Skip to main content

လူမျိုးစုံချစ်ကြည်ရင်းနှီး နိုင်ငံတည်ဆောက်ခြင်း State - Nation နဲ့ ဗိုလ်ချုပ်ရဲ့ပင်လုံမူ

အသွင်မတူတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ အသွင်မတူတဲ့ မျိုးနွယ်စုတွေ အမြောက်မြားနေထိုင်တဲ့ နိုင်ငံတွေအဖို့ စတိတ်နေးရှင်း သဘော ( လူမျိုးစုံ ချစ်ကြည်နိုင်ငံ ) ပုံစံနဲ့ နိုင်ငံတည်ဆောက်ဖို့ ကျယ်ကျယ်ပြန့်ပြန့် အကြံပြုတင်ပြသူတွေ အထဲမှာ အဲဖရက်စတီဖင် ပါဝင်ပါတယ်။ သူဟာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေကိုလည်း ပြုစုခဲ့ဖူးတဲ့ ပါမောက္ခတစ်ယောက် ဖြစ်ပါတယ်။

သူနဲ့ ယေးလ်းတက္ကသိုလ်က ဟွမ်လင့် ၊ အိန္ဒိယနိုင်ငံက ယာဒက်ဖ်တို့ပူးပေါင်းပြီး Crafting State Nation ; India and Multinational Democracies ဆိုတဲ့ စာအုပ်ကို ရေးသားထားပါတယ်။ ခေတ်ဟောင်းနိုင်ငံရေး အတွေးအခေါ်တွေမှာ နိုင်ငံတစ်ခုရဲ့ နယ်နိမိတ်ပိုင်နက်နဲ့ ယဉ်ကျေးမှု နယ်နိမိတ်မျဉ်းတွေက တစ်ထပ်တည်း ကျနေရမယ်လို့ ဆိုကြပါတယ်။
အဲဒီလို အနေအထားကြောင့် နိုင်ငံတစ်ခုအတွင်းမှာ လူမျိုးတစ်မျိုးတည်းပဲ ရှိနေရမယ့် သဘောဆောင်ပါတယ်။ ယဉ်ကျေးမှုနဲ့ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေရှိတဲ့ နိုင်ငံမှာ နိုင်သူအကုန်ယူစနစ်နဲ့ ဗဟို ရွေးကောက်ပွဲတွေ ကျင်းပပေးလိုက်ရင် မဂျော်ရတီ လူမျိုးတစ်မျိုးကပဲ အမြဲနိုင်နေမှာ ဖြစ်တဲ့အတွက် တခြားအင်အားနည်း မျိုးနွယ်စုတွေအဖို့ နစ်နာမှုတွေ ရှိနိုင်တာကြောင့် ပဋိပက္ခတွေ မုချပေါ်လာနိုင်တယ်လို့ အဲဖရက်စတီဖင်က ဆိုပါတယ်။
ဒါဟာ မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက်လည်း ယဉ်ကျေးမှု ဓလေ့ထုံတမ်း ပေါင်းစုံရှိတဲ့ နိုင်ငံတွေမှာ ပြသ၁နာပေါင်းများစွာ ကြုံတွေ့ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ပြသ၁နာတွေကို ပြေပြေလည်လည် မရှင်းနိုင်တဲ့ တိုင်းပြည်တွေဟာ ကာလရှည် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အောင်မြင်သွားတဲ့ ဒီမိုကရေစီ နိုင်ငံတွေကိုကြည့်ရင် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံဆိုတဲ့ အနေအထားမျိုး မဟုတ်ကြပါဘူးလို့ သူတို့က ဆိုပါတယ်။
အုပ်စု (၁) ။ ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များပြားတဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီလိုစုံလင်တဲ့အထဲမှာ တချို့ယဉ်ကျေးမှုရှိတဲ့ လူတွေက သီးခြားစုဖွဲ့နေထိုင်ကြတယ်။ သူတို့အတွက် ထင်ရှားတဲ့အုပ်စုအသီးသီးက နိုင်ငံရေးမျက်နှာစာမှာ ပြောဆိုနေကြတယ်။ တချို့အမျိုးသားရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကို သုံးပြီး လွတ်လပ်ရေးဆိုတဲ့ အဆင့်အထိ ပြောဆိုနေကြပါတယ်။
