Skip to main content

ဦးတင်အေးနဲ့ မဲစာရင်း၊ သမ္မတကိုပဲ အဓိက ပြောကြရတော့မယ်


'သမ္မတဦးသိန်းစိန်နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့အား ၂၀၁၅ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံပွဲတွင် တွေ့ရစဉ်'

(၁)
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲလို ဂုဏ်သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲ မဖြစ်စေဖို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ခါးသီးလှတဲ့ ကြိုတင်မဲဒဏ် ခံခဲ့ရတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်က တစည ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲက တစ်ဆင့် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေက တိုက်တွန်းလိုက်တာပါ။

လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အတူ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်၊ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ ဆိုတာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီပြီး နိုင်ငံတကာက လက်ခံတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်။ ဒါ့အပြင် အေးချမ်းတည်ငြိမ်ပြီး အောင်မြင်စွာ ပြီးစီးတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လည်း လိုတယ်လို့ ဦးဟန်ရွှေက ဆိုပါတယ်။
စက်တင်ဘာ ၂၄ ရက်မှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦးက မဲဆန္ဒရှင်စာရင်း ကမောက်ကမ ဖြစ်မှုတွေကို အခြေခံပြီး ပယ်မဲတွေနဲ့ အနိုင်ရဖို့ ကြိုးစားနေသလားလို့ မေးခွန်း ထုတ်လိုက်ပါတယ်။
သရက်မှာ ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ဦးတင်ဦး ပြောခဲ့တာပါ။
“အရင်တုန်းကတော့ မဲစာရင်းနဲ့ ပတ်သက်လို့ လုပ်တာ ကြိုတင်မဲနဲ့ ဗြောင်နိုင်သွားကြတယ်။ အခု တစ်ခါကျတော့ ဘာလုပ်ဦးမလဲဆိုတော့ ပယ်မဲနဲ့ အနိုင်ယူဦးမလား။ ကြိုးစားနေသလားလို့ တောင်မှပဲ မေးခွန်း ထုတ်ချင်ပါတယ်” လို့ ဦးတင်ဦးက ဆိုပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲစာရင်း၊ မဲပေးတဲ့နေ့၊ မဲရလဒ် ထုတ်ပြန်ချက် ဒီအချက်အားလုံး အရေးကြီးပါတယ်။ အခု ရွေးကောက်ပွဲ မစခင်မှာဘဲ မဲစာရင်း မတည်ငြိမ်မှု ပြဿနာတွေက
နိုင်ငံရေးပါတီတွေ ကိုရော၊ မဲဆန္ဒရှင် ပြည်သူတွေကိုပါ ရိုက်ခတ်နေပါတယ်။
အထူးသဖြင့် မပြိုင်ခင်က ရှုံးမယ့် အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါပြီ။ ဒီအချိန်မှာ ရွေးကောက်ပွဲ အတွက် အဓိက ကျတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၀ိနည်းလွတ် စကားတွေ ပြောရင်း ဝေဖန် ပြစ်တင်မှုတွေကို ပယ်ချနေပါတယ်။

(၂)
အခြေခံ မဲဆန္ဒရှင် စာရင်းနဲ့ ပတ်သက်ပြီး ရာခိုင်နှုန်း ၃၀ ပဲ အာမခံမယ်လို့ ဦးတင်အေးက ဆိုထားပါတယ်။
မဲဆန္ဒရှင် ၃၂ သန်း ရှိတယ်ဆိုရင် လူဦးရေ ၉ ဒသမ ၆ သန်းပဲ မဲစာရင်းမှာပါဖို့ အာမခံမယ်။ ကျန်တဲ့ သန်း ၂၀ ကျော်အတွက် အာမမခံဘူး ဆိုတဲ့ သဘောပါပဲ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ဦး အဖို့ တာဝန်မဲ့စကား ပြောခြင်း ဖြစ်ပါတယ်။
ထုတ်ပြန်ခဲ့တဲ့ မဲစာရင်းတွေမှာ လာပြင်သူ ရာခိုင်နှုန်း ၃၀ ပဲ ရှိခဲ့တာကြောင့် အဲဒီသူတွေ အတွက်ပဲ အာမခံ နိုင်မယ်လို့ ဆိုလိုတာ ဖြစ်တယ်လို့ ဦးတင်အေးက ၀ိနည်းလွတ် ဆိုပါတယ်။ မဲစာရင်းမှန်ဖို့ ကော်မရှင်မှာ တာဝန်မရှိဘူး၊ မဲဆန္ဒရှင်တွေမှာပဲ တာဝန်ရှိတယ် ဆိုတဲ့ ပုံစံမျိုး ဦးတင်အေးက တာဝန်လွှဲချပါတယ်။
