Skip to main content

သွေးစွန်းတဲ့ သမိုင်းသင်ခန်းစာ

ဗိုလ်ချုပ်အောင်ဆန်ုး, ဦးတင်ထွဋ်, စဝ်ရွှေသိုက်, ဗိုလ်ချုပ်နေဝင်း, ဖဒိုမန်းရှာလဖန်း, စောဘဦးကြီး, သခင်သန်းထွန်းဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ကိုင်ဆောင်ထားသည့် တက်ကြွလှုပ်ရှားသူ တဦး (ဓာတ်ပုံ- Steve Tickner / ဧရာဝတီ)
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဝင် လုပ်ကြံခံရမှု ဖြစ်စဉ်ကြီးမှာ သမိုင်းသင်ခန်းစာထုတ်ယူ ဆင်ခြင်စရာ အများကြီး ရှိပါတယ်။ ဥပမာ မြန်မာပြည်ရဲ့ ကိုလိုနီသူ့ကျွန်ဘဝအောက်က ရုန်းထွက်ရာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ နိုင်ငံသား လူမျိုး၊ ဘာသာစုံ ပါဝင်ခဲ့တယ်ဆိုတာကိုလည်း လုပ်ကြံခံရချိန် လူမျိုး၊ ဘာသာ အရောင်အသွေးစုံ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ ကက်ဘိနက်က သက်သေ ပြနေပါတယ်။

ဒါ့အပြင် လုပ်ကြံမှုနောက်ကွယ်မှာ အာဏာ အကျိုးစီးပွား ရောယှက်ဆက်စပ် ပါဝင်ပတ်သက်ခဲ့ ကြတဲ့ လက်ရင်း တရားခံ မျိုးချစ် အယောင်ဆောင် လက်ယာစွန်း ဦးစောနဲ့ အပေါင်းအပါများ၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ယူရင်း တည်ဆောက်နေတဲ့ ညီညွတ်ရေး လမ်းစဉ်ကို မလိုလားတဲ့ လက်ဝဲ လက်ယာ ဖောက်ပြန် ရေးသမားများ၊ သွေးထိုး မြှောက်ပင့် နောက်ကွယ်က ထောက်ပံ့ပေးခဲ့သူ အင်္ဂလိပ် အရင်းရှင်အစိုးရနဲ့ ကုန်သည်ကြီးများ စတဲ့ နောက်ခံ သမိုင်းအကျယ် ကိုလည်း ခြုံငုံသင်ခန်းစာ ယူတတ်ရပါမယ်။
အရေးကြီးဆုံး သင်ခန်းစာယူစရာ တခုကတော့ ပဒေသရာဇ်ခေတ် လူသတ်နန်းလု ဓလေ့ဟာ ခေတ်သစ် တိုင်းပြည် သမိုင်းမှာလည်း ကျင့်သုံးခဲ့တယ် ဆိုတာပါပဲ။ တွင်ကျယ်ဆဲ လို့တောင် ဆိုနိုင်မလားပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးဘဝ၊ ဒီမိုကရေစီ ခရီးကြမ်း တလျှောက်ကို လေ့လာ ကြည့်ရင် ဖိနှိပ်အုပ်စိုးခဲ့သူ အာဏာပိုင်များရဲ့ အသက်ကို ရန်ရှာတဲ့ အထိ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကို တွေ့နိုင်ပါ တယ်။ ၂၀ဝ၃ မေ ၃၀ ဒီပဲယင်း လူသတ် အကြမ်းဖက်မှုကြီးက သီသီကလေး အသက်ဘေး လွတ်ခဲ့ရတာက သက်သေ ပါပဲ။
မြန်မာ့နိုင်ငံရေး ဓလေ့မှာ အာဏာအတွက် အသက်လုပ်ကြံခံရခြင်း အခြား သာဓကများစွာလည်း ရှိပါသေးတယ်။ လွတ်လပ်ရေးယူခါနီး ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ ဖွား – ၁၉၄၇ ဆုံး) အစိုးရအဖွဲ့ ဝန်ကြီး အင်္ဂလိပ်ခေတ် ရှေးဦး အိုင်စီအက်စ် အရာရှိ ဦးတင်ထွဋ် (၁၈၉၅ ဖွား – ၁၉၄၈ ဆုံး) ဆိုရင်လည်း ၁၉ ဇူလိုင် လုပ်ကြံခံရပြီး နောက်တနှစ် အကြာ ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကားပေါ် ဗုံးခွဲလုပ်ကြံ ခံခဲ့ရပါတယ်။ ၁၉ ဇူလိုင် သမိုင်းဝင် လူသတ်ပွဲကြီး နောက်ဆက်တွဲ နိုင်ငံရေး လုပ်ကြံမှု တခုပါပဲ။
လွတ်လပ်ပြီး တိုင်းပြည်ရဲ့ ပထမဆုံး သမ္မတ ရှမ်းအမျိုးသား စဝ်ရွှေသိုက် (၁၈၉၄ ဖွား – ၁၉၆၂ ဆုံး) ဆိုရင်လည်း ၁၉၆၂ ဗိုလ်ချုပ်နေဝင်း (၁၉၁၀ ဖွား – ၂၀ဝ၂ ဆုံး) စစ်အာဏာသိမ်း တက်ခဲ့တဲ့ တော်လှန်ရေးစစ်ကောင်စီ လက်ထဲမှာ နိုင်ငံရေးနဲ့ လူနည်းစု လူမျိုးစုရေးရာ အရ ဖမ်းဆီးထိန်းသိမ်း ထောင်အတွင်းမှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူ့သား တယောက် ဆိုရင်လည်း ၁၉၆၂ မတ်လ ၂ ရက်နေ့ စစ်အာဏာသိမ်းစဉ်မှာ သတ်ခံခဲ့ရပါတယ်။
လက်ရှိခေတ်လို့ ဆိုနိုင်တဲ့ အချိန်ထိလည်း ကရင်လူမျိုးစု တော်လှန်ရေး တပ်ခေါင်းဆောင် KNU (Karen National Union) အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာလဖန်း (၁၉၄၃ ဖွား – ၂၀ဝ၈ ဆုံး) တယောက် ၂၀ဝ၈ ဖေဖော်ဝါရီ ၁၄ Valentine’s Day မှာ လုပ်ကြံခံရခြင်းလို နိုင်ငံရေး ဆက်စပ် သွေးစွန်းတဲ့ သတ်ဖြတ်မှုတွေ ဖြစ်နေဆဲပါပဲ။
ကရင့်တော်လှန်ရေး သမိုင်းအတွက် ခေါင်းဆောင်မှုအပိုင်း၊ နိုင်ငံရေး အရ အကြီးကျယ်ဆုံး ဆုံးရှုံးလုပ်ကြံခံရမှုကတော့ ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှာ အစိုးရစစ်တပ်ရဲ့ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ခံခဲ့ရတဲ့ KNU ပထမဆုံး ဥက္ကဋ္ဌ ကရင် အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး (၁၉၀၅ ဖွား – ၁၉၅၀ ဆုံး) လုပ်ကြံခံခဲ့ရမှုပါ။
ဒီစစ်ဆေးရေးမှာ အောက်ခြေအရာရှိ အဖြစ် ပါဝင်ခဲ့သူ စစ်ဗိုလ်တဦး ကတော့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး ကာလ ၁၇ ရက်တာ သမ္မတဘဝမှာ “The Butcher of Ran-goon” ရန်ကုန်မြို့ရဲ့ သားသတ်သမားကြီးအဖြစ် သမိုင်း နာမည်ဆိုး တွင်ခဲ့သူ ဗိုလ်မှူးချုပ် စိန်လွင် (၁၉၂၃ ဖွား – ၂၀ဝ၄ ဆုံး) ပါပဲ။ စောဘဦးကြီး ရုပ်အလောင်းကို ဆိုရင် အစိုးရစစ်တပ်က နောင်မှာ နိုင်ငံရေးအရ အထိမ်းအမှတ်ပြုမှု၊ ကရင်တော်လှန်ရေး အမှတ်အသား အဖြစ် ဂုဏ်ပြုမှု ဖြစ်မှာ မလိုလားတဲ့ အတွက် တရားဝင် ဂူသွင်းမြှုပ်နှံခွင့် မပေးပါဘူး။ မီးရှို့ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ ပြာကို ပင်လယ်ထဲ လွှင့်ပစ်လိုက်တယ် ဆိုပါတယ်။
အစိုးရစစ်တပ်ရဲ့ တိုင်းရင်းသားဒေသ စစ်ဆင်ရေးတွေ ပြည်တွင်းစစ်ဗျူဟာတွေမှာ ကျင့်သုံးတယ် လို့ နိုင်ငံတကာနဲ့ လူမျိုးစုတော်လှန်ရေး တပ်တွေက အမြဲ စွပ်စွဲခံရလေ့ရှိတဲ့ အစိတ်သားလည်း မချန်နဲ့ (ဗိုက်ထဲက ကလေးကို ပြောတာပါ) ဆိုတဲ့ ကျူပင်ခုတ် ကျူငုတ် မကျန်စေနဲ့ အတွေးအခေါ် Mindset က ဒီလိုသမိုင်းဖြစ်စဉ် နိုင်ငံရေး လုပ်ကြံမှုတွေက အခြေတည်လာခဲ့တာပါ။ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး တိုင်းပြည်အနာဂတ်အတွက် အင်မတန် ဆင်ခြင်ဖွယ် ကောင်းပါတယ်။
