Skip to main content

၂၀၁၇ နှစ်ဆန်းအတွက်စိန်ခေါ်ချက်များ

၂၀၁၆ မှာ ပြီးခဲ့သည့် ရက်ပိုင်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ထိုနှစ်ကိုတော့ဖြင့်မူ နိုင်ငံသား အားလုံးက လွမ်းတသသ ဖြစ်နေကြသည်။ အကြောင်းမှာ ၂၀၁၆ တွင် လွမ်းလောက်စရာ အဖြစ်များက ရောပြွမ်းနေခဲ့သည်။ ကမ္ဘာ့တစ်ဝန်း ပြောင်းလဲမှုနှင့်အညီ နိုင်ငံအတွင်း၌လည်း အပြောင်းအလဲ များစွာ ရှိခဲ့သည်။ အဖြစ်သနစ်ပေါင်း များစွာ ကြုံခဲ့ရသည်။ သည့်အတွက် လူအများက ထို ၂၀၁၆ ကို
လွယ်လွယ်ဖြင့် မေ့နိုင်ကြမည်မထင်။ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များမှ ကမ္ဘာ့နိုင်ငံများ၏ ဖြစ်စဉ်အချို့ကို ပြန်လေ့လာကြည့်လျှင် ပထမဦးဆုံး အမေရိကန်နိုင်ငံတွင် အမျိုးသားရေးဝါဒီများ ကြီးစိုးသည့် ရီကတ်ဘလစ်ကန်ပါတီက အားကောင်းပြီး သမ္မတ ယှဉ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။ တစ်ဖန် ဗြိတိန်နိုင်ငံတွင်လည်း အလားတူစွာပင် နိုင်ငံ့လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားအတွက် EU မှ ခွဲထွက်ကြမည့် အရေးတွင် အနိုင်ရရှိသွားခဲ့ကြပြန်သည်။ တစ်ဖန် ဥရောပ အင်အားကြီး နိုင်ငံများ ဖြစ်သည့် ဂျာမနီ၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံများတွင်လည်း အမျိုးသားရေး အားပြိုင်မှုများ ဖြစ်ပေါ်ခဲ့ပြီး အရှေ့ အလယ်ပိုင်းဒေသမှ ဒုက္ခသည်များ အရေးအတွက် အတော် ခေါင်းခဲစရာများဖြင့် ကြုံတွေ့ခဲ့ကြရသည်။ အရှေ့ အလယ်ပိုင်းဒေသ ဆီးရီးယားနှင့် အီရတ်များမှ စစ်သွေးကြွများ နှိမ်နင်းရေးတွင် ပါဝင်လာသည့် ရုရှားအနေနှင့်လည်း ၂၀၁၆ ကုန်ခါနီး ရက်ပိုင်းအလိုတွင် တူရကီသံ အမတ် အသတ်ခံခဲ့ရခြင်းနှင့်အတူ ပြောင်းလဲမှုကို ဖိတ်ခေါ်ခြင်း ခံခဲ့ရလေသည်။ အာရှဒေသဖက်ကို ခြေဦးလှည့်ပြီး ကြည့်ကြလျှင်မူ ဖိလစ်ပိုင်သမ္မတ အသစ် တက်လာခြင်းနှင့်အတူ မူးယစ်ဆေးဝါး အန္တရာယ် နှိမ်နင်းမှုများအကြား ကမ္ဘာ့နိုင်ငံများ၏ ဝေဖန်မှုကို ကြုံတွေ့ခဲ့ရ့ပြီး တောင်ကိုရီးယားတွင်မူ သမ္မတ နုတ်ထွက်ရမည့်အရေးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုကိစ္စများမှာ ယနေ့ထက်တိုင် ပြီးပြတ်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၇ သို့ပင် ကူးပြောင်းကာ ထိုအရေးများကို စိန်ခေါ်မှုများအဖြစ် စာရင်းသွင်းကာ ဆက်လက် ဖြေရှင်းရင်ဆိုင် ကျော်လွှားကြရဦးမည်ဖြစ်သည်။ ကျွန်ုပ်တို့ နိုင်ငံအတွက်မူ ၂၀၁၆ ကိုပြောလျှင်၂၀၁၅ နှောင်းပိုင်း ကာလကို ချန်ထား၍ မရသကဲ့သို့ သူကစပြီး အစချီပြောမှ ရမည်။ အမှန်ဆိုလျှင်လည်း ၂၀၁၅ ခုနှစ် နှောင်းပိုင်း ကာလကပင် စိန်ခေါ်မှု အများအပြားဖြင့် ကြုံတွေ့ခဲ့ရပြီး ယှဉ်ပြိုင်မှုများ အားကောင်းခဲ့သည်။ ကမ္ဘာ့ပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ ၂၀၁၅ ခုနှစ် နှောင်းပိုင်းကာလတွင် ပြောင်းလဲမှုကို လိုချင်နေကြသည့် ပြည်သူများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ခြိမ့်ခြိမ့်သဲ မဲပေးခဲ့ကြသည်။ ထိုမဲပေးပွဲသည် သမိုင်းတွင် စံချိန်တင် အများဆုံးဖြစ်ခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ၏ ၈၀ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ကြသည်ဟုဆိုခဲ့ကြသည်။ ရွေးကောက်ပွဲ အနိုင်ရခဲ့ခြင်းနှင့်အတူ ပြောင်းလဲမှု များစွာဖြင့်လည်း ကြုံတွေ့ခဲ့ရသည်။ တစ်ချိန်က တိုက်ပုံ အဖြူများ လွှမ်းမိုးသည့် လွှတ်တော်များအတွင်း ပင်နီရောင်များ လွှမ်းမိုးခဲ့သည်။ အမျိုးသမီး အမတ်ဦးရေ ရာခိုင်နှုန်း ယခင်ထက် ပိုမိုမြင့်မားခဲ့သည်။ နှစ်ပေါင်း အတော်ကြာ စစ်အုပ်ချုပ်ရေးစနစ် ကျရောက်ခဲ့ရပြီး ပါတီစုံ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးစကာလအထိ အမြစ်တွယ်နေသည့် စစ်ခေါင်းဆောင်များ အုပ်ချုပ်ရေးဘက်တွင် ဝင်ရောက် နေရာယူထားရာမှ အရပ်သားစစ်စစ် အစိုးရတစ်ရပ်ကို ၂၀၁၆ မတ်လကုန်ပိုင်းတွင် အစားထိုး လဲလှယ်နိုင်ခဲ့ကြသည်။ ထိုကိစ္စသည်ပင် ၂၀၁၆ အတွက် ကြီးမားသော ပြောင်းလဲမှုဟုဆို နိုင်သည်။ ပြည်သူအများ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်။ အစိုးရသစ်ကို အားကိုးတကြီး မျှော်ကိုးခဲ့ကြသည်။ အဖအမိပျောက်သည့် သားသမီးပမာ အားကိုးရာ ရှာခဲ့ကြသည်။ အစိုးရသစ် အနေနှင့်လည်း ၎င်းတာဝန်ယူပြီး တက်တက်လာချင်း ကနဦး လှုပ်ရှားပုံဖော်မှု အနေနှင့် ဆောင်ရွက်လာသည်မှာ ရက် ၁၀ဝ စီမံချက်များပင် ဖြစ်သည်။ ထိုရက် ၁၀ဝ စီမံချက်များ ဖော်ဆောင်မှုတွင် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် သံတမန်ရေး ကိစ္စများ အထိုက်အလျောက် အောင်မြင်မှု ရှိခဲ့သော်လည်း အခြားသော နိုင်ငံ့စီးပွားရေး တိုးတက်မှု အလားအလာမှာမူ နှေးကွေးခဲ့ရသည်။ ကနဦးအစ လှုပ်ရှား ဆောင်ရွက်မှုများမှာ လူသာ ပြောင်းပြီးစနစ် မပြောင်းသဖြင့် မအောင်မြင်ခဲ့ကြဟု အချို့က ဆိုခဲ့ကြသည်။ အချို့ကမူ စနစ်က အသစ်ဖြစ်သော်လည်း အကောင်အထည် ဖော်သည့်လူများက အဟောင်းဖြစ်၍ မပြောင်းလဲဟု ဆိုကြပြန်သည်။ မည်သို့ပင် ဆိုစေကာမူ ၂၁ ရာစု ပင်လုံဟုခေါ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ကိုဖြင့်မူ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် လက်မှတ် မထိုးထားသေးသည့် အဖွဲ့များပါ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ ငြိမ်းချမ်းရေးအတွက် သဘောထား အမြင်များကို ပြောကြားခွင့်၊ မြင်တွေ့ခွင့်ရခဲ့ကြသည်။ ထိုသို့ ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးအတွက် လမ်းမှာ ယခုမှပင် အစရှိနေသေးရာ ၂၀၁၇ တွင်လည်း ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ကြရမည့် စိန်ခေါ်မှုအဖြစ် ကျန်ရှိနေဦးမည်ဖြစ်သည်။ စိန်ခေါ်မှုဟု