ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အရေးမပါလှသည့် ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ခြင်းမှလွဲ၍ ကျန်ပုဒ်မများ ပြင်ဆင်ရေးကို တပ်မတော်သား ကိုယ်စားလှယ် အားလုံးနီးပါးက ကန့်ကွက်ခဲ့သည်ဟု ယူဆရမည် ဖြစ်သည်။ ပုဒ်မ ၅၉ (ဃ) ၏ မူလပြဋ္ဌာန်းချက်မှာ “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်” ဟူ၍ဖြစ်ပြီး ပြင်ဆင်ချက်မှာ “နိုင်ငံတော်
အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့်အမြင်များ ရှိရမည်” ဟူ၍ဖြစ်သည်။ အခြားပြင်ဆင်ချက်များ ဖြစ်သည့် ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) တို့မှာ ပြင်ဆင်ရန် လိုအပ်သည့် ထောက်ခံမဲ အရေအတွက် မရရှိခဲ့ပေ။
ပြည်ထောင်စု လွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၆၃၃ ဦးရှိသည့်အနက် လွှတ်တော်တက်ရောက်သူ အရေအတွက်မှာ ၅၈၃ ဦးဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်အတွက် ထောက်ခံမဲ ၄၇၅ မဲလိုအပ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၁၆၆ ဦးဖြစ်သည်။ ထို့ကြောင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမဲရရှိခြင်း မရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်ရန် မဖြစ်နိုင်ပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ယခုကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမဲများ ရရှိခဲ့မှု မရှိခြင်းကို ထောက်ရှုလျှင် တပ်မတော်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် စိတ်မရှိကြောင်း ပေါ်လွင်ထင်ရှားစေသည်။ ပုဒ်မ ၄၃၆ (က) ကို လက်ရှိအနေအထားအရ မပြင်ဆင်လိုသေးသည်ကို လက်ခံနိုင်ဖွယ် ရှိသေးသော်လည်း ပုဒ်မ ၄၃၆ (ခ) ကို မပြင်ဆင်လိုခြင်းသည် လုံးဝလက်ခံနိုင်ဖွယ် မရှိပါ။ ပုဒ်မ ၄၃၆ (ခ) သည် တပ်မတော်၏ အခန်းကဏ္ဍနှင့် တိုက်ရိုက်ပတ်သက်မှုလည်း မရှိပါ။
၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးသည် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ယခုကဲ့သို့ တပ်မတော်က ပြုပြင်ပြောင်းလဲရေးများကို လိုက်လံကန့်ကွက်နေမည်ဆိုပါက အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေး မဆိုထားနှင့် နိုင်ငံရေးအပေါ် အခြေခံသည့် အပစ်အခတ်ရပ်စဲရေးပင် မရနိုင်ပါ။ ပြည်သူလူထုနှင့် တပ်မတော်တို့၏ ဆက်ဆံရေးသည်လည်း ပို၍ပို၍ ဝေးကွာသွားလိမ့်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း တပ်မတော်အနေဖြင့် အမှန်တကယ် ကြားနေရန် လိုအပ်သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာခဲ့ပါလျှင်၊ ရွေးကောက်ပွဲ အပြီး၌ ပြည်သူလူထုလိုလားသော အစိုးရတစ်ရပ် တက်မလာခဲ့ပါလျှင် ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံသည် အခြေအနေဆိုး တစ်ရပ်သို့ ပြန်လည်ရောက်ရှိ သွားနိုင်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို တရားမျှတစေရမည်ဟု သူ၏အင်တာဗျူးများ၌ ကတိပေးထားခဲ့ပြီးဖြစ်သည်။ တပ်မတော်အနေဖြင့် ယင်းကတိကို တည်စေလျက် နာမည်ဆိုး မကျန်ရစ်အောင် ပြုလုပ်ရမည် ဖြစ်သည်။ ဤနေရာ၌ ထည့်သွင်းပြောကြား လိုသည်မှာ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ၌ အမှန်တကယ် ကြားနေရန်လိုသည်။ တပ်မတော်မှ အရာရှိကြီးများကို ချက်ချင်း အငြိမ်းစားပေးပြီး ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ခိုင်းခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော ဘက်လိုက်မှုတစ်ခုဟု ဆိုနိုင်သည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဆောင်ရွက်နိုင်ခဲ့လျှင်၊ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမဟုတ်ခဲ့လျှင်၊ တရားစီရင်ရေးကဏ္ဍ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ကဏ္ဍများအပါအ၀င် နောက်ထပ် ပြင်ဆင်ရန်ရှိသော ဥပဒေများအား ပြင်ဆင်ရေး၌လည်း တပ်မတော်က လိုက်လံပိတ်ဆို့ နေဦးမည်ဆိုလျှင် မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။ ၈၈ အရေးတော်ပုံကဲ့သို့သော အုံကြွမှုမျိုး ဖြစ်လာနိုင်သည်။ ယင်းအခါ တပ်မတော်သည် ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်ကကဲ့သို့ သမိုင်းတရားခံ ဖြစ်သွားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တောက်လျှောက်လိုက်၍ ကန့်ကွက်နေမည်ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မည်သို့မျှဖော်ဆောင်နိုင်မည် မဟုတ်ဘဲ နိုင်ငံသည်ပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်သည့် အန္တရာယ်ရှိသည်။
၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းခဲ့ချိန်တွင် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် ဒုတိယအချမ်းသာဆုံး နိုင်ငံအဖြစ် ရှိခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း တပ်မတော်က တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ၅၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သွားခဲ့သည်။ ယင်းကဲ့သို့ သောအမှားကို တပ်မတော်၌ တာဝန်ထမ်းဆောင်ဖူးသူများနှင့် လက်ရှိတာဝန်ထမ်းဆောင် နေသူများအနေဖြင့် ၀န်ခံရမည်ဖြစ်သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းရန်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ရှေးရှုပါရန်နှင့် နိုင်ငံပြန်လည် ထူထောင်ရေးအတွက် အရေးကြီးသော အခြေခံဥပဒေ ပြင်ဆင်ရေးကို ထပ်မံ၍ လိုက်လံပိတ်ဆို့နေခြင်း မပြုရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။
(ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ဝေမည့် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်ကို ဖော်ပြခြင်းဖြစ်ပါသည်။)
Comments
Post a Comment