''သားသမီးတွေကအရွယ်ရောက်လာတော့ကိုယ့်မိဘကဒီလိုကုန်ထမ်းသမားတယောက်ဆိုတော့
စဉ်းစားကြည့်ပေါ့ သားရယ်၊ သူတို့ပတ်ဝန်းကျင်ကို ဘယ်လိုများ ရင်ဆိုင်ကြမလဲ။
သူတို့လေးတွေကို ဦးတို့လို ကုန်ထမ်းတဲ့ဘဝမျိုးနဲ့ မမြင်ချင်ဘူးလေ။
ကိုယ်သာကုန်ထမ်းမယ် ကိုယ့်သားသမီးတွေကိုတော့ ပညာတတ်ကြီး
ဖြစ်စေချင်တယ်။''ပြောပြောဆိုဆိုဖြင့် ဦးသိန်းဇော်သည်နဖူးမှ စီးကျနေသည့်
ချွေးများအားသုတ်လိုက်သည်။
ထိုအခိုက်တွင် မြစ်ကမ်းဘက်မှတိုက်လာသော လေကြမ်းများနှင့်မာန်ဖီနေသလားထင်မှတ်ရသည့် နေမင်းကြီး၏အပူချိန်နှင့် ရောနှောကာ ဘေးပတ်ဝန်းကျင်တွင်ဈေးသည်များ အော်ဟစ်ဈေးရောင်းနေသည့် အသံများကြောင့် သီရိမင်္ဂလာဈေးသစ်ကြီးမှာ ပိုမိုအသက်ဝင်လာစေသည်။
နေအပူရှိန်ပြင်းထန်လှသဖြင့်ငါးစိမ်းသည်တို့သည် ဗန်းပေါ်မှငါးများကိုရေနှင့် မကြာခဏဆိုသလို ပက်ဖျန်းကြသည်ကို တွေ့ရသည်။ ဈေးဆိုသည့်အတွက် လူစုံ၊ ဘဝစုံ၊ မြင်ကွင်းစုံ၊ ရသစုံများနှင့် တွေ့ရမြင်ရ ကြားရသမျှသည် အသစ်အဆန်းများဖြစ်နေလေသည်။
ထိုစရိုက်စုံထဲတွင် သားသမီးများပညာတတ်ကြီးဖြစ်စေရန်နှင့် နို့ညာသမီးလေးကိုကျောင်းထားနိုင်ဖို့အတွက် နေပူ မရှောင်မိုးရွာမရှောင် ကုန်ထမ်းနေသည့် ကုန်ထမ်းသမားဦးသိန်းဇော်လည်း တယောက်အပါအဝင် ဖြစ်သည်။ သူသည် နေ့စဉ်နေ့တိုင်းမနက်ဝေလီဝေလင်း ၄ နာရီလောက်တွင် အိပ်ရာမှထ၊ သီရိမင်္ဂလာဈေးသစ်ကြီးဆီသို့ မျှော်လင့်ချက်အပြည့်ဖြင့် ခြေဦးလှည့်ထွက်ခွာသည်။ သူ၏အတွေးထဲတွင် သားကြီးနှင့် သမီးငယ်တို့၏ ပညာရေးနှင့် အနာဂတ်ဘ၀ ဖြောင့်ဖြူးရေးတို့ ဖြင့် ပြည့်ကျပ်လျက်။ သူ၏အိင်္ကျီအိပ်ကပ်ထဲမှာတော့ ငါးရာတန်ခပ်နွမ်းနွမ်းတရွက်သာ နေရာယူထားသဖြင့် ပြားချပ်ချပ်နိုင်လှသည်။ ကုန်ထမ်းသမားလေး ဦးသိန်းဇော် ရန်ကုန်ဆောင်းကို အန်တုပြီးနေအိမ်မှ ထွက်လာခဲ့သည်။
''သူများအိမ်ခေါင်မိုးမှာမီးခိုးထွက်တော့ ကိုယ့်အိမ်ခေါင်မိုးပေါ်မှာလည်းမီးခိုးထွက် စေချင်တယ်လေ။ ပြီးတော့ အကြီးတွေကို ဦးစားပေးကျောင်းထားထားလို့ အခုထိကျောင်းမနေရသေးတဲ့ သမီးလေးအတွက် ပိုက်ဆံလိုတယ်။ အဲ့ဒီအတွက်ကြောင့် ဆောင်းတွင်းအေးတာတွေ ခရီးဝေးတာတွေကို ဂရုမစိုက်နိုင်တော့ဘူး။ နေ့စဉ် နံနက် ၄ နာရီဆိုလိုင်းကားပေါ်ရောက် နေပြီလေ။''
