Sandar Cho
#ဒေါ်အောင်ဆန်းကြည်တိုက်တဲ့စစ်
#ThihaThwe
မြန်မာတပ်မတော် နဲ့ တိုင်းရင်းသားလက်နှက်ကိုင် ဆိုတာ ပြည်တွင်းစစ် ရဲ့ ငယ်မွေးခြံပေါက်တွေပါ ။ တစ်နှစ်ကြီးတနှစ်ငယ်တွေ ၊ ကောင်းတူဆိုးဖက်တွေ .. တစ်ယောက် နဲ့
တစ်ယောက် သေနက်ချင်းတေ့ပစ်ခဲ့ကြတယ် ၊ တစ်ယောက်ပုခုန်းတစ်ယောက်ဖက်ပြီး ငြိမ်းချမ်းရေး စကားတွေပြောရင်း အရက်အတူသောက်ခဲ့ကြတယ်၊ တစ်ယောက်ကို တစ်ယောက် ကြေညာချက် လက်ညှိုးတွေထိုးပြီး နိုင်ငံရေး အားပြိုင်ခဲ့ကြတယ် ၊ နောက်ဆုံး တစ်ယောက်နဲ့ တယောက် အားပြုပြီး အခြေခံ ဥပဒေ တစ်စောင် ကို အတူရေးခဲ့တယ်။

စာမျက်နှာ ၆၀ ကျော်ရှိတဲ့ ပြည်တွင်း စစ် စာစီစာကုံး ရဲ့ ခေါင်းစဉ်ငယ်တွေက
တန်းတူရည်တူရေး ၊ လူမျိုးစု လွတ်မြောက်ရေး ၊ စစ်အာဏာရှင် တော်လှန်ရေး ၊
ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းရေး ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်
ကိုကာကွယ်ရေး .. အဲဒီ နောက်ဆုံး ခေါင်းစဉ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ ပြီးသွားကတည်း က နောက်ထပ် ခေါင်းစဉ်တစ်ခု
အတိအကျ စ လို့ မရသေးဘူး ။ အကြောင်းကတော့ ၂၀၀၈ အခြေခံ ဥပဒေ ဆွဲဖို့
စထားခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အခြေခံ ဥပဒေ သက်ဝင်လှုပ်ရှားလို့ ၅
နှစ်ဆိုတဲ့ ကာလကိုကျော်လာသည့်တိုင်အောင် အခြေအနေက ရှေ့ တိုးမရ
နောက်ဆုတ်မရ။ ငြိမ်းချမ်းရေး နဲ့ ဆက်ပြီး မွေးလာခဲ့တဲ့ အခြေခံ ဥပဒေ
အရဖြစ်လာတဲ့ နိုင်ငံရေး အခင်းအကျင်း ပေါ်မှာ အစိုးရ
နှစ်ရပ်ပြောင်းသွားခဲ့ပြီ ငြိမ်းချမ်းရေး ကတော့ ခုထိ သောင်မတင်ရေမကျ
...အခုတလော ဟိုနား ဒီနားမှာ တိုက်နေတဲ့ စစ်တွေက ခေါင်းစဉ် ရှာမရ .. ။
နှစ်ဖက်စလုံး က ငြိမ်းချမ်းရေး နောက်ဆံတင်းပြီး မထိခလုတ်ထိခလုတ် ..ကြားထဲက
အရပ်သားတွေ ခေါင်းပြုတ်ပြီ ။
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက မြန်မာ့ ဒီမိုကရေစီ ရှေ့ဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ ငြိမ်းချမ်းရေး ခြေလှမ်းသစ် ကို ဦးဆောင် စတင်ဖို့ ခြေလှမ်းပြင်ရင်း စစ်ပွဲထဲ ကို ခြေချမိသွားတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုမှ မျှော်မှန်းမထားခဲ့မိတဲ့ အင်မတန် ထူးခြားတဲ့ ဒီ အခြေအနေတွေကို ရှေ့နောက်ဆင်ခြင် သုံးသပ်ကြည့်ချင်ပါတယ်။ ဒီနေရာမှာတော့ မြန့်မာ့ နိုင်ငံရေး ရဲ့ ထူးခြားအံသြဖွယ်အလှည့်အပြာင်းတွေ ဖြစ်တဲ့ မကြာသေးတဲ့ သမိုင်းအချက်အလက်အချို့ကို အရင်ဆုံး ထုတ်နှုတ်ပြချင်တယ် ။
(၁)၁၉၈၈ ခုနှစ်မှာ နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ မြန်မာတပ်မတော်က ၁၉၉၃ ခုနှစ်မှာ အခြေခံ ဥပဒေ သစ် ကို စတင်ရေးဆွဲဖို့ ကြိုးစားတဲ့ အခါ တိုင်းရင်းသား လက်နှက်ကိုင် တွေကို အပစ်အခတ်ရပ်ပြီး အခြေခံ ဥပဒေသစ်ကို အတူ ရေးဆွဲဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ဟာ သဘောတူ ပါဝင်ရေးဆွဲခဲ့တယ် ။
