၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၁)
၂၀၁၅ ရွေးကောက်ပွဲမှ အရပ်သားအစိုးရသစ်သို့
အားလုံးသိကြသည့်အတိုင်း ၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲတွင် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) ပါတီ သောင်ပြိုကမ်းပြို အနိုင်ရလိုက်သည်။ ဤတွင် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများက ‘အေးအေးညောင်းညောင်း အာဏာလွှဲပြောင်းမှု ဖြစ်မှဖြစ်ပါ့မလား’ ဆိုသော စိုးရိမ်သောကဖြင့် ရင်တမမ စောင့်ကြည့်နေကြရသည်။ သို့နှင့်တိုင် သူတို့စိုးရိမ်သလို မဖြစ်ခဲ့ပါ။ နှစ်ဖက်အမြော်အမြင်ကြီးမှု (အထူးသဖြင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ယခင်အစိုးရ၏ အမြော်အမြင်) ကြောင့်
အာဏာလွှဲပြောင်းမှု ဖြစ်စဉ်မှာ အံ့သြဖွယ်ရာ ကောင်းလောက်အောင် အဆင်ပြေ ချောမွေ့ခဲ့ပါသည်။ (က) အရေးကြီးသည့် တွေ့ဆုံမှုများအမှန်စင်စစ် ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ကပါ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်ကပင် အဆင်ပြေ ချောမွေ့စွာ အာဏာလွှဲပြောင်းပေးနိုင်ရန် ကူးပြောင်းရေးအဖွဲ့ အသီးသီး ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုစဉ်က အစိုးရ ဖွဲ့စည်းပေးသောအဖွဲ့ကို သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ခေါင်းဆောင်ခဲ့ပြီး NLD အဖွဲ့ကိုမူ ဝါရင့်ပါတီဝင် ဦးဝင်းထိန်က ဦးဆောင်ခဲ့သည်။ဤကာလအတွင်းမှာပင် အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သုံးကြိမ်မျှ တွေ့ဆုံခဲ့ကြသည်။ ဒီဇင်ဘာ ၂ ရက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး အစည်းအဝေးအပြီးတွင် အပြုံးကိုယ်စီဖြင့် ဓာတ်ပုံ အရိုက်ခံခဲ့ကြသည်။ မည်သည့်အကြောင်းအရာများကို ဆွေးနွေးကြသည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြသော်လည်း နောက်ဆက်တွဲ အစည်းအဝေးများကိုမူ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နှင့် ဖေဖော်ဝါရီ ၁၇ တို့တွင် ဆက်လက်ကျင်းပနိုင်ခဲ့သည်။ဤကာလအတွင်း အံ့သြဖွယ်ရာ အကောင်းဆုံး တွေ့ဆုံမှုမှာကား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က ဆွေးနွေးပွဲပင် ဖြစ်သည်။ ယခင်တပ်မတော် အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုပင် ဖြစ်သည်။ ဤသို့တွေ့ဆုံနိုင်ရန် ဦးသန်းရွှေ၏ မြေးဖြစ်သူက စီစဉ်ပေးသည်ဟုလည်း သိရသည်။ သူတို့ ဘာတွေဆွေးနွေးကြသည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော်လည်း မြေးဖြစ်သူကမူ ယခုလို သတင်းပေးသည်။ ‘ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်’ ဟု ဦးသန်းရွှေက အတည်ပြုပေးသည်ဟု ဆိုပါသည်။ လက်ရှိတပ်မတော်အပေါ် ယခုထက်တိုင် သြဇာကြီးဆဲ ဖြစ်သည့် ယခင်ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အတည်ပြု ထောက်ခံပေးလိုက်သည့် သဘော ဖြစ်နိုင်ပါသည်။ ခ) အစိုးရသစ် ဖွဲ့စည်းခြင်း၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် လွှဲပြောင်းပေးသည့် အခမ်းအနားဖြင့် အစိုးရသစ် အာဏာရလာခဲ့ပါသည်။ (ရွေးကောက်တင်မြှောက် ခံရသော ဥပဒေပြု အမတ်များမှာမူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကပင် အမတ်နေရာများကို ရယူခဲ့ကြပြီး ဖြစ်သည်) မတ်လ ၁၀ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် သမ္မတသစ်ကို ရွေးချယ်ခဲ့ကြပါသည်။ NLD အမတ်အများစုက ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ကြသည်။ တပ်မတော် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးချယ်လိုက်သော အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေမှာ ဒုတိယသမ္မတ (၁) ဖြစ်လာသည်။ NLD ပါတီဝင် ဥပဒေပြုအမတ် ဟင်နရီဗန်ထီးယူမှာ ဒုတိယသမ္မတ (၂) ဖြစ်လာသည်။ သမ္မတ ဦးထင်ကျော်မှာ နိုင်ငံရေးအရ လူသိနည်းသူ ဖြစ်သည့်တိုင် NLD အသိုင်းအဝိုင်းတွင်မူ ကျယ်ကျယ်ပြန့်ပြန့် လေးစားခံရသူ ဖြစ်သည်။ ဟင်နရီဗန်ထီးယူမှာကား လူမျိုးစု နိုင်ငံရေးနှင့် အဆက်အစပ် ရှိလှသူ မဟုတ်ပါချေ။ ယခင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် လုပ်ခဲ့ဖူးသော ဦးမြင့်ဆွေကိုလည်း သဘောထား တင်းမာသူဟု ယူဆကြသူတွေ ရှိသလောက် ရှိသည်။မတ်လ ၁၇ ရက်တွင် အရွေးချယ်ခံ သမ္မတ (ဦးထင်ကျော်) က ဝန်ကြီးဌာန ၂၁ ခုကို အမည်စာရင်း တင်သွင်းခဲ့သည်။ မတ်လ ၂၂ ရက်တွင် အဆိုပြုဝန်ကြီး ၁၈ ဦး၏ အမည်ကို ဆက်လက်တင်သွင်းခဲ့သည်။ ယခင်အစိုးရ လက်ထက်က ဝန်ကြီးဌာန ၃၆ ခု ရှိခဲ့ရာမှ ယခု ၂၂ ခုသို့ လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။ ‘တိုင်းရင်းသားရေး ဝန်ကြီးဌာန’ နှင့် ‘နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန’ တို့ကိုမူ ထပ်မံဖွဲ့စည်းခဲ့သည်။ ဝန်ကြီးဌာနများနှင့် ဒုတိယဝန်ကြီးများ လျှော့ချလိုက်သဖြင့် ဘတ်ဂျက် ကျပ်သိန်းထောင်ချီ သက်သာသွားသည် ဆိုသော်လည်း ဝန်ကြီးဌာနအလိုက် ရှိနေသော အင်စတီကျူးရှင်းများကိုပါ ဖျက်သိမ်းလိုက်ရာ ရောက်သွားသည်။ မူလကတည်းက အင်စတီကျူးရှင်း စွမ်းဆောင်ရည် နိမ့်ပါးနေသော မြန်မာနိုင်ငံအတွက် မမျှော်လင့်သော ထိုးနှက်ချက် ဖြစ်သွားနိုင်သည်။ (နောက်ပိုင်းတွင်တော့ ဒုတိယဝန်ကြီးအချို့ ပြန်ခန့်သည်ကို တွေ့ရသည်။) ဝန်ကြီးအဖွဲ့ စာရင်းကိုမူ အဆင့်မြင့် NLD အဖွဲ့ဝင်အချို့နှင့် လွတ်လပ်သော တက္ခနိုခရက်များဖြင့် စုပေါင်းဖွဲ့စည်းထားသည်ဟု ဆိုသည်။ သို့တစေ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပေါ် သစ္စာခံမှုကိုသာ အထူးပြု ရွေးချယ်ထားသည့် သဘော ဖြစ်သည်ဟု ‘အိုင်စီဂျီ’ (International Crisis Group) အဖွဲ့ကြီးက ထောက်ပြသည်။ထို့နောက် သမ္မတကပင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု၏ ဝန်ကြီးချုပ်များကို ဆက်လက်ခန့်ထားသည်။ အဆိုပါ ဝန်ကြီးချုပ် အများစုမှာမူ NLD ပါတီ နိမ့်ပါးစဉ်က နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူတွေများရာ ပြည်ထောင်စုအစိုးရနှင့် နှိုင်းယှဉ်လိုက်လျှင် ပို၍ကျေနပ်အားရစရာ ကောင်းသည်ဟု မှတ်ချက်ပေးကြသူများ ရှိသည်။ (အထူးသဖြင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ ဤအတိုင်း မှတ်ချက်ပြုကြသည်) NLD ပါတီကိုယ်တိုင် အတိုက်အခံဘဝက အကြီးအကျယ် ဝေဖန်ခဲ့သော အခြားဒီမိုကရက်တစ် အင်အားစုများကလည်း ဘဝင်မကျခဲ့ကြသော အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို အသုံးပြုပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံး၏ ဝန်ကြီးချုပ်များကို NLD ပါတီဝင်များနှင့်သာ ခန့်ထားခဲ့ရာ NLD နှင့် လူမျိုးစု ပါတီများကြား သဘောကွဲလွဲစရာ ဖြစ်လာခဲ့ရသည်။ အထူးသဖြင့် ‘ရခိုင်အမျိုးသားပါတီ’ (ANP) နှင့် ‘ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်’ (SNLD) တို့ဖြစ်သည်။ ANP ရော SNLD ကပါ အစိုးရအဖွဲ့တွင် နေရာမယူရန် ငြင်းပယ်ခဲ့ကြသည်။ (ရခိုင်ပြည်နယ်တွင် ANP မှာ အများစုရပြီး