ဒါကို ပိုသေချာစေမယ့် စကားတစ်ခွန်းကို စက်တင်ဘာ ၂၄ ရက် ထုတ် 7 Day ဂျာနယ်နဲ့ အင်တာဗျူးမှာ ဦးတင်အေးက ထပ်ပြောခဲ့ပါတယ်။
“... ကော်မရှင်မှာ တာဝန်ရှိတယ် ဆိုတာ မှားတယ်။ ကမ္ဘာမှာလည်း တာဝန်မရှိပါဘူး” လို့ ဦးတင်အေးက ဆိုပါတယ်။
နောက်ပြီး သူ့စကားအတည် ဖြစ်စေဖို့အတွက် မြန်မာ့အရေး ကျွမ်းကျင်သူ ဂျာနယ်လစ် လယ်ရီဂျာဂင်ရဲ့ စကားကို ကိုးကားပါတယ်။
“လယ်ရီဂျေဂင်ကို ခင်ဗျားတို့ မေးကြည့်ပါဦး။ ကျွန်တော်လည်း သူ့မေးလိုက်ပါတယ်။ ကမ္ဘာမှာကော မဲပေးဖို့ အတွက် မဲစာရင်းမှာ ပါဖို့က ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ သူတို့လည်း ပြောပါတယ်။ ကော်မရှင်မှာ တာဝန်မရှိပါဘူး။ မဲဆန္ဒရှင်ရဲ့ Right ပါတဲ့။ မဲပေးနိုင်အောင် သူလုပ်ရမယ့် ကိစ္စ သူ့ Right ပါ” လို့ ဦးတင်အေးက ဆိုပါတယ်။
ဒီလိုစကားမျိုး လယ်ရီဂျာဂင် အမှန်တကယ် ပြောခဲ့သလား။ လယ်ရီကို အီးမေးလ်က တစ်ဆင့် မေးကြည့်တဲ့ အခါ ဒီလို အတိအကျ မပြောဘူးလို့ ဆိုပါတယ်။
“ကျွန်တော် ပြောခဲ့တာ အဲလို အတိအကျ မဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေရဲ့ နာမည်စာရင်းတွေ ထည့်သွင်းထားတဲ့ မဲစာရင်းတွေကို စစ်ဖို့ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံထား သူတွေမှာ တာဝန်ရှိပါတယ်။ အဲဒီ မဲစာရင်းတွေကို နောက်ဆုံး အချောသပ်ပြီးတဲ့ အဆင့်ရောက်ရင် အစိုးရက မဲစာရင်း ကတ်တွေကို ပေးပို့ရမယ်။ မဲဆန္ဒရှင် စာရင်းတွေ ရောထွေးနေတာက ပိုပြီးတော့ ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်။ ဒါဟာ ရွေးကောက်ပွဲ ကော်မရှင် အတွက် (ဂုဏ်သိက္ခာ) ကျဆင်းစရာပါပဲ။ ပထမဆုံး အချက်အလက်တွေ ဘယ်နေရာက စုဆောင်းတယ်။ ပြန်ပြင်ဆင်တဲ့ စာရင်းတွေလည်း ဘာကြောင့် မပြင်ဖြစ်တယ်။ ကွန်ပျူတာ စနစ်က ဘာဖြစ်တယ် ဆိုတာတွေပေါ့။ ကျွန်တော်ပြောခဲ့တာ တစ်ခုက အရာအားလုံးကို အချိန်မီ သူတို့ လုပ်ဆောင် နိုင်လိမ့်မယ်လို့ မထင်တဲ့ အကြောင်းပါ (အဲဒါက ဇွန်လမှာ ပြောခဲ့တာပါ)” လို့ လယ်ရီက ပြန်ဖြေခဲ့ပါတယ်။
မဲစာရင်း မှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး အမှားအယွင်း ရှိမယ် ဆိုတာကို ၀န်ခံပေမယ့် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် ကော်မရှင် အဖွဲ့ဝင် တချို့ရဲ့ အပြစ်တင် တာဝန်လွှဲချတဲ့ အချက်သုံးချက် ရှိပါတယ်။
ပထမ အချက်က လာမကြည့်၊ လာမပြင်တဲ့ မဲဆန္ဒရှင်တွေကို အပြစ်တင်တာပါ။ ပြီးတဲ့နောက် ဒေသဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ လုပ်ထုံး လုပ်နည်း မမှန်တာကို အပြစ်ဖို့ပါတယ်။ အခုလည်း ငွေကြေးများစွာ သုံးစွဲပြီး လူတွေကို မဲစာရင်းကြည့်ဖို့ SMS ပို့ရင်း အကြိမ်ကြိမ် သတိပေးပါတယ်။ ဒါက ကောင်းတဲ့ အချက်လို့ ဆိုနိုင်ပေမယ့် တစ်ဖက်မှာလည်း မဲစာရင်း မမှန်တာ ငါတို့ တာဝန် မဟုတ်ဘူး၊ ရွေးကောက်ပွဲမှာ တစ်ခုခု ဖြစ်ရင် ငါတို့တာဝန် မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ မဲဆန္ဒရှင်တွေကို psychology လုပ်သလို ဖြစ်နေပါတယ်။
ဒုတိယ အချက်က လာကြည့်တယ်၊ လာပြင်ကြတယ်၊ ဒေသဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ အချို့ကလည်း လုပ်ထုံး လုပ်နည်း အတိုင်း မှန်မှန်ကန်ကန် လုပ်တယ်။ ပြန်ထွက်လာတဲ့ မဲစာရင်းမှာ ထပ်မှားတယ်။ ဒီအချိန်မှာ ပြန်မစစ်ဘဲ မဲစာရင်းစာရွက် Printout ထုတ်တဲ့ အချိန်မှာဖြစ်တဲ့ အမှားလို့ ဆိုပါတယ်။
