ရွေးကောက်ပွဲရလဒ်များအပြီးသတ်ထွက်ပေါ်ပြီး အစိုးရသစ်တစ်ရပ် ရုပ်လုံးပေါ်နေသည့်တိုင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လူကြီး မင်းများ အနားမရနိုင်သေးဘဲ ၄၅ရက်အတွင်း အချိန်မရွေး ပေါ်ပေါက်လာနိုင်သည့် ရွေးကောက်ပွဲရလဒ် ကန့်ကွက်လွှာများအတွက် အသင့်စောင့်ဆိုင်းနေရသည်။ နွေးနွေး ရွေးကောက်ခံကိုယ်စားလှယ်များမှာ ရွေးကောက်ပွဲအောင်နိုင်မှုတွင် ယစ်မူးနေချိန်မရဘဲ ၄၅ ရက်အတွင်း ကြုံတွေ့လာနိုင်သည့်
တိုင်တန်းချက်များကို ဖြေရှင်းရန် ပြင်ဆင်ထားကြရမည်ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်များအပြီးသတ်ထွက်ပေါ်ပြီး အစိုးရသစ်တစ်ရပ် ရုပ်လုံးပေါ်နေသည့်တိုင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လူကြီးမင်းများအနားမရနိုင်သေးဘဲ ၄၅ ရက်အတွင်း အချိန် မရွေးပေါ်ပေါက်လာနိုင်သည့် ရွေးကောက်ပွဲရလဒ် ကန့်ကွက်လွှာများအတွက် အသင့်စောင့်ဆိုင်းနေရသည်။
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်း တိုင်တန်းခွင့်ရှိရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိ ရဲစခန်းများသို့ တိုင်တန်းနေပြီဖြစ်သည်။
ရဲစခန်းတွင် တိုင်ကြားရန် သတ်မှတ်ထားသည့် နောက်ဆုံးနေ့တစ်နေ့တည်း၌ပင် ပြည်ခိုင်ဖြိုးပါတီက ဒီချုပ်ပါတီကို ရဲအရေးပိုင်သောအမှုများဖြင့် အများဆုံးလာရောက် တိုင်ကြားထားကြောင်း မြန်မာနိုင်ငံဒေသအသီးသီးရှိ ရဲစခန်းများမှ သတင်းရရှိသည်။
ရွေးကောက်ပွဲအတွင်းဖြစ်ပွားခဲ့သော ပြဿနာများအနက် ရဲအရေးပိုင်သောပြစ်မှုများကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှ ၁၅ ရက်အတွင်း တိုင်ကြားနိုင်ကြောင်းသတ်မှတ်ထားရာ နိုဝင်ဘာ ၂၂ ရက်တွင် ၁၅ ရက်ပြည့်ပြီဖြစ်၍ ထိုနေ့၌ အများဆုံးလာရောက်တိုင် ကြားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားမှုများနှင့်ပတ်သက်၍ ရှုံး၍ကန့်ကွက်လွှာတင်ခြင်းမဟုတ်ကြောင်း ပါတီပူးတွဲဥက္ကဋ္ဌဦးဌေးဦးက ပြောသည်။
‘‘အနိုင်အရှုံးအတွက် ကန့်ကွက်တယ်၊ အပြစ်ရှာပြီးတင်တယ်ဆိုတာ မဖြစ်စေရဘူး။ လာမယ့်ရွေးကောက်ပွဲတွေမှာ ဒီလိုကိစ္စမျိုးတွေရှောင်ရှားနိုင်အောင် ပြုပြင်လိုတဲ့သဘောနဲ့တင်မှာပါ’’ဟု ဦးဌေးဦးက ဆိုသည်။
ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ ဦးဌေးဦးနှင့် တစ်ပါတီတည်းဖြစ်သည့် သူရဦးအောင်ကို၏ ခံယူချက်မှာ လေးစားစရာကောင်းလှသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စိတ်အားထက်သန်ခဲ့သည့် သူရဦးအောင်ကိုသည် ကြံ့ခိုင်ရေးပါတီ၏ သိုးမည်းတစ်ကောင်ဟု မီဒီယာအချို့၏ တင်စားခြင်းကိုခံခဲ့ရသူလည်းဖြစ်သည်။
