လက်ရှိနိုင်ငံရေးသုံးသပ်ချက်စာတမ်း အမှတ် (၄)
၂ဝ၁၂ ခုနှစ် ဧပြီလ
၂ဝ၁၂ ခုနှစ် ဧပြီလ
တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးမူ
(အပစ်အခတ်ရပ်စဲရေးမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆီသို့)
သက္ကရာဇ်
၂ဝ၁၁ ခုနှစ် သြဂုတ်လ (၁၈) ရက် နေ့စွဲဖြင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြေညာချက်
၁/၂ဝ၁၁ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား
“ငြိမ်းချမ်းရေးဆွေးနွေးရန်” ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါသည်။ ထို
ကမ်းလှမ်းချက်တွင် -
(၁) နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းပြီးအေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန် အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူတရပ်လုံး ပူးပေါင်းတည် ဆောက်သွားရန် အထူးပင်လိုအပ်သည်ဟု ယုံကြည် ပါသည်။
(၂) လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့ တဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
(၃) ပဏာမဆောင်ရွက်ဖွယ်ရာများဆောင်ရွက်ပြီးပါက နိုင်ငံတော်အစိုးရဘက်မှဆွေးနွေးမည့်အဖွဲ့ အစည်းဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် ဟုဖော်ပြထားပါသည်။
ဤ ဖိတ်ခေါ်ကမ်းလှမ်းချက်သည် လက်နက်ကိုင်အဖွဲ့အစည်းများကိုသာ ဦးတည်ထားသည်ကို တွေ့ရှိရပါသည်။ တနည်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးကိုသာ
အဓိကထားဦးတည်နေသည်ကို တွေ့ရှိပါမည်။ မိမိတို့ တိုင်းရင်းသားလူမျိုးများ
အနှစ် (၆ဝ) ကျော် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရခြင်းမှာ -
“နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး” ပင်ဖြစ်ပါသည်။
သို့ရာတွင် အဆက်ဆက်သော မြန်မာအစိုးရများက မိမိတို့တိုင်းရင်းသား
လူမျိုးများ၏ အရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းခြင်း
မရှိခဲ့ပေ။ ပြည်တွင်းစစ်ကို တမင်တကာဖန်တီး၍ စစ်ရေးဖြင့်
တိုင်းရင်းသားပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့
အဆက်ဆက်သော မြန်မာအစိုးရများက စစ်ရေးဖြင့် တိုင်းရင်းသားလူမျိုးများကို
ဖိနှိပ်အုပ်ချုပ်ခဲ့သောကြောင့် မိမိတို့တိုင်းရင်းသားလူမျိုးများသည်
မိမိကိုယ်ကို ကာကွယ်ရန် လက်နက်ကိုင်တော်လှန်ရေး ကို ဆင်နွှဲနေကြခြင်း
ဖြစ်ပါသည်။
အနှစ်
(၆ဝ) ပြည်တွင်းစစ် အပါအဝင် တိုင်းရင်းသားလူမျိုးများ
ရင်ဆိုင်ကြုံတွေ့နေရသော ပဋိပက္ခများကို အပစ်အခတ်ရပ်စဲရေး တည်း ဟူသော
လက်နက်ကိုင်ပဋိပက္ခရှုဒေါင့်တရပ်ဖြင့်သာ ဖြေရှင်း၍ ရမည်မဟုတ်ပေ။ ထို့ကြောင့်
တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)
က သက္ကရာဇ် ၂ဝ၁၁ စက်တင်ဘာလတွင် အစည်းအဝေးတရပ်ခေါ်ယူပြီး၊ ပြည်ထောင်စု
မြန်မာနိုင်ငံရေး၏ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအဝဝကို ဆောင်ရွက်နိုင်ရန်
အဆင့် (၃) ဆင့်ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကို
တင်ပြခဲ့ပါသည်။ ယင်းတို့မှာ -
(၁) ပထမအဆင့်။ ။
အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သက်ဆိုင်ရာ ပြည်နယ်အစိုးရ
များနှင့် “ပဏာမအဆင့်” ဆွေးနွေးရန်။
(၂) ဒုတိယအဆင့်။ ။
အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်၊ နိုင်ငံရေးအရ အဓိပ္ပာယ်ပြည့်ဝသော
တွေ့ဆုံဆွေးနွေးပွဲများကို ပြည်ထောင်စုအစိုးရနှင့်
တိုင်းရင်းသားလူမျိုးများအကြား ကျင်းပရန်။ ထို
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများ အားလုံး
စုပေါင်း၍ အတူတကွ တက်ရောက်ဆွေးနွေးရန်။
(၃) တတိယအဆင့်။ ။
ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက်များကို စုစည်း၍
ပင်လုံကဲ့သို့သော ညီလာခံတရပ် ကျင်းပပြီး၊ ထိုညီလာခံကြီး
ပြည်ထောင်စုမြန်မာနိုင်ငံကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့်
ပြန်လည်ထူထောင်နိုင်ရေး အတွက် “အမျိုးသားများ သဘောတူညီချက်” (National Accord) တရပ်ကို လက်မှတ်ရေးထိုးရန် ဟူသော အချက်များ ပါရှိခဲ့ပါသည်။
နိုင်ငံရေး ထောင်ချောက် လော? နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းစ လော?