အဲဒီအုပ်စုဝင်တွေကို Robustly Multinational လူမှု့အဖွဲ့အစည်းတွေလို့ ခေါ်ပြီး ကနေဒါက ကွီဘက်ပြည်နယ် ၊ စပိန်က ကာတလန်ပြည်နယ် တို့ပါဝင်သလို ဘယ်လဂျီယံကတော့ ဖလမ်းဒါးဒေသကြောင့် ပါဝင်ပါတယ်။ ပန်ဂျပ်ပြည်နယ်က ဆစ်ခ့်ခွဲထွက်လှုပ်ရှားမှု ၊ မီဇိုခွဲထွက်ရေးနဲ့ အရှေ့မြောက် ပြည်နယ်ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့ အိန္ဒိယနိုင်ငံကလည်း အဲဒီအုပ်စုထဲ ပါဝင်သွားပါတယ်။
အုပ်စု (၂) ။ ။ ယဉ်ကျေးမှုအရ အတော်လေး များပြားတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဘာသာစကား ယဉ်ကျေးမှုအရ အုပ်စုတွေက နိုင်ငံရေးအရ ထင်ရှားပြီး နယ်မြေအလိုက် အုပ်စုဖွဲ့ စုဖွဲ့တာတွေ လုပ်မနေကြပါ။ လွတ်လပ်ရေး တောင်းဆိုတာတွေလည်း လုပ်မနေကြပါ။ ဆွစ်ဇာလန် နဲ့ အမေရိကန်လို နိုင်ငံတွေ ဖြစ်ပါတယ်။
အုပ်စု (၃)။ ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ တစ်မျိုးတည်းဖြစ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတာကြောင့် လူမျိုးတစ်မျိုးတည်းက တစ်နိုင်ငံလုံးကို လွှမ်းမိုးထားတယ်လို့တောင် ပြောလို့ရပါတယ်။ အဓိကလူမျိုးကြီးနဲ့ အလားတူရပိုင်ခွင့်တွေ တောင်းနေတဲ့ လူမျိုးတွေလည်း မရှိကြပါ။ ဂျပန် ၊ ပေါ်တူဂီနဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံ အများစုပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံကတော့ တစ်မျိုးတည်းကိုသာ အခြေခံတဲ့ နေရှင်းစတိတ် ဖြစ်ပါတယ်။
၁၉ ရာစု ပြင်သစ်တော်လှန်ရေးပြီးချိန်မှာ ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ၊ အမှတ်သရုပ်လက္ခဏာ တစ်ခုတည်းရှိစေမယ့် တစ်ပြည်ထောင် အမျိုးသားနိုင်ငံ ( Unitary Nation State ) တည်ထောင်ဖို့ စီမံခဲ့ပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်လို့ မြန်မာမှာလိုပဲ တကယ့်ကို ကြောက်လန့်စရာ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုအဖြစ်ကို သတ်မှတ်ခဲ့ကြပါတယ်။ ဒေသအလိုက် ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပုံစံပေါ်လာအောင် ခွင့်ပြုပေးတာမျိုး မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံတစ်ဝန်းက ကျောင်းတွေမှာ တူညီတဲ့ သင်ရိုးညွှန်းတမ်းတွေပဲ သင်ကြားပေးပါတယ်။
ဒါပေမဲ့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး နှိမ်တာတွေ၊ စော်ကားတာတွေ မပါသလို လိုသလိုပုံသွင်းမှုတွေလည်း မပါပါဘူး။ ဆရာတွေအားလုံးကိုလည်း ဗဟိုကနေပဲ လေ့ကျင့်သင်ကြားပေး အသိအမှတ်ပြု လက်မှတ် ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသား လက္ခဏာ တစ်ခုတည်း ဖြစ်လာအောင်နဲ့ ပေါင်းစည်းမှု သင်္ကေတအဖြစ် အားလုံးစစ်မှု မထမ်းမနေရ ဥပဒေပြဋ္ဌာန်း ပေးထားပါတယ်။ ဒါပေမဲ့ ပြင်သစ်မှာ ပြင်သစ်နိုင်ငံသား ဖြစ်မှုအပေါ် ပြဋ္ဌာန်းချက်တွေအတိုင်း သာတူညီမျှ ခံစားခွင့်ရှိပါတယ်။