တတိယ အချက်က ဆော့ဖ်ဝဲလ်ကြောင့် မဲစာရင်း မှားရတယ်ဆိုပြီး ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင် ထုတ်ပြောပါတယ်။
“ကျွန်တော်တို့က နည်းပညာပိုင်းမှာ အားနည်းတော့ ကုမ္ပဏီ တစ်ခုကို မဲစာရင်း ပြုစုဖို့ အပ်တယ်။ အွန်လိုင်းကနေပါ ကြည့်လို့ရနိုင်တဲ့အထိ လုပ်ချင်လို့ပါ။ အဲဒီမှာ အရင်က ထုတ်ပြန်တဲ့ မဲစာရင်းက ဆောဖ့်ဝဲလ်ကို မသုံးတော့ဘဲ ဆော့ဖ်ဝဲလ် ပြောင်းလိုက်လို့ အခုလို ဖြစ်ရတာပါ။ အဲဒီလို ပြောင်းလိုက်တာ ကျွန်တော်တောင် မသိလိုက်ဘူး” လို့ ဦးတင်အေးက စက်တင်ဘာ ၂၅ ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွဲလုပ်နေတာက နိုင်ငံတကာ အတွေ့အကြုံရှိသူ အများစု ပါတဲ့ International Foundation for Electoral Systems (IFES) ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တည်းက တွဲလုပ်နေတာပါ။
အခုချိန် မီဒီယာတွေနဲ့ တွေ့ဆုံဖို့ကို IFES က ငြင်းထားပါတယ်။ ဒါကလည်း သံသယ ဖြစ်စရာ ကောင်းတဲ့ အချက်ဖြစ်သလို ဘာကြောင့် မှားယွင်းနေသလဲ ဆိုတဲ့ အဖြေအတွက် လစ်ဟာနေတဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။

(၃)
မဲဆန္ဒရှင်စာရင်း မှန်ကန်ဖို့ အတွက် ဦးတင်အေး တာဝန် ယူရပါလိမ့်မယ်။ ရာခိုင်နှုန်း ၃၀ ပဲ တာဝန်ယူလို့ မရပါဘူး။ အနည်းဆုံး ရာခိုင်နှုန်း ၉၀ မှန်ကန်မှုရှိအောင် တာဝန်ယူရပါမယ်။ ရာခိုင်နှုန်း ၉၀ မှန်ကန်ဖို့ တာဝန်ယူတယ် ဆိုတဲ့ စကားပြောမှ မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေကို မျှော်မှန်းလို့ ရမှာပါ။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပုံစံက ရိုးရှင်းပါတယ်။ မဲဆန္ဒရှင်တွေ မဲစာရင်း သွားစစ်စရာ မလိုပါဘူး။ မဲပေးတဲ့နေ့မှာ သွားရောက်မဲပေးရုံ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ သန်း ၂၀ ကျော် ရှိခဲ့ပါတယ်။ ဒီထဲက ၁၅ သန်းကျော် မဲသွားပေးခဲ့ပြီး မဲပေးသူ ၇၂ ဒသမ ၅၉ ရာခိုင်နှုန်း ရှိပါတယ်။ ပယ်မဲ၊ ပျောက်မဲ၊ ထပ်မဲ အရေအတွက်က မဲပေးခဲ့သူ အားလုံးရဲ့ ၁၂ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၇ ဒသမ ၂၉ သန်းကျော် ရှိပါတယ်။ ဒါပေမဲ့ ထူးခြားတာက ပြည်သူ့လွှတ်တော် အတွက် မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် သတ်မှတ်ခဲ့ပြီး အမျိုးသား လွှတ်တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၂၈ သန်းကျော် ရှိခဲ့ပါတယ်။ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် အတွက် မဲပေးနိုင်သူ ၂၇ ဒသမ ၇၆ သန်း ဖြစ်နေပါတယ်။ အမှန်စာရင်းထက် သတ်မှတ်စာရင်း ပိုနေတာက ရုပ်ဆိုးစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ လူပိုတွေ ထည့်သွင်းထားတာပါ။
မဲပေးတဲ့အခါ ပြည်သူ့လွှတ်တော် အတွက် ၂၂ ဒသမ ၇ သန်းကျော် မဲပေးခဲ့ပါတယ်။ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၇၇ ဒသမ ၆၉ ရာခိုင်နှုန်း မဲပေးခဲ့ပြီး ပယ်မဲ၊ ပျောက်မဲ အရေအတွက် ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်။