ဆိုခြင်းမှာလည်း အဆိုပါကိစ္စများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ကျော်ဖြတ်ရင်ဆိုင် ဖြေရှင်းရဦးမည့် အခြေအနေများကြောင့်ပင် ဤနေရာတွင် ဤအသုံးအနှုန်းကိုပင် စွဲယူ သုံးစွဲခဲ့ရခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အနေနှင့် ခြုံငုံသုံးသပ်ရလျှင် မူးယစ်ဆေးဝါးများ ပေါများခဲ့ပြီး စံချိန်တင် ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။ ထိုအရေးကိုမူ အမျိုးသားရေး ရန်သူအဖြစ် ရှုမြင်ပြီး ၂၀၁၇ တွင် ဆက်လက် ဖြေရှင်းရန် ရှိနေဦးမည်ဖြစ်သည်။ ၂၀၁၆ တွင် ဥပဒေမဲ့ လက်လွတ်စပယ် အနုကြမ်းစီး လုယက် သောင်းကျန်းမှုများ၊ လူသတ်မှုများ၊ သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှု ရာခိုင်နှုန်း မြင့်တက်ခဲ့မှု အနေအထားများသည် ယခုထက်တိုင် ရပ်စဲတုံ့နှေးခြင်း မရှိသေးသဖြင့်လည်း၂၀၁၇ စိန်ခေါ်မှုများစာရင်း ဆက်လက် ဝင်နေဦးမည်သာ ဖြစ်သည်။ ယခုလောလောဆယ် ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးများ မြင့်မားလာခဲ့သည်နှင့်အမျှ ငွေကြေးလဲလှယ်မှုနှုန်းများ မြင့်တက်လာပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်ခဲ့သည့်ဒဏ်မှ လွတ်မြောက်နိုင်ရန် အတွက်လည်း အစိုးရ တာဝန်ရှိသူများ ဆက်လက်ညှိနှိုင်း အဖြေရှာကြရဦးမည်ဖြစ်သည်။ မြွေပူရာ ကင်းမှောင့် ဆိုသလို ငွေကြေး ဖောင်းပွမှုနှင့်အတူ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် လမ်းခရီးစရိတ်များ ကြီးမြင့်မှုကြားတွင် ခရီးသွားလာရင်း ဖြစ်ပွားခဲ့ကြသည့် ချင်းတွင်းမြစ်ကြောင်းမှ အမြန်ယာဉ် တိမ်းမှောက်မှုကြောင့် လူပေါင်း ၇၀ ကျော် အသက် ဆုံးရှုံးခဲ့ရမှုသည်လည်း ၂၀၁၆ ခုနှစ်အတွက် ဝမ်းနည်း ကြေကွဲဖွယ်ရာအဖြစ် ကျန်ရစ်သူ မိသားစုများ၏ စိတ်နှလုံးတွင် စွဲထင်ကျန်နေရစ်ခဲ့ပြန်သည်။ ၂၀၁၆ တွင် နိုင်ငံ၏ အရှေ့ဖက်နှင့် အရှေ့မြောက်ဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ပွဲများ ပိုမို ပြင်းထန်လာခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့သည်။ အနောက်ဘက် နယ်စပ်ဒေသတွင် ဘင်္ဂါလီများ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ သည့်အတွက် ဒေသခံပြည်သူ အများအပြား စစ်ဘေးစစ်ဒဏ် သင့်ခဲ့ရပြီး ဒုက္ခသည်များအဖြစ် စစ်ဘေးလွတ်ရာသို့ ပုန်းရှောင်ကြရင်း စီးပွားပျက်ခဲ့ရသည်။ ကလေးသူငယ် ကျောင်းနေအရွယ်များ ပညာရေး နှောင့်နှေးခဲ့ကြရသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး အဆိုပါ နယ်မြေများအတွင်း ကုန်ပစ္စည်း စီးဆင်းမှု လျော့ကျကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရသည်။ ပြည်တွင်း၌ ဆန်တစ်အိတ် ၂ သောင်းခန့် ဈေးပေါက်နေချိန်တွင် ထိုနေရာနယ်စပ်ဒေသများတွင် ဆန်တစ်အိတ်ကို ၂ ဆ (ငါးသောင်း)ပေး