အမျိုးသားနိုင်ငံတစ်ခုကို တည်ထောင်နေတုန်း လူ့အဖွဲ့အစည်းအတွင်း ခြားနားမှုတွေက နိုင်ငံသားတွေအတွင်း သာတူညီမျှရှိတယ်လို့ ခံစားရတာ ၊ အားလုံး သမိုင်းကြောင်း တူညီတယ်လို့ ခံစားရရင် ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်းမှာ အနှောင့်အယှက် ဖြစ်မနေဘူးလို့ အဲဖရက်စတီဖင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုအနေထားတွေက ရင့်ကျက်ခိုင်မာပြီးသား နိုင်ငံမှာပဲ လွယ်လွယ်ကူကူ ကူးပြောင်းနိုင်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
၂၀ ရာစု နောက်ပိုင်း ရောက်လာတဲ့အခါ အစိုးရမူဝါဒနဲ့ တစ်ပြည်ထောင် အမျိုးသား နိုင်ငံတည်ထောင်ဖို့ ဆိုတဲ့ ကိစ္စတွေက အခက်အခဲတွေ ရှိလာတယ်လို့ သူကဆိုပါတယ်။ စပိန်တို့ ဘယ်လ်ဂျီယံတို့လို နိုင်ငံတွေတောင် ခွဲထွက်ရေးနဲ့ ကြုံရတာကို သူက ထောက်ပြပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုမှာ လူမျိုးစုံ - ဘာသာစုံပြီး အဲဒီလိုစုံလင်မှုက နိုင်ငံရေးအရလည်း အဓိပ္ပာယ် ထင်ရှားလေးနက်နေရင် ( State- Nation ) လူမျိုးစုံ ချစ်ကြည်ရင်းနှီးမှု ပါတဲ့ စရိုက်လက္ခဏာ အခြေခံ နိုင်ငံကို တည်ထောင်ဖို့ စဉ်းစားဖို့ ၊ ဖန်တီးဖို့ ၊ အသိအမှတ်ပြု ထောက်ခံဖို့ လိုအပ်တယ်လို့ အဲဖရက်စတီဖင်က ဆိုပါတယ်။
ဟွမ်လင့်နဲ့ အဲဖရက်စတီဖင်တို့ဟာ State Nation အယူအဆနဲ့ ပတ်သက်လို့ စတိတ်နေးရှင်းဆိုတာဟာ တိုင်းရင်းသား မျိုးနွယ်စု လူမျိုးစုံ ယဉ်ကျေးမှုအစုံ ပါဝင်တဲ့ စုံလင်များပြားတဲ့ နိုင်ငံဖြစ်တယ်။ သို့သော် နိုင်ငံတော်အပေါ် သစ္စာရှိ ၊ အသိအမှတ်ပြုတယ်လို့ သက်ဆိုင်ရာ ပြည်သူများက ထောက်ခံတဲ့ စနစ်မျိုး ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုအရရော လွတ်လပ်ရေး သမိုင်းအရပါ ဆက်စပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ( State – Nation ) လူမျိုးဘာသာ ယဉ်ကျေးမှုအစုံ ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အမှန်တော့ ပါလီမန်ဒီမိုကရေစီကို အခြေခံတဲ့ အိန္ဒိယနိုင်ငံဟာလည်း မြန်မာနိုင်ငံလိုပဲ လွတ်လပ်ရေးရစက တစ်ပြည်ထောင်ပုံစံရှိခဲ့တာပါ။ ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဂျဝါဟာလာနေရူးနဲ့ ကွန်ကရက်ပါတီရဲ့ လိမ္မာပါးနပ်တဲ့ အများသဘောတူ အာဏာခွဲဝေရေး အစီအမံတွေကြောင့်ပဲ လွတ်လပ်ရေးရပြီး သိပ်မကြာခင် ၁၉၅၀ နဲ့ ၁၉၆၀ အကြားမှာတင် ဒီမိုကရက်တစ် State – Nation ဖြစ်လာပါတယ်။ လွတ်လပ်ရေးရပြီးပြီးချင်း ပါကစ္စတန်ခွဲထွက်မှုနဲ့ ကြုံခဲ့ရပေမယ့် နောက်ကြုံရတဲ့ ဆစ်ခ့်ခွဲထွက်မှုတွေနဲ့ တမီလ်နာဒူပြည်နယ် အရေးတွေမှာတော့ တင်းမာမှုမရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့အတွက်လည်း ခွဲထွက်မှု မရှိဘဲ ပြေလည်ခဲ့တာပါ။
နေရှင်းစတိတ် ပေါ်လစီဆိုတာ တိုင်းပြည်တစ်ခုရဲ့  ယဉ်ကျေးမှုတွေနဲ့ နိုင်ငံရေး နယ်နိမိတ်ကို ကိုက်ညီအောင် နိုင်ငံရေး အင်စတီကျူးရှင်း နည်းလမ်းနဲ့ ကြိုးစားပုံဖော်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတော်တော်များများမှာ ယဉ်ကျေးမှု ပုံစံတူညီမှုတွေက တစ်ပုံစံတည်းမရှိဘဲ ကွဲပြားမှုတွေများတဲ့ နေရာတွေများပါတယ်။ ဒါ့ကြောင့် ကွဲပြားခြားနားမှုတွေကို ဂရုစိုက်ပြီး ကွဲပြားခြားနားမှုတွေအတွက် အခွင့်ထူးပေးလိုက်တာတွေလည်း ရှိပါတယ်။
