မြန်မာ့ဒီမိုကရေစီခရီးအတွက် သမိုင်းဝင်ရွေးကောက်ပွဲဟု ကမ္ဘာကတင်စားနေသော
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အပြောင်းအလဲလိုလားသော
ပြည်သူများအတွက်မျှသာမက မသန်စွမ်းသူများအတွက်လည်း သမိုင်းတွင်မည့်
အောင်မြင်မှုတစ်ခုအဖြစ် မှတ် ကျောက်တင်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် ထိုသို့မျှော်လင့်ချက်ရောင်နီထွန်းလင်းခဲ့သည့်အကြောင်းမှာ ယင်းမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မသန်စွမ်းတစ်ဦးက ၎င်း၏ပြိုင်ဘက်များကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခရီးအတွက် သမိုင်းဝင်ရွေးကောက်ပွဲဟု ကမ္ဘာကတင်စားနေသော နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲတွင် အပြောင်းအလဲလိုလားသော ပြည်သူများအတွက်မျှသာမက မသန်စွမ်းသူများအတွက်လည်း သမိုင်းတွင်မည့်အောင်မြင်မှုတစ်ခုအဖြစ် မှတ်ကျောက်တင်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် ထိုသို့မျှော်လင့်ချက် ရောင်နီထွန်းလင်းခဲ့သည့်အကြောင်းမှာ ယင်းမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မသန်စွမ်းတစ်ဦးက ၎င်း၏ပြိုင်ဘက်များကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
လွှတ်တော်အမတ်တစ်ဦးအဖြစ် ရွေးကောက်ခံခဲ့ရသည့် ကရင်တိုင်းရင်းသား စောသူရအောင်သည် ငယ်ရွယ်စဉ်အချိန်ကတည်း ကပိုလီယိုရောဂါ ခံစားခဲ့ရသူတစ်ဦးဖြစ်ပြီး ချိုင်းထောက်ကိုအားပြုကာ သွားလာနေရသူဖြစ်သည်။
‘‘ကျွန်တော်က မွေးရာပါတော့ မဟုတ်ဘူး။ စောစောစီးစီး လမ်းလျှောက်တယ်ပြောတာပဲ။ ဒါပေမဲ့ အသက်တစ်နှစ်ခွဲလောက်မှာ ဝမ်းသွားပြီးဖြစ်တာ။ ပိုလီယိုကူးစက်တာဖြစ်မှာပေါ့။ ဆေးရုံတက်လိုက်ပြီး ဆေးရုံကပြန်ဆင်းပြီးကတည်းက လမ်းမလျှောက်နိုင်တော့တာ’’ဟု စောသူရအောင်က ၎င်း၏ငယ်ဘဝကို ပြောပြသည်။
အသက်(၂)နှစ် မပြည့်မီကတည်းက မသန်စွမ်းတစ်ဦးအဖြစ်ဘဝကို ဖြတ်သန်းလာခဲ့ရသော စောသူရအောင်သည် အုတ်ဖိုမြို့နယ် ဒေသခံပြည်သူများရွေးချယ်ပေးထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့လေပြီ။ ဒုတိယတန်းအရွယ်မှစတင်၍ ချိုင်းထောက်အမှီအခိုဖြင့် ရပ်တည်လာခဲ့ရသော်လည်း စိတ်အားငယ်ခြင်းမရှိသကဲ့သို့ လူတောထဲ တိုးရဲအောင်လည်း ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့ကြောင်း ဘဝဖြတ်သန်းမှုအကြောင်း သူကပြောပြသည်။
‘‘ဒါနဲ့ပတ်သက်ပြီးလို့ စိတ်အားငယ်ခြင်းသိပ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် လူတောတိုးရဲအောင်ပြင်ဆင်ထားတယ်။ ရှစ်တန်းလောက်ကစပြီး ကျပန်းစကားပြောတာတို့၊ အင်္ဂလိပ်ပုံပြင်ပြောတာတို့ဝင်ပြောဖြစ်တယ်။ ကထိန်တွေဆိုရင်လည်း ကျွန်တော်ပဲဦးဆောင်ပြီး သံချပ်တွေရေးဘာတွေရေး လူရှေ့သွားရဲအောင် ကိုယ့်ဟာကိုယ်ကျင့်လာတာ’’ဟု ဆိုသည်။
