တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးငါးဘာသာဖြင့် အောင်မြင်ပြီးမှ ကျော်စွာထက်အတွက်
စိတ်ဆင်းရဲစရာများ ဖြစ်လာခဲ့သည်။ မကြာသေးမီက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို
ဂုဏ်ထူးငါးဘာသာဖြင့် အောင်ထားခဲ့သည့် အပျော်တွေပင် ဘယ်ရောက်သွားမှန်း
မသိတော့။ အမှတ်စာရင်းတွေရလျှင်ရချင်း မိဘများက ဆေးတက္ကသိုလ် အတင်းအကျပ်
လျှောက်ခိုင်းခဲ့သည်။ ကံကောင်းသည်က သူ ၀ါသနာမပါသော ဆေးတက္ကသိုလ်အမှတ်ကမမီ။
ငါးမှတ်ခန့် လိုနေခဲ့သည်။ သို့သော် ကံဆိုးချင်တော့ စစ်ဆေးတက္ကသိုလ်ကို
သူ့မိဘများက အတင်းအကျပ် ဖိအားပေးပြီး လျှောက်ထားစေခဲ့သည်။
‘‘သားက ၀ါသနာမပါဘူးဗျ။ ဆရာဝန်လည်း မလုပ်ချင်ဘူ။ စစ်သားလည်း မလုပ်ချင်ဘူး။ သားက ကွန်ပျူတာပညာရှင်ပဲ လုပ်ချင်တာ။ ဒါပေမဲ့ အမေနဲ့အဖေက လုံး ၀မလုပ်ရဘူး။ ဆရာဝန်မရရင် စစ်တက္ကသိုလ်ပဲ လျှောက်ရမယ်တဲ့။ သားစိတ်ညစ်တယ်’’ဟု ကျော်စွာထက်က စိတ်ပျက်လက်ပျက်ဖြင့် ရင့်ဖွင့်လာပါသည်။
ကျော်စွာထက် မိဘတွေကတော့ သားဖြစ်သူအတွက် သူတို့ အကောင်းဆုံးကို စီစဉ်ပေးခဲ့သည်ဟုယူဆပါသည်။ မြန်မာပြည်မှာ ဘ၀အတွက် အာမခံချက်ရှိသော နေရာ၊ ၀င်ငွေနှင့်ရာထူး သေချာသောနေရာကို သူတို့က သားဖြစ်သူ၏အနာဂတ်အတွက် စီစဉ်ပေး ခဲ့နိုင်ပြီဟု ထင်ကြပါသည်။ သူတို့ သား၏ ၀ါသနာ၊ စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်မှုတို့ကိုတော့ နည်းနည်းလေးမှ ထည့်မတွက်ခဲ့ပါ။ မြန်မာပြည်မှာ မိဘတွေကအရွယ်ရောက် သားသမီးတွေ၏ ပညာရေးအပါအ၀င် အခြားဆုံးဖြတ်ခွင့်တွေကို လွှမ်းမိုးထားတာကလည်း ထုံးစံ တစ်ခုသာဖြစ်သည်။ သူတို့ အ ပေါင်းအသင်း မိတ်ဆွေတွေမှာလည်း ကလေးတွေအတော်များများက ပညာရေးမှာ မိဘစီမံတာ ကို လိုက်နာကြတာများသည်။
မြန်မာပြည်က မြန်မာမိဘတွေမဆိုထားနှင့် အမေရိကန်နိုင်ငံတွင်နေထိုင်သူ မြန်မာမိဘတွေပင် သားသမီးပညာရေးကို ကလေးတွေ သဘောကျဆိုတာထက် မိမိ စိတ်တိုင်းကျ ၀င်ရောက်စွက်ဖက်နေသူ အများကြီးရှိသည်ဟု ဗာဂျီးနီးယားပြည်နယ် အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံခြားဘာသာစကားကျောင်းမှ မြန်မာစာဆရာမ ဒေါ်မေငြိမ်းကပြောသည်။
သို့သော် ကံကောင်းတာက ဒေါ်မေငြိမ်း ငယ်ရွယ်စဉ်အချိန်မှာ သူ၏မိဘများက သူဝါသနာပါရာ မြန်မာစာကို သင်ယူခွင့်ပြုခဲ့သည်။ သူကလည်း ကျောင်းစာအဖြစ်သာမက သူဝါသနာပါသည့် မြန်မာစာကို ထူးထူးချွန်ချွန်ဖြစ်သည်အထိ သင်ယူခဲ့သည်။