မိမိတို့
တိုင်းရင်းသားလူမျိုးများသည် တိုင်းရင်းသားလူမျိုးများအရေးနှင့်
နှီးနွယ်နေသော နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့်
တွေ့ဆုံဆွေးနွေးရန် အစဉ်အမြဲတောင်းဆိုလာခဲ့ပါသည်။
လက်နက်ကိုင်တော်လှန်ရေးသည် မိမိတို့ရွေးချယ်သော လမ်းစဉ်မဟုတ်ပေ။
အခြေအနေတောင်းဆိုချက်အရ မိမိကိုယ်ကို မိမိကာကွယ်ရန် အတွက်သာလျှင်
ဤလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရခြင်း ဖြစ်ပါ သည်။ ထို့ကြောင့်
သမ္မတသိန်းစိန်အစိုးရ ဖိတ်ခေါ်ကမ်းလှမ်းထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို
ကြိုဆိုခဲ့ကြပါသည်။
သမ္မတသိန်းစိန်အစိုးရ၏
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို အားလုံးက
ကြိုဆိုခဲ့သော်လည်း ထိုတွေ့ဆုံဆွေးနွေးပွဲ မည်သို့ မည်ပုံကျင်းပ၍၊
မိမိတို့တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသော နိုင်ငံရေးစနစ်ကို
မည်သို့မည်ပုံ အရယူတိုက်ပွဲဝင်ရမည်နည်း ဟူသော အချက်တွင်
ချဉ်းကပ်ပုံချဉ်းကပ်နည်း အနည်းငယ်ကွာခြားခဲ့ပါသည်။
တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) က
ပထမအဆင့်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက
သက်ဆိုင်ရာပြည်နယ်အစိုးရများနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးရန်
တင်ပြခဲ့သော်လည်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကမူ ပဏာမအဆင့်မှာပင်လျှင် စုပေါင်းတွေ့ဆုံသင့်သည်ဟု တင်ပြ ခဲ့ပါသည်။
ထိုသို့ တင်ပြရခြင်းမှာ - မိမိတို့ တိုင်းရင်းသားလူမျိုးများ ယခင်ကြုံတွေ့ကြုံခဲ့ဘူးးသော အတွေ့အကြုံများ၊ ပျက်ပြယ်သွားခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အကြောင်းပြပြီး လက်နက်ချ အညံ့ခံရန် တောင်းဆိုမှုများ အကြိမ်ကြိမ်အလီလီ ခံခဲ့ဘူးပြီးဖြစ်၍ ယခုခေါ်ယူသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသည်လည်း အစိုးရ၏ လုပ်ရိုးလုပ်စဉ်အတိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အညံ့ခံလက်နက်ချရန် အကွက်ဆင်ထားသော နိုင်ငံရေး “ထောင်ချောက်” တရပ် ဖြစ်လေမလားဟု စိုးရိမ်ပူပန်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ပဏာမအဆင့်မှာပင်လျှင် စုပေါင်းတွေ့ဆုံ သင့်သည်ဟု တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က တင်ပြခဲ့ခြင်း ဖြစ်ပါသည်။
သို့သော်
လက်တွေ့အခြေအနေတွင် ထိုသို့မဖြစ်နိုင်ခဲ့ပေ။ လူမျိုးတမျိုးနှင့် တမျိုး၊
ပြည်နယ်တခုနှင့်တခု အကြား အခြေအနေချင်းမတူကြပေ။ ထို့ကြောင့် သက္ကရာဇ် ၂ဝ၁၁
သြဂုတ်လ (၂၇) ရက်နေ့တွင် UNFC ဥက္ကဋ္ဌ ညွှန်ကြားချက်စာ တစောင်ထုတ်ပြန်ပြီး၊ UNFC အဖွဲ့ဝင်များ အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးနိုင်ကြောင်း လမ်းဖွင့်ပေးခဲ့ ပါသည်။ ENC နှင့် UNFC
မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သက်ဆိုင်ရာပြည်နယ်အစိုးရနှင့်
ပဏာမအဆင့်ဆွေးနွေးနိုင်သည်ဟု လမ်းဖွင့်ပြီးနောက်၊ ယခုအခါ
တိုင်းရင်းသားလက်နက်အဖွဲ့အစည်း (၁ဝ) ဖွဲ့နှင့် အစိုးရအကြား
တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်များကိုပါ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ဖြစ်ပါသည်။
ထိုအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို လေ့လာကြည့်ပါက အခြေခံအားဖြင့်
အချက် (၅) ချက်ပါရှိသည်။
(၁) နှစ်ဦးနှစ်ဖက် အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ (Cease Fire)
(၂) ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်နေရာ၌ (လက်နက်မပါ) ထားရှိရေး၊ (Liaison Office)
(၃) သတ်မှတ်နေရာများမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ၊ (Safe Passage)
(၄) နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး၊ (Area Demarcation)
(၅) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ညှိနှိုင်းရေး၊ (Arrangement for Union Level Talks)
တွေ့ဆုံဆွေးနွေးရေးမဟာဗျူဟာ
နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းသည် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များကို စားပွဲခုံပေါ်တွင် ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးနည်းလမ်းဖြင့် ရယူ သော နည်းလမ်းတရပ်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ဖက်နှစ်ဖက်တွေ့ဆုံ၍ အပြန်အလှန်စကားပြောခြင်း (Dialogue) တရပ်ပင်ဖြစ်ပါသည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေခြင်းဖြစ်သောကြောင့်၊ ရန်ဖက်နှစ်ဖက်အကြား ရှိနေသော ပဋိပက္ခများကို ဖြေရှင်းပြီး၊ နှစ်ဖက်စလုံးက လိုလားသော နိုင်ငံရေးအဖြေတရပ်ရှာဖွေနိုင်ရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းကို ရွေးချယ်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲသည်“သူနိုင်-ကိုယ်ရှုံး” - “ သူရှုံး-ကိုယ်နိုင်” စနစ်ဖြင့် အပြတ်ကြဲသော (Zero-sum Game) မဟုတ်ပေ။ နှစ်ဖက်စလုံး “သူနိုင်-ကိုယ်နိုင်-အဖြေ” (Win-Win-Solution) ကို ရှာဖွေရန် လိုအပ်ပါသည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှ ”သူနိုင်-ကိုယ်နိုင်-အဖြေ”ရှာယူနိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ် တခုလုံးကို နှစ်ဖက်စလုံးညှိနှိုင်း တိုင်ပင်သင့်ပါသည်။ သို့မှသာ တကယ့် “သူနိုင်-ကိုယ်နိုင်-အဖြေ” (Win-Win-Solution) ကို ရရှိနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် ယခု သမ္မတသိန်းစိန် အစိုးရဖိတ်ခေါ်ကမ်းလှမ်းသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နှစ်ဖက်စလုံးသဘောတူညီပြီးမှ ချမှတ်ထားသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ် မဟုတ်ပဲ တဖက်သတ်ချမှတ်ထားသဖြင့် ရေရှည်တွင် ထိုဆွေးနွေးပွဲဖြစ်စဉ်မှ “တွေ့ဆုံဆွေးနွေး လက်နက်ချခြင်း” (Negotiated Surrender) ဖြစ်သွားအောင် ဦးတည်ဖန်တီးနေသလောဟု တချို့က စိုးရိမ်နေကြပါသည်။ ထို့ကြောင့် သမ္မတသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးမူကို သေသေချာချာ လေ့လာသင့်ပါသည်။
သမ္မတသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးမူ
သမ္မတသိန်းစိန်အစိုးရသည်
“ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်တည်ငြိမ်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး” ဟူသော ကြွေးကြော်သံဖြင့် နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများကို အားကြိုးမာန်တက် ဆောင်ရွက်ပြီး၊
ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် ဦးအောင်သောင်း ဦးဆောင်သော
“ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့” နှင့် ဦးအောင်မင်း
ဦးဆောင်သော “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့” တို့ကို
ဖွဲ့စည်းတာဝန်ပေး၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
သီးခြားစီတွေ့ဆုံဆွေးနွေးလျှက် ရှိနေပါသည်။
သမ္မတသိန်းစိန်အစိုးရက
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျင်းပ၍ အပစ်အခတ် ရပ်စဲရေး
သဘောတူစာချုပ်များ ချုပ်ဆိုရန် ဖိတ်ခေါ်ကမ်းလှမ်းသည့်အချိန်မှစ၍ ယနေ့တိုင်
ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်ပါက တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တခုလုံးကို
အစိုးရဖက်မှ တဖက်သတ် ချမှတ်ဆွေးနွေးနေသည်က များပါသည်။ ထို့အပြင်
သမ္မတသိန်းစိန် အစိုးရက ခန့်အပ်တာဝန်ပေးထားသော ဦးအောင်သောင်း ဦးဆောင်သည့်
“ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့” နှင့် ဦးအောင်မင်း
ဦးဆောင်သော “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့” တို့၏
တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ချဉ်းကပ်ပုံ ချဉ်းကပ်နည်း
မတူညီကြပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို
ချဉ်းကပ်ဆက်ဆံရာ၌လည်း - တဖွဲ့နှင့်တဖွဲ့ကို ချဉ်းကပ် ဆက်ဆံပုံချင်း မတူပေ။
ဥပမာ - ဦးအောင်သောင်း ဦးဆောင်သည့်အဖွဲ့က ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) ကို ပေးအပ်ခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ပေးပို့သည့် စာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။
(၁) ပြည်ထောင်စုအတွင်းမှ မည်သည့်အခါမျှ ခွဲမထွက်ရန်ကိစ္စ၊
(၂) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရန်ကိစ္စ၊
(၃) စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရန်ကိစ္စ၊
(၄) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊
(၅) ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်ကိစ္စ၊
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ၊
(၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရန်ကိစ္စ၊
(၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စ၊
ထိုစာအရ သမ္မတသိန်းစိန်၏ ငြိမ်းချမ်းရေးမူ - အထူးသဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ဆောင်ရွက်ရန် ဟူသော အချက်များကို လေ့လာသုံးသပ်ကြည့်ပါက အစိုးရဖက်မှ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။ ထို့အပြင် မိမိတို့တိုင်းရင်းသားလူမျိုးများ လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စကို ရှောင်ကွင်းပြီး၊ တသီးပုဂ္ဂလအခွင့်အရေးမျှကိုသာ ဦးတည်သည့်မူ (နံပါတ်-၇) ဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။
အစိုးရဖက်မှ တင်ပြလာသော ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ဆောင်ရွက်ရမည် ဖြစ်သည်နှင့် အညီ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက၊ အစိုးရမှ ချမှတ်ထားသော ငြိမ်းချမ်းရေးမူ နံပါတ် (၆) အရ လွှတ်တော်အတွင်းမှသာ ပြင်ဆင်ခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ နံပါတ် (၆) နှင့် (၈) ကို ယှဉ်တွဲ၍ လေ့လာမည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး (ဝါ) လက်နက်ကို အရင်ချပြီးမှသာ ပါတီထူထောင်ခွင့် ရရှိမည်ဖြစ်ပြီး၊ မိမိတို့၏ လက်နက်ကိုင် အဖွဲ့အစည်းများကို နိုင်ငံရေးပါတီအသွင်ပြောင်းပြီးမှသာ ရွေးကောက်ပွဲဝင်ခွင့် ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် သမ္မတသိန်းစိန်၏ ငြိမ်းချမ်းရေးမူသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နိုင်ငံရေးအာမခံချက် မရှိခင်၊ လက်နက် ဖျက်သိမ်း၍ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ရွေးကောက်ပွဲဝင်ရမည့် လမ်းစဉ်ဖြစ်နေပါသဖြင့် တိုင်းရင်းသားလူမျိုးများအတွက် အန္တရယ်ကြီးမားပါသည်။
မိမိတို့လိုလားသော တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် (Negotiation Process)
သမ္မတသိန်းစိန်၏ ငြိမ်းချမ်းရေးမူသည် “တွေ့ဆုံဆွေးနွေး လက်နက်ချခြင်း” (Negotiated Surrender) ဖက်ကို ဦးတည်နေပါက၊ ထို အနေအထားမှ “တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း” (Negotiated Settlement) ဖြစ်သွားအောင် နှစ်ဖက်စလုံးမနစ်နာပဲ ပြိုင်တူအောင်ပွဲခံသော သူလည်းနိုင်၊ ကိုယ်လည်းနိုင် “သူနိုင်-ကိုယ်နိုင်-အဖြေ” (Win-Win-Solution) ဖြစ်သွားအောင် မည်ကဲ့သို့ ပြုပြင်ဖန်တီးမည်နည်း?
တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) က တင်သွင်းခဲ့သော တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရအဆင့် ပဏာမဆွေးနွေးပြီး၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးသောအခါ၊ ဒုတိယအဆင့် အနေဖြင့် တိုင်းရင်းသားလူမျိုးများအားလုံး စုပေါင်း၍ ပြည်ထောင်စုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရမည်ဟု ပါရှိထားပါသည်။ ဤနေရာတွင် သတိထားရမည့်အချက်မှာ - အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ပြည်ထောင်စုအဆင့်နှင့် လိုအပ်ပါက ဆွေးနွေးတိုင်ပင် အဖြေရှာရမည်ဖြစ်ပါသည်။ သို့သော် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရနှင့် ဆွေးနွေးတိုင်ပင်ခြင်းကို တွေ့ဆုံဆွေးနွေး ရေးဖြစ်စဉ်၏ ဒုတိယအဆင့်ဖြစ်သော “ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခြင်း” (ဝါ) “အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ” အဆင့် နှင့် မရောစပ်သင့်ပေ။
မိမိတို့လိုလားသော တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို အောက်ပါအတိုင်း အဆင့် (၃) ဆင့် ခွဲ၍ တင်ပြဆွေးနွေးလိုပါသည်။ ယင်းတို့မှာ ပထမအဆင့် “ပဏာမတွေ့ဆုံဆွေးနွေးပွဲ”၊ ဒုတိယအဆင့် “ပြည်ထောင်စုအစိုးရနှင့် အဓိပ္ပာယ်ရှိသော (ပြည့်ဝသော) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ” နှင့် တတိယအဆင့် “ပင်လုံကဲ့သို့သော ပြည်ထောင်စုညီလာခံကြီး” တရပ်ကျင်းပခြင်းတို့ပင် ဖြစ်ပါသည်။
ပဏာမအဆင့် ။။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (Talk about Talks)
ပဏာမအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (Talk about Talks) တွင် အခြေခံအားဖြင့် အောက်ပါအချက်များ ပါဝင်ကြောင်း တွေ့ရှိနိုင် ပါသည်။
(၁) တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည့် အချိန်နှင့် နေရာ၊
(၂) တွေ့ဆုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာ အဖွဲ့အစည်းကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ အမည်စာရင်းကို အသိပေး ဖလှယ်ခြင်း (တချို့သော တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းအချက်မပါရှိပေ။ အကြောင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းက မိမိတို့၏ အဖွဲ့အစည်းကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ လွတ်လပ်စွာ ရွေးချယ်စေလွှတ်ခွင့်ရှိသောကြောင့် ဖြစ်သည်)
(၃) ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာ၊
(၄) ဆွေးနွေးပွဲကျင်းပပုံကျင်းပနည်း၊
(၅) ဆွေးနွေးပွဲသဘောတူချက်များ အကောင်အထည်ဖော်ပုံဖော်နည်း (နည်းပညာပိုင်းဆိုင်ရာအပါအဝင်)၊
(၆) ဆွေးနွေးပွဲအချိန်ကာလ ကန့်သတ်မှု (လို/မလို)၊
(၇) နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လွတ်လပ်စွာညှိနှိုင်း တိုင်ပင်ခွင့်၊ ထိုသို့ ညှိနှိုင်းတိုင်ပင် နိုင်ရေးအတွက် သွားလာလှုပ်ရှားမှု လွတ်လပ်ခွင့်၊
(၈) သက်ဆိုင်ရာအဖွဲ့အစည်းသာမက လူထုနှင့် တိုင်ပင်ညှိနှိုင်းခွင့်၊
(၉) သတင်းနှင့် ပြန်ကြားရေး လွတ်လပ်ခွင့်နှင့် ကိုင်တွယ်ပုံကိုင်တွယ်နည်း၊
(၁ဝ) နိုင်ငံတကာ (သို့မဟုတ်) ကြားလူ (သို့မဟုတ်) တတိယအင်အားစု ပါဝင်ရန် (လို/မလို) … ဟူသော အချက်များ ဖြစ်ပါသည်။
ပဏာမအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲက ရေရှည်ဖြစ်ပေါ်လာမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် (Negotiation Process) တခုလုံးကို အကောင်းဖက်ကရော အဆိုးဖက်ကပါ လွှမ်းမိုးသွားနိုင်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ် (Negotiation Process) ကြောင့် နိုင်ငံရေးနှင့် စစ်ရေးအရ ပဋိပက္ခဖြစ်ပွားနေသော ရန်ဖက်နှစ်ဖက်၏ အင်အားချိန်ခွင်လျှာအရွေ့အပြောင်းကိုလည်း များစွာဖြစ်ပေါ်စေနိုင်ပါသည်။ ဥပမာ - “ဆွေးနွေးပွဲကာလ အချိန်သတ်မှတ်မှု ရှိ/မရှိ” ဟူသော အချက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအကြား ရေရှည်တွင် အင်အားချိန်ခွင်လျှာများစွာ ပြောင်းလဲသွားစေနိုင်ပါသည်။ အစိုးရအနေဖြင့် ယခင်ကာလများက အချိန်ကန့်သတ်မှုကို မလိုလားခဲ့ပေ။ အချိန်ကို တတ်နိုင်သမျှ ဆွဲထားခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တဖြည်းဖြည်းအင်အားချိနဲ့အောင်လုပ်ဆောင် သွားနိုင်ပါသည်။ အမှည့်ချွေသော လုပ်နည်းလုပ်ဟန်တရပ်ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ထဲတွင် အင်အားအကြီးဆုံး ဖြစ်ခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) ကို (၁၇) နှစ်ကာလအတွင်း အင်အားချိနဲ့အောင် ဖန်တီး နိုင်ခဲ့ပါသည်။
သို့ရာတွင် ယခုအခါ သမ္မတသိန်းစိန်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ်ကို အမြန်ဆုံးဖြစ်မြောက်ပြီးစီးအောင် ကြိုးပမ်းနေသည်ကို တွေ့ရပါသည်။ အကြောင်းမှာ ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေအရ လက်ရှိအစိုးရအနေဖြင့် (၁) နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံအားပေးမှုကို ရရှိလိုခြင်း၊ (၂) စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းစေရန် ကြိုးပမ်းခြင်း (၃) သက္ကရာဇ် ၂ဝ၁၄ တွင် အာဆီယံ ဥက္ကဋ္ဌ နေရာကို ရယူလိုခြင်း စသော အချက်များ ပါဝင်နေပါသည်။ ထို့ကြောင့် “တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်” ကို လျှော့ပေါ့ပြီး တွက်ချက်ရန် မသင့်လျော်ပေ။
