ဒီတစ်ပတ်မှာ နိုင်ငံရေးအရ အပြောင်းအလဲတွေ၊ အံ့သြစရာဖြစ်စေတဲ့ သတင်းတွေ
ထွက်ပေါ်မှုရဲ့ အခြားတစ်ဖက်မှာ လူထုကြား ထိတ်ထိတ်ပြာပြာ ဖြစ်မှုတွေ
စီးပွားရေးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်မှုတွေကြောင့် ရင်တမမ ဖြစ်ရတယ်ဆိုတဲ့
အသံတွေ ကြားရပါတယ်။
လူထုကြားထဲမှာ အသံတွေမျိုးစုံ ထွက်ခဲ့တယ် ကောလာဟလ ဖြန့်သူတွေရဲ့ ကြားထဲမှာ ပြည်သူအချို့ကလည်း ကျီးလန့်စာ စားသလို ကြောက်ရွံ့နေခဲ့ကြပါတယ်။ တစ်ခုခု အပြောင်းအလဲဖြစ်ပြီး မတည်မငြိမ်ဖြစ်ပြီဆိုရင် လူထုအနေနဲ့ ယောက်ယက်ခတ်ကြတာ သဘာဝပါပဲ။ နိုင်ငံအခြေအနေကိုက
တည်ငြိမ်မှုအားနည်းတာ ခေတ်အဆက်ဆက်မှာ တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီဆိုရင် အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့ စီးပွားရေး၊ လူမှုရေး အားလုံးရိုက်ခတ် တော့တာပဲ။ ဒါကို တချို့ကလည်း လက်နက်တစ်ခုအဖြစ်သုံးပြီး ကောလာဟလတွေ ထုတ်မယ်။ မတည်ငြိမ်မှုကို အခွင့်ကောင်းယူမယ်။ လူထုကတော့ ဒီပုံစံနဲ့ ခံရပေါင်း များနေပါပြီ။
အထူးသဖြင့် လက်ရှိကာလမှာ လူထုစိတ်ဝင်စားဆုံးက ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး အပြောင်းအလဲပဲ ဖြစ်ပါတယ်။ ပြည်သူအများစုဟာ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲ တည်တည်ငြိမ်ငြိမ်လေး၊ ညင်ညင်သာသာလေး ပြဿနာကင်းကင်းနဲ့ ပြီးမြောက်ဖို့ လိုလားကြပါတယ်။
လူထုလိုလားတဲ့ အပြောင်းအလဲဖြစ်ဖို့ အားလုံးဝိုင်းဝန်း လုပ်ဆောင်နေတဲ့ အချိန်မှာ အခြားအမှောင့် ပယောဂတွေ မ၀င်ဖို့၊ အာဏာလက် မလွှတ်လိုသူတွေရဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်တုံ့ပြန်ဖို့ ပြင်ဆင်နေချိန်မှာ နိုင်ငံရေးအရ ကွဲသံပြဲသံတွေ၊ စီးပွားရေးအရ ခြောက်သံလှန့်သံတွေ ရှိလာတော့ အတိုင်းအတာ တစ်ခုအထိ အဟန့်အတားတွေ ဖြစ်လာမလား စိုးရိမ်နေကြပါတယ်။
ဒီကြားထဲမှာ အစိုးရရဲ့ လအနည်းငယ်သာ ကျန်တဲ့ သက်တမ်းအတွင်းမှာ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်ဖို့ တက်သုတ်ရိုက် လုပ်ဆောင်နေတာတွေလည်း ကြားနေရပြန်ပါတယ်။ ဒီတစ်ပတ် သတင်းသုံးသပ်ချက် ကဏ္ဍမှာ အစိုးရရဲ့ ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း ရန်ကုန်မြို့သစ် စီမံကိန်းကို ဘယ်အတွက်ကြောင့် အလျင်စလို အကောင်အထည်ဖော်လိုသလဲ ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်လိုက်တဲ့ သတင်းကို ပြန်လည်ဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။
စီမံကိန်းတွေသာ အကျိုးရှိရင်
အစိုးရတာဝန်ရှိသူတွေက စီမံကိန်းတွေချမှတ် အကောင်အထည်ဖော်တယ်။ ဒါပေမဲ့ လူထုက ကန့်ကွက်မှုတွေ ရှိတယ်။ ဒါဟာဘာဖြစ်လို့ပါလဲ။ အဖြေက ရှင်းပါတယ်။ အစိုးရရဲ့ စီမံကိန်းတွေဟာ ပြည်သူအတွက် အကျိုးရှိရင် ဘယ်သူကမျှ အပင်ပန်းခံပြီး မကန့်ကွက်ပါဘူး။ ဘယ်သူကမျှ ကဖျက်ယဖျက်မလုပ်ဘူး။ အဲဒီတော့ အစိုးရအနေနဲ့ သူတို့ချမှတ်လိုက်တဲ့ စီမံကိန်းကို ပြည်သူလက်မခံဘူးဆိုရင် အရင်ဆုံးလုပ်ရမှာက စီမံကိန်းကို ပြန်ဆန်းစစ်ဖို့ပါပဲ။ ဒီလိုဆန်းစစ်တဲ့ နေရာမှာ ပညာရှင်တွေ ပါရမယ်။ လူမှုအဖွဲ့အစည်းတွေ ပါရမယ်။ လိုအပ်ရင် နိုင်ငံတကာ အကူအညီတွေ ယူရမယ်။ အထူးသဖြင့် ပြည်သူတွေရဲ့အမြင် ပါကိုပါရပါမယ်။ ဒါမှလည်း အစိုးရရဲ့မှန်ကန်မှု၊ ပွင့်လင်းမြင်သာမှုကို တိုင်းတာနိုင်မှာပါ။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မှုမှာ လူထုရဲ့ ဝေဖန်တာတွေ၊ မီဒီယာက သုံးသပ်တာတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကြားထဲ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် “အစိုးရရဲ့ ကျန်ရှိသက်တမ်း လအနည်းငယ် အတွင်းမှာ ရန်ကုန်မြို့သစ် စီမံကိန်းကို ဘယ်အတွက်ကြောင့် အလျင်စလို အကောင်အထည် ဖော်သနည်း” ဆိုပြီး သြဂုတ် ၂၁ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးမှာ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့ပါတယ်။
အာမခံစပေါ်ငွေကျပ် ငါးဘီလျံတင်ပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ မှ ဘီလျံ ၇၀ အမြတ်ထွက်နိုင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို တစ်လကျော် အချိန်ပေးပြီးတော့ ခေါ်ယူခဲ့တယ်။ အဲဒီတင်ဒါခေါ်မှုနဲ့ ပတ်သက်ပြီး ဘယ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ ဆောင်ရွက်ခဲ့တာလဲ။ တင်ဒါစိစစ်ရေး ကော်မတီကို ဘယ်လိုစံနှုန်းတွေနဲ့ ဖွဲ့စည်းထားတာလဲ။ ဘယ်အတွက်ကြောင့် စီမံကိန်းဧရိယာ အတွင်းမှာရှိတဲ့ မြေပိုင်ဆိုင်မှုတွေကို တရားဝင်ငွေကြေးနဲ့ ၀ယ်ယူခြင်း ဟုတ်၊ မဟုတ် စုံစမ်းဖော်ထုတ်ခြင်း မပြုတာလဲ စတဲ့မေးခွန်းတွေကို လွှတ်တော်သို့ ဒေါ်ညိုညိုသင်းက တရစပ် မေးမြန်းခဲ့ပါတယ်။
သူ့ရဲ့မေးခွန်းတွေကို ရန်ကုန်တိုင်းဒေသကြီး သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြန်ဖြေကြားခဲ့တယ်။ ပြည်သူအတွက် လိုအပ်လာပြီဆိုရင် ဒီလိုမေးခွန်းတွေ မေးကို မေးရမယ်။ တာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်သူအတွက် လိုအပ်လို့ မေးလာတဲ့ မေးခွန်းတွေကို အလေးဂရု ထားရမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာ အာဏာရှင်စနစ် သက်တမ်းရှည်ကြာခဲ့တယ်။ စည်းနဲ့ကမ်းနဲ့၊ မူနဲ့ဘောင်နဲ့ လုပ်ကိုင်နိုင်မှုတွေက အင်မတန်အားနည်းခဲ့တယ်။ အထက်အမိန့်၊ အာဏာပါဝါတွေပဲသုံးပြီး ပြည်သူရဲ့ဆန္ဒကို မျက်ကွယ်ပြုကြတယ်။ ဒါတွေကြောင့် မြန်မာနိုင်ငံ ရှေ့လျှောက်အများကြီး ရုန်းကန်ကြရဦးမှာ ဖြစ်ပါတယ်။
လက်ရှိနိုင်ငံရေးကိုကြည့်ရင် ၂၀၁၅ နောက်ပိုင်းမှာ အပြောင်းအလဲဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ အသိဝင်လာသူတွေ မြင်နေရသလို အချို့ကလည်း နောက်ဆုံးအချိန်အထိ အာဏာကို လက်မလွတ်ဖို့၊ အခွင့်အရေးတွေ မဆုံးရှုံးဖို့ ကြိုးစားနေကြပါတယ်။ တချို့ကလည်း အပြောင်းအလဲ မတိုင်မီ ရသမျှယူမယ်။ ငှဲ့လို့ရသမျှ ငှဲ့မယ်။ ထည့်လို့ရသမျှ ထည့်မယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေပါတယ်။ ဒီတော့ ၂၀၁၅ ရဲ့ ဟိုဘက်ကမ်းမှာ အဖြူက အဖြူ၊ အမည်းက အမည်း သဲသဲကွဲကွဲဖြစ်ဖို့ လုပ်ကြရပါမယ်။ ဒါမှ ပြည်သူတွေအတွက် မှန်ကန်တဲ့ စီမံကိန်းတွေ ဖြစ်လာနိုင်မှာပါ။ 11 Media

Comments
Post a Comment