၂၀၀၀ ပြည့်နှစ်တွင် ပြည်တက္ကသိုလ်မှ ရူပဗေဒဘွဲ့ရရှိခဲ့ကာ ကျောင်းမပြီးမီအချိန်ကတည်းက ကျူရှင်ဆရာအဖြစ်နှင့် ရပ်တည်လာခဲ့ရာ ယခုအခါတွင် ပညာဒါနဆရာတစ်ယောက် ဖြစ်နေလေပြီ။ ‘‘ကျောင်းပြီးခါနီး တတိယနှစ်မှာ တစ်နှစ်လောက် ကျောင်း ပိတ်လိုက်သေးတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အဖေက အနီးနားက လူတွေစုပြီးသင်ဆိုလို့ ကျွန်တော် ဝါသနာပါတာတော့ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက တေးရေးဆရာဖြစ်ချင်တာ။ ဒါပေမဲ့ သင်ပေးရင်း အသက်မွေးဝမ်းကျောင်း ဖြစ်သွားတာ။ အခုတော့ ဝါသနာ ဖြစ်နေတာ’’ဟု ကျူရှင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ဖြစ်ခဲ့သည့်အကြောင်း ပြောပြသည်။ ကျူရှင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုသည့်အချိန်က ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ကျောင်းတစ်ခု၌ အလုပ်လျှောက်ရာ မသန်စွမ်းတစ်ဦးဖြစ်သောကြောင့် လုပ် နိုင်ပါ့မလားဆိုသည့် မေးခွန်းကိုအမေးခံခဲ့ရသည်ဟု သူကဆိုသည်။
‘‘ရန်ကုန်ကိုယ်ပိုင်ကျောင်းဆရာလိုတယ်ဆိုလို့ ကျွန်တော်သွားတယ်။ ဟိုကျတော့ ဖြစ်ပါ့မလားတဲ့။ ဟာဖြစ်လို့ ကျုပ်ဒီရောက်လာတာပေါ့လို့ပြောလိုက်တယ်။ ဒါပေမဲ့ကျွန်တော့်စိတ်တိုင်းမကျတာက စာမသင်ရဘဲကျောင်းသားတွေကို တက်လိုက်ဆင်းလိုက် ကြီးကြပ်ရမယ့် အလုပ်မျိုးဆိုတော့ စိတ်မပါဘူး။ အဲဒါနဲ့ပြန်လာခဲ့တာ။ သူတို့ဘက်က သံသယရှိတာကလည်း ကျွန်တော်တက်လိုက်ဆင်းလိုက် လုပ်နိုင်ပါ့မလား၊ ဒါပေမဲ့ လုပ်နိုင်လို့ ကျွန်တော်ရောက်လာတာပေါ့။ အဲဒီတော့ ကျွန်တော့်လို ကျန်တဲ့သူတွေလည်း အထင်အမြင်သေးခံရပြီး အဲဒီလိုအလုပ်အကိုင်နဲ့ ပတ်သက်ပြီး အခက်အခဲတော့ရှိမှာပဲ။ ကျွန်တော်သိတာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ အလုပ်အကိုင်ရတယ်လို့ သိထားတယ်’’ဟု မသန်စွမ်းများအနေဖြင့် အလုပ်အကိုင်ရရှိရန် ခက်ခဲမှုကို သူ၏အတွေ့အကြုံနှင့် နှိုင်းယှဉ်၍ ပြောပြသည်။
ငွေစက္ကူအရေးအခင်းဖြစ်ချိန် ၁၉၈၇ တွင် အုတ်ဖိုမြို့သို့ ပြောင်းရွှေ့လာခဲ့ကာ ပတ်ဝန်းကျင်သစ်တွင် အပေါင်းအသင်းမရှိသဖြင့် ကျောင်းရက်ရှည်ပိတ်ထားသောအခါ ဝါသနာပါသည့် စာဖတ်ခြင်းကို အချိန်ပိုပေးဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။
‘‘ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာရေးချင်စာစပ်သင်ဆိုတဲ့ စာအုပ်ဖတ်ပြီးကတည်းက ကဗျာလေးတွေ ရေးဖြစ်တယ်။ အဲဒီနောက်ပိုင်း ၉၁ ခုနှစ် ကိုးတန်း ကျောင်းသားဘဝမှာ ပညာတန်ဆောင်မှာ ကဗျာစပါတယ်’’ဟု ၎င်း၏ကဗျာဆရာဘဝ စတင်ဖြစ်သည့်အကြောင်း ပြောပြသည်။
သို့သော်လည်း ကဗျာရေးခြင်းထက် ကဗျာရွတ်ခြင်းကို ဝါသနာကြီးသောကြောင့် ဂီတဘက်သို့ လမ်းကြောင်းပြောင်းခဲ့သေးသည်ဟု ဆိုသည်။
