ကမ္ဘာပေါ်မှာ တင်းနစ် ပြိုင်ပွဲ အများကြီး ရှိပေမယ့်
အရေးကြီးတဲ့ ပွဲ ၄ ခုပဲ ရှိပါတယ်။ အဲဒါတွေကတော့ ပြင်သစ်နိုင်ငံမှာ
ကျင်းပတဲ့ပွဲ၊ အမေရိကန်မှာ ကျင်းပတဲ့ပွဲ၊ ဗြိတိန်မှာ ကျင်းပတဲ့ပွဲနဲ့
သြစတြေးလျ နိုင်ငံမှာ ကျင်းပတဲ့ ပွဲတို့ ဖြစ်ပြီး "ကြီး ၄ ကြီး"
လို့လည်း တင်စားကြပါတယ်။
တင်းနစ် ကစားသမားတိုင်းက ကြီး ၄ ကြီးပွဲမှာ ပါဝင်လို၊ အောင်ပွဲခံလိုကြတာချည်း ဖြစ်ပါတယ်။
အဲဒီတော့ ကြီး ၄ ကြီးထဲမှာ ပါဝင်တဲ့ သြစတြေးလျ နိုင်ငံရဲ့ တင်းနစ်ပွဲအကြောင်းကို ပြောပြချင်ပါတယ်။

Australian Open တင်းနစ်ပွဲကို မဲလ်ဘုန်းမှာပဲ ကျင်းပတာလား
Melbourne Park မှာ တင်းနစ်ပွဲကို ဇန်နဝါရီလ ၁၈ ရက်ကနေ ၃၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ (Photo: ABC Ning Pan)
Australian Open ရဲ့ အစကတော့ ၁၉၀၅ ခုနှစ်မှာ စတင်တဲ့ Australasian Championships ပဲ ဖြစ်ပါတယ်။
အဲဒီ ချန်ပီယံပွဲကို ဘရစ္စဘိန်းမြို့၊ ပတ်သ်၊ ဆစ်ဒနီ၊ အက်ဒလိတ်မြို့သာမက နယူးဇီလန် နိုင်ငံမှာလည်း ကျင်းပခဲ့ကြပါတယ်။
ဒါပေမဲ့ အားကစားမြို့တော်လို့ တင်စားကြတဲ့ မဲလ်ဘုန်းမြို့ကတော့ အိမ်ရှင်အဖြစ် အများဆုံး ကျင်းပခွင့်ရပြီး တင်းနစ်ပွဲ ကျင်းပလာတဲ့ နှစ်ပေါင်း ၁၀၃ နှစ်အတွင်း မဲလ်ဘုန်းမြို့က ပွဲပေါင်း ၆၀ ကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရခဲ့ပါတယ်။
၁၉၇၂ ခုနှစ်နောက်ပိုင်းကစပြီး Australian Open ပွဲကို မဲလ်ဘုန်းမြို့ တစ်ခုတည်းမှာပဲ နှစ်စဉ် ကျင်းပလာတာ ဖြစ်ပါတယ်။

ဆုကြေးငွေက ဘယ်လောက်လဲ။
အမျိုးသား ချန်ပီယံနဲ့ အမျိုးသမီး ချန်ပီယံအတွက် ဆုကြေးက သြစတြေးလျ ဒေါ်လာ ၃.၄ သန်း ဖြစ်ပါတယ်။ (Photo: ABC Licensed)
ဒီနှစ်အတွက် စုစုပေါင်း ဆုကြေး တန်ဖိုးက သြစတြေးလျ ဒေါ်လာ ၄၄ သန်း ဖြစ်ပြီး အရင်နှစ်တုန်းကတော့ သန်း ၄၀ သာ ရှိခဲ့ပါတယ်။
ပထမဆု ရရှိတဲ့ အမျိုးသား ချန်ပီယံနဲ့ အမျိုးသမီး ချန်ပီယံကတော့ တစ်ယောက်ကို ဒေါ်လာ ၃.၄ သန်းစီ ရရှိမှာ ဖြစ်ပါတယ်။
ပထမအဆင့်မှာ ထွက်ခွာရတဲ့ ကစားသမားတွေက ဒေါ်လာ သုံးသောင်းရှစ်ထောင်ကျော်သာ ရရှိမှာပါ။
အရင်တုန်းကတော့ အမျိုးသားနဲ့ အမျိုးသမီးတွေ ရရှိတဲ့ ဆုကြေးငွေတွေ မတူခဲ့ပေမယ့် ၂၀၀၁ ခုနှစ် နောက်ပိုင်း ဆုကြေးငွေ အတူတူ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံကတော့ အမျိုးသားနဲ့ အမျိုးသမီး ဆုကြေးငွေကို ပထမဆုံး (၁၉၇၃ ခုနှစ်ကတည်းက) တန်းတူ သတ်မှတ်တဲ့ နိုင်ငံဖြစ်ပြီး သြစတြေးလျကတော့ ဒုတိယမြောက် နိုင်ငံ ဖြစ်ပါတယ်။