နေးရှင်းစတိတ်တွေကို အကောင်ထည်ဖော်ရာမှာ ပျော့ပျောင်းတဲ့ နည်းလမ်းတွေသုံးခဲ့တဲ့ နိုင်ငံတွေရှိသလို ကြမ်းတမ်းတဲ့ နည်းလမ်းတွေသုံးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
နံပါတ် (၁) နိုင်ငံအတွင်း နေထိုင်ကြတဲ့ မတူကွဲပြားသူတွေ အကြား သစ္စာခံမှု တစ်မျိုး ထူးထူးခြားခြားပေါ်လာအောင် ဆွဲဆောင်စည်းရုံးနည်း၊ စေ့ဆော်ပေးတဲ့နည်း၊ ဖန်တီးပေးတဲ့နည်း ၊ နံပါတ် (၂) အဲဒီလို ဖန်တီးပေးမှုအပေါ် နေးရှင်းစတိတ် အမျိုးသား နိုင်ငံတော်ကို မူလက မထောက်ခံသူတွေ နောက်ပိုင်း ထောက်ခံလာအောင် အမှတ်လက္ခဏာကို မိမိဆန္ဒအရ ပူးပေါင်းပါဝင်လာအောင် တိုက်တွန်းအားပေးခြင်း ၊ နံပါတ် (၃) နေးရှင်းစတိတ်ရဲ့ ပုံစံကိုလက်ခံလာအောင် အခြားမူကွဲတွေကို လက်မခံဘဲ တားဆီးပိတ်ပင်ခြင်း ၊ ရှိပြီးသားဆိုရင် အင်အားနည်းသွားအောင် ဖိနှိပ်ခြင်း ၊ ပျောက်ကွယ်သွားအောင် ဖိအားပေးခြင်း ( မြန်မာမှာ ဗုဒ္ဓဘာသာ တစ်ပြည်ထောင် ထူထောင်ရန် ကြိုးစားခြင်း ၊ မဆလခေတ်က တိုင်းရင်းသား စာပေတွေကို နှိပ်ကွပ်ခြင်း ၊ အခြားမျိုးနွယ်စု ကိုးကွယ်မှု အမှတ်လက္ခဏာပါပါက နိုင်ငံသားမှတ်ပုံတင် ခက်ခဲအောင် လုပ်ခြင်း ( အစိုးရ အလုပ်အကိုင်ရာထူး၊ တပ်ရာထူးတက်ရန် ခက်ခဲခြင်း ) ၊ နံပါတ် (၄) တချို့ဖြစ်ရပ်တွေမှာ ဖိအားပေးရာက တစ်ဆင့် လူမျိုးသုဉ်းသတ်ဖြတ်တဲ့အထိ ကျူးလွန်ခြင်း စတဲ့ နည်းလမ်း လေးသွယ်ကတော့ အမျိုးသားနိုင်ငံ ထူထောင်ဖို့ ကြိုးစားရာမှာ တွေ့ရတဲ့နည်းလမ်းတွေပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။
အမျိုးအစား ကွဲပြားနေပေမယ့် လူ့အဖွဲ့အစည်း ယဉ်ကျေးမှု အမှတ်လက္ခဏာတွေကို နိုင်ငံရေး အင်စတီကျူးရှင်းအရ လေးစားလိုက်နာပြီး ချဉ်းကပ်တာကတော့ State Nation ပေါ်လစီဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားနေတာကို နိုင်ငံရေး နည်းလမ်းနဲ့ တရားဝင်ဖော်ပြခွင့် ပြုတာဟာ ယဉ်ကျေးမှုပေါင်းစုံ စီးမျှောစေတဲ့ State Nation ပေါ်လစီပဲဖြစ်ပါတယ်။
အချင်းချင်း ခွဲခြားဆက်ဆံခံရတယ်ထင်လို့ ပဋိပက္ခဖြစ်နေတာ ( သို့မဟုတ် ) တင်းမာမှုတွေ ရှိနေတာကို ပြေလည်ဖို့အတွက် ကျေနပ်အောင် အခွင့်အရေးတွေ ပေးလိုက်တာကလည်း State – Nation ပေါ်လစီပဲဖြစ်ပါတယ်။ အဲဒီလို ပါဝင်အောင်လုပ်တဲ့နေရာမှာ ခွဲခြားဆက်ဆံတဲ့ပုံနဲ့ အထူးအခွင့်ရေးပေးတာ ၊ အတင်းအကျပ် လုပ်ယူတာ မရှိပါ။ နိုင်ငံရေးရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ We ကျွန်ုပ်တို့အားလုံး ဖြစ်အောင်လည်း State Nation က အားပေးပါတယ်။