ရှမ်းပြည်နယ်တွင် SNLD မှာ ဒုတိယအများဆုံး ဖြစ်သည်) NLD ပါတီကမူ ‘တည်ဆဲဥပဒေအတိုင်း’ ဆောင်ရွက်သည်ဟု ဆိုသော်လည်း အမှန်စင်စစ် အဆိုပါပုဒ်မ ၂၆၁ ပုဒ်မခွဲ (က) မှ (င) အထိ တွင် ‘မိမိပါတီမှ လူကိုသာ ခန့်ထားရမည်’ ဆိုသော ပြဋ္ဌာန်းချက် ပါဝင်သည်တော့ မဟုတ်ပါချေ။ ၂၀၁၆ နိဂုံး ၂၀၁၆ ခုနှစ် ဧပြီ ၁၈ ရက် (မြန်မာနှစ်ဆန်း ၂ ရက်နေ့) တွင် ပြောကြားခဲ့သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ‘နှစ်သစ်ကူးမိန့်ခွန်း’ မှာ NLD အာဏာရပြီးနောက်ပိုင်း ပထမဆုံး ပြောခဲ့သော ပေါ်လစီ မိန့်ခွန်းပင် ဖြစ်သည်။ အဆိုပါ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးလုပ်ငန်း ၅ ရပ်ကို ယခုလို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပေဒ ပြင်ဆင်ရေးနှင့် ဒီမိုကရေစီစနစ် ရှင်သန်အမြစ်တွယ်ရေးတို့ ဖြစ်သည်။ ဆိုခဲ့ပါ ဦးစားပေး လုပ်ငန်းများထဲတွင်မှ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေး’ မှာ အရေးအကြီးဆုံးဟု ဆိုပါသည်။ ၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၂ ၁။ အမျိုးသား ပြန်လည်သင့်မြတ်ရေး (က) တပ်မတော်နှင့် ဆက်ဆံရေး အမှန်စင်စစ် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ နိုင်ငံရေးအရ အပြန်အလှန် ကျေးဇူးပြုမှုများ လိုအပ်နေကြသည်သာ ဖြစ်ပါသည်။ တပ်မတော်၏ ထောက်ခံမှုသာ မရလျှင် (သို့မဟုတ်) အနိမ့်ဆုံး သဘောတူညီမှုသာ မရှိလျှင်) ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တိုင်းပြည်ကို ထိထိရောက်ရောက် အုပ်ချုပ်ဖို့ပင် လွယ်လိမ့်မည် မဟုတ်ပါ။ အပြန်အလှန် အနေနှင့် တပ်မတော်ဘက်မှလည်း ပိုမိုကောင်းမွန်သော ပြည်တွင်းပြည်ပ ဂုဏ်သိက္ခာ ရရှိစေရန် အနောက်နိုင်ငံ တပ်မတော်များနှင့် ဆက်ဆံရေး တိုးတက်စေရန် လက်ရှိတပ်မတော်ကို ‘Standard Army’ အဖြစ် အဆင့်မြှင့်ရန် စသော ၎င်း၏ ရည်မှန်းချက်များ အောင်မြင်စေရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီအမှန်ပင် လိုပါသည်။ ဤသို့သော အပြန်အလှန် လိုအပ်ချက်ကို နှစ်ဖက်လုံးမှလည်း သဘောပေါက် နားလည်ထားကြဟန် တူပါသည်။ သို့နှင့်တိုင် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်၏ ရှည်ကြာခက်ခဲသော ခရီးရှည် ခရီးကြမ်းကြီးကို ဖြတ်သန်းရင်း အပြန်အလှန် နားလည်မှု လွဲကြသည်များ ရှိသလောက်ရှိခဲ့ရာ NLD အစိုးရခေတ်၏ ကနဦး ကာလများတွင် အဖုအထစ်အချို့နှင့် ကြုံခဲ့ရပါသည်။ အထူးသဖြင့် ဧပြီ ၅ ရက်နေ့က ကျင်းပခဲ့သော ဥပဒေပြု လွှတ်တော်အစည်းအဝေးတွင် ‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်း’ ကို ဆွေးနွေးကြစဉ်က ဖြစ်သည်။ ဤဥပဒေကြမ်းအရ အုပ်ချုပ်ရေးအာဏာရော၊ ဥပဒေပြု အာဏာတွင်ပါ တရားဝင် အကြံပေးခွင့် ရှိသလို ဖြစ်နေရာ အခြေခံဥပဒေက တရိုတသေ ထိန်းထားသည့် အာဏာခွဲဝေ ကျင့်သုံးမှုကို ထိပါးရာ ရောက်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ယူဆထားကြဟန် ရှိသည်။ ‘လူများစုနှင့် ဒီမိုကရေစီ အနိုင်ကျင့်မှု’ ဆိုသော လူသိရှင်ကြား စွပ်စွဲမှုများ ရှိခဲ့သော်လည်း တင်းတင်းမာမာ ထိပ်တိုက်တွေ့ကြသည်မျိုးကား မရှိခဲ့ပါ။ ‘အခြေခံဥပဒေခုံရုံး’ ရွေးချယ်ရာတွင် တစ်ကြိမ်၊ ‘ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ’ ရွေးချယ်ရာတွင် နောက်တစ်ကြိမ် အလားတူ အငြင်းပွားစရာများ ဖြစ်ခဲ့ရသည်။ သို့တစေ ငြိမ်းချမ်းရေးဖြစ်စဉ် အရှိန်ရလာပြီး နောက်ပိုင်းတွင်မူ ဤသို့သော