ဒုတိယ အဆင့် ။ ။ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခြင်း (ဝါ) အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue)
ပဏာမအဆင့်မှ
တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ်ကို သဘောတူပြီးပါက ဒုတိယနှင့် တတိယအဆင့်
တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ်ကိုလည်း ဆက်လက် သဘောတူရန် လိုအပ်မည်ဖြစ်ပါသည်။
မိမိတို့ တိုင်းရင်းသားလူမျိုးများအနေဖြင့် ဒုတိယအဆင့်
ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးကိစ္စ ဆွေးနွေးသောအခါ
စုပေါင်းတွေ့ဆုံဆွေးနွေးရေးကို လိုလားပါသည်။ သို့ရာတွင် အရေးကြီးသော
ပြည်ထောင်စုတခုလုံးအရေးနှင့် တိုင်းရင်းသားလူမျိုးအားလုံးတို့၏
ဘုံအရေးကိစ္စများကို စုပေါင်းဆွေးနွေး ရမည်ဖြစ်သော်လည်း လက်နက်ကိုင်တပ်များ
ချထားရေး၊ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်း စသည်တို့ကို
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများမှာပင် တိုင်းရင်းသားလူမျိုးများ
လူမျိုးအလိုက်သော်၎င်း၊ ပြည်နယ်တခုချင်း အလိုက်သော်၎င်း သီးခြားဆွေးနွေး
နိုင်ပါသည်။
ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးရာတွင် အခြေခံရမည့်မူများအဖြစ်၊ ပြည်ထောင်စုအစိုးရ၏ ဒို့တာဝန်
အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးအပြင်၊ ဒီမိုကရေစီအရေး၊ ပြည်ထောင်စုအရေး၊
တိုင်းရင်းသားများအရေးစသည့် အခြေခံမူ (၆) ချက်အား အခြေခံသင့်ပါသည်။
ထို အခြေခံမူ (၆) ရပ်နှင့် အညီ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း
ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် အောက်ပါအချက်များကိုအဓိကထား၍
ဆွေးနွေးဖြေရှာရန် လိုအပ်မည် ဖြစ်ပါသည်။
(၁) ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ -
· အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာကိစ္စရပ်များ၊
· ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊
· တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ အနာဂတ်ရေးနှင့် ပြည်ထောင်စုတွင် တခုတည်းသော
တပ်မတော်ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင်
လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊
(၂) ဒီမိုကရေစီရေး၊ ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားလူမျိုးများ ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ -
· တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက် ခံစားသင့်ခံစားထိုက်သော လူမျိုးရေးဆိုင်ရာ အခွင့်အရေးများ၊
· တိုင်းရင်းသားပြည်သူတရပ်လုံး ရရှိခံစားထိုက်သော တသီးပုဂ္ဂလ အခွင့်အရေးများ၊
· တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့် အပါအ၀င် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ၊
· ပြည်နယ်နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊
· ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊
· ပြည်ထောင်စုကြီးအတွင်း ဒီမိုကရေစီကျင့်စဉ်တရားများ ထွန်းကားရေးဆိုင်ရာ ကိစ္စရပ်များ၊
(၃) စီးပွားရေးပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ -
· ပြည်တွင်းပြည်ပမှ လူမှုရေးဆိုင်ရာ အကူအညီများရယူခြင်း (Humanitarian Aid)
· ပညာရေးနှင့်
ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ (ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ်များ
ပြန်လည်မွမ်းမံရေးနှင့် အသစ်တည်ဆောက်ရေး လုပ်ငန်းများ အပါအဝင် …)
· လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော လူထုဆက်သွယ်ရေးလုပ်ငန်းများ၊
· ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊
· နိုင်ငံတကာ
ငွေကြေးအဖွဲ့အစည်း (ဥပမာ - ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ် စသည်…) များနှင့်
နိုင်ငံတကာအစိုးရများထံမှ ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ
ရင်းနှီးမတည်ငွေများ အကူအညီရယူခြင်း၊
· နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးဆိုင်ရာ ကိစ္စရပ်များ … စသည်တို့ ပါဝင်သင့်ပါသည်။
တတိယအဆင့် ။ ။ ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ (ဝါ) ဒုတိယပင်လုံညီလာခံ
တိုင်းရင်းသားလူမျိုးများ၏
အနာဂတ်ကံကြမ္မာကို နိုင်ငံရေးအရ အာမခံချက်ပေးနိုင်မည့် အဓိပ္ပာယ်ပြည့်ဝသော
တွေ့ဆုံဆွေးနွေးပွဲကို “ပြည်ထောင်စုအဆင့်” တွင် ကျင်းပပြီးစီးသောအခါ၊
တတိယအဆင့်အနေဖြင့် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ်ကို ကျင်းပ၍ တွေ့ဆုံဆွေးနွေးရေး
အဆင့်ဆင့်တွင် သဘောတူညီခဲ့သော သဘော တူညီချက်အားလုံး၏ ရည်ရွယ်ချက်များ၊