တစ်ချိန်တည်းမှာလည်း လူ့အဖွဲ့အစည်းအတွင်း လူမျိုး ၊ ဘာသာ ကွဲပြားမှုတွေအကြား လေးစားလိုက်နာဖို့အတွက် အကာကွယ်ဖြစ်စေမဲ့ ကိစ္စရပ်တွေကိုလည်း ဖန်တီးပေးပါတယ်။ ငါတို့အားလုံးဆိုတဲ့ အမြင်ကို သွင်းပေးမှုမှာ စာပေ၊ ယဉ်ကျေးမှု ဘာသာစကား တန်းတူအခွင့်အရေး ၊ သမိုင်းဆိုင်ရာ တန်းတူညီမျှဖော်ပြခွင့် (မြန်မာမှာတော့ ဗမာတစ်မျိုးတည်းကို အသားပေးတဲ့ လိုသလိုဆွဲတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေကို ကျောင်းတွေမှာ သင်ခိုင်းခဲ့ဖူး ) ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ ဖော်ပြခွင့်တွေကလည်း အရေးပါပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဲဒီ State Nation ပုံစံက ဖက်ဒရယ်စနစ်နဲ့ အံဝင်ခွင်ကျပါပဲလို့ဆိုပြီး မတူကွဲပြားမှုတွေ များတဲ့ နိုင်ငံတွေကလည်း ဒီမိုကရေစီတည်တံ့ဖို့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှ အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း အများကြီးမဟုတ်ပေမယ့် သီးသန့်တခြား စကားပြောတဲ့ မျိုးနွယ်စု နှစ်စု ၊ သုံစုရှိနေပြီး သူတို့က လူနည်းစုဖြစ်နေရင် သူတို့အတွက် မဂျော်ရတီက အကုန်ဆုံးဖြတ်ဆိုတဲ့ ပုံစံမျိုး မဖြစ်ရအောင် ဖက်ဒရယ် မဟုတ်တောင် သူတို့ကို အခွင့်အရေးပေးထားတဲ့ ဖက်ဒရေစီပုံစံမျိုးကို ကျင့်သုံးကြပါတယ်။
ဖက်ဒရေစီဆိုတာ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုအရ ထင်ရှားတဲ့ ဒါမှ မဟုတ်သီးသန့်ရှိတဲ့ နယ်မြေ ဒေသတစ်ခု ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က လက်နက်ကိုင် ပဋိပက္ခဖြေရှင်းဖို့ ပြည်နယ် ရွေးကောက်ပွဲမရှိတဲ့ အင်ဒိုနီးရှားမှာ အာချေးအတွက် ပြည်နယ်ရွေးကောက်ပွဲ လုပ်ပေးပြီး ၊ ပြည်နယ်က ဥပဒေပြုခွင့်အချို့နဲ့ အခွန်ကောက်ခံခွင့် ၊ ပြည်နယ်ရဲတပ်ဖွဲ့ကို ထိန်းချုပ်ခွင့် အာချေးကထွက်တဲ့ ရေနံ ၀င်ငွေ ၇၀ ရာနှုန်းကို ပြည်နယ်က ခွဲဝေရယူခွင့်တွေပေးမှ အာချေးလက်နက်ကိုင် ပဋိပက္ခက ပြေလည်ခဲ့ပါတယ်။
စတိတ်နေးရှင်းစနစ် ကျင့်သုံးရာမှာ အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံအများစုကတော့ ပါလီမန် ဒီမိုကရေစီ ကျင့်သုံးကြတာ ဖြစ်ပြီး ပါလီမန်စနစ်က ညွှန့်ပေါင်းနဲ့ အားလုံး ပါဝင်နိုင်တဲ့ အစိုးရဖွဲ့စည်းဖို့ ခွဲဝေပေးလို့ရတဲ့ စနစ်တွေပါတဲ့အတွက် ဖြစ်ပါတယ်။ မဂျော်ရတီအများစုရတဲ့ ပါတီသာမရှိခဲ့ရင် ညွှန့်ပေါင်းဖွဲ့ဖို့ လိုလာမှာဖြစ်တဲ့အတွက် မိတ်ဖက်ပါတီတွေရဲ့ ထောက်ခံမှုကိုရဖို့ အပေးအယူညှိနှိုင်းမှုတွေ အဆက်မပြတ်လုပ်ရမှာ ဖြစ်တယ်။
နိုင်ငံအနှံ့ ပြိုင်နိုင်တဲ့ ပါတီတွေက ဗဟိုအစိုးရဖွဲ့စည်းမှုမှာ လိုအပ်တဲ့ မဲမရလို့ ဒေသဆိုင်ရာ မျိုးနွယ်စုပါတီလေးတွေရဲ့ ထောက်ခံမှုကို လိုနေမယ်ဆိုရင် ဒေသဆိုင်ရာမျိုးနွယ်စု အစုအဖွဲ့ပါတီတွေရဲ့ ထောက်ကူမှုနဲ့ ဗဟိုမှာအစိုးရဖွဲ့နိုင်မှာ ဖြစ်ပြီး အပြန်လှန်အားဖြင့် မျိုးနွယ်စုပါတီလေးတွေကိုလည်း ဗဟိုအစိုးရမှာ နေရာပေးခြင်းဖြင့် ဒေသအခြေပြု ပါတီတွေကို ဗဟိုလိုလားတဲ့ ပါတီဖြစ်အောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်လို့ အဲဖရက်စတီဖင်က ဆိုထားပါတယ်။