အမျိုးသားလွှတ်တော် အတွက် မဲပေးသူ ၂၁ ဒသမ ၆၈ သန်း ကျော်ရှိပါတယ်။ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၇၆ ဒသမ ၄ ရာခိုင်နှုန်း မဲပေးခဲ့ပါတယ်။ ပယ်မဲ၊ ပျောက်မဲ ပမာဏက ၆ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်အတွက် မဲပေးသူ ၂၀ ဒသမ ၈၁ သန်းကျော် မဲပေးပါတယ်။ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၇၄ ဒသ မ ၉၉ ရာခိုင်နှုန်း မဲပေးခဲ့ပြီး ပယ်မဲ၊ ပျောက် မဲ ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က ပြည်သူ့ လွှတ်တော်မှာ မဲအရေအတွက် ၁၃ ဒသမ ၂၈ သန်းကျော် ရရှိခဲ့ပါတယ်။ ဒီထဲမှာ ထည့်ဝင်မဲက ၉ ဒသမ ၇ သန်းကျော်ဖြစ်ပြီး ကြိုတင်မဲက ၃ ဒသမ ၅ သန်းကျော် ဖြစ်ပါတယ်။ ထည့်ဝင်မဲအရ မဲပေးနိုင်သူ ဦးရေရဲ့ ၄၃ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရနေချိန်မှာ ကြိုတင်မဲနဲ့ ၅၈ ဒသမ ၄၁ ရာခိုင်နှုန်းရအောင် လုပ်ခဲ့ပါတယ်။
ဒီအတိုင်းပဲ အမျိုးသား လွှတ်တော်မှာ ပြည်ခိုင်ဖြိုးက ထည့်ဝင်မဲ ၁၆ ဒသမ ၂၆ သန်းကျော် ရပါတယ်။ မဲပေးခဲ့သူ ဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရခဲ့တာပါ။ ဒါပေမဲ့ ကြိုတင်မဲ ၂ ဒသမ ၇ သန်းကျော် ထပ်ဖြည့်ပြီး ၁၈ ဒသမ ၉ သန်းကျော် မဲရရှိအောင် လုပ်ခဲ့သလို မဲပေးခဲ့သူ အားလုံးရဲ့ ၈၇ ဒသမ ၆၂ ရာခိုင်နှုန်း ရတယ်လို့ ဆိုနိုင်အောင် လုပ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် အတွက် မဲပေးနိုင်သူ ၄ ဒသမ ၆ သန်းကျော် ရှိပါတယ်။ မဲလာပေးခဲ့သူက ၂ ဒသမ ၈ သန်း ဖြစ်တာကြောင့် မဲပေးနိုင်သူ အရေအတွက်ရဲ့ ၆၁ ဒသမ ၄၄ ရာခိုင်နှုန်း မဲပေးခဲ့တာပါ။ ကြိုတင်မဲက ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ပယ်မဲ၊ ပျောက်မဲက ၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
အမျိုးသား လွှတ်တော်အတွက် မဲပေးနိုင်သူ ၁ ဒသမ ၄ သန်းကျော် ရှိပါတယ်။ မဲလာပေးသူ ၉ ဒသမ ၄ သိန်း နီးပါးရှိခဲ့ပြီး မဲပေးနိုင်သူ အရေအတွက်ရဲ့ ၆၂ ဒသမ ၆၅ ရာခိုင်နှုန်း မဲပေးခဲ့ပါတယ်။ ပယ်မဲ၊ ပျောက်မဲ ၉ ဒသမ ၁၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ကြိုတင် မဲ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။
ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်မှာ မဲပေးနိုင်သူ ၁ ဒသမ ၃ သိန်းရှိခဲ့ပြီး မဲလာပေးသူ ခုနစ်သောင်းကျော် ရှိခဲ့ပါတယ်။ မဲပေးနိုင်သူရဲ့ ၅၆ ဒသမ ၂၆ ရာခိုင်နှုန်း မဲပေးခဲ့ပါတယ်။ ကြိုတင်မဲ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ပယ်မဲ၊ ပျောက်မဲ ၁၀ ဒသမ ၉၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ဒီကိန်းဂဏန်းတွေက ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး အကြမ်းဖျင်း တွက်ချက်ထားတာ ဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကို ဖယ်လိုက်ပြီး ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ နှစ်ရပ်ကို ကြည့်တဲ့အခါ မဲလာပေးသူ အရေအတွက်ဟာ မဲပေးနိုင်သူ ဦးရေရဲ့ ပျမ်းမျှ ၇၅ ရာခိုင်နှုန်း ၀န်းကျင်မှာ ရှိနေပါတယ်။
ဒါကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ဦးရေရဲ့ အနည်းဆုံး ၆၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်း ၀န်းကျင်အထိ မဲပေးကြလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။
မဲပေးပိုင်ခွင့်ရှိသူ ပျမ်းမျှ ၃၂ သန်း ရှိတယ်ဆိုရင် အနည်းဆုံး ၂၀ ဒသမ ၈ သန်း ကနေ ၂၄ သန်းက လာရောက် မဲပေးမှာ ဖြစ်ပါတယ်။
ဦးတင်အေးပြောတဲ့ ရာခိုင်နှုန်း ၃၀ ပဲ အာမခံတယ်ဆိုရင် လူဦးရေ ၉ ဒသမ ၆ သန်းပဲ မဲပေးခွင့်ရဖို့ သေချာတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်သလို စိုးရိမ်သင့်တဲ့ အခြေအနေပါ။