မြန်မာစာကို ၀ါသနာပါပြီး တစိုက်မတ်မတ် သင်ယူခဲ့သည့် ဒေါ်မေငြိမ်းသည် စာရေးဆရာမတစ်ဦးဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံမှာပင် သံတမန်များကို မြန်မာစာသင်ပေးသော ဆရာမတစ်ဦး ဖြစ်လာခဲ့ပါသည်။
ထို့အတွက် သူ၏သမီးလေး အရွယ်ရောက်ချိန်မှာ သူဝါသနာပါသော ပညာရပ်ကိုသာ ဒေါ်မေငြိမ်းက လေ့လာသင်ယူခွင့်ပေးခဲ့ပါသည်။ သမီးဖြစ်သူ ၀ါသနာပါပြီး ရွေးချယ်သော ဘာသာရပ်မှာပဲ ပံ့ပိုးကူညီပေးခြင်းသာ လုပ်ခဲ့ပါသည်။
‘‘သမီးအထက်တန်းကျောင်း တက်ရတော့မယ့်အချိန် အထက်တန်းအဆင့်မှာ သင်ရမယ့်ဘာသာတွဲတွေကို ကိုယ့်စိတ်ကြိုက်ရွေး ရပါတယ်။ ထုံးစံအတိုင်း ကျွန်မကို သမီးက တိုင်ပင်တဲ့အခါ ကျွန်မပြန်ပြောတဲ့စကားက သမီးကြိုက်တာသာ ယူဆိုတာပါပဲ။ သမီးက ဘာဖြစ်ချင်တာလဲဆိုတော့ ရှေ့နေတဲ့ ... ရှေ့နေတောင်မှ ရာဇ၀တ်မှု ရှေ့နေတဲ့။ ပြီးတော့စစ်တပ်ရဲ့ ရာဇ၀တ်အမှုအခင်းတွေနဲ့ ပတ်သက်တဲ့ ရှေ့နေဖြစ်ချင်တာတဲ့။ ကျွန်မ ဖြင့် အံ့သြတာပဲ’’
ထိုကဲ့သို့ အံ့သြသော်လည်း သမီးဖြစ်သူ၏ ၀ါသနာကိုသာ ဒေါ်မေငြိမ်းက ပံ့ပိုးခဲ့ပါသည်။ သမီး ဖြစ်သူက သူတို့ ဘာသာရပ် ကျောင်းသားတွေကြားထဲမှာ ထူးချွန်ကျောင်းသားတစ်ဦးအဖြစ် ရဲ စခန်းများက စေတနာ့ဝန်ထမ်းအဖြစ်လေ့လာရန် ရွေးချယ်ခံခဲ့ရပါ သည်။
ထိုမှ တက္ကသိုလ် တက်သည့်အခါ ပညာသင်ဆုရနိုင်သည်အထိ အလားအလာ အခွင့်အရေးများ ရရှိခဲ့ပါသည်။ ကိုယ့်ဝါသနာကို လုပ်ခွင့်ရသည့်အတွက် သမီးဖြစ်သူကလည်း ပညာရေးကို ကျေကျေနပ်နပ် လေ့လာသင်ယူပါ သည်။
မြန်မာပြည်မှာတော့ သားသမီးတွေ၏ ပညာရေးကို မိဘများက စွက်ဖက်နေသည်မှာ စွက်ဖက်ချင်လွန်း၍မဟုတ်။
သားသမီးကို ကောင်းစားစေချင်လွန်း၊ အနာဂတ်ကို သေချာစေချင်လွန်း၍ဖြစ်ပါသည်။ ၁၉၉၀ ၀န်းကျင်ကဆိုလျှင် စစ်တပ်အရာရှိများ ရုံးဌာနအုပ်ချုပ်ရေးများမှာ နေရာရကောင်းစားလာသည့်အခါ လူအများက အားကျကြ၏။ မိမိတို့သားများကို ဆယ်တန်းအောင်လျှင် ဗိုလ်သင်တန်းကို အပြိုင်အဆိုင် လျှောက်ခိုင်းကြသည်။ ကိုမြင့်ကျော်က သည်နည်းဖြင့် ၀ါသ နာမပါဘဲ စစ်ဗိုလ်တစ်ဦးဖြစ်လာရ ပါသည်။
‘‘စစ်ဗိုလ်ဖြစ်လာတော့ ကျွန်တော့်အမေဖြစ်ချင်သလို ကိုယ့်ဒေသမှာ အရာရှိမဖြစ်ဘူး။ မိသားစုလည်း မချမ်းသာပါဘူး။ ဟိုရှမ်း ပြည်နယ်စပ်အဝေးကြီးမှာပဲ တာဝန်ကျတယ်။ ငှက်ဖျားတွေ ခဏ ခဏဖြစ်၊ ကိုယ်ကလည်း တိုက်ရဲခိုက်ရဲသူမဟုတ်တော့ စိတ်တွေ ညစ်၊ ရာထူးလည်းမတက်။ အမေတို့ကလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ စိတ်တွေညစ်...’’