စတိတ်နေးရှင်းမှာ ယဉ်ကျေးမှုခြင်း ပေါင်းစည်းတာမျိုး ရှိရှိမရှိရှိ နိုင်ငံရေးအရ ပေါင်းစည်းတာမျိုးရှိဖို့က အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံမှာ ဟင်ဒီနဲ့ အင်္ဂလိပ်ကိုရုံးသုံးအဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ ဒေသအလိုက် မျိုးနွယ်စုတွေအသုံးပြုတဲ့ ဘာသာစကား ၂၂ မျိုးကို တရားဝင် ဘာသာစကား အဖြစ် သတ်မှတ်ထားပါတယ်။ ဟင်ဒီမသုံးတဲ့ မျိုးနွယ်စုတွေက အင်္ဂလိပ်စာကို အသုံးပြုပြီး နိုင်ငံအ၀ှမ်း အစိုးရဌာနတွေမှာ အလုပ်လုပ်နိုင်ပါတယ်။
တကယ်တော့ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရချိန်မှာပဲ ဟင်ဒီစကားအပြင် အခြားဘာသာ စကားတွေကို လူ ၁၃ သန်းလောက်က သီးခြားအသုံးပြုနေတဲ့ နိုင်ငံဖြစ်နေခဲ့တာပါ။ တော်တော်များများကလည်း ကိုယ်ပိုင် အမှတ်လက္ခဏာတွေ ရှိကြသလို ဟိန္ဒူ ၊ ဗုဒ္ဓ ၊ ခရစ်ယာန် ၊ ဆစ်ခ့် စတဲ့ဘာသာတွေနဲ့ စုံလင်လှတဲ့ နိုင်ငံပါ။
မွတ်ဆလင်က ၁၆၁ သန်းရှိပြီး ကမ္ဘာမှာ တတိယ မွတ်ဆလင်အများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ အစ္စလာမ် သဟဇာတ မဖြစ်ဘူးဆိုပြီး ယူဆသူတွေဘက်က ကြည့်ရင် အိန္ဒိယက အံ့သြစရာဖြစ်ပြီး ဖက်ဒရယ်စနစ်ကိုလည်း ကျင့်သုံးနေပါတယ်။ ကမ္ဘာပေါ်က သက်တမ်းအကြားဆုံး မျိုးနွယ်စုစုံလင် ဖက်ဒရယ်နိုင်ငံ လေးခုဖြစ်တဲ့ ဘယ်လဂျီယံ ၊ စပိန် ၊ ကနေဒါ ၊ အိန္ဒိယ လေးနိုင်ငံမှာ အိန္ဒိယက တစ်ဦးချင်းဝင်ငွေနဲ့ လူနေမှု အဆင့်အတန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပါတယ်။
နိုင်ငံလူဦးရေ သန်း တစ်ထောင်ကျော်နဲ့ တွက်ကြည့်ရင် တစ်နှစ်ပျှမ်းမျှဝင်ငွေက တစ်ဦးချင်းဆိုရင် ဒေါ်လာ လေးထောင်ကျော်သာ ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ စတိတ်နေးရှင်း ( လူမျိုးစုံချစ်ကြည်နိုင်ငံ ) ကို အိန္ဒိယက အောင်မြင်စွာ ထူထောင်ထားနိုင်ပါတယ်။ နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းကို စုစည်းဖို့ နိုင်ငံရေးနယ်ပယ် ၊ ကျင့်ဝတ်ပိုင်းနဲ့ အခြေခံဥပဒေဆိုင်ရာ နယ်ပယ်တွေမှာ ကာလရှည်ကြာ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယမှာ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေ အများအပြားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြသ၁နာ ပြေလည်စေဖို့အတွက် အချိုးမညီ ဖက်ဒရယ်ကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ကိုးကွယ်ရာ ဘာသာတွေကလည်း နက်နက်ရှိုင်းရှိုင်း ကွဲပြားနေကြတာပါ။ မွတ်ဆလင် သမ္မတဖြစ်တဲ့အခါလည်း ပြသ၁နာ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ တကယ်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့ နိုင်ငံကို ဘယ်လို အင်စတီကျူးရှင်းတွေနဲ့ တည်ဆောက်မလဲ ၊ မတူကွဲပြားမှုတွေကို ဘယ်လို ပေါင်းစည်းမလဲဆိုတာ အင်္ဂလိပ်လက်အောက်မှာ ရှိနေစဉ် ၁၉၂၀ လောက်ကတည်းက အိန္ဒိယ ကွန်ကရက်ပါတီက ပါတီရဲ့ မူဝါဒအနေနဲ့ အသေးစိတ် လေ့လာမှုတွေ ပြုခဲ့တာပဲဖြစ်ပါတယ်။