‘‘ရွေးကောက်ပွဲအတွက် ကန့်ကွက်လွှာမတင်ဘူးလားလို့ မေးကြတယ်။ ၄၉ မဲဆိုတာ တင်သင့်တယ်ပေါ့လေ။ မတင်တော့ပါဘူးလို့၊ ဘာလို့လဲဆိုတော့ ဒီလွှတ်တော်နေရာဟာ ကချင်တိုင်းရင်းသားအတွက်ကိုယ်စားလှယ်နေရာပါ။ ငါးနှစ်တာ ယူထိုင်ပြီးလို့ တိုင်းရင်းသားပိုင်တဲ့ ကိုယ်စားလှယ်နေရာ လူမှန်နေရာမှန်ပြန်ဖြစ်တယ်လို့ ခံစားမိပါတယ်။ ငါးနှစ်အတွင်း တိုင်းပြည်အတွက် လုပ်ဆောင်ပေးခွင့်ရတာနဲ့တင် ကျေနပ်ပါတယ်။ စစ်သားဘဝမှာလည်း ဗိုလ်မှူးချုပ်အထိ တာဝန်ထမ်းခဲ့ပြီးပြီ။ အရပ်သားအနေနဲ့လည်း ဒုဝန်ကြီးအထိ တာဝန်ယူခဲ့ရပြီးပြီ။ လွှတ်တော်အမတ်အနေနဲ့လည်း ဥပဒေပြင်ဆင်ရေးမှာ ပြည်သူ့အကျိုး စီးပွားဘက်ကတင်ပြခဲ့ပြီးပြီ။ ဘာပဲပြောပြောနောင်လာနောက်သားတွေအတွက် လက်ခုပ်တီးအားပေး ချီးမြှောက်ရမယ့်တာဝန်ကိုပဲ ထမ်းဆောင်ပါတော့မယ်’’ဟု ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည့် သူရဦးအောင်ကိုက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်အရ ထောင်ဒဏ်ကျခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ဥပဒေများတွင်ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲပြစ်မှုပြစ်ဒဏ်များကို ရဲအရေးပိုင်မှုအဖြစ် သတ်မှတ်ထားရာ တိုင်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူများသည် တရားရုံး၏အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်သည်။
သို့ဖြစ်ရာ ငွေပေးသွင်းရန်မလိုဘဲ ၁၅ ရက်အတွင်း တိုင်ရမည့်နေရာများတွင် တိုင်တန်းမှုများနေပြီး အမှုစရိတ်ကျပ်ငါးသိန်းအဆုံးခံကာ ၄၅ ရက်အတွင်း တိုင်ကြားရမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့သာ ကန့်ကွက်လွှာများတက်မလာသေးပေ။
‘‘ပြစ်မှုပြစ်ဒဏ်ကိစ္စတွေမှာ ကိုယ်စားလှယ်လောင်းက မငြိရင်ဘာမှမဖြစ်ပါဘူး။ သူ့ရဲ့ကိုယ်စားလှယ် (ဒါမှမဟုတ်) တခြားတစ်ယောက်နဲ့ပတ်သက်နေမယ်ဆိုရင်တော့ ကန့်ကွက်လွှာဘက်အပိုင်းမှာ လာငြိနိုင်တာပေါ့။ ရဲစခန်းမှာ အမှုဖွင့်ထားမယ်။ ရဲစခန်းကလည်း တရားစွဲတင်မယ်။ တရားရုံးကလည်း ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချထားမယ်ဆိုရင် ကန့်ကွက်လွှာမှာ အဲဒီကိစ္စနဲ့ပတ်သက်လို့ သီးခြားစစ်ဆေးမနေတော့ဘူး။ တရားရုံးရဲ့အဆုံးအဖြတ်ကို အကြောင်းချက်တစ်ခုအနေနဲ့ထည့်သွင်းပြီး ခုံရုံးကစဉ်းစားမှာပေါ့။ ရွေးကောက်ခံကနေ ပြုတ်၊ မပြုတ်ဆိုတာကတော့ ဥပဒေကြောင်းအရဆက်သွားရမှာပေါ့။ ဒါပေမဲ့ သူ့ရဲ့ပယောဂမပါဘူးဆိုရင်တော့ သူ့ရဲ့ရွေးကောက်ခံမှုကိုတော့ မထိခိုက်နိုင်ပါဘူး’’ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြံပေး ဦးသောင်းလှိုင်က ပြောသည်။