နောက်ထပ် အရေးကြီးတာက မဲစာရင်း သတ်မှတ်ချက်မှာ အမှန်တကယ် ရှိသူတွေ မဲမပေးရဘဲ၊ လူပိုတွေ မပါနိုင်အောင် သတိထားရမယ့် အချက်ဖြစ်ပါတယ်။ မဲပေးသူ ၇၅ ရာခိုင်နှုန်း ရှိမယ်ဆိုရင်တောင် အဲဒီသူတွေထဲမှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကလို လူပိုစာရင်းတွေ ပါနေပြီဆိုရင် မဲရလဒ် ပြောင်းသွား နိုင်ပါတယ်။
ဒီလိုမဖြစ်အောင် စောင့်ကြည့် နိုင်တာက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူတွေနဲ့ မဲရုံကိုယ်စားလှယ် တွေရဲ့ တာဝန်ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် အရရော လက်ရှိဖြစ်နေတဲ့ အခြေအနေ တွေကိုပါ ထည့်သွင်း စဉ်းစားရင် မဲညစ်မှု ဖြစ်လာနိုင်တဲ့ ဒေသခြောက်ခု ရှိပါတယ်။ အဲဒီဒေသတွေက စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ဖြစ်ပါတယ်။
အဲဒီဒေသတွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေအကြား အဂတိ လိုက်စားမှုတွေ ရှိနေသလို ခရိုနီများရဲ့ အကျိုးစီးပွားကို ကာကွယ်လိုသူတွေ များနေပါတယ်။ စံနမူနာပြအဖြစ် စစ်ကိုင်းတိုင်းကို အဓိကထား စောင့်ကြည့်ဖို့ လိုပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေမှာ လက်ရှိအာဏာရ ပါတီက လွှတ်တော် နှစ်ရပ်လုံးမှာ ရာခိုင်နှုန်း ၈၀ ကနေ ရာနှုန်းပြည့် အနိုင်ရအောင် လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

(၄)
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်ရပ်ကို အခြေပြုပြီးတွက်ရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ဦးရေရဲ့ မဲလာပေးသူ အရေအတွက်ဟာ အနည်းဆုံး ၆၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်း ရှိရပါမယ်။
ကြိုတင်မဲ အရေအတွက် ငါးရာခိုင်နှုန်းထက် မပိုစေရဘူးလို့ ဆိုထားတဲ့အတွက် ကြိုတင်မဲ ပြဿနာကို ဖယ်ထားလို့ ရပါတယ်။
ပယ်မဲ၊ ပျောက်မဲ၊ ထပ်မဲ ပမာဏကလည်း အနည်းဆုံး ပျမ်းမျှ ခုနစ်ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းထက် ကျော်လို့ မရပါဘူး။ ကျော်ခဲ့ပြီဆိုရင် သံသယ ဖြစ်စရာ ရှိလာပါလိမ့်မယ်။
အရေးကြီးဆုံး အချက်က အကယ်၍ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းမှာ ၁၀ သန်းကိုပဲ အာမခံမယ်၊ ကျန်တဲ့ ၁၀ သန်းက ပြင်ဆင်မှုတွေ အချိန်မီလုပ်ခဲ့လို့ မဲစာရင်းမှာ နာမည်ပါခဲ့မယ်၊ ကျန်နေတဲ့ ၁၂ သန်းကျော် မဲပေးပိုင်ခွင့် ပျောက်ဆုံးမယ် (ဒီလို ပျောက်ဆုံးအောင် ရှုပ်ထွေးမှုတွေ လုပ်မယ်၊ အကြောင်းပြချက် အမျိုးမျိုးပေးမယ်) ဆိုရင် ၂၀၁၅ ခု နှစ်ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။
အခုချိန်မှာ ဦးတင်အေး ပြောစကား တွေကတော့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေသလိုပါပဲ။ ပြီးခဲ့တဲ့ ငါးနှစ်တာမှာ ဦးတင်အေး လုပ်နိုင်ခဲ့တာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တစ်ခုတည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဟာ နိုင်ငံရေးအာဏာ ချိန်ခွင်လျှာအတွက် အဆုံးအဖြတ် မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကသာ အာဏာ ချိန်ခွင်လျှာ အတွက် အဆုံးအဖြတ် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် လုပ်ပေးခဲ့တယ် ဆိုတာ တစ်ချက်တည်းနဲ့ ဦးတင်အေးကို ယုံလို့မရပါဘူး။
