၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဓိကအကျဆုံးဖြစ်သည့် ပုဒ်မ
၄၃၆ ကို ဇွန်လ ၂၃ ရက်နေ့ (ယနေ့) ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရာ
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်သား လွှတ်တောအမတ် များအကြား
သဘောထားကွဲလွဲပြီး
တပ်မတော်သားကိုယ်စားလှယ်များကို ရွေးကောက်ခံ အမတ်မဟုတ်ဟု ပြောဆို သုံးနှုန်း သည့် တင်းမာမှုတချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူး ပြောင်း ဆဲကာလတွင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် ဒီမိုကရေစီ အလေ့ အကျင့် များ မရင့်ကျက်သေးသည့် အချိန်၊ ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့်အချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ၊ ပုဒ်မ ၄၃၆ (က)နှင့် (ခ)ပါ ရာခိုင်နှုန်းများကို ပြင်ဆင်ရန်မသင့်ဘဲ မူလအတိုင်းသာ ထားရှိသင့်သည်ဟု ဆွေး နွေး တင်ပြခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား လွှတ်တော် အမတ်များအားလုံးက တပ်ကိုယ်းစားလှယ်၏ သဘောထားကို လက်မခံဘဲ အခြေခံဥပဒေ ပြင်ဆင်ရေး တင်ပြကြကြောင်း သိရှိရသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်သည်ကိုသာ ပြင်ဆင်ရေး မပြင်သင့်သည်ကို မပြင်နိုင်ရေး အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါဝင်မှုရာခိုင်နှုန်းနဲ့ ထိန်းသိမ်းဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါ တယ်။ နောင်တချိန် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အခိုင်အမာရှိလာချိန်တွင် အခြေအနေအရပ်ရပ်တွေအားလုံး ကောင်း လာတဲ့အခါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ အဓိကမကျကြောင်း သိရှိလာမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်လင့် တကူ ခွင့်ပြုလိုက်မည်ဆိုလျှင် ထပ်တလဲလဲ ပြင်ဆင်မှုနဲ့အတူ အခြေခံဥပဒေရဲ့ အနှစ်သာရ ပျက်ယွင်း စေနိုင်ပါတယ်။ ရည်ရွယ် ချက် ကောင်းများဖြင့် ရေးဆွဲထားသော ပြည်သူ့ အကျိုး စီးပွားကို ထိခိုက်ခြင်းမရှိသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် မသင့်ကြောင်း တွေ့ရှိရပါတယ်” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းနိုင်က ပြောသည်။
လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေပြီး အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) မူလ ပြဋ္ဌာန်းချက်အရ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူထောက်ခံမှသာ ဖွဲ့စည်းပုံ ပြင်ဆင်ရ မည်ဟု ပြဋ္ဌာန်းထားရာ တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး (၁)ဦးပါမှသာ ပြင်ဆင်နိုင်မည့်သဘောဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်မှာ မဖြစ်နိုင်သည့်အခြေအနေဖြစ်သည်ဟု အရပ်သားလွှတ်တော်ကိုယ်စားလှယ် များက သုံးသပ်သည်။
ထို့ကြောင့် ၇၀ ရာခိုင်နှုန်းအောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များကဟူ၍ ပြင်ဆင်သင့်ကြောင်း၊ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲရရှိရန် အလွန်ခက်ခဲပါသဖြင့် ဆန္ဒမဲ ပေးသူအားလုံး၏ ထက်ဝက်ကျော်ဟူ၍ ပြင်ဆင်သင့်ပါကြောင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သဘော တူ သော် လည်း ပြောင်းလဲပုံပြောင်းလဲနည်းများမှာ အာဏာရ ပါတီ၏သဘောထားများနှင့် ကွဲလွဲကြောင်း၊ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ ကိုလည်း ပြင်ဆင်သင့်ကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ခံ များ မဟုတ်၍ ဒီမိုကရေစီနှင့်မညီကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင်က “အခုဟာက ပြင်ဆင်ချိန်တန်နေပြီ။ ကျနော်တို့ရဲ့ ရွေးကောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ အသွင် ကူး ပြောင်း ရေးမှာ အဟန့်အတားဖြစ်နေပါတယ်။ အကန့်အသတ်ဖြစ်နေပါတယ်ဆိုပြီးတော့ တင်ထားတာဟာ ပြင်ချိန် တန် နေပါပြီ။ ပြည်သူ ငါးသန်းက လက်မှတ်ထိုးထားတယ်။ အဲတော့ ပြင်ချင်တန်လို့ ပြင်ဖို့ကောင်းတဲ့အချိန်ဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တွေ အလေးအနက် ဆွေးနွေးပေးကြပါ။ ပုဒ်မ ၄၃၆(က) ဆိုတဲ့ သော့ကိုဖွင့်နိုင်မှ ကျနော်တို့ တွေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပြည့်ဝတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရရှိမှာဖြစ်တယ်” ဟု ပြောသည်။
တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ၄၃၆ ပါ ပြဋ္ဌားန်ချက်များ ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၃ ပုံ ၂ ပုံက ပြင်ဆင်ရန် သဘောတူ လက်ခံပြီး နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင် တင်ပြထားကြသည်။
တိုင်းရင်းသားများ၏ မူလရည်ရွယ် ဆန္ဒပါအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းသည် ရှေ့အနာဂတ် မြန်မာ့ နိုင်ငံရေး အတွက် အဓိကျသည့် တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုနှင့် လက်ရှိအစိုးရ၊ တပ်မတော်များကြား ယုံကြည်မှု တည်ဆောက်ခြင်းမှတဆင့် တမျိုးသားလုံးနှင့်သက်ဆိုင်သော ရေးရာကိစ္စများကို ဖြေရှင်း ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းဝင်းခိုင်က ဆွေးနွေး ပြောဆိုသည်။
လူထုဆန္ဒခံယူပွဲပြုလုပ်၍ ပြင်ဆင်ရမည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ပုဒ်မ ၄၃၆(က)ကို ဇွန်လ ၂၃ ရက်မှစတင်ပြီး ဇွန်လ ၂၅ ရက်အထိ သုံးရက်ကြာ ဆွေးနွေးမည်ဖြစ်ပြီး ယနေ့ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ကြသည်။
၃ ရက်တာဆွေးနွေးမှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၁ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ၁၂ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ တခြားသောပါတီများမှ လွှတ်တော် ကိုယ်စားလှယ် ၉ ဦးနှင့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Comments
Post a Comment