ဒီလို နိုင်ငံရေး အရ အစီစဉ်တကျ အကွက်ချ သတ်ဖြတ်မှု သမိုင်းဖြစ်စဉ်ဟာ ပဋိပက္ခရဲ့ ဘက် နှစ်ဖက်စလုံးမှာ ဖြစ်ခဲ့ပါ တယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး စစ်ခေါင်းဆောင် ဗိုလ်လကျာ် (သခင်လှဖေ ၁၉၁၁ ဖွား – ၁၉၇၉ ဆုံး) ဆိုရင်လည်း ၁၉၆၂ စစ်အာဏာသိမ်း ဗိုလ်နေဝင်း အစိုးရကို လက်နက်ကိုင် ပြန်လည် တော်လှန်ဖို့ သူ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ “ဗမာ့မျိုးချစ်တပ်မတော် (၁၉၆၉ မှာဖွဲ့) နဲ့အတူ တောတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေစဉ် နိုင်ငံရေး အရ မဟာမိတ် ပြုထားတဲ့ KNU ခေါင်းဆောင်မှု အကွဲအပြဲမှာ KNU ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အခြား ရဲဘော်သုံးကျိပ်ဝင် တယောက်ဖြစ်သူ ဗိုလ်ဇေယျ (သခင်လှမောင် ၁၉၁၃ ဖွား – ၁၉၆၈ ဆုံး) ဆိုရင်လည်း ကွန်မြူနစ်ပါတီရဲ့ စစ်ခေါင်းဆောင်ဘဝနဲ့ ၁၆ ဧပြီ ၁၉၆၈ မှာ ဗိုလ်နေဝင်း အစိုးရတပ် လက်ချက်ကြောင့် တိုက်ပွဲကျခဲ့ ရတာပါပဲ။
သူ့ကျွန်ဘဝ လွတ်မြောက်ရေး သမိုင်းမှာ အရေးကြီးကဏ္ဍမှာပါခဲ့တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ကိုကြည့်ရင်လည်း ခေါင်းဆောင် သခင်သန်းထွန်း (၁၉၁၁ ဖွား – ၁၉၆၈ ဆုံး) ဟာ အစိုးတပ်ဆီ လက်နက်ချမယ့် လက်အောက် ငယ်သားများရဲ့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတယ် (စက်တင်ဘာ ၂၄၊၁၉၆၈)။ သခင်သန်းထွန်း ဖော်ဆောင်ခဲ့တဲ့ မူဝါဒအမှား ယဉ်ကျေးမှု တော်လှန်ရေး ဖြစ်စဉ် ၁၉၆၇ လမ်းစဉ်မှာ ဆိုရင်လည်း သမိုင်းဆိုး တွင်ခဲ့တဲ့ ဖြုတ် ထုတ် သတ် ဖြစ်စဉ်တွေ အကြီးအကျယ်ဖြစ်ခဲ့တာ သမိုင်းမှာ အထင်အရှားပါပဲ။
စစ်အာဏာရှင် စနစ်ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆန့်ကျင်ခဲ့ပြီး ၁၉၆၂ ခုနှစ် 7th July ဖြစ်စဉ်လို ဗိုလ်နေဝင်းရဲ့ စစ်တပ်က အကြီးအကျယ် နှိပ်ကွပ် သတ်ဖြတ်ခံရမှုကြောင့် နိုင်ငံရေးနည်း သာမက၊ စစ်ရေးနည်းနဲ့ပါ တန်ပြန်ဖို့ တောတွင်း ရောက်လာခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတချို့ အသက်စတေးခဲ့ရ ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် (သခင်လှမြိုင် ၁၉၁၇ ဖွား- ၁၉၆၇ ဆုံး) တောင်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ် (ဒီဇင်ဘာ ၂၆၊ ၂၉၆၇)။
ကချင်လက်နက်ကိုင် တော်လှန်ရေး သမိုင်းကို လေ့လာရင်လည်း KIO (Kachin Independence Organization) အတွင်း အာဏာလုပွဲနဲ့ နိုင်ငံရေး အယူဝါဒ ကွဲပြားမှုတွေကြောင့် ဇော်တူး၊ ဇော်ဆိုင်း အစရှိသူတို့ လုပ်ကြံခံခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။