အချက်အလက်များ နှင့် အနှစ်သာရများကို မပျက်ပြယ်စေပဲ အခြေခံမူများကို
ပြန်လည်စုစည်း၍ “တိုင်းရင်းသားလူမျိုးအားလုံးဆိုင်ရာ ပြည်ထောင်စုသဘောတူညီ
ချက်” (ဝါ) “အမျိုးသားများ သဘောတူညီချက်” (National Accord) တရပ်ကို
အားလုံးသဘောတူလက်မှတ် ရေးထိုးကြရမည်။ ယင်းကို “ဒုတိယပင်လုံညီလာခံ” ဟု
မိမိတို့ ကင်ပွန်းတပ်ထား ပါသည်။ အကြောင်းမှာ ပင်လုံတွင်ထားခဲ့သော
ကတိကဝတ်များအားလုံးကို ပင်လုံစိတ်ဓါတ်ဖြင့် စုပေါင်းအကောင်အထည်
ဖော်နိုင်ရန်အတွက် ပင်လုံထက်ခိုင်မာသော “အမျိုးသားများသဘောတူစာချုပ်” (National Accord) (ဝါ) “တိုင်းရင်းသားလူမျိုးအားလုံးဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်” (Union Agreement) တခုကို
ရေးထိုးရန် လိုအပ် သောကြောင့် ဖြစ်ပါသည်။ သို့မှသာ အနှစ် (၆ဝ)
ပြည်တွင်းစစ်ကြောင့် မိမိတို့ တိုင်းရင်းသားလူမျိုးများ ခါးသီးစွာ
ခံစားနေရသော ကံကြမ္မာဆိုး များကို ကုစား၍ အမျိုးသားပြန်လည်သင့်မြတ်ရေး
လုပ်ငန်းစဉ် (National Reconciliation Process) ကို ဆောင်ရွက်အကောင်အထည်ဖော် နိုင်မည် ဖြစ်ပါသည်။
ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲဖြစ်စဉ်၏
ဒုတိယနှင့် တတိယအဆင့်များတွင် အနှစ် (၆ဝ) ကျော်ပြည်တွင်းစစ်အပါအဝင်
တိုင်းရင်းသားလူမျိုးများ၏ အရေးနှင့် ပြည်ထောင်စုကြီး၏ အရေးအားလုံးကို
အချိန်ယူ၍ စနစ်တကျဆွေးနွေးသွားရန် လိုအပ်မည်ဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးများအရေးနှင့် ပြည်ထောင်စုအရေးများ ဖြစ်ကြသော
တိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ တန်းတူရေးနှင့်
တိုင်းရင်းသားလူမျိုးများ လူမျိုးရေးအရ မတိမ်ကော မပပျောက်ရေးအတွက်
နိုင်ငံရေးအရ အာမခံချက်ရရှိသည်အထိ ဆွေးနွေးတိုင်ပင်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ဒုတိယပင်လုံညီလာခံကြီး (ဝါ) တိုင်းရင်းသားလူမျိုးအားလုံးဆိုင်ရာ “ပြည်ထောင်စုညီလာခံကြီး” တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပါအ၀င် ဖက်ပေါင်းစုံမှ ပုဂ္ဂိုလ်များ (all stake holders)၊ လူမျိုးတစ်မျိုးခြင်းအလိုက်သော်၎င်း၊ စုပေါင်း၍ သော်၎င်း တက်ရောက်သင့်ပါသည်။
ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ဖက်ပေါင်းစုံမှ
နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များ၊ တသီးပုဂ္ဂလများ
စုံညီစွာဖိတ်ကြား တက်ရောက်စေရမည်။
ထို “တိုင်းရင်းသားလူမျိုးအားလုံးဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်” (ဝါ) “အမျိုးသားများ သဘောတူညီချက်” ကို အခြေခံ၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ (နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (ဝါ) အသစ်တဖန် ပြန်လည်ရေးဆွဲရေး ကိစ္စများ)၊
ပြည်ထောင်စု ထာဝရငြိမ်းချမ်းမှုရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေးအဖွဲ့အသီးသီး၏ အနာဂတ်ရေး ဆိုင်ရာကိစ္စရပ်များ
(လက်နက်ဖျက်သိမ်းရေးနှင့် အသွင်ကူးပြောင်းရေးအပါအဝင် ပြည်ထောင်စုကြီး၏ တခုတည်းသော တပ်မတော် ထူထောင်ရေးကိစ္စ) စသည်တို့ကို သတ်မှတ်ချိန်အတွင်း အပြီးသတ်ဆောင်ရွက်သွားကြ ရမည်။
တွေ့ဆုံဆွေးနွေးပွဲ၏ နိုင်ငံရေးအနှစ်ချုပ် (Political Substance)
စစ်ရေးသည်
နိုင်ငံရေးအရ တိုက်ရိုက်ဆောင်ရွက်၍မရသော အရာများကို လက်နက်နည်းဖြင့်
ဆောင်ရွက်ခြင်း တရပ်ဖြစ်ပါသည်။ ထို့ကြောင့် စစ်ရေးသည် နိုင်ငံရေး၏
ကြန်အင်လက္ခဏာ တရပ်ဖြစ်ပါသည်။ တချို့က စစ်ရေးကို နိုင်ငံရေး၏ အဆက်
ဖြစ်သည်ဟုလည်း ဆိုကြပါသည်။ တွေ့ဆုံဆွေးနွေးရေးသည် နိုင်ငံရေးကို
နိုင်ငံရေးနည်းဖြင့် တိုက်ရိုက်ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံရေးကို
စစ်ရေးကဲ့သို့ လက်နက်မပါပဲ တိုက်ရိုက်ဆောင်ရွက်နေရခြင်းဖြစ်သောကြောင့်
ပို၍နူးညံ့သိမ်မွေ့သည်။ ထို့ကြောင့် စစ်ရေးကို ပြင်ဆင်ခြင်းထက်၊
တွေ့ဆုံဆွေးနွေးရေး အတွက် ပြင်ဆင်ခြင်းက ပို၍ ခက်ခဲတတ်ပါသည်။
လေးနက်သိမ်မွေ့ ပါသည်။ ပို၍ အရေးထားရန် လိုအပ်ပါသည်။
စစ်ရေးကိုပြင်ဆင်သောအခါ ပထမဦးဆုံးလိုအပ်ချက်မှာ “မိမိကိုယ်ကိုသိခြင်း” (Know yourself) နှင့် “မိမိရန်သူကိုသိခြင်း” (Know your enemy)
ဟူသော အချက်များပင် ဖြစ်ပါသည်သည်။ မိမိကိုယ်ကိုသိရန် ဟုဆိုရာ၌ မိမိအင်အား၊
စွမ်းရည်၊ အနေအထား၊ အသုံးပြုသော လက်နက် စသည်များဖြစ်ပြီး၊ မိမိရန်သူ၏
အခြေအနေကို သိရှိနိုင်ရေးအတွက်လည်း ထိုအချက်များပင် ပါဝင်နေပါသည်။
ထို့ကြောင့် စစ်ရေးကို ပြင်ဆင်သောအခါ မိမိနှင့်တကွ ရန်သူ၏
ရုပ်ပိုင်းဆိုင်ရာအနေအထားကို ပထမချဉ်းကပ် လေ့လာကြပါသည်။
နိုင်ငံရေးကို
ပြင်ဆင်သောအခါတွင်မူ (အထူးသဖြင့် တော်လှန်ရေးကို အခြေပြုသော နိုင်ငံရေး)
မိမိနှင့်တကွ ရန်သူ၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များသာမက
