လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည်ဟု တိုင်ကြားသည့် ကျောင်းသား ၁၈ ဦးကို ရန်ကုန်မြို့ရှိ လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ ဆင့်ခေါ်မေးမြန်းရာတွင် ကျောင်းသား ၁၃ ဦး လာရောက်၍ ၎င်းတို့
ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များနှင့် ပတ်သက်ပြီး အသေး စိတ် တွေ့ဆုံပြောဆိုခဲ့ကြောင်း လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ပြောသည်။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က“သူတို့တိုင်ကြားထားတဲ့အတွက် ကျနော်တို့က သူတို့ကိုခေါ်ပြီး ထွက် ချက်ယူတာပါ။ နောက်ပြီး တဖက်အဖွဲ့အစည်းကို ခေါ်ယူတွေ့ဆုံဖို့ ရှိတယ်။ ဒါပေမယ့် ရုံးလုပ်ထုံးလုပ်နည်းတွေအတိုင်း စီစဉ်နေရ တဲ့ အတွက် နည်းနည်းအချိန်ယူရမယ်။ ကျောင်းသားတွေဘက်က ၁၃ ဦး လာပြီး ထွက်ချက်ပေးပါတယ်။ ဒီအချက်တွေကို ကျနော် တို့က အစည်းအဝေးမှာ တင်ပြပြီးမှ ဘယ်အချက်ကတော့ လူ့အခွင့်အရေးအရ ထိခိုက်တယ်။ ဘယ်အချက်တွေကတော့ တရား ဥပဒေအတိုင်း သွားရမယ်ဆိုတာကို ဆုံးဖြတ်မှာပါ”ဟု ဧရာဝတီကို ပြောသည်။
ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေး ရှုထောင့်အရ ကျောင်းသားများဘက်က ပြန်လည် တရားစွဲဆိုနိုင်ရန် ကျောင်းသား အောင်မင်းခိုင် အပါအ၀င် ကျောင်းသား ၁၈ ဦးက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံးသို့ ဇူလိုင်လ ၈ ရက်က တိုင်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောပြသည်။
တွေ့ဆုံစစ်ဆေးမှုတွင် ပါဝင်သူ ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုကျော်သီဟရဲကျော်က “ကျောင်းသားတွေ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြရင် ပုဒ်မ ၁၈ နဲ့ အရေးယူ ဆောင်ရွက်လို့ရတယ်။ အခုက အရေးယူရမယ့် ပုဒ်မတွေကို ကျော်လွန်ပြီး ကျနော် တို့ ကျောင်းသားတွေကို ရိုက်နှက်တယ်။ အကြမ်းဖက် ဖမ်းဆီးတယ်။ ဒါဟာ ကျောင်းသားတွေမှာလည်း လူ့အခွင့်အရေး ဆုံးရှုံးခဲ့ရ တယ်။ ဒါတွေကို တရားဥပဒေအတိုင်း အရေးယူနိုင်အောင် ရိုက်ခဲ့တဲ့ရဲတွေကို တရားစွဲနိုင်အောင် တိုင်ကြားခဲ့တာပါ”ဟု ပြောသည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော် ပြသခဲ့သည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့သို့ ရောက်ရှိနေစဉ် တားဆီးခံထားရပြီးနောက် ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ပဲခူးတိုင်း ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းနှိမ်နှင်း၍ ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် ၀န်းရံပြည်သူ စုစုပေါင်း ၁၂၇ ဦး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အစိုးရက ဖမ်းဆီးထားသည့် ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် ၀န်းရံပြည်သူများကို အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားဆဲ ဖြစ်သည်
Comments
Post a Comment