အခြေခံဥပဒေမှာ နိုင်ငံသား အဓိပ္ပာယ်ဖွင့်ဆိုချက်က နယ်မြေဒေသကို အခြေခံတာကြောင့် State Nation နဲ့ တော်တော်လေးကို ကိုက်ညီခဲ့ပါတယ်။ လွတ်လပ်ရေး ရသွားတဲ့ အိန္ဒိယဟာ လွှတ်တော်နှစ်ရပ်ပါတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမယ်ဆိုတာ ၁၉၂၈ ခုနစ်ကျော် ကာလကတည်းက ကွန်ကရက်ပါတီ အစီရင်ခံစာက အတည်ပြုခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အိန္ဒိယကို စတိတ်နေးရှင်းအဖြစ် အပြည့်အဝေ အသိမှတ်ပြုလိုက်တာ ၁၉၅၇ မှဖြစ်ပြီး ဘာသာစကားတစ်ခုစီနဲ့ သုံးစွဲနေတဲ့ ပြည်သူတွေက သူတို့သက်ဆိုင်ရာ ကိုယ်ပိုင်ပြည်နယ် ရသွားပြီး သက်ဆိုင်ရာ ဘာသာစကားနဲ့ အုပ်ချုပ်လို့ ရသွားခဲ့တာ ဖြစ်ပါတယ်။
သီးခြားပြည်နယ် ဖန်တီးလို့ရတာကြောင့် မြန်မာနိုင်ငံက ချင်းတွေနဲ့မျိုးနွယ်စုတူတဲ့ မီဇိုတွေဟာ မီဇိုရမ်ပြည်နယ် အဖြစ်ရသွားပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းခွင့် ၊ မီဇိုလူမျိုးတွေပဲ မဲပေးလို့ရတဲ့ ဒေသန္တရရွေးကောက်ပွဲ ၊ မြေယာပိုင်ဆိုင်ခွင့်တွေရခဲ့သလို ၁၉၈၆ က မီဇို သဘောတူညီချက်ကလည်း မီဇိုခွဲထွက်ရေးကို အပြီးသတ်စေခဲ့ပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ မတူကွဲပြားတဲ့ ဘာသာအလိုက် သာသနာပြုခွင့် ၊ အဆောက်အအုံ ဆောက်ခွင့်တွေကလည်း လွတ်လပ်မှုရှိပြီး ဟာဂ်ျ့ ဘုရားဖူးအဖြစ် မက္ကာကိုသွားတဲ့ မွတ်ဆလင်တွေကို အိန္ဒိယအစိုးရက ထောက်ပံ့ကြေး ပေးပါတယ်။ ရုံးပိတ်ရက်တွေကလည်း ဟိန္ဒိုတွေအတွက် ငါး ရက် မွတ်ဆလင်တွေအတွက် ငါးရက် အခြားဘာသာဝင်တွေအတွက် ငါးရက် သတ်မှတ်ပေးထားပါတယ်။
အိန္ဒိယက တမီလ်ခွဲထွက်ရေးအတွက် လှုပ်ရှားနေချိန် State Nation ပေါ်လစီအရ မျိုးနွယ်စုအခွင့်ရေးတွေ ပေးတဲ့အတွက် ပြေလည်သွားပေမယ့် သီရိလကာင်္နိုင်ငံမှာတော့ တမီလ်တွေကို Nation State ဖြစ်အောင် အတင်း သွတ်သွင်းခဲ့တာကြောင့် လူတွေသိန်းနဲ့ချီ သေကျေပြီးမှ ပြည်တွင်းစစ် အဆုံးသတ်ခဲ့ရပါတယ်။
အဲဖရက်စတီဖင် ဆိုခဲ့တာက ယူကရိန်းအကြောင်းလည်း သူလေ့လာထားပြီး ၁၉၉၁ ယူကရိန်းနိုင်ငံ ဖြစ်လာတဲ့အခါမှာ အားလုံးခြုံငုံပါဝင်တဲ့ မျိုးနွယ်စုအစုံပါဝင်တဲ့ ယူကရိန်းမဖြစ်ခဲ့ဘူးလို့ သူကဆိုပါတယ်။ ဒါကြောင့် နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေနဲ့ ပြသ၁နာ တက်နိုင်တယ်လို့ ၂၀၀၀ ခုနစ်ကျော်လောက် ကတည်းက သူက သတိပေးခဲ့ပါတယ်။
တကယ်လည်း နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေကြောင့် ခရိုင်းမီးယားအရေး ပြသ၁နာပေါ်ခဲ့ရပြီ မဟုတ်ပေလော။
အိန္ဒိယနဲ့ လွတ်လပ်ရေးခေတ်ပြိုင် မြန်မာနိုင်ငံမှာတော့ နေရူးရဲ့ မိတ်ဆွေလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း State Nation ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြိုးစားတဲ့ အချိန်နဲ့ နေရူးကြိုးစားးတဲ့အချိန် ကွာတာက ဗိုလ်ချုပ်က သူတစ်ဦးတစ်ယောက်တည်းကသာ ပင်လုံစာချုပ်ကိစ္စတွေ လုပ်ခဲ့တာဖြစ်ပြီး ဖဆပလ အနေနဲ့ အိန္ဒိယက ကွန်ကရက်ပါတီလို နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့တာတော့ မဟုတ်ပါဘူး။
