုင်အောင် လုပ်ပေးတာ၊ ဒီတော့ ဒီနိုင်ငံ တိုးတက်ဖို့  မားမားမတ်မတ် ရပ်တည် နိုင်ဖို့ ဆိုရင် ကျေးလက်နေ ပြည်သူလူထုရဲ့ ဘ၀တွေ ခိုင်မာမှ တိုးတက်မှ ကောင်းမွန်မှသာ နိုင်ငံလည်း ရပ်တည်နိုင်၊ တိုးတက်နိုင်မယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လို အရေးကြီးလဲ ဆိုတာ ဒီဆွေးနွေးပွဲကနေ အဖြေတစ်ခု ပေါ်ရမယ်” ဟူ၍ ဆွေးနွေးပွဲအစတွင် သူမက ပြောခဲ့ပြီး ကျေးလက်နေပြည်သူ များအနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားပါကြောင်း အသံထွက်ပြဖို့ လိုသည်ဟု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ “တချို့ တွေက ငြိမ်းချမ်းတဲ့ဒေသတွေမှာနေကြရတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိတ်ဝင် စားမှု နည်းတာတွေ ပါတယ်၊ ပြည်တွင်းစစ် မဖြစ်တဲ့နေရာမှာနေရတော့ ငြိမ်းချမ်းရေးဟာ သူတို့ နဲ့ မဆိုင်ဘူး ဆိုတဲ့ ပုံစံမျိုး နေကြတယ်။ တကယ်တော့ အားလုံးနဲ့ ဆိုင်ပါတယ်၊ တိုင်းပြည် ဆိုတာက ပြောရမယ်ဆိုရင် ခန္ဓာကိုယ်ကြီးမှာ အစိတ်အပိုင်း အားလုံး ကောင်းမှ နေလို့ ကောင်းတာ၊ ဥပမာ လက်တစ်ခုပဲ နာနေရင်တောင် သိပ်မသာယာနိုင်ဘူး၊ သွား တစ်ချောင်း နာနေရင်လည်း အလုပ်လုပ်ရတာ အဆင်မပြေဘူး၊ စားရတာလည်း အဆင် မပြေဘူးပေါ့၊ ပိုပြီင်္း အရေးကြီးတဲ့ နှလုံး ဆိုပါတော့ နှလုံး မကောင်းဘူးဆိုရင် အသက်အန္တရာယ် တောင်မှ ဖြစ်နိုင်တယ်၊ အမေတို့ နိုင်ငံရဲ့ နှလုံးသားက ငြိမ်းချမ်းရေးနဲ့ ဆိုင်တယ်၊ ငြိမ်းချမ်းရေး ရမှသာ ဒီနိုင်ငံဟာ တည်တံ့နိုင်မယ်၊ ဒီတော့ အားလုံးက ၀ိုင်းပြီး ငြိမ်းချမ်းရေး ရဖို့ အတွက် လူတိုင်း လူတိုင်းဟာ ဘယ်လို တာဝန်ရှိမလဲ၊ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ စဉ်းစားကြရမယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။ ထိုဆွေးနွေးပွဲသို့  ဧရာဝတီတိုင်းဒေသကြီးမှ ကိုထွေးပို၊ ကချင်ပြည်နယ်မှ မလှအိန်၊ မန္တလေး တိုင်းဒေသကြီးမှ ကိုခိုင်မင်းထက်၊ ရှမ်းပြည်နယ်မှ မနန်းဖြူနှင်းသက်၊ ကိုးကန့် ဒေသမှ ကို သာမောင်၊ ကရင်ပြည်နယ်မှ မသိန်းသိန်းအိ၊ ပအိုဝ်း ဒေသမှ ခွန်စိုးမောင်၊ မ၀င်းမာခိုင်၊ ကိုလှိုင် မင်းစိုး၊ မွန်ပြည်နယ်မှ မိအေးမွန်၊ ကိုထိန်လင်းအောင်၊ ပလောင်ဒေသမှ မဖြူစင်ပွင့် တို့  တက်ရောက်ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ကျေးလက်နေပြည်သူတို့  အဓိက ဆက်နွယ်မှုများ၊ ငြိမ်းချမ်းရေး မရသေးသည့် အကြောင်းရင်းများ အပေါ် လူငယ်တို့ အမြင်၊ ငြိမ်းချမ်းရေး ရရှိစေရန် အကြံပြုချက်များ စသည့် မေးခွန်းများကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးဆောင် မေးမြန်းကာ ပွင့်လင်း နွေးထွေးစွာ ဆွေးနွေးခဲ့ကြပြီး ညနေ ၄း ၁၅ နာရီခန့် တွင် ဆွေးနွေးပွဲကို ရပ်နားခဲ့သည်။ (Xinhua)

Comments
Post a Comment