ဘယ်ပွဲစဉ်က အကြာဆုံး ပွဲစဉ် ဖြစ်ခဲ့သလဲ။
၂၀၁၂ ခုနှစ်မှာ ကစားတဲ့ Djokovic နဲ့ Nadal တို့ရဲ့ ယှဉ်ပြိုင်မှုက ၅ နာရီ ၅၃ မိနစ် ကြာခဲ့ပါတယ်။ (Photo: ABC Licensed)
၂၀၁၂ ခုနှစ်တုန်းက Novak Djokovic နဲ့ Rafael Nadal တို့
ယှဉ်ပြိုင်ခဲ့တဲ့ပွဲဟာ Australian Open တင်းနစ်ပွဲရဲ့ အရှည်ကြာဆုံးသော
ပွဲအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီပွဲမှာ Djokovic က Nadal ကို ၅-၇ ၊ ၆-၄ ၊ ၆-၂ ၊ ၆-၇ ၊ ၇-၅ နဲ့ အနိုင်ရရှိပြီး အဲဒီပွဲကို ၅ နာရီ ၅၃ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံသားတွေက အများဆုံး ဆွတ်ခူးသွားသလဲ။
တင်းနစ်ပွဲမှာ သြစတြေးလျ မြေပုံအတိုင်း လူတွေ တန်းစီပုံဖော်ကြစဉ် (Photo: Reuters)
Australian Open တင်းနစ်ပွဲမှာ သြစတြေးလျ နိုင်ငံသားတွေကပဲ အများဆုံး
ချန်ပီယံဆုကို ဆွတ်ခူးနိုင်ကြပေမယ့် ဒုတိယအများဆုံး ဆွတ်ခူးတဲ့
နိုင်ငံကတော့ အမေရိကန် ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဗြိတိန်က တတိယနဲ့ ဆွီဒင်က စတုတ္တ ဆုအများဆုံး ရယူနိုင်ခဲ့ပါတယ်။

အသက်အငယ်ဆုံး ချန်ပီယံတွေက ဘယ်သူလဲ
ဆွစ်ဇာလန် ကစားသမား Martina Hingis က အသက်အငယ်ဆုံး အမျိုးသမီး ချန်ပီယံ ဖြစ်ပါတယ်။ (Photo: Getty Images)
Australian Open တင်းနစ်ပွဲရဲ့ အသက်အငယ်ဆုံး အမျိုးသား ချန်ပီယံကတော့ Ken Rosewall ဖြစ်ပါတယ်။
သူက ၁၉၅၃ ခုနှစ်တုန်းက ချန်ပီယံဆု ရရှိတာဖြစ်ပြီး အသက် ၁၈ နှစ်နဲ့ ၂လသာ ရှိခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် Ken Rosewall ဟာ အသက်အကြီးဆုံး ချန်ပီယံလည်း ဖြစ်ပါတယ်။ အသက် ၃၇ နှစ်နဲ့ ၂ လ အရွယ် ၁၉၇၂ ခုနှစ်မှာ ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် အငယ်ဆုံး အမျိုးသမီး ချန်ပီယံကတော့ ဆွစ်ဇာလန်နိုင်ငံသူ Martina Hingis ဖြစ်ပြီး ၁၉၉၇ ခုနှစ်တုန်းက ချန်ပီယံဆု ရရှိတဲ့အချိန်မှာ အသက် ၁၆ နှစ်နဲ့ ၄ လသာ ရှိခဲ့တာ ဖြစ်ပါတယ်။
အသက်အကြီးဆုံး အမျိုးသမီး ချန်ပီယံကတော့ Thelma Coyne Long ဖြစ်ပြီး သူဟာ အသက် ၃၅ နှစ်နဲ့ ၈ လရှိတဲ့ ၁၉၅၄ ခုနှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သင်သိပါသလား။
၂၀၁၄ ခုနှစ်တုန်းက တင်းနစ်ရိုက်တံ ထောင်နဲ့ချီကို ပြုပြင်မှု လုပ်ခဲ့ရပါတယ်။ (Photo: ABC)
Australian Open တင်းနစ်ပွဲကို ကျင်းပတဲ့ အချိန်ဟာ ခြောက်သွေ့ပြီး
ပူပြင်းလှတဲ့ နွေရာသီအချိန် ဖြစ်တဲ့အတွက် ကစားသမားတွေဟာ ရှိသမျှ အားတွေနဲ့
အားသွန်ခွန်စိုက် ကစားကြရတာ ဖြစ်ပါတယ်။
အဲဒီလို အားသွန်ခွန်စိုက် ကစားရတဲ့အတွက် တင်းနစ် ရိုက်တံပေါ်က ကြိုးတွေကို မကြာခဏ ပြုပြင်ရလေ့ရှိသလို ပူအိုက်တဲ့ ရာသီအတွင်း ကစားသမားတွေ စိတ်မရှည်ရာက ရိုက်တံတွေကို ပစ်ချ ဖျက်ဆီးတဲ့အတွက်လည်း ပြုပြင်ရလေ့ရှိပါတယ်။
၂၀၁၅ ခုနှစ်တုန်းကတော့ ရိုက်တံ အခုပေါင်း ၄၇၆၃ ခုရဲ့ ကြိုးတွေကို ပြုပြင်ခဲ့ရပြီး အဲဒီကြိုးတွေရဲ့ စုစုပေါင်း အရှည်က ၅၇ ကီလိုမီတာ ရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ရက်တွေမှာတော့ တင်းနစ်ကွင်းထဲမှာ ဘောလုံးကောက် အလုပ်လုပ်တဲ့ ကလေးငယ် တချို့ရဲ့ အကြောင်းကို ပြောပြမှာ ဖြစ်ပါတယ်။
Melbourne Park မှာ တင်းနစ်ပွဲကို ဇန်နဝါရီလ ၁၈ ရက်ကနေ ၃၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

Comments
Post a Comment