တရားမဲ့ပြုကျင့်မှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲရလဒ်ကြေညာထားပြီး ၄၅ရက်အတွင်း တိုင်ကြားရမည်ဖြစ်သော်လည်း ၁၅ ရက်ကျော်သည်အထိ တိုင်ကြားမှုတစ်စုံတစ်ရာမရှိသေးချေ။ ‘‘တရားမဲ့ပြုကျင့်မှုနဲ့ပတ်သက်လို့ ရွေးကောက်ပွဲရလဒ်ကန့်ကွက်လွှာတင်တာတွေ ရှိလာနိုင်ပါတယ်။ တိုင်လာရင်လည်း ခုံရုံးဖွဲ့စစ်ဆေးပြီး သေချာစဉ်းစားဆုံးဖြတ်ပြီးမှ တရားမျှတမှုရှိစွာ ဆောင်ရွက်သွားမှာပါ’’ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၂၃ ရက် တွင်ပြုလုပ်သော ရွေးကောက်ပွဲခုံအဖွဲ့အတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။
ရွေးကောက်ပွဲရလဒ်ကန့်ကွက်လွှာဆိုသည်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်သည် တရားသဖြင့်မှန်ကန်စွာရွေးကောက်ခံရခြင်းမဟုတ်ကြောင်း စာဖြင့်ရေးသားထားသည့် စွဲဆိုချက်တစ်ခုဖြစ်သည်။
အဆိုပါကန့်ကွက်လွှာများကို သက်ဆိုင်ရာမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်လောင်း (သို့ မဟုတ်) မဲဆန္ဒရှင်တစ်ဦးဦးက ပြန်ရလိမ့်မည်မဟုတ်သော အမှုစရိတ်ကျပ်ငါးသိန်းနှင့်တကွ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်သို့ တင်သွင်းနိုင်သည်။
တင်သွင်းလာသော ကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကာအဖွဲ့ဝင်နှစ်ဦးပါဝင်သော ခုံရုံးဖွဲ့ပြီးစစ်ဆေးပေးရမည်ဖြစ်သည်။
‘‘ရွေးကောက်ပွဲပြစ်မှုပြစ်ဒဏ်တွေ၊ ကန့်ကွက်လွှာတွေက ရွေးကောက်ပွဲရလဒ်နဲ့ ဒီချုပ်ရဲ့အစိုးရဖွဲ့ခွင့်ကို ထိခိုက်နိုင်လိမ့်မယ်လို့မထင်မိဘူး။ ဒါပေမဲ့ ဒါတွေကိုကိုင်တွယ်မယ့် ရဲတပ်ဖွဲ့၊ တရားရုံးနဲ့ရွေးကောက်ပွဲကော်မရှင်က ဖွဲ့မယ့်ခုံရုံးတွေကတော့ သမာသမတ်ကျဖို့တော့လိုလိမ့်မယ်’’ဟု နိုင်ငံရေးဆောင်းပါးရှင်ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ရွေးကောက်ပွဲကန့်ကွက်လွှာ နှင့်ပတ်သက်လျှင် သတိထားရမည့်အချက်တစ်ချက်မှာ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းမှုပင်ဖြစ်သည်။ ကျပ်သိန်းတစ်ရာသာ သုံးစွဲခွင့်ပြုထားသည့် ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ ကို ၄၅ ရက်အတွင်း တင်သွင်းခွင့်ပြုထားရာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းမှုများအပေါ် ကန့်ကွက်မှုများလည်း ရှိလာနိုင်သည်။
ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၅၀ ကျော်လွန်သော ပါတီ၏ကိုယ်စားလှယ်လောင်းအချို့ကို ဆူပူခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ယင်းကိစ္စမှာ သူမက ရွေးကောက်ပွဲအသုံးစရိတ်နှင့်ပတ်သက်၍ ကန့်ကွက်မှုများရှိလာမည်ကို မည်မျှအလေးအနက်ထားကြောင်း ပြသရာလည်းရောက်သည်။
ဒီချုပ်ကိုယ်စားလှယ်လောင်း အချို့၏ရွေးကောက်ပွဲကာလအတွင်းအသုံးစရိတ်မှာ ကျပ်သိန်း ၁၀၀ နှင့်အထက်ရှိနေနိုင်ပြီး ယင်းအချက်အပေါ်ထောက်၍ ကန့်ကွက်မှုများပြုလုပ်ပါက အနိုင်ရကိုယ်စားလှယ်လောင်းအရေအတွက် ဆုံးရှုံးမှုများရှိလာနိုင်သည်ဆိုသော ခန့်မှန်းသုံးသပ်ချက်များအပေါ် ဦးဝင်းမြင့်က ငြင်းဆိုခဲ့သည်။
ဒီချုပ်ပါတီသည် ငွေကြေးချမ်းသာသည့် ပါတီမဟုတ်၍ ၎င်းတို့ကိုယ်စားလှယ်လောင်းများသည် ခြိုးခြိုးခြံခြံဖြင့်သာသုံးစွဲခဲ့ရသောကြောင့် ထင်မြင်စွပ်စွဲချက်များသည် မဖြစ်နိုင်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။
‘‘သူများတွေ သိန်းထောင်ချီ သုံးစွဲနေချိန်မှာ တို့ကိုယ်စားလှယ်တွေ သိန်းအစိတ်၊ သုံးဆယ်လောက်နဲ့ ခြိုးခြိုးခြံခြံလုပ်ခဲ့ကြရတာ’’ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်းမတင်လျှင်ဖြစ်စေ၊ မမှန်ကန်သောစာရင်းများတင်ပြလျှင်ဖြစ်စေ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၏ ကိုယ်စားလှယ်အရည်အချင်းပျက်ယွင်းသူအဖြစ် အစီရင်ခံစာတွင်ဖော်ပြခံရနိုင်သည်။ ထိုသို့ဖော်ပြခံရလျှင် ကိုယ်စားလှယ်အရည်အချင်းပျက်ယွင်းသူအဖြစ် ဆုံးဖြတ်ရန်မသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားနိုင်သည်။
သို့သော်ကော်မရှင်က ခုံရုံးဖွဲ့ဆုံးဖြတ်ပြီးလျှင် အယူခံခွင့်ရှိလိမ့်မည်မဟုတ်ပေ။ ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိမည် မဟုတ်သည့်အပြင် လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိလိမ့်မည်မဟုတ်ပေ။
ကန့်ကွက်သူ (ခိုင်လုံမဲ ဒုတိယအများဆုံးရရှိသူ)က ၎င်းသာ ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ကြေညာပေးရန် တောင်းဆိုသည့်ကိစ္စတွင် ကန့်ကွက်လွှာစစ်ဆေး၍ မပြီးသေးမီ ကန့်ကွက်ခံရသူ ကွယ်လွန်ခဲ့လျှင်လည်းကောင်း၊ ကန့်ကွက်ခံရသူက ကန့်ကွက်လွှာကို မချေပလိုကြောင်း အကြောင်းကြားစာပေးပို့ခဲ့လျှင်လည်းကောင်း၊ ကန့်ကွက်ခံရသူကဆင့်ခေါ်စာရရှိပြီး ချိန်းဆိုသည့်နေ့ရက်တွင် ခိုင်လုံသောအကြောင်းမရှိဘဲ ခုံအဖွဲ့၏ရှေ့မှောက်သို့လာရောက်ရန် ပျက်ကွက်လျှင်လည်းကောင်း အဆိုပါအခြေအနေကိုအများသိစေရန် အမိန့်ကြေညာစာထုတ်ရမည်ဖြစ်သည်။