ယခုအချိန်မှာတော့ တိုက်ပွဲတွင်ဒဏ်ရာရခဲ့သူ ကိုမြင့်ကျော်က ဆေးခွင့်ဖြင့် စစ်တပ်က ပင်စင်ယူ ခဲ့ပါသည်။
ထို့နောက် ဇာတိမြေမှာ အိမ်ဆောက်ပစ္စည်းဆိုင်လေး ဖွင့်ကာ အသက်မွေးနေပါသည်။ သူကတော့ သူ့ဘ၀၏ အဖိုးတန်အချိန်များသည် စစ်တပ်ထဲမှာ ၀ါသနာ မပါဘဲ တိုက်ခိုက်ရင်းအချိန်ကုန်ခဲ့ သည်ဟုဆိုသည်။
စစ်တိုက်ဝါသနာပါသူ မဟုတ်သည့်အတွက် စစ်ရေးမှာလည်း သူက မထူးချွန်ခဲ့ပါ။ သည်အတွက် ဆေးပင်စင်ယူချိန်မှာလည်း ဗိုလ်ကြီးအဆင့်ရာထူးဖြင့် ယူခဲ့ရပါသည်။
ကိုမြင့်ကျော်လို လူမျိုးများ မြန်မာပြည်မှာ အများအပြားရှိသည်။ ၀ါသနာမပါဘဲနှင့် မိဘများ တိုက်တွန်းမှုကြောင့် ဆရာဝန် လုပ်ခဲ့ရပြီး ဆရာဝန်လောကမှာလည်း မအောင်မြင်သော ဆရာဝန်တွေ မြန်မာနိုင်ငံမှာ အများအ ပြားရှိသည်။
သို့သော်လည်း သူတို့ အပြစ်ချည်းပဲမဟုတ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ စစ်ဆရာဝန်၊ စစ်အင်ဂျင်နီယာများကလွဲလျှင် ငယ်ရွယ်သူတွေအတွက် အခြား အလုပ်အကိုင်ကောင်းနှင့် ၀ါသနာများကို အားကျအတုယူစရာ၊ ပံ့ပိုးစရာ မြန်မာပြည်မှာ အခွင့်အရေး မရှိတာလည်း အကြောင်းတစ်ရပ်ဖြစ်သည်။
နိုင်ငံခြားမှာ ရူပဗေဒနှင့် ကျောင်းပြီးသူတစ်ယောက်သည် ကြိုးစားပါက သိပ္ပံပညာရှင်ဖြစ်ရန်အထိ အခွင့်အရေးရှိလာနိုင်သည်။ အိုဟိုင်းယိုးပြည်နယ်မှာ ငယ်စဉ်ကတည်းက လေယာဉ်မောင်း ၀ါသနာပါသူ အမ်စထရောင်းသည် ၀ါသနာကနေ လပေါ်ကိုအရောက်သွားခဲ့သည့် အာကာသယာဉ်မှူး ဖြစ်လာခဲ့သည်။
သမိုင်းဘာသာရပ် ၀ါသနာပါသူကလည်း သမိုင်းသုတေသီအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ရန် အခွင့်အရေးရှိသည်။
‘‘ကျွန်တော်တို့ဆီမှာက ၀ါသနာပါရာကို ထွန်းထွန်းပေါက် ပေါက်ကြိုးစားချင်လည်း အခွင့်အရေးမရှိဘူး။ ကျွန်တော်ငယ်ငယ်က ပန်းချီဝါသနာပါတယ်။ တက်ချင်တာက ယဉ်ကျေးမှုတက္ကသိုလ်။ အမေ့ကိုပြောတော့ သားရယ် ပန်းချီဆရာဆိုတာ မရေရာဘူး။ စစ်ဗိုလ်သာ လုပ်ပါတဲ့’’ဟု ကိုမြင့် ကျော်က ရှင်းပြပါသည်။ စစ်အုပ်ချုပ်ရေး ခေတ်အဆက်ဆက်မှာ ကြီးပြင်းလာသော သူ၏ မိဘများ က စစ်ဗိုလ်စစ်သားသာ အခွင့်အရေးအရှိဆုံး လူတန်းစားအဖြစ် မြင်နေသည်ကို ပြောင်းလဲပစ်ဖို့ ခဲယဉ်းလှပါသည်။