(၂) ထူးခြားတာက အမျိုးသား ညီလာခံမှာ အခြေခံ ဥပဒေ ပါဝင်ရေးဆွဲနေတဲ့ တိုင်းရင်းသား လက်နှက်ကိုင်တွေအထဲမှာ အင်အားကြီး လက်နှက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး က ပါဝင်ခြင်းမရှိခဲ့ဘူး ။ သို့ပေမယ့် သူဆီက ခွဲထွက်လာတဲ့ DKBA ကရင်ဗုဒ္ဓဘာသာအဖွဲ့ကသာ အခြေခံ ဥပဒေ ရေးဆွဲရာမှာ ပါဝင်ခဲ့တယ် ။
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာလည်း အစပိုင်းမှာ ညီလာခံမှာ ပါဝင်ဆောင်ရွက်နေ ပေမယ့် နောက်ပိုင်းမှာ ညီလာခံ ကို သပိတ်မှောက်ပြီးထွက်ခွါခဲ့တယ်။ ဒီလို နဲ့ အစကနဦးမှာ KNU ရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရော အမျိုးသား ညီလာခံ နဲ့ အဲဒီက ဖြစ်ပေါ်လာတဲ့အခြေခံ ဥပဒေ ကိုပါ အစပိုင်းမှာ လက်မခံပဲ ၊ ပါဝင်မပူးပေါင်းပဲနေခဲ့ကြတယ်။
(၃) အခု အခါ အသက်ဝင်လာတဲ့ အဲဒီ အခြေခံ ဥပဒေ ကို အစပိုင်းမှာ လက်မခံခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ အဲဒီ အခြေခံ ဥပဒေအရ ပဲ အာဏာပိုင်အစိုးရဖြစ်လာတယ် ။ KNU ကလည်းအပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမာခံဖြစ်လာတယ်။
(၄) အဲဒီ အခြေခံ ဥပဒေ ကို စတင်ရေးဆွဲစဉ်က ပါဝင်ရေးဆွဲ ခဲ့တဲ့ ကချင်၊ မွန် ၊ ဝ ၊ ကိုးကန့် စတဲ့ လက်နှက်ကိုင် အဖွဲ့တွေက အခြေခံ ဥပဒေ ဘောင်ထဲ ဝင်ရောက်မလာပဲ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပါဝင် လက်မှတ်ရေးထိုးဖို့ ငြင်းဆန်နေရာက နေ အခုလို ကချင်ဒေသ နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ စစ်မီး ပြန်လည်တောက်လောင်လာခဲ့တယ် ။
အဲဒီလိုပဲ ကျွန်တော်တို့အားလုံး မျက်စိရှေ့ မှာပဲ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ မျက်စိလည်စရာကောင်းလောက်အောင်၊ ကိုယ့်မျက်စိ ကိုယ်မယုံနိုင်လောက်အောင် အလှည့်အပြောင်းတွေများခဲ့တယ် ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အရပ်သားအစိုးရ အာဏာ ရလာတဲ့ အချိန်မှ ပြန်လည်တောက်လောင်လာတဲ့ ဒီ စစ်မီး ဟာ ဘယ်လောက်ထိ ကြီးမားလာနိုင်သလဲ ၊ ငြှိမ်း သတ် လို့ရော ရနိုင်ပါ့မလား ဆိုတာ ကို စိုးရိမ်တကြီး ရှိနေကြရပါတယ်။ ဒါကို အဖြေ မထုတ်ခင် ၁၉၉၃ ခုနှစ်က အမျိုးသား ညီလာခံ နဲ့ အတူ စတင်ခဲ့ ကြတဲ့ ၂၆ နှစ်ကြာ ငြိမ်းချမ်းရေး ခရီး ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို အနည်းငယ် သုံးသပ်လိုပါတယ် ။