‘‘ကဗျာဆိုတာ သူ့ဟာသူ အသံနေအသံထားနဲ့ ရွတ်ရတယ်ဆိုပြီး ဂီတဘက်လှည့်လိုက်တာ။ အဲဒါနဲ့ ကဗျာမရေးဖြစ်တော့ဘူး ဖြစ်သွားတယ်။ တကယ်တော့ ဂစ်တာစတီးဖြစ်တာက ကဗျာကို အသံနေ၊ အသံထားနဲ့ ရွတ်တတ်ချင်လို့ လေ့လာတာ။ အခုတော့ ဂစ်တာ မတီးဖြစ်တော့ဘူး။ ကဗျာပဲ ရေးဖြစ်တော့တယ်’’ဟု မုန်းအောင်ကလောင်ဖြင့် ကဗျာများ ရေးသားနေသည့် စောသူရအောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်သည့်စိတ်ဖြင့် အင်န်အယ်လ်ဒီပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပါတီဝင်သည့်အချိန်က ပဲခူးတိုင်းအနောက်ခြမ်းတွင် ပါတီဝင်အရေအတွက် အတော်နည်းခဲ့သည်ဟု ဆိုသည်။
‘‘NLD ပြန်ပြီး မှတ်ပုံတင်တဲ့အချိန်မှာ ကျွန်တော်တို့ စဉ်းစားတယ်။ ငယ်ငယ်တုန်းက ကျောင်းသားတစ်ယောက်အနေနဲ့ လုပ်တယ်။ အခုကျတော့ ကျောင်းသားမဟုတ်တော့ဘူး။ ကျွန်တော်တို့နယ်အနေနဲ့ဆို ဘာလုပ်မလဲ။ ပါတီတစ်ခုခုမှာ ဝင်လုပ်သင့်ပြီ၊ ရပ်တည်သင့်ပြီထင်ပြီး အထူးသဖြင့် အမေစုပေါ့။ အမေစုကို ယုံတဲ့အတွက် ယုံရင်း၊ ထောက်ခံရင်း သူ့ပါတီမှာပဲ ဝင်လုပ်သင့်တယ်လို့ ယုံကြည်ပြီး ပါတီဝင်ဖြစ်တာ။ အရင်ကတော့ ပါတီဝင် ဘာညာစိတ်ကူးမရှိဘူး။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ ကိုယ်ယုံကြည်ရာ လုပ်တာ။ ဒီအချိန်မှာတော့ အပြောင်းအလဲလုပ်ဖို့အတွက် လိုအပ်ပြီထင်တယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ဖြစ်ခဲ့ပုံကို ပြောသည်။
ပါတီသို့ ဝင်ရောက်ခဲ့ပြီးသည့်အချိန်ကတည်းက စည်းရုံးရေးများဆင်းကာ ဆောင်ရွက်ခဲ့သောကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ရန် မဲဆွယ်သည့်အချိန်သည် ၎င်းအတွက် အခက်အခဲမဖြစ်ခဲ့ဟုဆိုသည်။
‘‘ကျွန်တော်တို့ရဲဘော်တွေ တစ်ချိန်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ရင် စည်းရုံးပေးရလိမ့်မယ်။ အဲဒီကတည်းက လေ့ကျင့်ရမယ်ဆိုတဲ့ သဘောနဲ့ဟောပြောခဲ့တာ။ အခုတကယ်ဟောတဲ့ အချိန်ကျသက်သောင့်သက်သာ ပါပဲ’’ဟု မသန်စွမ်းတစ်ဦးဖြစ်သော်လည်း မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ အခက်အခဲမရှိခဲ့ခြင်းကို ၎င်းကပြောပါသည်။
လူတိုင်းတွင် အားနည်းချက်ရှိသလို အားသာချက်လည်း ကိုယ်စီရှိကြသောကြောင့် စိတ်အားမငယ်စေလိုကြောင်း ဘဝတူမသန်စွမ်းသူများအား အကြံပြုသည်။ ထို့အတူ အကူအညီပေးသူများကိုလည်း မသန်စွမ်းဆိုသည့် အမြင်ဖြင့်နေရာတိုင်းတွင်လိုက်၍ အကူအညီမပေးသင့်ဟု အကြံပြုသည်။
‘‘ကျွန်တော့်ကို အကူအညီပေးတာမျိုး သိပ်မကြိုက်ဘူး။ တက္ကသိုလ်ကျောင်းသားဘဝတုန်းကဆို ပြည်ကိုကျောင်းသွားဖို့ ရထားစီးရင် တွဲကို ပြုံတက်တာတွေရှိတော့ မစောင့်နိုင်လို့ ပြတင်းပေါက်ကပဲ ခုန်တက်၊ ခုန်ဆင်းလုပ်လာတာ။ သူ့ကျွမ်းကျင်မှုနဲ့သူတော့ ရှိမှာပါ။ တစ်ခါတလေ ကျွန်တော်တို့ ဆင်းမယ်၊ တက်မယ်ဆိုရင် လက်တွဲချင်တာတွေ ရှိတယ်။ တကယ့်တကယ်လက်တွဲတာကမှ ကိုယ့်ဟန်ချက်ပျက်သေးတယ်’’ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည့်အသံဖြင့် စောသူရအောင်က ဆိုသည်။