မင်းခယောက်ျား တစ်ဦးအတွက် အမိန့်အာဏာက အဓိက ကျပါတယ်။ ဦးတင်အေးက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်ပြီး သမာသမတ်ကျစွာ ကြားနေရမယ့်သူ ဖြစ်ပေမယ့် အခုချိန်ထိ သူ့ကိုယ်သူ မင်းခယောက်ျားလို သဘောထား နေတုန်းပါပဲ။ ဒီအချက်ကို စက်တင်ဘာ ၂၃ ရက်ထုတ် 7 Day အင်တာဗျူးမှာ ထပ်တွေ့ပါတယ်။
“... အမျိုးသား နိုင်ငံရေးကတော့ ကိုယ်ကျန်းမာနေရင် လုပ်ပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ ၅၂ နှစ်သော အတွေ့အကြုံတွေကို နိုင်ငံတော်အတွက် ပူးပေါင်းဆောင်ရွက်ပါ ဆိုရင်တော့ နောက်ဆုံး ထွက်သက်အထိ နိုင်ငံတော်အတွက် လုပ်သွားမှာပါ” လို့ 7 Day အင်တာဗျူးမှာ ဦးတင်အေးက ဆိုပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေးက ဦးတင်အေးလို ဘာမှ မပြောပါဘူး။ သူလုပ်စရာ ရှိတာကိုပဲ သမာသမတ် ကြားနေပြီး လုပ်သွားပါတယ်။ နိုင်ငံရေး အမြင်နဲ့ ရောယှက်ပြီး လုပ်သွားတာလည်း မရှိပါဘူး။ ဦးတင်အေးက ဒီလိုမဟုတ်ပါဘူး။ သူ့မှာ မျှော်မှန်း စိတ်ကူးရှိနေတယ်၊ ဒါမှမဟုတ် မျှော်မှန်းစိတ်ကူး မရှိရင်တောင် သူ့ကိုခိုင်းသူရှိရင် လုပ်မယ်ဆိုတဲ့ ခံယူချက် ရှိနေပါတယ်။ ဒီအတွက် ဦးတင်အေးကို ယုံကြည်လို့ မရပါဘူး။ ယုံကြည်လို့ မရနိုင်တဲ့ အထောက်အထား တွေကလည်း သူ့စကားတွေမှာ ပေါ်လွင်နေပါတယ်။

(၅)
ဦးတင်အေးကို ယုံကြည်လို့ မရတဲ့ အချက် သုံးချက် ရှိပါတယ်။ ပထမ အချက်က သူ့ရဲ့သမိုင်းကြောင်း ဖြစ်ပါတယ်။ ဒုတိယအချက်က ရှေ့စကား နောက်စကား မညီတာတွေ ဖြစ်ပါတယ်။ ရှေ့စကား နောက်စကား မညီဘူး ဆိုတာက မဲစာရင်း ပြင်ပြီးသူတွေ ထပ်မှားတာ၊ ပြင်မထားတာတွေ ဖြစ်လာတဲ့ အချိန်မှာ Printout ထုတ်တဲ့အချိန် ဖြစ်တဲ့ အမှား၊ ဆော့ဖ်ဝဲလ် ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ အမှားဆိုပြီး အလွယ်တကူ ဆင်ခြေပေးခဲ့တာ ဖြစ်ပါတယ်။
ဦးတင်အေးဟာ ရာခိုင်နှုန်း ၃၀ ပဲ မှန်နိုင်မယ်ဆိုတဲ့ result ကို ကြိုသိနေပါတယ်။ ဒီလို ကြိုသိနေပေမယ့် နောက်ဆုံးမှာ ဆော့ဖ်ဝဲလ် အမှားဆိုပြီး နည်းပညာပိုင်းကို ပုံချလိုက်ပါတယ်။ နောက်ပြီး ဆော့ဝဲလ် ပြောင်းလိုက်တာကို သူကိုယ်တိုင် မသိဘူးလို့ ဆိုပြန်ပါတယ်။ ဒီအချက် မှန်သလား၊ မှားသလား ဆိုတာကိုတော့ IFES က နည်းပညာပိုင်း တာဝန်ယူထား သူတွေပဲ သိပါလိမ့်မယ်။ အခုချိန်မှာတော့ နိုင်ငံတကာမှာ နာမည်ကောင်း ရထားတဲ့ IFES လည်း မြန်မာနိုင်ငံက မဲစာရင်းနဲ့ ပတ်သက်ပြီး နာမည်ပျက်နေပါပြီ။ ပြည်သူတွေရဲ့ ယုံကြည်မှုလည်း ကျဆင်းနေပါတယ်။
ဒါကြောင့်ပဲ မဲစာရင်းမှန်အောင် ဘာကြောင့် မလုပ်နိုင်လဲ ဆိုတဲ့အချက်က ဦးတင်အေးကို ယုံကြည်လို့ မရတဲ့ တတိယအချက် ဖြစ်ခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို သမ္မတ ဦးသိန်းစိန်က ခန့်အပ်ထားတာပါ။
လက်ရှိဖြစ်နေတဲ့ အနေအထားကလည်း ပြည်ခိုင်ဖြိုးပါတီနဲ့ NLD အကြား ပြိုင်ဆိုင်မှုပုံစံ မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အကြား ပြိုင်ဆိုင်မှု ဖြစ်နေပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်မလုပ်တော့ဘူးလို့ ပြောမထားတဲ့ အတွက် ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန် လာပါတယ်။ ဒီအချိန်မှာပဲ ကြားနေရမယ့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဦးသိန်းစိန်ရဲ့ သေဖော် သေဖက်၊ ရဲဘော် ရဲဘက် ဖြစ်နေပါတယ်။