ဦးသိန်းဇော်၏ အလုပ်မှာလှို်င်မြို့နယ် (၄) ရပ်ကွက် အပိုင်တွင် ရှိသည့် သီရိမင်္ဂလာဈေးသစ်ကြီးတွင် ကုန်ထမ်းရသည့် အလုပ်ဖြစ်သည်။ ကုန်ထမ်းရသည့်အလုပ်သည် နှစ်မျိုးနှစ်စားရှိသည်။ဈေးအတွင်းဆိုင်ခန်းများတွင် နေ့စားထမ်းခြင်းနှင့် မလွတ်တန်း ထမ်းခြင်းဖြစ်သည်။ ဆိုင်ခန်းတွင်နေ့စားထမ်းပါကတနေ့လျှင် ၅ထောင်ကျပ်ရ သည်။ အလွတ်တန်းကုန်းထမ်း ခြင်းဆိုသည်မှာ ကုန်တင် ကုန်ချလုပ်ဆောင်သည့်ပွဲစားများလူလိုသည့်အခါတွင် ကူညီထမ်းပိုးပေးခြင်းဖြစ်ပြီး နေ့စားအထမ်း သမားဘ၀နှင့် ယှဉ်လျှင် ဝင်ငွေပိုကောင်းသည်။ ဦးသိန်းဇော်သည် အလွတ်တမ်းကုန်ထမ်းသမားဖြစ်သည်။ နေ့စားထမ်း မည်ဆိုလျှင် ၅ ထောင်ကျပ်သည် ၄င်း၏ မိသားစုအတွက် တွက်ခြေမကိုက်ဟုဆိုသည်။ အလွတ်တန်းထမ်းရခြင်းသည် နေ့စားကုန်ထမ်းသမားများနည်းတူဝင်ငွေ ပုံမှန်မရနိုင်သည်မှာသေချာပါသည်။ တခါတရံထမင်းဖိုးပင်မရသည့်နေ့ရှိ၍ ရေသောက်၍ ဖြတ်သန်းရသည့်နေ့များပင်ရှိကြောင်း ကိုသိန်းဇော်က ပြောပြသည်။
''တခါတခါ အလုပ်အဆင်မပြေတဲ့နေ့ကျရင် ထမင်းမစားရဘူးလေ။ ဗိုက်ကလည်းဆာတာပေါ့နော်။ ဟိုအသီးလေး ကောက်စားလိုက် ဒီအသီးလေးကောက်စားလိုက် အလုပ်ပြီးမှပဲထမင်းဝယ်စားလိုက်တယ်။ ဒီအပေါ်မှာလည်း ကိုယ့်ဘဝလို့ပဲလို့ မှတ်ယူပါတယ်။''
ဤကဲ့သို့ ထမင်းစားရသည့် နေ့များရှိခဲ့သော်လည်းအိမ်ပြန်ရောက်လျှင် မိသားစုကိုပြောပြခြင်းမရှိဘဲ ရင်တွင်မျိုသိပ်ခဲ့ သည်ဟုဆိုသည်။ ဖခင် ထမင်းငတ်ခဲ့သည်ကိုကလေးငယ်များသိသွားခဲ့လျှင် စိတ်ထိခိုက်အားငယ်ပြီး ကျောင်းစာတွင်လျော့ သွားမည်ကို စိုးရိမ်သည့်အတွက်ဟု ဆိုသည်။ဈေးထဲတွင် ကုန်ထမ်းရသူတဦးဖြစ်သော်လည်း မိသားစုအတွက်မူသူသည် သူရဲကောင်းကြီး တဦးဖြစ်နေသည့်အတွက် ဤမျှသောအခက်အခဲကို အသေးအမွှားဟု သဘောထားကြောင်း သူက ပြောသည်။ ဦးသိန်းဇော်အတွက် စိတ်ပျက်အားငယ်ရသည့် အချိန်များသည် မိမိထမင်းငတ်သည့် အချိန်များမဟုတ်ဘဲ အိမ်အပြန်တွင် စောင့်ဆိုင်းနေသည့် မိသားစုအတွက် ပိုက်ဆံမပေးနိုင်သည့် အချိန်ပင်ဖြစ်သည်။
၎င်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပြောင်းရွေ့လာသူဖြစ်ပြီးယခုတွင် မင်္ဂလာဒုံမြို့နယ် ရွှေနှင်းဆီရပ်ကွက်တွင် မိသားစုဝင် ၆ ဦးဖြင့် နေထိုင်လျှက်ရှိသည်။ အကြီးဆုံးသားကြီးမှာသုံးတန်းဖြစ်ပြီး သမီးအလတ်မှာ နှစ်တန်း ဖြစ်သည်။ အကြီးနှစ်ဦးကို ကျောင်းထားနိုင်သော်လည်း နို့ညာသမီးငယ်လေးကိုတော့ ကျောင်းမထားနိုင်သေး။ သို့အတွက်ကြောင့် အလုပ်ပိုလုပ်နေသည်ဟု ဆိုသည်။
''ဦး ကုန်ထမ်းရကျိုးနပ်ပါတယ်။ ကလေးတွေစာတော်ကြတယ်လေ။ နို့ညာမလေးကျောင်းထားနိုင်ဖို့အတွက်လည်း ဦး ပိုကြိုးစားနေတယ်။ ဒီလိုပခုံးဘဝနဲ့ရင်းပြီး အလုပ်လုပ်နေရတယ်ဆိုတာ အသက်လည်းရှည်မှာ မဟုတ်ဘူး။ ကုန်ထမ်းရတဲ့ ဘဝဆိုတာသားတို့လည်း စဉ်းစားကြည့်ကြာရှည်မခံဘူး။''
ဟုတ်သည်။ ပိုက်ဆံလေးငါးရာရရှိဖို့အတွက် နေမင်း၏ ပူလောင်မှုအောက်တွင် ပေနှစ်ရာ၊ သုံးရာခန့် အကွာအဝေးကို အမိုးအကာမဲ့ ချွေးဒီးဒီးကျသည်အထိ ခေါက်တုံ့ခေါက်ပြန် ရရှာသည်။
''ဈေးဝင်းအထဲကိုကားမောင်းဝင်လာရင်တော့ အဝေးကြီးမထမ်းရဘူးပေါ့။ တချို့ကုန်ကားတွေကျတော့ ဈေးအပြင်မှာ ရပ်တော့ အဝေးကြီးထမ်းရတာပေါ့။ကျောပါကော့တယ်။ ကုန်ကားတခါလာရင် ငါးရာတထောင် အထိရတယ်။ ပေးတဲ့ ပွဲစားချင်းတော့မတူဘူးလေ''
ဝင်ငွေ အများဆုံးရသည့်နေ့ဆိုလျှင် ကိုးထောင်၊ တသောင်းရတတ်ပြီး မရသည့်နေ့ဆိုလျှင် တထောင်ရဖို့ပင် ခဲယဉ်းသည်ဟု ဆိုသည်။ သို့သော် လုပ်အားဖြင့်ရင်း၍ ငွေရှာရသောထိုအလုပ်သည် သန့်စင်သဖြင့် နှစ်သက်ဟု ဦးသိန်းဇော်က ဆိုသည်။
''မခိုးဘူး။ မဝှက်ဘူး။ သမာအာဇီဝကျတယ်။ ဒါပေမဲ့ ရေရှည်တော့ မဖြစ်လောက်ဘူး။ ညကျရင် အကြောတွေကိုက်တယ်။ ပုခုံးတွေ နာတယ်။ဒါပေမယ့် ဦးတို့က ပညာမတတ်တော့ ဒီလောက်တော့ အပင်ပန်းခံရတာပေါ့''
မိသားစုအတွက် သမာအာဇီဝကျကျ ရုန်းကန်နေသည့် ရိုးသားသူတယောက်ဖြစ်သည့်အတွက် သီရိမင်္ဂလာဈေး သစ်ကြီးတွင်ဦးသိန်းဇော်ဟုဆိုလိုက်လျှင် မသိသူမရှိချေ။ သေရေးထက်ရှင်ရေးကပိုခက်နေသည့် ဘဝများသည် ယခု သီရိမင်္ဂလာဈေးသစ်ကြီးတွင် ကိုသိန်းဇော်တယောက်တည်းပင်မဟုတ် မြန်မာပြည်နေရာအနှံ့အပြားတွင်ရှိနေသည်။
ဘဝသည် အမြဲတမ်းချိုမြိန်နေမည်မဟုတ်ဘဲတခါတရံခါးတက်သည်ဆိုသည့် ဆိုရိုးစကားများရှိသည်။ သို့သော် ဦးသိန်းဇော်ကဲ့သို့သော ပုခုံးဘဝများအတွက်တော့ ဤဆိုရိုးစကားများသည် မမှန်ကန်နိုင်။ သူတို့လိုလူများအတွက် ဘ၀သည် ဆေးခါးကြီးထက် ပို၍ ပင်ခါးနေတော့သည်။ ထိုသို့သောဆေးခါးကြီးသည် ဆေးဖက်ဝင်သည်ဟုဆိုကာ မျိုချခဲ့ရပေါင်းလည်း မနည်းတော့ပေ။ တခါတရံဘ၀ချိုမြိန်မှုများသည် ပခုံးဘဝများထံသို့ မျက်စိလည် လမ်းမှား၍ ရောက်လာသည်လည်း ရှိပါသည်။သို့သော် ကြာရှည်တော့ မခံပေ။ ချွေးဒီးဒီးကျနေသည့် ဦးသိန်းဇော်ကိုကြည့်ကာ ဘဝဆိုသည်မှာ လှေပေါ်မှာမဟုတ်ဘဲ လှိုင်းပေါ်မှာဖြစ်သည်ဆိုသောစကားသည် ပခုံးဘဝများအတွက် ရည်ရွယ်ခဲ့သည် ဟုပင် ကောက်ချက်ချလိုက်မိတော့သည်။
ဦးသိန်းဇော် ပခုံးလွယ်၍ ထမ်းပိုးနေရသောကုန်များသည် သားသမီးများ၏ အနာဂတ်ကိုထမ်းပိုးထားရခြင်းပင်ဖြစ်သဖြင့် လေးပင်လေးသော်ငြား နာကျင်စေမည်ကား မဟုတ်ပါချေ။
(နေမင်းခ)

Comments
Post a Comment