ဒါကြောင့် ၁၉၄၆ ပထမ ပင်လုံမှာ ဖဆပလ ကိုယ်စားလှယ် ဦးနုဟာ မအောင်မြင်ခဲ့ရသလို ဗိုလ်ချုပ်ကွယ်လွန်လို့ သူ့အနေနဲ့ အရိုက်အရာ ဆက်ခံရချိန်မှာလည်း အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါဘူး။ တစ်နည်းအားဖြင့် အင်စတီကျူးရှင်းအလိုက် State Nation အတွက် မပြင်ဆင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အနေနဲ့ စစ်မဖြစ်မီက အမျိုးသားရေးအရ အမျိုးသားရေးဝါဒီ ဖြစ်ကောင်းဖြစ်ခဲ့ပေမယ့် ဘီအိုင်အေ၀င်ပြီး ခေတ်ကာလ နောက်ပိုင်းကစလို့ လူမျိုးစုံ ၊ ဘာသာစုံ တည်ရှိနေမှုကို အကြောင်းပြုပြီး တစ်ဘာသာတည်း ၊ လူမျိုးတစ်မျိုးတည်းဆိုတဲ့ ကိစ္စတွေကို မလုပ်တော့တာက ဘာသာခြားတွေ ၊ မျိုးနွယ်စုတွေကို တလေးတစားနဲ့ အစိုးရအဖွဲ့ထဲမှာ နေရာပေးခဲ့မှုတွေက သက်သေပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြည်ထောင်စုဖွဲ့စည်းဖို့ သဘောတူခဲ့တဲ့ အခြေခံခဲ့တဲ့ မူတွေကို ကြည့်မယ်ဆိုရင် ( ၁)၊ လွတ်လပ်၍ အချုပ်အခြာ အာဏာ ပိုင်ဆိုင်သောနိုင်ငံ ၊ လွတ်လပ်သော သဘောဆန္ဒနှင့်အညီ ပြည်ထောင်များနိုင်ငံသစ်တည်ထောင်မှုတွင် ပူးပေါင်းပါဝင်ကြမှု ၊ (၃) တန်းတူရေး (၄) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ( ၅) ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စု (၆) လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ခြင်း (၇) ဒီမိုကရေစီနဲ့ ပတ်သက်လို့ နိုင်ငံသားတိုင်း ခံစားခွင့် (၈) ပါတီစုံဒီမိုကရေစီစနစ် (၉) ဘာသာရေးကို အခြေမခံတဲ့နိုင်ငံ (၁၀) ခွဲထွက်ခွင့်ဆိုတဲ့ အချက်တွေကို အခြေခံခဲ့တာ ဖြစ်ပါတယ်။
ခွဲထွက်ခွင့်အချက်ကလွဲလို့ ကျန်တဲ့မူတွေက ပြီးခဲ့တဲ့ မိုင်ဂျာယန်ညီလာခံအထိ တိုင်းရင်းသားတွေ တောင်းဆိုနေခဲ့တာဟာ အဲဒီပင်လုံမူတွေကို အခြေခံ တောင်းနေကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ နှစ်ပေါင်း ခြောက်ဆယ်နီးပါး ပြည်တွင်းစစ်ဖြစ်နေတာ ၊ စစ်အာဏာရှင်အောက် မရောက်ခင် လွတ်လပ်ရေးရစ ပါလီမန်ခေတ်ကတည်းက ပြည်တွင်းစစ် စခဲ့ပြီး ကျရှုံးနိုင်ငံအဖြစ် ရောက်နေခဲ့တယ်လို့ အကဲဖြတ်တွေက သုံးသပ်ခဲ့တာဟာ နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီတဲ့ လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ State Nation ကို အောင်မြင်စွာ မတည်ဆောက် နိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
REF :
Crafting State Nation; India and Multinational Democracies
Alfred Stepan, Yogandra Radev
စိုင်းထွန်းအောင်လွင်
The Ladies News

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video