ကြေညာပြီး ၁၅ ရက်အတွင်း လျှောက်ထားသူမရှိလျှင် ကန့်ကွက်သူကို ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာပေးရမည်ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်တင်မြှောက်ခံရမှုကို ပျက်ပြယ်စေနိုင်မည်မဟုတ်သည့် အကာအကွယ်များလည်းရှိပါသည်။ တရားမဲ့ပြုကျင့်မှုကို ရွေးကောက်ပွဲကိုယ်စားလှယ်ကမဟုတ်ဘဲ အခြားသူတစ်ဦးက ဆောင်ရွက်ခြင်း၊လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်၏ ခွင့်ပြုချက်မပါဘဲ တရားမဲ့ပြုကျင့်မှုကို ဆောင်ရွက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်
ရွေးကောက်ပွဲကိုယ်စားလှယ်တို့သည် တရားမဲ့ပြုကျင့်မှုမပြုလုပ်နိုင်စေရန် အစွမ်းကုန် တားဆီးကာကွယ်ထားခြင်း၊ တရားမဲ့ပြုကျင့်မှုသည် ရွေးကောက်ပွဲအပေါ်သက်ရောက်မှုမရှိခြင်း (သို့မဟုတ်) မပြောပလောက်သော သက်ရောက်မှုဖြစ်ခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်တင်မြှောက်ခံရမှုကို ပျက်ပြယ်စေနိုင်မည်မဟုတ်ပေ။
‘‘ကန့်ကွက်တိုင်းလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်တင်မြှောက်ခံရမှုကို ပျက်ပြယ်စေမှာမဟုတ်ဘူးလေ။ တရားမဲ့ပြုကျင့်မှုက ဘယ်လိုအချက်လဲ၊ ဘယ်မှာလုပ်ခဲ့တာလဲ၊ မဲရရှိမှုအခြေအနေ၊ မဲကွာခြားမှုအခြေအနေတွေကို စသဖြင့်ပေါ့။ သက်သေထွက်ချက်တွေ၊ အချက်အလက်တွေကို ခြုံငုံသုံးသပ်မှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ကန့်ကွက်လွှာတင်သွင်းမှု ၂၈ မှုရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ၂၆ မှုအထိ ကန့်ကွက်ခဲ့ကာ ငါးမှု အနိုင်ရခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကန့်ကွက်လွှာတင်သွင်းမှုလေးမှုသာရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက လေးမှုစလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ဒီချုပ်ကလေးမှုစလုံးအနိုင်ရခဲ့သည်။
သို့သော် ကန့်ကွက်လွှာများကို စစ်ဆေးပေးရမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးများ၏ အခွင့်အာဏာကို သတိပြုရမည်ဖြစ်သည်။ ခုံရုံး၏ အခွင့်အာဏာများမှာ စစ်ဆေးတွေ့ရှိချက် များအပေါ်မူတည်ပြီး ကန့်ကွက်မှုကိုလည်း ပယ်ချနိုင်သည်။ ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်၏ ရွေးကောက်ပွဲအနိုင်ရမှုကိုလည်း ပယ်ချနိုင်သည်။ ထိုသို့ပယ်ချပြီး အခြားကိုယ်စားလှယ်လောင်းတစ်ဦးကို
ရွေးချယ်ကြောင်းလည်း ကြေညာနိုင်သည်။ ထို့ပြင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ရွေးကောက်ပွဲတစ်ခုလုံးကို ပျယ်ပြယ်ကြောင်း ကြေညာနိုင်သည်။