စိတ်ပိုင်းဆိုင်ရာဖြစ်သည့် အမျိုးသားနိုင်ငံရေးမျှော်မှန်းချက် (National Vision) များကို အလေးအနက်ထား၍ လေ့လာရေပေမည်။ ထိုသို့လေ့လာသုံးသပ်နိုင်မှသာ ရန်သူက ထိုအမျိုးသားနိုင်ငံရေးမျှော်မှန်းချက် (National Vision) ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ချမှတ်ထားသော အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ် (National Mission) နှင့် ထိုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် အသုံးပြုသောယန္တရား (Mechanism) အားလုံး
အလွှာလိုက် အကန့်ခွဲ၍ လေ့လာသုံးသပ်ပိုင်းခြားစိပ်ဖြာနိုင်မည် ဖြစ်ပါသည်။
ထိုသို့ သေချာဂနစွာ လေ့လာသုံးသပ်ပါက ယနေ့ တိုင်းပြည်ကို ဒုက္ခအများဆုံး
ပေးနေသော စစ်အာဏာရှင်စနစ်အောက်မှ တပ်မတော် ပင်လျှင်
အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ် (National Mission) တခုကို အကောင်အထည်ဖော်ရန် အသုံးချသောယန္တရား (Mechanism) တခုမျှသာဖြစ်ကြောင်း လေ့လာသုံးသပ် နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့်
မိမိတို့အနေဖြင့် ရန်သူအစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပရန်
ပြင်ဆင်သောအခါ ရန်သူအစိုးရ၏ ရေရှည်နိုင်ငံရေး ရည်မှန်းချက် (Vision)
ဘာဖြစ်သနည်း ဟူသောအချက်ကို စဉ်းစားရပေမည်။ ထိုနည်းတူ မိမိတို့၏
နိုင်ငံရေးရည်မှန်းချက် ဘာဖြစ်သနည်း ဟူသောအချက်ကို စဉ်းစားရပေမည်။
လူမျိုးတမျိုး၏ အမျိုးသားနိုင်ငံရေးရည်မှန်းချက် (National Vision)
သည် အလွန်တရာ နက်ရှိုင်းပြီး အနာဂတ်ကို မျှော်ကိုးနေပါသည်။
နောင်လာနောက်သားများအတွက် နှစ်ပေါင်းများစွာကို တင်ကြို၍ စဉ်းစားတွက်ဆခြင်း
ဖြစ်သည်။
ထိုသို့ မိမိတို့၏ အမျိုးသားနိုင်ငံရေးရေရှည် မျှော်မှန်းချက် (National Vision) ကို တိတိကျကျသတ်မှတ်ပြီးသောအခါ လက်ရှိ မိမိတို့ ဆင်နွှဲနေသော တော်လှန်ရေး၏ ပန်းတိုင် (Revolutionary Goal) ဘာဖြစ်နေသည်ဆိုသော အချက်ကို စဉ်းစားရပေမည်။ အမျိုးသား ရည်မှန်းချက် (National Vision) နှင့် တော်လှန်ရေးပန်းတိုင် (Revolutionary Goal) တို့၏ ကွာခြားချက်မှာ အမျိုးသား ရည်မှန်းချက် (National Vision) သည်
ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်၍ မိမိတို့ ဘဝသက်တမ်း ကာလအတွင်း
အပြီးသတ် ဆောင်ရွက် အကောင်အထည်ဖော်နိုင်ချင်မှ ဖော်နိုင် ပေမည်။ အနာဂတ်မျိုးဆက်သစ်များ
အတွက် ချမှတ်ပေး ထားရမည့် အမျိုးသားရည်မှန်းချက်ဖြစ်၏။
လူမျိုးတမျိုးထာဝရရှင်သန်ရပ်တည် နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော
“အမျိုးသားရေးဝိဥာဉ်” တပါးဖြစ်ပါသည်။ တော်လှန်ရေးပန်းတိုင် သည်ကား
မိမိလက်ထက်တွင် မရမက လက်တွေ့အကောင်အထည်ဖော်ရမည့် နိုင်ငံရေးပန်းတိုင်
ဖြစ်၏။
ရန်သူအစိုးရ၏
ရေရှည်နိုင်ငံရေးရည်မှန်းချက်သည် ပြည်ထောင်စုအမည်ခံ
မြန်မာအမျိုးသားနိုင်ငံတော် ထူထောင်ရေးသာ ဖြစ်သည်။ ထို
အမျိုးသားနိုင်ငံတော်ထူထောင်ရေး စီမံကိန်းကြီးတွင် နောင်တနေ့သောအခါ
ဤတိုင်းပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး မြန်မာလူမျိုး
ဖြစ်သွားရေး၊ မြန်မာစကား တခုတည်းကိုသာ ပြောဆိုသုံးစွဲရေးနှင့် နိုင်ငံတော်
ဘာသာအဖြစ် ဗုဒ္ဓဘာသာကို တိုက်ရိုက်အားဖြင့် သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း
ပြဋ္ဌာန်းကာ ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးအားလုံး
ဗုဒ္ဓဘာသာဝင်များအဖြစ် ဘာသာ ကူးပြောင်းရေးတို့ ဖြစ်ပါသည်။ ထို့ကြောင့်
သူတို့၏ အမျိုးသား နိုင်ငံတော်ထူထောင်ရေး ရည်မှန်းချက်သည် ရေတိုစီမံကိန်း
မဟုတ်၊ အနှစ် (၂ဝဝ) စီမံကိန်းဖြင့် မြန်မာအမျိုးသားနိုင်ငံတော် ထူထောင်ရေး
လုပ်ငန်းစဉ်ကြီးကို လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ယနေ့တိုင် အဆက်ဆက်သော
ပြည်ထောင်စုအစိုးရများက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
အမျိုးသားနိုင်ငံတော်ထူထောင်ရေး ဆိုသည့် သူတို့၏ အမျိုးသားရေးမျှော်မှန်းချက် (National Vision)
ကို အကောင်အထည်ဖော်ရန် တပ်မတော်အပါအဝင် နိုင်ငံတော်ယန္တရားတခုလုံးကို
အသုံးချနေပါသည်။ ထိုသို့ နိုင်ငံတော်ယန္တရားကို သူတို့စိတ်တိုင်းကျ
အသုံးချနိုင်ရေး အတွက် နိုင်ငံတော်အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့်
စီမံခန့်ခွဲရေးကဏ္ဍအသီးသီးတွင် ဗမာ/မြန်မာမဟုတ်သော တိုင်းရင်းသားလူမျိုးများ
မပါဝင်၊ မပါတ်သက် နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ဥပဒေ၊
စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးယန္တရားမျိုးစုံကိုပါ အသုံးချလျှက် ရှိနေပါသည်။
မိမိတို့တိုင်းရင်းသားလူမျိုးများ၏
ရေရှည်နိုင်ငံရေးရည်မှန်းချက်မှာ မိမိတို့တိုင်းရင်းသားလူမျိုးများ
မတိမ်ကော မပပျောက်ရေး ဟူသော အမျိုးသားတည်တံ့ရေး (National Survival)
ပင်ဖြစ်ပါသည်။ မိမိတို့လူမျိုး မတိမ်ကော မပေပျောက်ပဲ မျိုးသုဉ်းခြင်း
ဒဏ်ကိုခံနိုင်ရေးအတွက် မိမိတို့ချမှတ်ထားသော တော်လှန်ရေးပန်းတိုင်သည်
မိမိတို့၏ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မည့်
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဤပြည်ထောင်စုကြီးကို
ပြန်လည်ဖွဲ့စည်း ထူထောင်ရေးပင် ဖြစ်ပါသည်။ စစ်မှန်သောဖက်ဒရယ်စနစ်ဖြင့်
ဤတိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်မှသာ မိမိတို့တိုင်းရင်းသားလူမျိုးများ
မျိုးပြုတ်တိမ်ကောရေးမှ အကာအကွယ်ရယူနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ထို
ယုံကြည်ချက်အတိုင်း ဤပြည်ထောင်စုကို စစ်မှန်သော ပြည်ထောင်စုစနစ်ဖြင့်
ပြန်လည်ထူထောင်နိုင်ရေးအတွက် မိမိတို့တိုင်းရင်းသားလူမျိုးများ အနှစ်(၆ဝ)
ပြည်တွင်းစစ်ကို ဆင်နွှဲနေရခြင်း ဖြစ်၏။ ထို့ကြောင့် ယခုဆင်နွှဲမည့်
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ၏ နိုင်ငံရေးအနှစ်ချုပ်သည်
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ပြည်ထောင်စုကြီး
ပြန်လည်ထူထောင်ရေးဖြစ်ကြောင်း သတိလက်လွှတ် မဖြစ်သင့်ပေ။
မိမိတို့တိုင်းရင်းသားလူမျိုးများ
အမျိုးမတိမ်ကော မပပျောက်ရေးအတွက် အကာအကွယ်ပေးနိုင်သော
ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် အောက်ပါ အင်္ဂါရပ်များနှင့် ပြည့်စုံရမည်ဟု
ခံယူထားပါသည်။ သို့မှသာ တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ်
ပိုင်ဆိုင်ထား သော “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကို အပြည့်အဝ
အာမခံချက်ပေးနိုင်မည်ဟု ခံယူထားပါသည်။ ယင်းတို့မှာ -
(၁) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လက်ဝယ်တွင် ထားရှိရမည်။
(၂) ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ကျား/မတန်းတူရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အာမခံချက်ပေးရမည်။
(၃) ပြည်ထောင်စုလွှတ်တော်တွင် အာဏာတူ လွှတ်တော် (၂) ရပ်ထားရှိရမည်။
(၄) အထက်လွှတ်တော် (ဝါ) အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ်များကို စေလွှတ်ကြရမည်။
(၅)
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများ၏
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးသည့် ပြည်နယ်ဖွဲ့စည်းပုံ
အခြေခံဥပဒေများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ဆန့်ကျင်ခြင်းမရှိစေပဲ ပြည်နယ်များက သီးခြားလွတ်လပ်စွာ
ရေးသားပြဋ္ဌာန်းပိုင်ခွင့် ရှိရမည်။
(၆)
ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အခြေခံ၍ ပြည်နယ်လွှတ်တော်၊
ပြည်နယ်အစိုးရနှင့် ပြည်နယ်တရားရုံးချုပ်များကို ဖွဲ့စည်းထူထောင်ခွင့်
ရှိရမည်။
(၇)
ပြည်နယ်များက ပြည်ထောင်စုအတိုင်းအတာဖြင့် စုပေါင်းဆောင်ရွက်၍
ပြည်ထောင်စုကို လွှဲအပ်ထားသည့် နိုင်ငံခြား ဆက်သွယ်ရေး၊ ငွေစက္ကူနှင့်
ငွေဒင်္ဂါးထုတ်လုပ်ရေး၊ ပြည်ထောင်စုကာကွယ်ရေးနှင့် ပြည်ထောင်စု
လမ်းပန်းဆက်သွယ်ရေး စသော အာဏာများမှအပ ကြွင်းကျန်အာဏာ (Residual Powers) များကို ပြည်နယ်များထံ အပ်နှင်းထားစေရမည်။
(၈) ဘာသာရေးကို အခြေမခံသော နိုင်ငံတော် (Secular State) ဖြစ်စေရမည် … ဟူသော အချက်များဖြစ်ပါသည်။
နိဂုံးချုပ်
မိမိတို့တိုင်းရင်းသားလူမျိုးများသည်
ပြည်ထောင်စုအတွင် တိုင်းရင်းသားလူမျိုးအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
ရရှိရေး၊ စစ်မှန်သောဖက်ဒရယ် စနစ်ဖြင့် ပြည်ထောင်စုကြီးကို
ပြန်လည်ဖွဲ့စည်းထူထောင်ရေး၊ ဒီမိုကရေစီရေးနှင့် တန်းတူရေးတို့အတွက်
နှစ်ပေါင်း (၆ဝ) ကျော် လက်နက် ကိုင်တိုက်ပွဲဝင်နေရခြင်း ဖြစ်ပါသည်။
ယခုအခါ
နိုင်ငံတော်သမ္မတကြီး သိန်းစိန် အနေဖြင့် “ပြည်တွင်းငြိမ်းချမ်းရေး၊
တိုင်းပြည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး” ဟူသော မူဘောင်အောက်တွင်
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားကြိုးမာန်တက်
လုပ်ဆောင်လျှက်ရှိနေသည်ကို တွေ့ရပါသည်။ သမ္မတသိန်းစိန် ၏
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် မိမိတို့နှစ်ပေါင်း (၆ဝ) ကျော်
တောင်းဆိုလာခဲ့သော စစ်မှန်သောပြည်ထောင်စုစနစ်ထူထောင်ရေး “မူ” နှင့်
နီးစပ်မှုရှိပါသဖြင့် သမ္မတသိန်းစိန်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်ကို
မိမိတို့ ဝမ်းပန်းတသာကြိုဆိုနေခြင်း ဖြစ်ပါသည်။
သို့ရာတွင်
မိမိတို့ နှစ်ဖက်စလုံးမှ လိုလားသော ငြိမ်းချမ်းရေးကို
အမှန်တကယ်ရောက်ရှိနိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကို
နှစ်ဦးနှစ်ဖက် သဘောတူညီစွာ ချမှတ်သင့်ပါသည်။ တဖက်သတ်ရေးဆွဲပြဋ္ဌာန်း၍
ရရှိနိုင်သော အရာမျိုး မဟုတ်ပေ။ ထို့ကြောင့် သမ္မတသိန်းစိန် အစိုးရ၏
အခြေခံမူဖြစ်သော “ဒို့အရေးသုံးပါး” (ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး) နှင့် မိမိတို့
တိုင်းရင်းသားလူမျိုးများ၊ ဒီမိုကရေစီအင်အားစုများ တခဲနက်
အတည်ပြုပြဋ္ဌာန်းခဲ့သော “အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင် အခြေခံရမည့်
လမ်းညွန်အခြေခံမူ (၈) ချက်” တို့ကို အခြေခံမူများအဖြစ် နှစ်ဖက် စလုံးမှ လက်ခံပြီး “အမျိုးသားများသဘောတူညီချက်” (ဝါ) “တိုင်းရင်းသား လူမျိုးအားလုံးဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်” ထွက်ပေါ်လာနိုင်ရေးအတွက် အလျင်အမြန်ဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ရပါသည်။
Comments
Post a Comment