ဆိုချင်တာက မြန်မာ့နိုင်ငံရေး မျက်မှောက်နဲ့ အတိတ်သမိုင်း ဓလေ့မှာ ရှေးပဒေသရာဇ်ခေတ် ကတည်းက တည်ရှိခဲ့တဲ့ လူသတ် အာဏာယူ ထုံး၊ လက်နက်နဲ့ နိုင်ငံရေးရာ ပြဿနာကို ဖြေရှင်းကြတဲ့ ဓလေ့ဟာ ဝမ်းနည်းဖွယ် တွင်ကျယ်နေ ခဲ့၊ အခုထိ အရိပ်မိုးနေဆဲ ဆိုတာပါ။ နောင် အနာဂတ်သမိုင်းလှဖို့ ဆိုရင်တော့ အတွေးအမြင် အယူဝါဒ မတူသူတွေ အချင်းချင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဖြေရှင်းရေး အလေ့အကျင့်ကို ဒီမိုကရေစီယဉ်ကျေးမှု စနစ်အောက်မှာ ပြုစု ပျိုးထောင် အမှန်တကယ်လက်တွေ့ ကျင့်သုံးကြဖို့ လိုပါတယ်။
ဒီဓလေ့ဟာ အခုအထိ အခြေမတည် အလုပ်မဖြစ်သေးဘူး ဆိုတာကို ဒီမိုကရေစီ ခေါင်းဆောင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်စနစ် အမွေခံ စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ လက်ရှိ တပ်မတော်ခေါင်းဆောင်များ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြတဲ့ အပွင့်ဆိုင်တွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလုံးစုံ အောင်မြင် ပြီးမြောက်ခြင်း မရှိဖြစ်ခဲ့တဲ့ အသွင်ပြောင်း စစ်တပိုင်း အစိုးရ ပထမသက်တမ်း လေးနှစ်ကျော်က ပြသခဲ့ပြီး ပါပြီ။ တိုင်းရင်းသား အရေးမှာ အဖြေရှာ မရရင် အဆုံးမှာ လက်နက်ချည်း ပြန်ကိုင်တိုက်နေကြတာ မျက်မြင်ပါပဲ။
ဆိုတော့ မြန်မာ့နိုင်ငံရေး ဓလေ့မှာ အခြေတည်နေတဲ့ လက်နက်နဲ့ အင်အားသုံး လူသတ်ဖြေရှင်းတဲ့ ဓလေ့ ဘယ်လောက် အခြေခံကျကျ အရိုးစွဲ တည်ရှိ နေတယ် ဆိုတာကို သိမြင် အမှန်ပြင်နိုင်ဖို့ မဖြစ်မနေ လိုနေပါတယ်။ လူသတ် အကြမ်းဖက်ဝါဒ၊ လက်နက်အားကိုး အာဏာယူ၊ အားကြီးသူ နိုင်ရာစားတဲ့ ပဒေသရာဇ် အတွေးအခေါ်၊ စစ်အာဏာရှင်ဓလေ့တွေ အမြန်ပျောက်ဖို့ လိုနေပါတယ်။
လာမယ့် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရေးမှာ လက်နက်အားကိုးမင်းမူ ထင်တိုင်းကြဲ ခြယ်လှယ်တာတွေ အဆုံးသတ်နိုင်ဖို့ လက်နက်ကိုင်ထားသူ ဗိုလ်ချုပ်ကြီးများကို သတိပေး မေတ္တာရပ်ခံ တိုက်တွန်း ပါတယ်။ ဒီမိုကရေစီ အရိပ်အာဝါသ အောက်ကိုဝင် လက်နက်အားကိုး နိုင်ငံရေး အာဏာ၊ အုပ်ချုပ်ရေး နေရာယူတတ် တဲ့ အကျင့်တွေ ဖျောက်နိုင်ဖို့ မျှော်လင့်ပါကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ တိုင်းပြည် အထိနာလှဆုံး လူသတ် လုပ်ကြံ အကြမ်းဖက်ခံခဲ့ရမှုကြီး ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ၁၉ ဇူလိုင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရခြင်းသမိုင်းကို အခြေခံ သွေးစွန်း သမိုင်းများကတဆင့် သင်ခန်းစာယူနိုင်ဖို့ရာ တင်ပြဆွေးနွေးလိုက်ကြောင်းပါ။
မြန်မာ့နိုင်ငံရေး သမိုင်းမှာ အကျည်းတန်တဲ့ လူသတ်အကြမ်းဖက်ဝါဒ ကျဆုံးပါစေ။     ။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video