ဝယ်စားနေကြရသည်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များအရ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတအသစ်ထရမ့် အနိုင် ရရှိခဲ့ခြင်းနှင့်အတူ ယှဉ်တွဲပါလာသည့် ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်းဒဏ်ကို နိုင်ငံအတွင်းရှိ အခြေခံ လူတန်းစားများ ကောင်းစွာ ခံစားခဲ့ကြရသည်။ တောင်သူ လယ်သမားများအတွက် စပါးဈေးနှုန်းများ ကျဆင်းခဲ့ပြီး သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး၊ အားဆေးများ ဈေးကြီးပေးခဲ့ရသဖြင့် အကျိုးအမြတ် နည်းပါးခဲ့ရသည်။ လုပ်ခ၊ လစာ နည်းပါးကြသည့် အလုပ်သမားများ၊ နိုင်ငံ့လခစား ဝန်ထမ်းများ ကုန်ဈေးနှုန်း မြင့်တက်လာမှု ဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည်။ ထိုသို့သော အထက်ဖော်ပြပါ နယ်စပ်ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင်များဖြင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီသို့ တက်လှမ်းနိုင်ရေး၊ နယ်မြေများ အေးချမ်းသာယာရေးတို့ အတွက်ကိုလည်း၂၀၁၇ ခုနှစ်တွင် အဓိက ကိစ္စကြီးအဖြစ် ဆောင်ရွက်ရန် ဦးစားပေးစာရင်း ဝင်နေဦးမည်ဖြစ်သည်။ အစိုးရသစ် တက်လာပြီးချိန်တွင် တရားဥပဒေ စိုးမိုးရေးကို ဇောက်ချ ဆောင်ရွက်ပြီး ဦးစားပေး အကောင်အထည် ဖော်လာချိန်တွင် နိုင်ငံ၏ စီးပွားရေး မြို့တော်လည်းဖြစ်၊ နိုင်ငံ၏ လူဦးရေ ၁၀ ပုံ တစ်ပုံလည်း နေထိုင်ရာ မဟာရန်ကုန်မြို့တော်ကြီး အတွင်း၌လည်း လမ်းဘေးဈေးသည်များကို စည်ပင်သာယာရေး ဥပဒေနှင့်အညီ ဖယ်ရှား ရှင်းလင်းပြီး ဈေးသစ်နေရာ ချထားပေးခဲ့သည်။ ညဈေးများ အကောင်အထည်ပေါ်လာသည်။ ယခု ၂၀၁၆ ခုနှစ်သည် အချို့စည်းကမ်း မလိုက်နာသည့် လမ်းဘေးဈေးသည်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ယာဉ်မောင်းများအတွက် အခက်ခဲဆုံးနှစ်ဟု ဆိုနိုင်သည်။ အချို့က ပြောင်းလဲမှုကို ဖော်ဆောင်သည့် အစိုးရ၏ လုပ်ဆောင်ချက်များကို လေးစားကြသည်။ လိုက်နာကြသည်။ အချို့ကမူ အပြစ်ဟု မြင်ကြသည်။ ရာစုနှစ် တစ်ဝက်ခန့် အနည်ထိုင် ငုပ်လျှိုးနေသည့် တရားဥပဒေ စိုးမိုးရေးတည်း ဟူသောအရာနှင့် ရန်ကုန်မြို့နေ မြို့သူမြို့သားများမှာ မနီးစပ်နိုင်သေးချေ။ ထိုကိစ္စများအတွက်၂၀၁၇ ခုနှစ်တွင် စိန်ခေါ်မှု တစ်ရပ်အဖြစ် ဆက်လက်ပြီး အခြေတကျ ဖြစ်ရေးဆောင်ရွက်ရန် ကျန်ရှိနေဦးမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် ကာလအတွင်း ထူးထူးခြားခြား သတင်းများကို စုစည်း တင်ပြပါဆိုလျှင် ထူးခြား သတင်းများမှာ ပေါများလှသည်။ ထူးဆန်းသည့် မှုခင်းသတင်းများ နေ့စဉ်လိုလို ကြားခဲ့ကြသည်။ သက်ငယ်မုဒိမ်းမှုများ ကြောက်ခမန်းလိလိ အဖြစ်များခဲ့သည်။ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုမှာ ၂၀၁၅ ခုနှစ်က ၃၆၆ မှုသာ ရှိခဲ့ရာမှ ယခုနှစ် နိုဝင်ဘာလကုန်အထိ စာရင်းများအရ ၆၄၃ မှုအထိ မြင့်တက်ခဲ့သည်။ စစ်ပွဲများ ပိုမို ပြင်းထန်ကာ အဖြစ် များခဲ့သည်။ ဒေါ်လာဈေးများ မြင့်တက်ခဲ့သည်။ ကုန်ဈေးနှုန်းများ ကြီးမြင့်ခဲ့သည်။ နိုင်ငံ့ဘတ်ဂျက်တွင် အရငွေစာရင်းများ နည်းပါးပြီး အသုံးငွေသာ တိုးတက်သဖြင့် ဘတ်ဂျက်လိုငွေပြနေဆဲ ဖြစ်သည်။ စပါးဈေးများ နိမ့်ကျခဲ့သည်။ စက်သုံးဆီ ဈေးနှုန်းများ ထိုးတက်ခဲ့သည်။ လူငယ်ဘွဲ့ရများ အလုပ်အကိုင် ရှားပါးနေဆဲ ဖြစ်သည်။ မူးယစ်ဆေးဝါးများ ပေါများသထက် ပေါများခဲ့သည်။ နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားများ လုပ်ခလစာ နိမ့်ကျနေဆဲ ဖြစ်သည်။ ပြည်သူများ၏ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ထိုက်သင့်သလောက် တိုးတက်မှု မရှိဘဲ ရပ်တန့်နေခဲ့သည်။ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တစ်စုံတစ်ရာ မမြင်ခဲ့ကြသေးချေ။ အဂတိ လိုက်စားမှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း  ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှု အရာအားလုံးသည် ၂၀၁၇ ခုနှစ် နှစ်သစ်တွင်လည်း ဆက်လက် လိုက်ပါပြောင်းလဲ နေဦးမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် ပြောင်းလဲသည့် အရာများသည် ကောင်းမွန်သော ပြောင်းလဲခြင်းများသာ ဖြစ်သင့်ကြသည်။ အတိတ်နိမိတ် ကောင်းပြီး အောင်ခြင်း မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော ကောင်းသတင်းများသာ ဖြစ်တန်ရာသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ၏ အယူဝါဒအရ နှစ်ဟောင်းမှ မကောင်းသည့် အမူအကျင့်များ၊ မကောင်းသည့် စရိုက်ဆိုးများ၊ မကောင်းသည့်ဖြစ်ရပ်များ၊ မကောင်းသည့်ဖြစ်စဉ်များ၊ မကောင်းသည့်နိုင်ငံ့ရေးရာ ကိစ္စရပ်များကို နှစ်သစ်သို့ မယူကောင်းချေ။ နှစ်သစ် တစ်ခုအစတွင် ကောင်းသည့်အတိတ် ကောင်းသည့်နိမိတ်ဖြင့်သာ စသင့်သည်။ ကောင်းသည့်အတိတ် ကောင်းသည့်နိမိတ်များ ဖြစ်ပေါ်စေရေးအတွက်ဆိုလျှင် ကောင်းသည့် အရာများကိုသာ စဉ်းစား တွေးတောပြီး အာရုံစိုက်ကာ ကြိုးပမ်းလုပ်ကိုင်မှပင်ရမည်ဖြစ်သည်။ ထို့အတွက် ကောင်းသတင်းများ ဖြစ်ပေါ်စေရေးနှင့် ကောင်းသည့် ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ထွန်း ပေါ်ပေါက်စေရေး တို့အတွက် အတိတ်ဟောင်းဆီက မကောင်းခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို နမူနာယူပြီး အစိုးရရော ပြည်သူများကပါ ဝိုင်းဝန်းကြိုးပမ်း ကာကွယ်တားဆီး လုပ်ဆောင်ကြရင်းဖြင့် ကျွန်ုပ်တို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်ပေါ်လာမည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါကြောင်း စိတ်ကောင်း စေတနာဖြင့် ရည်ရွယ်တိုက်တွန်း ရေးသားတင်ပြ လိုက်ရပါသည်။ သန်းဖြိုးနိုင် (မြန်ပြည်သား)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...