စောသူရအောင်သည်လာမည့် ဒီဇင်ဘာ၌ အသက် (၄၁) နှစ်ပြည့်တော့မည်ဖြစ်ပြီး အမြွှာသားနှစ်ယောက်ရှိသည်ဟု မိသားစုဘဝကို ပြောပြသည်။ မသန်စွမ်းတစ်ယောက်အနေဖြင့် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်မှာ ၎င်းသည် ပထမဆုံးမဟုတ်ဟုဆိုကာ ၎င်းကြားဖူးသည့် မသန်စွမ်းအမတ်တစ်ယောက်ရှိခဲ့ဖူးကြောင်း ပြောသည်။
‘‘ကျွန်တော့်ထက်စောတာ ကရင်တစ်ယောက် ရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်မှာ တစ်ယောက်ရေးထားတာ တွေ့တယ်။ ဘယ်လွှတ်တော်မှာ ဘယ်တုန်းကလုပ်ခဲ့ တယ်ဆိုတာတော့မသိဘူး။ ဖဒိုသန်းဝင်းဆိုတာ ရှိတယ်ဆိုတာ ကြားတယ်။ သူက မိုင်းထိတယ်ဆိုလား တစ်ယောက်ရေးထားတာ တွေ့တယ်။ သေချာတော့ မသိဘူး’’ဟု ၎င်းကပြောသည်။
လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာသောကြောင့် တာဝန်ကြီးသလို လူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် မှာ မျှော်လင့်ချက်ထားသောကြောင့် ပါတီအနေဖြင့်လည်း တာဝန်ကြီးသည်ဟု ၎င်းကပြောသည်။ ‘‘လူထုက အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အပေါ်မှာ တော်တော်လေး မျှော်လင့်ချက်ရှိတယ်ဆိုတာ သိတယ်။ အဲဒါကြောင့် သူတို့ မျှော်လင့်ထားတဲ့အတိုင်း တာဝန်ယူနိုင်ပါ့မလားဆိုပြီး တာဝန်ကြီးတယ်။ ကျွန်တော်တို့ ကြိုးစားပါမယ်။ မပေးနိုင်တဲ့ကတိလည်း မပေးချင်ဘူး။ သူတို့ ဘယ်လောက်အထိ မျှော်လင့်မလဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ လုပ်ပေးနိုင်တဲ့အပိုင်းရှိမယ်။ မလုပ်ပေးနိုင်တဲ့ အပိုင်းရှိမယ်။ လုပ်မပေးနိုင်ဘဲနဲ့ လုပ်ပေးမယ်ဆိုတဲ့ ကတိမျိုးတော့ မပြောချင်ဘူး။ လုပ်ပေးနိုင်သလောက်တော့ လုပ်မှာပဲ။ လူထုရဲ့မျှော်လင့်ချက်က ဘယ်အထိရှိလဲ မသိဘူး။ အဲဒီတော့ သူတို့မျှော်လင့်ထားတာကို တတ်နိုင်သလောက် ကြိုးပမ်းပေးဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ အကန့်အသတ်တော့ရှိမယ်ထင်တယ်’’ဟု ၎င်း၏အမြင်ကို ပြောသည်။
မသန်စွမ်းတစ်ယောက်အနေဖြင့် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရသောကြောင့် ဘဝတူမသန်စွမ်းများအတွက် စဉ်းစားပေးရန် အစီအစဉ်ရှိသော်လည်း လက်ရှိအချိန်တွင် အခြားအရေးကြီးသည့် အကြောင်းအရာများ ရှိနေသေးသည်ဟု သူထိုင်နေသည့် လက်ဖက်ရည်ဆိုင်ရှေ့မှ လမ်းကိုငေးရင်း စောသူရအောင်က ရေရွတ်သည်။
‘‘ဘာပဲပြောပြော ဘဝတူတွေအတွက်ကတော့ ထည့်စဉ်းစားပေးရမှာပေါ့။ ဒါပေမဲ့ လောလောဆယ်မှာ လူတန်းစားတစ်ရပ်ကို ကြည့်တာထက်စာရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးက အပြောင်းအလဲလိုနေတာကိုး။ လောလောဆယ်အနေအထားမှာတော့ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ အစိုးရအပြောင်းအလဲဖြစ်သွားဖို့ မျှော်လင့်တယ်’’

Comments
Post a Comment