ယခု နောက်ပိုင်းခေတ်များမှာတော့ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုနှင့်အတူ ပညာရေးနှင့် အခွင့်အလမ်းတွေက တစ်စတစ်စ ပြောင်းလဲလာပါသည်။ ဒီဇိုင်းပ ညာရှင်၊ ကွန်ပျူတာပညာရှင်၊ သတင်းစာဆရာ၊ အစီအစဉ် တင်ဆက်သူ၊ လေယာဉ်မောင်းသူ စသည်ဖြင့် လူငယ်တွေအတွက် ၀ါသနာပါရာကိုလုပ်နိုင်ပြီး ဘ၀အတွက် အောင်မြင်သော အခွင့်အလမ်းတွေလည်း စတင်ပေါ်ပေါက်လာနေပါသည်။ တကယ်တမ်းမှာ စစ်သားဖြစ်ခြင်း၊ ဆရာဝန်ဖြစ် ခြင်း၊ အင်ဂျင်နီယာဖြစ်ခြင်းကလည်း မကောင်းသော အလုပ်များ မဟုတ်ပါ။ ၀ါသနာပါသူများအတွက် ကောင်းပါသည်။ ထူးချွန်လာနိုင်ပါသည်။ အထူးသဖြင့် လူငယ်တွေအနေဖြင့် အနာဂတ်ကို ကိုယ်ဝါသနာပါရာ ထူးချွန်ရာကို အခြေခံကာ ပုံဖော်အသက်သွင်းရခြင်းက ပိုကောင်းမွန်ပါသည်။
ထူးချွန်ထက်မြက် အောင်မြင်လာနိုင်ပါသည်။ တိုင်းပြည်မှာလည်း အကျိုးကျေးဇူးရှိမည်။ ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်ဖြစ်လာပြီး အလုပ်အကိုင်အခွင့်အလမ်း တွေ ပိုများလာ၊ လူငယ်တွေမှာလည်း ရွေးချယ်စရာများ ရှိလာသည့်အခါ ဆေးကျောင်းမှာ လူတော်တွေ စုပြုံတိုးမည်မဟုတ်တော့။
သို့သော် နယ်မြို့လေးတွင်နေသူ ကျော်စွာထက် မိဘများအတွက်ကတော့ သည်ပြောင်းလဲ ခြင်း ဖြစ်စဉ်တွေက ရောက်မလာသေးပါ။ သားသမီးနောင်ရေးအ တွက် ဆရာဝန် (သို့မဟုတ်) စစ်ဆရာဝန် လုပ်ခြင်းကသာ ဘ၀အတွက် အခိုင်မာဆုံး၊ အသေချာဆုံးဟုသာ သူတို့ကမြင်ပါသည်။
မိဘတွေက ခေတ်မီမီ ကမ္ဘာအသိဖြင့် မကြည့်ဘဲ မြန်မာအတွေးဖြင့်သာ ကြည့်ကြသည့်အတွက် ကွန်ပျူတာပညာရှင်ဖြစ်လိုသော ကျော်စွာထက်မှာ မကြာခင် စစ်ဗိုလ်ဆရာဝန်တစ်ဦး ဖြစ်လာပါ တော့မည်။ မြန်မာနိုင်ငံမှာတော့ ကျော်စွာထက်လို လူငယ်တွေက အများကြီးဖြစ်သည်။
Comments
Post a Comment