သို့သော် ခုံရုံးများသည် ရွေးကောက်ပွဲကန့်ကွက်လွှာများကြားနာရာတွင် တရားမကျင့်ထုံးနှင့်အညီ အများပြည်သူရှေ့မှောက် (Open Court) ၌ စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ အမှုတွဲကို အကဲဖြတ်စဉ် ကျူးလွန်မှုသည် မသမာမှု (သို့မဟုတ်) မှားယွင်းစွာ ပြုကျင့်မှု ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ခုံရုံးသည် ကျူးလွန်သူ၏ ရည်ရွယ်ချက်အခြေအနေတို့ကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ကန့်ကွက်မှုများကို ဆုံးဖြတ်ရာတွင် ခုံအဖွဲ့ဝင်အများစု၏ ဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်မည်လည်းဖြစ်သည်။ သို့သော် အဖွဲ့ဝင်တစ်ဦးသည် ၎င်း၏ကွဲပြားသောယူဆချက်ကို လက်မှတ်ရေးထိုးကာ အစီရင်ခံစာတွင် ဖော်ပြနိုင်သည်။ ခုံရုံး၏ဆုံးဖြတ်ချက်ကို အများပြည်သူသိရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဝက်ဘ်ဆိုက်တွင် ဖော်ပြရမည်ဖြစ်သည်။
ခုံရုံး၏ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် ကန့်ကွက်သူရော၊ ကန့်ကွက်ခံရသူပါ ခုံရုံးကဆုံးဖြတ်ပြီး ၁၅ ရက်အတွင်း အယူခံဝင်နိုင်သည်။ သို့သော်အယူခံဝင်ကြေးအတွက် ကျပ်ငါးသိန်းထပ်သွင်းရမည်ဖြစ်သည်။ အယူခံမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အားလုံးပါဝင်သော စုံညီခုံရုံးက ကြားနာစစ်ဆေးရမည်ဖြစ်ပြီး အဆိုပါစုံညီခုံရုံး၏ ဆုံးဖြတ်ချက်မှာ အပြီးအပြတ်ပင်ဖြစ်သည်။
ကန့်ကွက်လွှာတင်သွင်းမှုများ၊ အယူခံမှုများကြောင့် ရွေးကောက်ပွဲအလွန်ရက်ပေါင်း ၆၀ အတွင်းမှသာ ပြီးဆုံးနိုင်ဖွယ်ရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် ကိုယ်စားလှယ်လောင်းများအတွက်သာမက
နိုင်ငံ့အနာဂတ်အတွက် ခေါင်းဆောင်များ၏တွေ့ ဆုံဆွေးနွေးရေးနှင့်ပါ သက်ဆိုင်နေသည်။
ရွေးကောက်ပွဲမှထွက်ပေါ်လာသော လူထုဆန္ဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယကတို့နှင့် ရက်သတ္တပတ်အတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက်တွင် စာရေးသားပေးပို့တောင်းဆိုခဲ့သည်။
ထိုကဲ့သို့ တောင်းဆိုမှုအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအလွန်ကြားကာလ တည်ငြိမ်အေးချမ်းမှုရရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ထားသည်။
‘‘သမ္မတနဲ့တပ်ချုပ်အနေနဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ဒီရွေးကောက်ပွဲပြစ်မှုပြစ်ဒဏ်တွေ၊ ကန့်ကွက်လွှာကိစ္စတွေကို စောင့်နေဖို့မလိုအပ်ဘူးလို့မြင်တယ်။ ရွေးကောက်ပွဲရလဒ်တွေလည်း အပြီးသတ် ကြေညာပြီးတာကြောင့် မြန်မြန်တွေ့လေ တိုင်းပြည်အတွက်ကောင်းလေပါပဲ’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။
Comments
Post a Comment