ထိပ်တိုက်တွေ့မှုများ မတွေ့ရ မကြုံရတော့ပါချေ။ ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပဖို့ လျာထားသည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင် လက်မှတ်ထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒရှိနေသလို တပ်မတော်ကလည်း လက်မှတ်ထိုးကြရန် စစ်ရေးဖိအားပေးမှုများ လုပ်လာသည်။ နောက်ပိုင်း မြောက်ပိုင်းမဟာမိတ်များနှင့် စစ်ရေးတင်းမာမှုများ ရှိလာရာ ဒေါ်အောင်ဆန်းစုကြည်ကိုပင် မကျေမနပ် ဝေဖန်ကြသည့် အသံတချို့ ထွက်လာသည်။ တပ်မတော်နှင့် ဆက်ဆံရေးတွင် သတိကြီးကြီး ထားနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အခက်အခဲများကို စာနာနားလည်ဖို့တော့ လိုလိမ့်မည် ထင်ပါသည်။ နှစ်ဆန်း ၁ ရက်နေ့က လူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောဆိုခဲ့သော ‘ပစ်ရင်းခတ်ရင်းနဲ့တော့ ငြိမ်းချမ်းရေး မရနိုင်’ ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားတွင် သူမ၏ အတွင်းသဘောကို ‘ဆဝါး’ နိုင်ပါလိမ့်မည်။ (ခ) လူမျိုးစု အဖွဲ့အစည်းများနှင့် ဆက်ဆံရေး တပ်မတော်နှင့် NLD ၏ ဆက်ဆံရေးမှာ အရေးကြီးသလို ၎င်းနှင့်အပြိုင် အရေးကြီးသည့် နောက်တစ်ခုမှာ NLD နှင့် လူမျိုးစုပါတီ အဖွဲ့အစည်းများ၏ ဆက်ဆံရေးပင် ဖြစ်သည်။ အားလုံးသိပြီး ဖြစ်သည့်အတိုင်း NLD မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှ ထွက်ပေါ်လာသောပါတီ ဖြစ်သည်။ တပ်မတော်နှင့် လူမျိုးစုပါတီ တော်တော်များများမှာ တိုင်းပြည်လွတ်လပ်ရေးရစဉ် ၁၉၄၈ ခုနှစ် ကတည်းက (အချို့ဆိုလျှင် လွတ်လပ်ရေးမရမီ ကတည်းက) ရှိနှင့်ခဲ့သော အဖွဲ့အစည်းများ ဖြစ်သည်။ တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြီး၏ အဓိက ဇာတ်လိုက်ကြီးများ ဖြစ်သည်။ သူတို့အချင်းချင်း ဖြစ်နေကြသော လက်နက်ကိုင် ပဋိပက္ခမှာလည်း နှစ်ပေါင်း ၇၀ နီးပြီ ဖြစ်ရာ NLD အနေနှင့် ဆိုခဲ့ပါ ပဋိပက္ခကြီးတွင် ဘယ်ဘက်မှ မရပ်မိဖို့ အထူးအရေးကြီးပါသည်။ လူမျိုးစုနှင့်နီးလျှင် တပ်နှင့် ဆက်ဆံရေး ထိခိုက်နိုင်သလို တပ်နှင့် နီးပြန်လျှင်လည်း လူမျိုးစုတို့၏ အထင်လွဲမှုနှင့် ကြုံရနိုင်သည်။ အကောင်းဆုံးမှာ ‘ကြားဝင်စေ့စပ် ဖျန်ဖြေသူအခန်း’ ဖြစ်ပါလိမ့်မည်။ လာမည့် ဖေဖော်ဝါရီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေ စုံစုံညီညီ တက်ရောက်ကြစေဦး၊ အများညီ အဖြေတစ်ခုကို အလွယ်နှင့် ရနိုင်ဦးမည် မဟုတ်ပါ။ စိတ်ရှည်လက်ရှည် သို့သော် အကြိတ်အနယ် ဆွေးနွေးညှိနှိုင်း အဖြေရှာရဦးမည့် သဘောရှိသည်။ ဤသို့သော ‘မာရသွန်’ ဆွေးနွေးပွဲမျိုးတွင် ‘Moderator’ ကောင်း တစ်ယောက်ရှိဖို့ အမှန်ပင် လိုပါသည်။ အဆိုပါ ‘Moderator’ ကောင်းသည် ဘယ်ဘက်မှ မလိုက်သော ကြားလူဖြစ်ရမည်။ ‘ရေတိုရည်မှန်းချက်’ (Mission) နှင့် ‘ရေရှည်ရည်မှန်းချက်’ (Vision) ကို ခွဲခြားနိုင်ရမည်။ လက်တွေ့ကျသော ‘ကြားအဖြေ’ ကို ဖော်ထုတ်ပေးနိုင်ရမည်။ မြန်မာ့နိုင်ငံရေးတွင် ‘ထီးလိုမင်းလို’ ဖြစ်နေသော NLD သည်သာModerator အခန်းနှင့် အသင့်တော်ဆုံးဟု သဘောရပါသည်။ ပြီးခဲ့သော ရွေးကောက်ပွဲအတွင်းက NLD မှာ မိမိကိုယ်ကိုယ် ‘ပြည်ထောင်စုပါတီ’ ဟု ကြွေးကြော်ခဲ့ဖူးသည်။ ‘ပြည်ထောင်စုပါတီ’ ဟု ဆိုရာတွင် အဓိပ္ပာယ်နှစ်မျိုး ရသလား စဉ်းစားမိသည်။ တစ်ပြည်လုံး အတိုင်းအတာ (တစ်နည်း ပြည်ထောင်စု တစ်ဝန်းလုံး) ပါဝင်ယှဉ်ပြိုင်သည့် ပါတီဟု နားလည်နိုင်သလို ပြည်ထောင်စု တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် ပါတီဟုလည်း ယူဆနိုင်စရာ ရှိသည်။ ပထမ အဓိပ္ပာယ်အရ ပြောစရာ မရှိသော်လည်း ဒုတိယအဓိပ္ပာယ်အရ ဆိုလျှင်မူ ပြောစရာ ရှိသလောက် ရှိသည်။ သက်ဆိုင်ရာပြည်နယ်တွင် (ဥပမာ- မွန်ပြည်နယ်) သက်ဆိုင်ရာ လူမျိုးစု (ဥပမာ- မွန်အမျိုးသား) NLD ပါတီဝင်ကို ကိုယ်စားလှယ်ရွေးသည်။ သို့အတွက် ‘ပြည်ထောင်စုပါတီပါ’ ဟု ဆိုသည်။ အမှန်စင်စစ် ဤအပြုအမူမျိုးကို ဦးနေဝင်း၏ ‘မဆလ’ လည်း လုပ်ခဲ့ဖူးသည်။ ‘ဗကပ’ လည်း လုပ်ဖူးသည်။ ရွေးကောက်ပွဲကာလ အတွင်းမှာပင် ပါတီဥက္ကဋ္ဌ ကိုယ်တိုင်က ‘USDP လည်း လူမျိုးစုဒေသတွေမှာ ဝင်ပြိုင်တာပဲ။ ဒါကြောင့် NLD လည်း ဝင်ပြိုင်မယ်’ ဟု ပြောခဲ့ဖူးသည်။ တကယ်တော့ NLD မှာ USDP လုပ်တိုင်း လိုက်လုပ်ရမည် မဟုတ်။ ဗိုလ်ချုပ် ဦးဆောင်ခဲ့သော ဖဆပလ လမ်းကြောင်းအတိုင်း လိုက်သင့်သည်သာ ဖြစ်သည်။ (ဤအကြောင်းကိုတော့ ရှေ့လာမည့် ခေါင်းစဉ်ငယ်တွင် ဆွေးနွေးသွားပါမည်။ (ဂ) ဒီမိုကရက်တစ် အင်အားစုများနှင့် ဆက်ဆံရေး မြန်မာနိုင်ငံ၏ ခေတ်သစ် နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်လျှင် အမျိုးသား သွေးစည်းခိုင်မာရေး အားအကောင်းဆုံး ကာလမှာ ဖက်ဆစ်တော်လှန်ရေး အကြိုကာလပင် ဖြစ်သည်။ ‘ဘာကြောင့် အားအကောင်းဆုံး ဖြစ်ရသလဲ’ ဆက်လက်ဆန်းစစ်ကြည့်ရာ နိုင်ငံရေးအင်အားစု အားလုံးကို တပ်ပေါင်းစု အလံတစ်ခုအောက်တွင် ဆွဲစုထားနိုင်သောကြောင့် ဖြစ်သည်ကို တွေ့ရသည်။ ဤညီညွတ်မှု အင်အားဖြင့်ပင် ဖက်ဆစ်ဂျပန်ကို အနိုင်တိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ NLD ပါတီကို စတင်ထူထောင်သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သော ဦးထွေးမြင့် မကွယ်လွန်မီက 7 Day ဂျာနယ်နှင့် လုပ်ခဲ့သော အင်တာဗျူးတွင် ဤသဘောမျိုးကိုပင် ပြောသွား သည်။ “ကျွန်တော်တို့တစ်တွေ NLD ကို စ Found လုပ်တုန်းက ရည်ရွယ်ခဲ့တာ ‘ပါတီ’ မဟုတ်ဘူးဗျ။ ‘တပ်ပေါင်းစု’ လုပ်ဖို့” ဟူ၏။ သူပြောသည်မှာ သမိုင်းတွင် ရှိခဲ့ဖူးသော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ‘ဖဆပလအဖွဲ့ချုပ်’ သဘောမျိုးဟု နားလည်ရပါသည်။ ၁၉၄၇ ဧပြီလက ကျင်းပခဲ့သော တိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ထိုစဉ်က ရှိခဲ့သော လူမျိုးစုပါတီ အဖွဲ့အစည်းများမှာ ဖဆပလ အလံတော်အောက်မှပင် ညီညီညွတ်ညွတ် ယှဉ်ပြိုင်ခဲ့ကြရာ ဖဆပလပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ အကယ်၍ ဦးထွေးမြင့် ပြောသလို NLD သာ တပ်ပေါင်းစု ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲများတွင် လူမျိုးစုပါတီတွေနှင့် ထိပ်တိုက်တိုးစရာ မရှိ။ လူမျိုးစုပါတီများ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင် ပါဝင်နေသော NLD ကို ပြည်ထောင်စုပါတီကြီး အဖြစ် အသည်းလှိုက်အူလှိုက် ခံယူကြမည်သာ ဖြစ်သည်။ ပြောရလျှင် လူမျိုးစုပါတီရယ်မှ မဟုတ်၊ အခြားဒီမိုကရက်တစ် ပါတီများကိုလည်း တပ်ပေါင်းစု နိုင်ငံရေးလမ်းကောင်းဖြင့် စုစည်းဆွဲခေါ်သင့်သည်။ သို့မှသာ ရွေးကောက်ပွဲတိုင်း အနိုင်သေချာစေမည့် လူထုကိုယ်စားပြု အင်အားစုကြီး ဖြစ်လာပါလိမ့် မည်။ တစ်ခုတော့ ရှိသည်။ အောင်မြင်သော တပ်ပေါင်းစုတစ်ခု တည်ဆောက်နိုင်ရေးအတွက် အနိမ့်ဆုံး စောင့်ထိန်းလိုက်နာရမည့် မူအချို့ကိုတော့ လေးနက်ဖို့ လိုပါလိမ့်မည်။ သိပ်များများစားစားတော့လည်း မဟုတ်ပါ။ သုံးချက်မျှသာ ဖြစ်ပါသည်။ ၁။ ပါတီကြီးဉာဉ်နှင့် လူမျိုးကြီးဝါဒကို အထူးဆင်ခြင်၊ ၂။ ပါတီအကြီးအငယ်မခွဲ အားလုံး တန်းတူရည်တူ ဖြစ်ရမည်။ (ဤနေရာတွင် အကြွင်းမဲ့ တန်းတူရေးကို မဆိုလို၊ နိုင်ငံရေးအရ တန်းတူရေးသာ ဖြစ်သည်။)၊ ၃။ တစ်သွေးတစ်သံတစ်မိန့် မလုပ်ရ၊ ဒီမိုကရေစီနည်းကျ စုပေါင်းခေါင်းဆောင်မှုကို ထူထောင်။ တစ်လုံးတည်း ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကြီးမှုကို နမူနာယူကြဖို့ပင် ဖြစ်ပါသည်။ ၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၃) ၂။ ဖြစ်စဉ်များနှင့်ဖြစ်ရပ်များ (က) ငြိမ်းချမ်းရေးဖြစ်စဉ် သမ္မတဦးသိန်းစိန် ဦးဆောင်ခဲ့သော ယခင် အရပ်သား တစ်ပိုင်း အစိုးရမှာ လူထုထောက်ခံမှု အပြည့်အဝ မရခဲ့သော်လည်း ကူးပြောင်းရေးကာလ၏ ဖြစ်စဉ်ဖြစ်ရပ်များကိုမူ အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းခဲ့ဟန် ရှိပါသည်။ အထိုက်အသင့် အောင်မြင်သည်ဟုလည်း ဆိုနိုင်ပါလိမ့်မည်။ အထူးသဖြင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် “တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” (NCA) ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးသေးသော အောင်မြင်မှု ဖြစ်ပါသည်။ မူလက အဆိုပါ NCA စာချုပ်ကို အားလုံး (နီးပါး) လက်မှတ်ထိုးကြဖို့ ရှိသော်လည်း တကယ့် လက်တွေ့တွင် လူမျိုးစု လက်နက်ကိုင် ရှစ်ဖွဲ့သာ လက်မှတ် ထိုးခဲ့ကြသည်။ (အတည်ပြုဖို့ ခက်ခဲသော သတင်း တစ်ပုဒ်အရ ပါတီကြီး တစ်ခုက ရွေးကောက်ပွဲပြီးမှ လက်မှတ်ထိုးရေးကို စဉ်းစားရန် အကြံပြုခဲ့၍ ဤသို့ ဖြစ်သွားခဲ့ရသည်ဟု ဆိုပါသည်။အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဧပြီ ၂၇ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “၂၁ ရာစု ပင်လုံကွန်ဖရင့်”အမည်ဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက် ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ အမှန်စင်စစ် ၂၁ ရာစု ပင်လုံညီလာခံနှင့် NCA စာချုပ်အရ ကျင်းပသော နိုင်ငံရေး ဆွေးနွေးပွဲများမှာ တူသလိုလိုနှင့် မတူပါချေ။ NCA စာချုပ်အရ ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် “နိုင်ငံရေး လမ်းပြမြေပုံ တစ်ရပ်”သဘောတူ ချမှတ်ပြီးဖြစ်သည်။ အားလုံး သဘောတူပြီးဖြစ်၍ ပြင်ခွင့်လည်း မရှိတော့ပါချေ။ အဆိုပါ လမ်းပြမြေပုံတွင် အဆင့် ခုနစ်ဆင့် ပါသည်။ NCA စာချုပ် လက်မှတ်ထိုးပြီးသည့် (အဆင့်-က) မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပသည့် (အဆင့်-ဃ) ထိ အဆင့် လေးဆင့် ရှိသည်။ အဆင့် (ဃ) မှာ တစ်ကြိမ်နှင့်ပြီးမည် မဟုတ်။ အကြိမ်ကြိမ် ကျင်းပဖို့ လိုလိမ့်မည်။ “နိုင်ငံရေး ဆွေးနွေးမှု မူဘောင်”အရ လေးလ တစ်ကြိမ် ကျင်းပဖို့ သတ်မှတ်ထားသည်။ ဦးသိန်းစိန်လက်ထက်တွင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ခဲ့သည်။ လက်မှတ် မထိုးသူများကို လေ့လာသူအဖြစ် တက်ခွင့်ပေးသော်လည်း မည်သည့်အဖွဲ့မှ မတက်ခဲ့ပါချေ။ ဤသို့ အကြိမ်ကြိမ် ဆွေးနွေးပြီး ဘုံသဘောတူညီချက်ရမှ “ပြည်ထောင်စုသဘောတူစာချုပ်”ချုပ်ဆိုသည့်အဆင့် ရောက်မည်။ (အဆင့်-င) ထို့နောက် အဆိုပါ သဘောတူ စာချုပ်ကို လွှတ်တော်တင်ပြီး အတည်ပြုချက် ရယူရမည်။ (အဆင့်-စ) နောက်ဆုံး သဘော တူညီချက်အတိုင်း လက်တွေ့ အကောင်အထည် ဖော်ရမည်။ (အဆင့်-ဆ) အချုပ်ဆိုရလျှင် ၂၀၀၈ အခြေခံဥပဒေကို “ပေးထားချက်”အဖြစ် သဘောယူပြီး ညှိနှိုင်းပြင်ဆင်ကြဖို့ ဖြစ်ဟန်ရှိပါသည်။ဒေါ်အောင်ဆန်းစုကြည် ပြောသော ၂၁ ရာစုပင်လုံနှင့် ပတ်သက်လျှင်မူ တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများက ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” လက်တွေ့ အကောင်အထည်ဖော်ရေးဟု နားလည်ထားကြဟန် တူသည်။ သူတို့၏ အမြင်အရ “၄၇ ပင်လုံ”တွင် ယခုထက်တိုင် ပြီးပြည့်စုံမှု မရှိသေးသော “လစ်ဟာချက်”နှစ်ရပ် ရှိနေသည်။ ပထမအချက်မှာ ပင်လုံညီလာခံသို့ “တောင်တန်းဒေသ” (ထိုစဉ်ကအခေါ် နယ်ခြားဒေသ) သားများသာ တက်ခွင့်ရခြင်း ဖြစ်သည်။ တောင်တန်းဒေသထဲတွင် မပါသော မွန်နှင့်ရခိုင်တို့ တက်ခွင့်မရ။ လက်တွေ့ ညီလာခံ ကျင်းပရာတွင် ကရင်နှင့် ကရင်နီ (ကယား) မှာလည်း လေ့လာသူအဖြစ်သာ တက်ခဲ့ကြသည်။ သို့အတွက် ပင်လုံစာချုပ် လက်မှတ် ရေးထိုးရာတွင် ရှမ်း၊ ကချင်၊ ချင်းနှင့် ဗမာသာ ပါခဲ့သည်။ ယခုခေတ်စကားနှင့်ဆိုလျှင် “All Inclusive” မဖြစ်ဟု ဆိုရပါလိမ့်မည်။ သို့နှင့်အမျှ NCA တွင် လက်မှတ် မထိုးသော လူမျိုးစုလက်နက်ကိုင် အဖွဲ့များက “လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကိုယ်စားလှယ် အပြည့်အဖြစ် ၂၁ ရာစု ပင်လုံညီလာခံ တက်ခွင့်ပေးဖို့ တောင်းဆိုလာကြသည်။ အစိုးရကလည်း လက်ခံခဲ့ပါသည်။ ဒုတိယ အချက်မှာ တောင်တန်းဒေသသားများ အနေနှင့် ဗမာနှင့်အတူ လွတ်လပ်ရေး ယူမည်ဟု ဆုံးဖြတ်ခဲ့ကြသော်လည်း မည်သို့သောပုံစံဖြင့် စုဖွဲ့ကြမည်ကို ယခုထက်တိုင် မသတ်မှတ်နိုင်သေးခြင်းပင် ဖြစ်သည်။ သို့အတွက် ယခု ကျင်းပမည့် ၂၁ ရာစုပင်လုံတွင် မိမိတို့ လိုလားသော ဖွဲ့စည်းပုံကို တင်ပြခွင့် ရှိရမည်ဟု နားလည်ထားသည်။ ဤရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားများ လိုလားသော ဖွဲ့စည်းပုံကို ညှိနှိုင်းနိုင်ရန် KIO ထိန်းချုပ် နယ်မြေ “မိုင်ဂျာယန်”တွင် စုစည်းခဲ့ကြသည်။ NCA စာချုပ် လက်မှတ်ထိုးသူရော မထိုးသူပါမက တရားဝင် မှတ်ပုံတင်ထားသော လူမျိုးစုပါတီများပါ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။ အဆိုပါ မိုင်ဂျာယန် ညီလာခံကပင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က “ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ”မှ အတည်ပြုပေးခဲ့သော “ဖက်ဒရယ်ပြည်ထောင်စု၊ သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ”(ဒုတိယမူကြမ်း) ကို အနည်းငယ် ပြင်ဆင်ပြီး ၂၁ ရာစုပင်လုံသို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ သည်လိုနှင့် သြဂုတ်လကုန်ပိုင်းတွင် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ” (၂၁ ရာစုပင်လုံ) အမည်ဖြင့် နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ပါ သည်။ NCA လက်မှတ်ထိုးသူများရော မထိုးသူများပါ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။ သို့တစေ TNLA, MNDAA နှင့် AA တို့ကား မတက်ရောက်နိုင်ခဲ့ပါ။ “ဝ” အဖွဲ့ကမူ တက်ရောက်ပြီးမှ အဆင်မပြေ၍ လှည့်ပြန်သွားခဲ့သည်။ ညီလာခံတွင် စုစုပေါင်း စာတမ်း ၇၆ စောင် တင်သွင်းခဲ့ကြသော်လည်း အများညီ အဖြေရဖို့မူ ခက်ခဲနေဆဲပင် ဖြစ်သည်။ မည်သို့ပင်ရှိစေ ၂၁ ရာစု ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဟူ၍ကား ကြေညာနိုင်ခဲ့ပါသည်။ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပဖို့ လျာထားသည်။ ဤအကြိမ်တွင်မူ လူမျိုးစု လက်နက်ကိုင် အားလုံး NCA စာချုပ်တွင် လက်မှတ် ထိုးစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ သဘောထားကို ထုတ်ဖော် ပြောကြားထားသည်။ တပ်မတော်ဘက်ကလည်း လက်မှတ် ထိုးလာစေရန် စစ်ရေးအရ ဖိအားပေးမှုများ လုပ်လာသည်။ ဤတွင် KIA, TNLA နှင့် MNDAA တို့ ပူးပေါင်းပြီး တုံ့ပြန် တိုက်ခိုက်လာသည်။ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရှမ်းပြည်နယ် လွှတ်တော်မှ အဆိုပါအဖွဲ့ သုံးဖွဲ့ကို “အကြမ်းဖက် အဖွဲ့အစည်းများ”အဖြစ် ကြေညာခဲ့သည်။ ရန်ကုန်မြို့တွင်ကား “တရားသောစစ် ထောက်ခံပွဲ”ဆိုသော ဆန္ဒပြပွဲကြီး ထွက်ပေါ်လာသည်။ သည်လိုနှင့် ငြိမ်းချမ်းရေးကား လိုက်လေဝေးလေ ဖြစ်နေရတော့သည်။ (ခ) ရခိုင်ပြည်နယ်အရေး တည်ငြိမ်မှုနှင့် အလှမ်းဝေးနေဆဲ ရခိုင်ပြည်နယ်တွင် အောက်တိုဘာ လလယ်လောက်က နောက်ထပ် ပြဿနာသစ် တစ်ရပ် ပေါ်ထွက်လာသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောဒေသရှိ ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် ရဲစခန်း သုံးခုကို အာကာလ်မူလ်မူဂျာဟီဒင် အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၁၉ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသည့် မူဂျာဟီဒင်အဖွဲ့က အရှေ့အလယ်ပိုင်း ဒေသမှ အစွန်းရောက် ပုဂ္ဂိုလ်များ၏ ငွေကြေးထောက်ပံ့မှုဖြင့် မောင်တောဒေသကို သိမ်းပိုက်ရန် စိစစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရက်ပိုင်း အတွင်းမှာပင် မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကြေညာ၍ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့သည်။ ဤသို့ နယ်မြေရှင်းလင်းရေးလုပ်စဉ် အမျိုးသမီးအချို့ အဓမ္မ ပြုကျင့်ခံရသည်၊ သတ်ဖြတ်ခံရသည်ဆိုသော နိုင်ငံတကာ မီဒီယာအချို့၏ စွပ်စွဲချက်များ ထွက်ပေါ်လာသည်။ “မျိုးတုံးသတ်ဖြတ်မှုများ”ပင် ရှိသည်ဆိုသော အလွန်အကျွံ စွပ်စွဲမှုများပင် ထွက်လာသည်။ ဤကိစ္စကို အကြောင်းခံပြီး မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ်ကိုယ်တိုင် ခေါင်းဆောင်ပြီး မြန်မာ အစိုးရကို ဆန္ဒပြလာသည်။ ၂၀၁၆ နှစ်ကုန်ခါနီးတွင်လည်း မြန်မာရဲများက ဘင်္ဂါလီရွာသားများကို ရိုက်နှက် ကန်ကျောက်နေသော ဗီဒီယိုဖိုင် ထွက်လာသည်။ အဆိုပါကိစ္စ အမှန်ဖြစ်ပါက လိုအပ်သလို အရေးယူမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။ ဤနေရာတွင် စကား အလျဉ်းသင့်လာ၍ ဝါရင့်သံတမန် “ဟင်နရီ ကစ်ဆင်းဂျား”၏ စကားတစ်ခွန်းကို အကိုးအကား ပြုလိုသည်။ သူ့စကား..။ “ယေဘုယျအားဖြင့် နိုင်ငံတကာ ပြဿနာများတွင် နှစ်မျိုး နှစ်စားရှိသည်။ ပထမ တစ်မျိုးမှာ အချိန်တိုအတွင်း ဖြေရှင်းနိုင်သော ပြဿနာများဖြစ်သည်။ ဒုတိယ တစ်မျိုးကား ဤမျှမလွယ်။ အချိန်များစွာယူ၍ စိတ်ရှည် လက်ရှည် စနစ်တကျ ဖြေရှင်းရသော ပြဿနာများ ဖြစ်သည်”ဟူ၏။ ကံမကောင်း အကြောင်း မလှစွာပင် ယနေ့ မြန်မာအစိုးရ ရင်ဆိုင်နေရသော ပြဿနာ တော်တော်များများမှာ ကစ်ဆင်းဂျား ပြောသော ဒုတိယ ပြဿနာမျိုးတွေ ဖြစ်နေခြင်းပင်။ ဥပမာ-ငြိမ်းချမ်းရေးကိစ္စ ... ၊ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ ကြာမြင့်ခဲ့ပြီ။ နှစ်ပေါင်း ၆၉ ကျော်ခဲ့ပြီ။ ယခု ရခိုင်ပြည်နယ် အရေး ... အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး (၁၈၂၆) မှ စတင် ရေတွက်လျှင် နှစ်ပေါင်း ၁၀၀ ကျော် ၂၀၀ နီးပါးရှိပြီ။ ဤမျှ သက်တမ်း ရှည်ကြာလှသော အာဃာတ အမုန်း မီးပွားများကို ဘယ်လိုလုပ် အပြီးအပြတ် ဖြေရှင်းနိုင်ပါမည်နည်း။ ပြည်တွင်းလူထု အနေနှင့် နားလည်မှု ကြီးကြီးပေးဖို့ လိုသလို နိုင်ငံတကာဘက်ကလည်း အချိန်ပေးဖို့ လိုပါလိမ့်မည်။

Comments
Post a Comment