စိတ်ဝင်စားဖို့ ကောင်းတာက အခု တိုက်ပွဲတွေ အဓိက ဦးတည်ပြီးဖြစ်ပွားနေတဲ့ KIO နဲ့ MNDAA ကိုးကန့် အဖွဲ့တွေဟာ အနှစ် ၂၀ လောက် တပ်မတော်နဲ့ ဘာတိုက်ပွဲ မှမဖြစ်ပဲ နားလည်မှုရှိရှိ နေခဲ့ကြတာပဲဖြစ်ပါတယ် ။ ဒါကြောင့် အခုလို သဘောထားကွဲပြားမှုတွေ ၊ ထိတွေ့ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာ အခြေခံအကြောင်း တွေရှိပါတယ်။ အရေးပါဆုံး အချက် တစ်ချက် က ကနဦး ရယူခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေက ယေဘူယျ ဆန်ပြီး တိကျခိုင်မာတဲ့ ပဋိညာဉ် ကတိကဝတ်ချုပ်ဆိုမှုမရှိတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလောက်ကြာရှည်တဲ့ ကာလ အတွင်း မှာ လက်နှက်ကိုင်ဆန့်ကျင်မှု ချုပ်ငြိမ်းရေး ကို ဦးတည်တဲ့ သဘောတူညီချက်တွေ လုပ်ငန်းစဉ်တွေ ကို ချမှတ် ဆောင်ရွက်နိုင်ခြင်းမရှိရုံ မက ရေရှည် အကျိုးစီးပွားအတွက် လူသူ လက်နှက်စုဆောင်းခြင်း၊ အကျိုး စီးပွားရှာခြင်း ကို ဆောင်ရွက်နေခဲ့ခြင်းဟာ လက်နှက်ကိုင် ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားဖို့ အဆင်သင့်ဖြစ်စေခဲ့ပါတယ်။ နောက် တစ်ချက်ကတော့ မြန်မာ့ တပ်မတော် အပါအဝင် အချို့သော အင်အားကြီး တိုင်းရင်းသားလက်နှက်အဖွဲ့တွေမှာ ခေါင်းဆောင်မှုတွေပြောင်းလဲသွားခြင်းဟာလည်း အရေးပါ ပါတယ် ။ ကိုးကန့် ပြဿနာ ဆိုရင် ကိုးကန့်ခေါင်းဆောင် အပြောင်းအလဲဟာ စစ်မက်ပြန်လည်ဖြစ်ပွားရခြင်းမှာ အဓိက ကျပါတယ်။ ဒီနေရာ မှာ ခေါင်းဆောင်အပြောင်းအလဲတွေကြောင့် ငြိမ်းချမ်းရေးဖက်ကို ပိုပြီး အားသန်သွားတဲ့ အပြောင်းအလဲတွေ လည်းရှိခဲ့ပါတယ်။ ကာလ ကြာရှည်လာတာနဲ့ အမျှ တိကျခိုင်မာတဲ့ ပဋိညာဉ် မရှိခြင်း ၊ ရှိပြီးသား ကတိကဝတ်နဲ့ စည်းကမ်းနည်းလမ်းများကို လေးစားလိုက်နာမှု အားနည်းခြင်းတွေကြောင့် တာဝန်ခံ ခေါင်းဆောင်တွေ ဆုံးဖြတ်ချက်ချနိုင်သူတွေ အပြောင်းအလဲဖြစ်သွားတဲ့ အခါ နိုင်ငံရေး ၊ စီးပွားရေး ၊စစ်ရေးနယ်ပယ်တွေမှာ နှစ်ဖက်ကျွံဝင်နေမှု ဟာ အန္တရာယ်ကြီးစွာ ကာလအတော်ကြာငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။ အခုတော့ အားလုံးမြင်ကြတဲ့ အတိုင်းအခြေအနေတွေက ရှုပ်ထွေးကုန်ပြီဖြစ်ပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ KIO အကြောင်းနည်းနည်းပြောချင်ပါတယ်။ လိုရင်းတိုရှင်းပြောရရင် တိုင်းရင်းသားလက်နှက်ကိုင်တွေ အပေါ်မှာထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အတွင်းစိတ်ကို ကျွန်တော်တို့ မသိနိုင်ပါ။ သို့သော်လည်း မျက်မြင်အခြေအနေ အရ ခန့်မှန်းမိသလောက် ၁၉၈၉ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တောတွင်းလက်နှက်ကိုင် အဖွဲ့တွေ နဲ့ဆက်နွယ်မှုရှိတဲ့ လူငယ် ၂ ဦးကို နေအိမ်ခြံ အတွင်းမှာ နေထိုင်ခွင့်ပြုထား ခဲ့တဲ့တာကြောင့် သောင်းကျန်းသူအဖွဲ့အစည်းတွေ နဲ့ ဆက်သွယ်ဆောင်ရွက်တယ် ဆိုတဲ့ စွပ်စွဲချက်ကိုရင်ဆိုင်ခဲ့ရဘူးပါတယ် ။ ဒီအတွက်ကြောင့် သူမ မှာ လက်နှက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ပတ်သက်ရင် ရပ်တည်ချက် စည်းခြားနားထားလိုစိတ်ရှိမယ်လို့ ထင်ပါတယ်။ နောက်တစ်ခါ သူမ နေအိမ်အကျယ်ချုပ် ကျရောက်နေတဲ့ အချိန်မှာ နဝတ အစိုးရ က အမျိုးသား ညီလာခံ ကို ဦးစီးကျင်းပပြီး တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေအားလုံး နီးပါး ပါဝင်အောင် ဆွဲဆောင်နိုင်ခဲ့လို့ အခြေခံ ဥပဒေသစ်ရေးဆွဲရေးကို နိုင်ငံရေး အားသာချက်တစ်ခုနဲ့ စတင်နိုင်ခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ဖိအားပေးနိုင်ခဲ့တာကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ကိုယ်စားလှယ်တွေ ပါ အဲဒီ အမျိုးသား ညီလာခံကို ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာတဲ့ အခါ အမျိုးသား ညီလာခံ ထဲကို ရောက်နေတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို ပြန်ဆွဲထုတ်ပြီး အမျိုးသား ညီလာခံကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ KIO အပါအဝင် တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေ ဟာ ညီလာခံမှာ ကျန်ရှိပြီး အပြီးတိုင် ပါဝင်နေခဲ့တာဖြစ်လို့ နိုင်ငံရေး တိုက်ပွဲကြီး တစ်ခုမှာ တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ တစ်သဘောတည်းမရှိ ကြောင်း ထင်ရှားခဲ့ သလို တိုင်းရင်းသား လက်နှက်ကိုင် အဖွဲ့တွေဟာ သူမ နဲ့ နိုင်ငံရေး မဟာမိတ်တွေ မဟုတ်ဖူး လို့ ဒေါ်အောင်ဆန်းစုကြည်စိတ်ထဲမှာ နားလည်သွားစေခဲ့ တယ်လို့ ယူဆပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ဘေးအမြင်မှာတော့ လက်နှက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ အတွက် တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေဟာ မိမိတို့ ရင်ဆိုင်နေရတဲ့ အနေအထားအရ တစ်ဖက် အင်အားနဲ့ ထိတွေ့ဆက်ဆံရေး ဟာလည်း အရေးပါတာကြောင့် သူတို့မှာ နိုင်ငံရေး အပြင် အခြား ငဲ့ကွက် ထည့်တွက်စရာတွေရှိကြပါတယ်။ နိုင်ငံရေး အရ အလွန်အားနည်းလှ တဲ့ တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေ အနေနဲ့ အဲဒီအချိန်ကတည်းက မပြောသာသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေး အရ အားကိုး အားထားတဲ့ စိတ်ရှိတယ် ဆိုတာကတော့ အသေအချာ ပါပဲ ။ ဒါကြောင့် ဦးသိန်းစိန် အစိုးရက ဆက်လက်ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား လက်နှက်ကိုင် အဖွဲ့တွေ ဆက်လက် ပါဝင်ဆောင်ရွက်ကြပေမယ့် NCA လိုခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စမှာ KIO အပါအဝင် အချို့သော တိုင်းရင်းသားအဖွဲ့တွေက ချက်ချင်းရေးထိုးဖို့ ငြင်းဆန်ခဲ့ပါတယ် ။ တကယ်တော့ ဒီ NCA ဆိုတာဟာ ဦးသိန်းစိန် အစိုးရ အတွက် တဖက်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၂၀၁၅ ရွေးကောက်ပွဲစီးချင်းထိုး ကြတဲ့ အခါ အလွန် အသုံးဝင်တဲ့ နိုင်ငံရေး အားသာချက်တစ်ခုအနေနဲ့လည်း အဓိပ္ပါယ် ရှိနေခဲ့ပါတယ်။ အကယ်၍ NCA အပစ်ရပ်ရေး စာချုပ်မှာ တိုင်းရင်းသား အားလုံး ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြ မယ်ဆိုရင် ဦးသိန်းစိန် အနေ နဲ့ သူ့ အစိုးရလက်ထက်မှာ တစ်နိုင်လုံး အတိုင်း အတာနဲ့ လက်နှက်ကိုင် ပဋိပက္ခကို ထိထိရောက်ရောက် ချုပ်ထိန်းနိုင်ခဲ့ လို့ တိုင်းရင်းသားပြည်သူတွေ အားလုံး ရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်ပေးနိုင်လိုက်သူ တစ်ယောက် အဖြစ် သမိုင်းတင်ရစ်ပြီး သူ့ ပါတီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲ ဝင်တဲ့ အခါ နိုင်ငံရေး မျက်နှာပန်းလှမှာလည်းဖြစ်ပါတယ် ။ သို့သော်လည်း KIO အပါအဝင် အချို့တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ စာချုပ်မှာ လက်မှတ်မထိုးခဲ့တဲ့ အတွက် ဦးသိန်းစိန် ရဲ့ မျှော်မှန်းချက်မပြည့် ဝ ခဲ့သလို တဖက်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အနိုင်ရပါမှ ငြိမ်းချမ်းရေး အပြည့် အဝ ရနိုင်မယ် ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစိုးရဟာ ပိုပြီးယုံကြည်ထိုက်တယ်ဆိုတဲ့ နိုင်ငံရေး မျှော်မှန်းချက်ကို ဖြစ်ပေါ်စေခဲ့တာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေး အမြတ် ပိုထွက်ခဲ့ပါတယ် ။ အမှန်တကယ်လည်း ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလို့ အဏာ လွှဲပြောင်းရယူ ပြီးနောက်ပိုင်းမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစပိုင်းတွေမှာ တိုင်းရင်းအားလုံး စုံစုံညီညီ ပါဝင်လာခဲ့တာကိုတွေ့ရပါတယ် ။ အထူးသဖြင့် ပင်လုံညီလာခံ ကိုတက်ရောက်လာတဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လ က အများပြည်သူ ရှေ့မှောက်မှာပဲ သူ အခုလို တက်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကို ဂုဏ်ပြုပြီးတက်ရောက်လာတာဖြစ်ကြောင်းပြောခဲ့တာကိုကြည့်ရင် လက်မှတ်မထိုးခဲ့ တဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည် ကို ပုံပြီးရပ်တည်ထားတယ်ဆိုတာ ထင်ရှားပါတယ်။
တကယ်တော့ အစကနဦး မှာ အခြေအနေတွေအားလုံးဟာ အကောင်းဖက်ကို ဦးလှည့်နေတာပါ ။ ဒေါ်အောင်ဆန်းစုကြည် ဖက်က NCA ထိုးဖို့ ကျန်တဲ့ အဖွဲ့တွေ လက်မှတ်ထိုးရေး ဆော်ဪ ပြီးတဲ့နောက်ပိုင်းမှာ အငြင်းပွားဖွယ် ကချင်ဒေသတွင်း စစ်ဆင်ရေး ကိစ္စတွေ ပိုပြီးအသံကျယ်လောင်လာခဲ့တယ် ။ ကံဆိုးချင်တော့ အဲဒီအချိန်မှာ ရခိုင်ပြည်နယ် မောင်တောမှာ ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်တွေ ကို လူအုပ်စု နဲ့ စီးနင်းတိုက်ခိုက်ခြင်း ခံရတယ်။ မဖြစ်မနေလက်တုန့်ပြန်ရမယ့် အဲဒီလို အနေအထားမှာ မောင်တောအကြမ်းဖက်တိုက်ခိုက်မှု က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်ရေး လက်တုန်ပြန်မှုသွေးပူလေ့ကျင့်ခန်း ကို အစပြုပေးခဲ့ ပြီး လက်နှက်ကိုင်ဆန့်ကျင်မှုတွေကို မျက်နှာမူစေခဲ့တယ်။ အစိုးရ သတင်းထုတ်ပြန်ချက်တွေ အရ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေး အစည်းအဝေးမှာ ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်အကြမ်းဖက်မှု