“သမ္မတကြီးနဲ့ ကျွန်တော့် ဆက်ဆံရေးကတော့ Comrade ပေါ့။ သေဖော် သေဖက်၊ ရဲဘော် ရဲဘက်တွေပါ။ အပြန်အလှန် ချစ်ခင်လေးစား ယုံကြည်မှု ရှိပါတယ်” လို့ ဦးတင်အေးက 7 Day အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြည်ခိုင်ဖြိုး ပါတီကို သံယောဇဉ် မရှိဘူးလို့လည်း အဲဒီအင်တာဗျူးမှာ သူကိုယ်တိုင် ထုတ်ပြောပါတယ်။
“ကြံ့ခိုင်ရေးပါတီက ကျွန်တော် ဒီလောက် သံယောဇဉ် မရှိပါဘူး။ ကျွန်တော် ပါတီဝင် ဖြစ်ခဲ့တာ ၂၀၁၀ သြဂုတ်မှာ ဖြစ်တယ်။ ၂၀၁၁ မတ်လမှာ ထွက်လိုက်ပါတယ်” လို့ ဦးတင်အေးက 7 Day ကို ပြောပါတယ်။
၂၀၁၁ ခုနှစ် မတ်လမှာ ပြည်ခိုင်ဖြိုးကနေ ဦးတင်အေး ထွက်လိုက်တာက သမ္မတ ဦးသိန်းစိန်က သူ့ကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တာဝန်ပေးမှာ ဖြစ်လို့ပါပဲ။ သူနုတ်ထွက်ပြီး တစ်ရက်အကြာမှာ သူ့ကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌခန့်ဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၈ အရ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် အနည်းဆုံး ငါးဦးကို သမ္မတက ခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၆ အရ ကော်မရှင်ရဲ့ သက်တမ်းက သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်း ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးတာနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရာထူးသက်တမ်းလည်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း တပ်မတော် အစိုးရ လက်ထက်မှာ နံပါတ် ၆ ခေါင်းဆောင်အဖြစ် ဦးတင်အေး တာဝန်ထမ်းဆောင် ခဲ့သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ပြီးရင် သူရဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦး၊ ဦးသိန်းစိန်တို့လို တပ်မတော်အပေါ် သြဇာညောင်းသူ ဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကြည့်ရင်လည်း ရွေးကောက်ပွဲဆိုင်ရာ ဌာနကြီးတွေမှာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးတာဝန် ယူထားသူ အများစုဟာ တပ်မတော်က အငြိမ်းစား ယူထားတဲ့ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့်တွေ ဖြစ်နေပါတယ်။ ဒီအတိုင်းပဲ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အသီးသီးမှာ ထိပ်ပိုင်းတာဝန် ယူထားသူတွေ အများစုကလည်း တပ်မတော်ကနေ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူပြီး တာဝန်ယူထားသူတွေ ဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မှားယွင်း လွဲချော်မှုဖြစ်စေ၊ ရွေးကောက်ပွဲ မသမာမှုဖြစ်စေ သံသယ ဖြစ်စရာတွေ ရှိလာပြီဆိုရင် ရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ရှိပါတယ်။
ပိုဆိုးတာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် သမ္မတဟာ ဦးသိန်းစိန်ပဲ ဖြစ်ခဲ့မယ်၊ ရွေးကောက်ပွဲ အခြေအနေနဲ့ ရလဒ်ကလည်း အငြင်းပွားစရာ ဖြစ်မယ်ဆိုရင် သမ္မတ ဦးသိန်းစိန်အတွက် နာမည်ကောင်း ထွက်လာနိုင်ခြေ မရှိပါဘူး။ ဒါကြောင့် အခုချိန် ကတည်းက မဲစာရင်း မှန်ကန်ဖို့နဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲရလဒ် မဖြစ်အောင် ကြိုတင်တားဆီးထားဖို့ လိုပါတယ်။

(၆)
အငြင်းပွားဖွယ် ရွေးကောက်ပွဲ မဖြစ်အောင် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ အလုပ်လုပ်ရမယ့် အချိန်ရောက်ပါပြီ။ ပထမဆုံး မဲစာရင်း မှားယွင်းမှု ဘယ်လောက်အထိ ဖြစ်နေတယ် ဆိုတာကို သက်ဆိုင်ရာ ဧရိယာအလိုက် စတင်ဖော်ထုတ် ရပါတော့မယ်။ အများကြီး လုပ်စရာ မလိုပါဘူး။ အဖွဲ့တစ်ဖွဲ့ကို လူတစ်သိန်းလောက် တာဝန်ယူပြီး လုပ်ရင်ကို တိကျတဲ့ စာရင်းတစ်ခု ထွက်လာနိုင်ပါတယ်။ မဲစာရင်းမှ မမှန်ဘူး ဆိုရင်တော့ ရွေးကောက်ပွဲ အတွက် ဘာမှစိတ်မချ ရပါဘူး။
ဖြစ်နေတဲ့ မဲစာရင်း အမှားတွေ အတွက် အဓိက သက်ဆိုင်သူက ဥက္ကဋ္ဌ ဦးတင်အေး ဖြစ်ပါတယ်။ နောက်ပြီး သမ္မတ ဦးသိန်းစိန်ပါ။ သူတို့ နှစ်ဦးစလုံးက ရာခိုင်နှုန်း ၉၀ အထိ မှန်တဲ့ မဲစာရင်း ဖြစ်ဖို့အတွက် ဒီအချိန်မှာ တရားဝင် အာမခံချက် ပေးရပါမယ်။
ဒီလိုမဟုတ်ရင် ပထမဆုံး လုပ်ရမှာက ဥက္ကဋ္ဌ တာဝန်ကနေ ဦးတင်အေး နုတ်ထွက်လိုက်ပါ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၀၀ (ခ)အရ ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်စွာ မဆောင်ရွက် နိုင်ဘူးဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်လို့ ရပါတယ်။ မဲစာရင်း အမှန်ဖြစ်ရေးဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ မှာလည်း မဲစာရင်း မှန်ကန်ရေးကို အစိုးရ ဒါမှမဟုတ် အစိုးရက တာဝန်ပေးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းက လုပ်ရပါတယ်။
ရာခိုင်နှုန်း ၃၀ ပဲ အာမခံချက် ပေးမယ်ဆိုတဲ့ မဲစာရင်းနဲ့တော့ ရွေးကောက်ပွဲကို လုပ်လို့ မဖြစ်နိုင်ပါဘူး။ မဲစာရင်း မှန်ကန်ပြည့်စုံမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်မှန်းနိုင်မယ်။ ဒီအတွက် အချိန်လိုတယ်ဆိုရင် ဒုတိယ အချက်အနေနဲ့ ရွေးကောက်ပွဲကို အချိန်ဆုတ်လိုက်ပါ။ ဒါပေမဲ့ ဥပဒေအရ လွှတ်တော် သက်တမ်းက ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မှာ ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် နှစ်လထက်တော့ ပိုယူဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ လက်ရှိဖြစ်နေတဲ့အတိုင်း ဆက်လုပ်မယ်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မဲစာရင်းနဲ့ မညစ်ပတ်ဘူးလို့ ဦးတင်အေးက အာမခံပေးပါ။ ဦးတင်အေး အာမမခံဘူးဆိုရင် သမ္မတ ဦးသိန်းစိန် တာဝန်ခံရ ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုရင် စက်တင်ဘာလဆန်းပိုင်းမှာ သမ္မတဦးသိန်းစိန်က မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ တာဝန်ကျေပွန်ဖို့ လိုအပ်တယ်၊ အခြေခံကျတဲ့ နိုင်ငံသား တာဝန်ဖြစ်တဲ့ ဆန္ဒမဲပေးခြင်းဖြစ်တဲ့ တာဝန်ကို မပျက်မကွက် ထမ်းဆောင် သွားရမယ်လို့ ရေဒီယို မိန့်ခွန်းကတစ်ဆင့် တိုက်တွန်း ထားပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောသလို ပြည်သူတွေ တာဝန်ကျေဖို့ဆိုရင် မဲစာရင်း မှန်ကန်ဖို့နဲ့ မဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့်ရဖို့ လိုအပ်ပါတယ်။ ရာခိုင်နှုန်း ၃၀ ပဲ မှန်ဖို့ အာမခံထားတဲ့ မဲစာရင်းနဲ့တော့ သမ္မတဦးသိန်းစိန် တိုက်တွန်းသလို ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် မဲစာရင်း မှန်ကန်ရေးနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အတွက် တာဝန်ယူ အာမခံဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ မဲဆန္ဒရှင် ပြည်သူတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ အားလုံး အခုချိန်ကစပြီး သမ္မတကိုပဲ အဓိက ပြောရပါတော့မယ်။

 Written by - နေထွန်းနိုင်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video