ကိစ္စရော ၊ မြောက်ပိုင်း ကချင်ဒေသ စစ်ဆင်ရေး ကိစ္စတွေရော ကို သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ ရခိုင် အကြမ်းဖက်မှု နဲ့ ကချင်ဒေသတွင်း စစ်ပွဲတွေဟာ နိုင်ငံရေး အရ တန်ဖိုး ခြားနားလှပါတယ်။ သို့ပေမယ့်လည်း တချိန်တည်းတခါတည်းကြုံရတဲ့အခါမှာ စစ်ရေး ဟာ စစ်ရေးပဲဖြစ်ပါတယ် ။ စစ်ရေး အတွေ့အကြုံမရှိတဲ့ အရပ်သား အစိုးရ အဖို့ အတွေအကြုံရှိတဲ့ တပ်မတော်ရဲ့ အကြံပြုချက်တွေ ၊ လုပ်ဆောင်ချက်တွေကို နေရာပေးရမယ့် အနေအထားဖြစ်နေပါတယ်။ အဲဒီမှာ အခြေအနေတွေက ရှုပ်ထွေးကုန်ပါတယ်။ ဒီအခြေအနေကို လက်တုန့်ပြန်တဲ့ အနေနဲ့ KIO ၊ TNLA ၊ AA၊ MNDAA တို့ က တပ်ပေါင်းစု ဖွဲ့ပြီး တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ဖိအားပေးတဲ့ ကန့်သတ်စစ်ဆိုတာကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ဆင်နွှဲလိုက်တဲ့ နောက်ရှင်းမရအောင်ရှုပ်ဖို့ အခြေအနေဖြစ်သွားပါတော့တယ်။
ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းဝေဖန်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းကြည် အနေနဲ့ ပြီးခဲ့တဲ့ ပင်လုံညီလာခံ ကာလတွေမှာ NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေကို ပိုင်ပိုင်နိုင်နိုင် ယုံကြည်မှုတည်ဆောက်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် အဲဒီ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘူးလို့ပြောရမှာဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ပြဿနာတွေ ၊ လိုလားချက်တွေကို နိုင်ငံရေး စကားဝိုင်းနည်းနဲ့ ဆွေးနွေးအဖြေရှာရေး နည်းလမ်းကို ကျင့်သုံးလိုတယ်ဆိုပေမယ့်လည်း လက်နှက်ကိုင် အဖွဲ့တွေ စားပွဲဝိုင်းကိုရောက်မလာရင် သိုမဟုတ် စားပွဲဝိုင်းကိုစွန့်ခွါသွားရင် လက်နှက်ကိုင် တိုက်ပွဲတွေ နဲ့ စစ်မီးလျှံထဲမှာ ရုန်းကန်နေကြရမှာပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိ KIO ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာ ကို ဖြေရှင်းတဲ့ နေရာမှာ တပ်မတော် ကို ပဲ အားကိုးအားထားပြုပြီး တိုက်ပွဲ နည်းလမ်းကိုပဲ ရွေးချယ်လိုက်မယ်ဆိုရင် လက်ရှိ လုပ်ဆောင်နေတဲ့ ပင်လုံညီလာခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာလည်း ကန့်သတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖြစ်လာပါလိမ့်မယ်။ အကယ်၍ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် NLD အစိုးရအနေ နဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လုပ်ခဲ့ပြီး သလောက် အတိုင်းအတာကို ကျော်မလုပ်နိုင်တဲ့သဘောဖြစ်လို့ နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်ပါတယ်။ တစ်ဆက်တည်း ဒီ မြောက်ပိုင်းဒေသတွင်း တိုက်ပွဲတွေ ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး ကို ထိခိုက်စေတဲ့ အတွက် အရှည်သဖြင့် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နဲ့ ကုန်စည်စီးဆင်းမှုကို ထိခိုက်လာမှာဖြစ်ပါတယ် ။ ဘာပဲပြောပြော လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး တုန့်ဆိုင်းမှု ပြဿနာဟာ တိုင်းပြည်ထူထောင်ရေး လုပ်နေတဲ့ အရပ်သား အစိုးရသစ်အတွက် အခက်တွေ့စေပြီး အနှုတ်လက္ခဏာဆောင်နေပေမယ့် တဖက်မှာ တပ်မတော် အနေနဲ့ သူ ရဲ့ အခန်းကဏ္ဍ ကို အရေးပါကြောင်းပြသဖို့ အခွင်အရေးကောင်းတစ်ခုဖြစ်လာရုံမက တပ်မတော်ဟာ တိုင်းပြည် ရဲ့ ကြီးမားတဲ့ လိုအပ်ချက်ကြီးအဖြစ် ဒီအဖြစ်အပျက်တွေက မီးမောင်းထိုးပြနိုင်တဲ့ အတွက် နိုင်ငံရေး အရလည်း အားကောင်းလာပါတယ်။
နောက်တစ်ချက်က ဒီအချိန်မှာ ကံအားလျော်စွာ တပ်မတော်အနေနဲ့ အားသာချက်တွေ ရရှိပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ တက်လာပြီးတဲ့နောက် တိုင်းပြည်ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ကနေ လုံးဝလွတ်မြောက်သွားပြီး တပ်မတော်အနေနဲ့ ခေတ်မှီ လက်နှက်တပ်ဆင်မှုတွေကို ပြည်ပ အန္တရာယ်ကို ရင်ဆိုင်နိုင်စွမ်းရှိတဲ့ အဆင့်အထိ စိတ်ကြိုက် ပြင်ဆင်တည်ဆောက်ဖြည့်တင်းသွားနိုင်တဲ့ အခြေအနေကိုပိုင်ဆိုင်ထားပါတယ်။ ဒီအခြေအနေဟာ ပြည်တွင်းစစ်မျက်နှာတွေကို လက်နှက်အင်အား အသာစီးနဲ့ ရင်ဆိုင်နိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် ကို ဦးဆောင်နေကြသူတွေဟာ သမ္မတဦးထင်ကျော် နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုဖြစ်တဲ့ အတွက် တပ်မတော်အနေနဲ့ ဖြစ်ပွားသမျှ တိုက်ပွဲတိုင်းကို အဲဒီခေါင်းဆောင်တွေ လက်ခံသဘောတူလာအောင် ဖြေရှင်းနိုင်သ၍ အဲဒီ တိုက်ပွဲတွေရဲ့ ကွန်မန်ဒါ ဟာ နိုင်ငံတော်အကြီးအကဲတွေဖြစ်တဲ့ သမ္မတ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဖြစ်တယ်လို့ သက်ဆိုင်သူအားလုံးက မှတ်ယူကြမှာဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့်ဖြစ်လာတဲ့ စစ်ရေး၊ နိုင်ငံရေး ၊စီးပွားရေး ၊ လူမှုရေး အကျိုးဆက်တွေ ကို တာဝန်ခံရမှာလည်း သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံကြတဲ့ ပြည်သူတွေအနေနဲ့လည်း ယခင်က တပ်မတော် အနေနဲ့ တိုင်းရင်းသားတွေ အပေါ် ဆင်နွှဲခဲ့တဲ့ စစ်တွေ နဲ့ ပတ်သက်ပြီး အပြစ်မြင် အပြစ်တင်လေ့ရှိကြပေမယ့် ခုချိန်မှာတော့ တပ်မတော် ဖက်ကနေရပ်တည် အားပေးလာကြပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ တပ်မတော် အနေနဲ့ ပြည်တွင်း လက်နှက်ကိုင် တိုက်ပွဲတွေဆင်နွှဲတဲ့အခါမှာ ခါတိုင်းထက် နိုင်ငံရေး ကြောင့်ကျမှု ဝန်ထုတ်ဝန်ပိုး ကင်းကင်း နဲ့ တိုက်ပွဲတွေဆင်နွှဲနိုင်ပြီ ဖြစ်ပါတယ် ။ အကြောင်းကတော့ တိုက်တဲ့စစ်ပွဲတိုင်း ဟာ ဒေါ်အောင်ဆန်းစုကြည် တိုက်တဲ့ စစ်ပွဲတွေ ဖြစ်နေလို့ပါပဲ ။

Comments
Post a Comment